အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1)ဒုတိယအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 3)ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

Deutsches Literaturarchiv Marbach
မော်ကွန်းတိုက်များဖြင့် အနုစာပေသုတေသနကို အားပေးမြှင့်တင်ခြင်း။

Erich Kästner ၏လက်ရာများတွင် ကျန်ရစ်ခဲ့သော ဓာတ်ပုံများ သည် Marbach ရှိ ဂျာမန်စာပေ မော်ကွန်းတိုက်၏ စုဆောင်းမှု အစိတ်အပိုင်းဖြစ်သည်။
Erich Kästner ၏လက်ရာများတွင် ကျန်ရစ်ခဲ့သော ဓာတ်ပုံများ သည် Marbach ရှိ ဂျာမန်စာပေ မော်ကွန်းတိုက်၏ စုဆောင်းမှု အစိတ်အပိုင်းဖြစ်သည်။ | Photo (detail): © picture alliance/dpa

အနာဂတ်တွင် အနုစာပေမော်ကွန်းတိုက်သည် ဘယ် အရာနှင့် တူညီနေမည်နည်း။ အရေးအပါဆုံး အကြီးမားဆုံး ဂျာမန်အနုစာပေမော်ကွန်းတိုက်၏ ညွှန်ကြားရေး မှူး  Sandra Richter က ၎င်းနှင့်ပတ်သက်၍ လုပ် ဆောင်မည်ဆိုပါက Marbach မြို့ရှိ ဂျာမန် အနု စာပေ မော်ကွန်းတိုက်သည် ဒီဂျစ်တယ်စနစ်ဆီသို့ ပိုမို ပြောင်းလဲသွား လာ မည်ဖြစ်ကာ အနုစာပေသုတေသန အတွက် ရှိသမျှ ဖြစ်နိုင်ခြေအသစ်များကို ပံ့ပိုးနိုင်ပါလိမ့်မည်။

ရေးသားသူ​ Romy König

Marbach မြို့ရှိ ဂျာမန်အနုစာပေမော်ကွန်းတိုက် (Deutsches Literturarchiv/DLA)သည် ခေတ်သစ် ဂျာမန်အနုစာပေအတွက် မှတ်ဉာဏ်ဘဏ်တိုက်တစ်ခု သဖွယ်ဖြစ်ကာ ဤနယ်ပယ်တွင် အရေးအပါဆုံးနှင့် အကြီးဆုံးမော်ကွန်းတိုက်လည်းဖြစ်သည်။ မော်ကွန်း တိုက်တွင် စာရေးဆရာများဖြစ်သော Kafka၊  Schiller သို့မဟုတ် Tucholsky တို့၏လက်ရာအမွေများကို ထား ရှိထားသည်။ DLA ၏ ညွှန်ကြားရေးမှူးလည်းဖြစ်၊ အနုစာပေပါမောက္ခလည်းဖြစ်သော Sandra Richterက DLA ၏ စာအုပ်စာရင်းများကို ဒီဂျစ်တယ်အဖြစ်သို့ ပြောင်းလဲခြင်း လုပ်ငန်းဆောင်တာကြီးကို လုပ်ဆောင် ချင်နေသည်။ သို့မှလည်း အနုစာပေသုတေသန အတွက် အရှိန်အဟုန်အသစ်ကို ဖန်တီးပေးနိုင်ပါမည်။
 
 
Frau Richter လေ့လာသင်ယူနေတုန်း တစ်ချိန်ချိန်မှာ ဂျာမန်အနုစာပေကျောင်းသားတိုင်းနီးပါးဟာလည်း Marbach ရှိ DLA နှင့် ထိတွေ့ရတယ်။ ခင်ဗျားက ဂျာမန်အနုစာပေနဲ့ ဘွဲ့ရတစ်ယောက်။ Stuttgart မှာ ခင်ဗျားက အခု ဂျာမန် စာပေကိုလည်း သင်ကြားပေးနေပြီး အနုစာပေပါမောက္ခအနေနဲ့ သုတေသနလည်း လုပ်နေတယ်။ DLA ကို ခင်ဗျား စရောက်တုန်းက ပထမဆုံး စရောက်တဲ့ အခေါက်က
အဖြစ်တွေကို မှတ်မိနေတုန်းလား။


အမှတ်ရတာပေါ့။ အဲဒီတုန်းက ကျွန်မနဲ့ မော်ကွန်းတိုက်နဲ့ အံဝင်ဂွင်ကျမဖြစ်ဘူး။
 
ဘယ်လိုဖြစ်လို့လဲ။
 
၁၉ရာစုနှစ်ရဲ့ စာရေးဆရာလည်းဖြစ် ဒဿနိကပညာ ရှင်လည်းဖြစ်တဲ့ Friedrich Theodor Vischer အကြောင်းကို ကျွန်မက သုတေသနလုပ်နေတာ။ သူ့ရဲ့ လက်ရာတွေကို Marbach မှာ သိမ်းဆည်းထား တော့ ကျွန်မလည်း အဲဒါကို  ဖြစ်နိုင်သမျှ များများ စားစားကို ဖတ်ရှုချင်တာ။ အဲလိုနဲ့ ကျွန်မလည်း ရက်အတော် များ များ အဲဒီကို သွားဖြစ်တယ်။ ဒါပေမယ့် ကျွန်မကြည့် ရှု ခွင့်ရတာ သူ့စာအုပ်ပုံတွေထဲက စာတမ်း ဆယ်စောင် လောက်ပဲ။ သူနဲ့ ပတ်သက်ပြီး ရှိသမျှထဲက စာတမ်း ဆယ်စောင် လောက်ပဲ ကျွန်မကို ပေးကြည့်တယ်။  
အဲဒီအချိန်တုန်းက စာအုပ်စာတမ်းတွေကို ဖတ်ရှုဖို့က အကန့်အသတ်နဲ့။ ပထမတော့ အံ့အားသင့် သွားတာပေါ့။ နောက် တာဝန်ပြောင်းချိန်မှာ
အခြားကြီးကြပ်ရေးမှုးတစ်ယောက် ရောက်လာပြီး မှတ်တမ်းသေတ္တာစိမ်းလေးတွေ ကျွန်မ စားပွဲပေါ် လာတင်ပေးတော့ ကျေးဇူးတင်မိပါရဲ့။ ဘာပဲဖြစ်ဖြစ် ဒါက ဖြစ်ရိုးဖြစ်စဉ်မဟုတ်မှန်း ကျွန်မ နောက်တော့ သိသွားတယ်။ ကသိကအောက် လည်းဖြစ်တယ်။ နောက်တစ်ခေါက် ဘယ်တော့မှ ထပ်မသွားတော့ဘူးဆိုတဲ့ စိတ်မျိုးတောင် ဖြစ်ခဲ့မိတယ်။
 
ဒါပေမဲ့ အရာရာက အပြောင်းအလဲတွေ ဖြစ်ကုန် တယ်။
ဒီမော်ကွန်းတိုက်မှာ နှစ်ပေါင်းများစွာ ခင်ဗျား ပါဝင်ပတ်သက်လာခဲ့တယ် အထူးသဖြင့် Suhrkamp-Forschungskolleg (Suhrkamp သုတေသန ကောလိပ်)နဲ့ Marbacher Sommerschule (Marbach နွေရာသီကျောင်း) တွေ စတဲ့ Stuttgart တက္ကသိုလ် နဲ့ DLA အကြားပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်တွေ အားဖြင့်ပေါ့။ ဒါ့အပြင် ဂျာမန်စာပေလေ့လာရေး သမိုင်း ရဲ့ အဖွဲ့ဝင်တစ်ဉီး၊ DLAရဲ့ ပညာရေးအကြံပေး ဘုတ်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဉီး အနေနဲ့ရောပေါ့။ ဒီနှစ်ဉီးပိုင်းမှာ ဒီမော်ကွန်းတိုက်ရဲ့ တာဝန်ခံပုဂ္ဂိုလ် တစ်ယောက်ဖြစ် လာတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာတုန်း က မော်ကွန်းတိုက်ရဲ့ ခေါင်းဆောင်တစ်ယောက်သာ ငါ ဖြစ်လာခဲ့ရင် တစ်ခု မဟုတ် တစ်ခုတော့ အပြောင်းအလဲလုပ်မှာပဲ ဆိုပြီး ခင်ဗျား တွေးမိဖူးသလား။

 
မတွေးမိပါဘူး။ တစ်နေ့နေ့ Marbach မှာလူကြီးဖြစ်လာမယ်ဆိုတာမျိုး တစ်ခါမျှ စိတ်မကူးမိဘူး။  အားလုံးက ရုတ်တရက်ကြီး ဖြစ်လာခဲ့တာ။
 
အဲဒီရာထူးနေရာ အတွက် ကြေငြာမထည့်ခင်လေး  ကျွန်မ စိတ်ဝင်စား၊ မစား ကျွန်မကို ခေါ်ပြီးမေးတယ်။ အဲဒီတော့မှ ကျွန်မလည်း အနုစာပေ မော်ကွန်း တိုက်ရဲ့ အနာဂတ်ပုံစံက ဘယ်လိုဖြစ်သင့်သလဲ၊ မော်ကွန်းတိုက် အသုံးပြုသူတေွ၊ မော်ကွန်းတိုက်ကို လာရောက်သူ တွေ အတွက် ဘယ်လို အဆင့်မြှင့်တင်ရမလဲ၊ အရင် ကထက် ဘယ်လို အကြောင်းအရာ တွေကို နေရာပိုပေးရမလဲ စတာတွေ ကိုပါ။ Marbach ရှိ ဂျာမန်အနုစာပေမော်ကွန်းတိုက် ညွှန်ကြားရေးမှူး Sandra Richter Marbach ရှိ ဂျာမန်အနုစာပေမော်ကွန်းတိုက် ညွှန်ကြားရေးမှူး Sandra Richter | Photo: © picture alliance/Fabian Sommer/dpa ခင်ဗျားဘာရလဒ်တွေ ရရှိသလဲ။ ခင်ဗျားရဲ့ အစီအစဉ် တွေကရော ဘာတွေလဲ။
 
ကျွန်မရဲ့ အဓိကရည်မှန်းချက်တစ်ခုက စာအုပ် စာရင်းတွေကို ဒီဂျစ်တယ်ပြောင်းလဲဖို့ပါ။ ဒါပေမဲ့ ပိုပြီး အင်အားရှိတဲ့ ဒီဂျစ်တယ် ချည်းကပ်မှုကို ကျင့်သုံး ပါမယ်။ ကျွန်မအမြင်အရ အဲဒီနှစ်ခုက တစ်ခုနဲ့ တစ်ခု မတူညီဘူး။ ပထမတစ်ခုက စာတွေကို သိမ်းဆည်းတာ။ ဆိုလိုတာက- ကျွန်မတို့ သိမ်းလေ့သိမ်းထရှိတဲ့အတိုင်း မှတ်တမ်းတင်ဖလင်ပြားပေါ်မှာ ဒစ်ဂျစ်တယ်နည်းနဲ့ မပျက်မစီးအောင် သိမ်းထားဖို့။ နောက်တစ်မျိုးက ဒီဂျစ်တယ်အဖြစ်ပြောင်းလဲထားတဲ့ စာပေတွေနဲ့ ပညာရေးသဘောအရ လုပ်ဆောင်ဖို့ပါ။
 
အဲဒီအကြောင်းကို ထပ်ပြီး အသေးစိတ် ရှင်းပြပေး နိုင်မလား။
 
စာအုပ်တွေကို ဒီဂျစ်တယ်ပြောင်းခြင်းရဲ့ ရည်ရွယ်ချက် က အချက်အလက်တွေကို သိမ်းဆည်းဖို့ပဲ မဟုတ်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ခင်ဗျား လုပ်နိုင်တာတွေ အများ ကြီးပဲ။ ဥပမာ- ဒီဂျစ်တယ်အဖြစ် ပြောင်းလဲထားတဲ့ စာပေတွေကို ကွန်ပျူတာတွေသုံးပြီး အရေအတွက်အရ ရှာဖွေလေ့လာနိုင်အောင် အဲ့ဒါတွေကို စီစဉ်ထားလို့ရ တယ် _ အသုံးအနှုန်းတွေ ဒါမှမဟုတ် စာသား တည်ဆောက်ပုံ စသည်ဖြင့် တစ်ခုခုကို ဦးတည် ပြီးတော့။ ဒါတင်မက အခြားစာသားတွေနဲ့လည်း သူတို့ကို ပေါင်းစပ်နိုင်တယ်။ဒီလိုနည်းနဲ့ပလက်ဖောင်းတစ်ခု ဆောက်ပြီး အခြားစာသားတွေ ယူလာတဲ့အခါ အရင်က မမြင်ဖူးတာ၊ တော်တော်ကြီးကို ကြိုးစားပမ်းစားရှာမှ မြင်နိုင်တာတွေကို ရှာတွေ့လာမယ်။ ဉပမာ- Faust ထဲမှာ Faustက ဘယ်နှစ်ခါ လောက် ပါသလဲ ဆိုတာကို အလွယ်တကူနဲ့ လေ့လာ စိစစ် နိုင်မယ်။ ဒါမှမဟုတ် Schillerက သူ့ပြဇာတ် တွေမှာ ဘယ် အကူးအပြောင်းအချိတ်အဆက်ပုံစံကို သုံးသလဲ ဆိုတာ တွေ့ရှိနိုင်မယ်။ ကတ်သလောက် တွေ ကိုလည်း ပိုပြီး ကွန်ယက်လိုချိတ်ဆက်ထားတော့ သုတေသန အချက်အလက်တွေအတွက် ပိုမိုတိုးတက် ကောင်းမွန် တဲ့ အလားအလာတွေရမယ်။ အခြားအရင်း အမြစ်တွေ နဲ့ ချိတ်ဆက်နိုင်ပြီး ရည်ညွှန်းကိုးကား နိုင်မယ်။ အနာဂတ်မှာ Kafkaရဲ့ စာတွေလို တစ်နေရာစီ ပြန့်ကျဲနေတဲ့ စာပေအမွေအနှစ်တွေကို ဒစ်ဂျစ်တယ်နည်းနဲ့ ချိတ်ဆက်လို့ ရလာနိုင်တယ်။ နောက်ပြီး ဒီဂျစ်တယ်နည်း အရ မွေးဖွားလာ တဲ့ စာတွေကို ပိုပြီး အာရုံစိုက်ချင် တယ်။ ဆိုလိုတာက ကွန်ပျူတာနဲ့ရေးပြီး လက်နဲ့ မူလ က ရေးမထားတဲ့စာ တွေကို မော်ကွန်းတိုက်မှာ စာရင်း သွင်းတာမျိုးကို ဆိုလိုတာ။ ကျွန်ပျူတာက အထောက် အကူပစ္စည်းတစ်ခုထက် ပိုတယ်ဆိုတာက ဆိုလိုချင်တဲ့ အချက်ပါပဲ။ မေးခွန်းတွေကို ချဲ့ထွင်ဖို့၊ မေးခွန်းတွေကို တိတိပပ စီကုံးဖို့၊ မေးခွန်းတွေကို တိတိပပ ဖြေဆိုဖို့ ပံ့ပိုးပေးတဲ့ စက်တစ်လုံးပါပဲ။
 
ဒီချည်းကပ်မှုနည်းလမ်းအသစ်တွေက စာပေ သုတေသနကို အပြောင်းအလဲဖြစ်စေမလား။
 
သိပ်ဖြစ်တာပေါ့။ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲခြင်း ဆိုတဲ့ ရှုထောင့်ကရော၊ ရလဒ်တွေနဲ့ လုပ်ဆောင်ခြင်းဆိုတဲ့ ရှုထောင့်ကပါ သုတေသနနဲ့ဖွံ့ဖြိုးရေး နယ်ပယ်တွေကို အရင်ကထက်ပိုပြီး နီးကပ်အောင် ရွှေ့လိုက်ပါတယ်။ အရင်တုန်းက စာကြည့်တိုက် မှူး တစ်ယောက် ဒါမှမဟုတ် မော်ကွန်းတိုက်မှူး တစ်ယောက်ဟာ အုပ်စု အမျိုးအစား ခွဲဖို့ ကြိုးစားပြီး ဒီစာ ဘယ်က လာတယ် ဘယ်ကို ဦးလှည့်လာတယ်ဆိုတာကို ပြောကြရတယ်။ အခု သုတေသနဘက်ကို ကူးပြောင်းနေတာ က ပိုပြီး သပ်ရပ်တယ်။ အဲဒါကို ကျွန်မ က သိပ်ပြီး သဘောကျနှစ်ခြိုက်တာ။ ဘာလို့လဲ ဆိုတော့ မော်ကွန်းတိုက်တွေရဲ့ အကူအညီနဲ့ သုတေသနနဲ့ သင်ကြားရေးကို ပိုပြီး ထိထိရောက်ရောက် မြှင့်တင်လာနိုင်မယ်၊ အသုံးပြုသူတွေအတွက် ပို အကျိုးရှိတာတွေ ပေးလာနိုင်မယ်။
 
ဒါပေမယ့် သေချာတာက ခင်ဗျား တစ်ယောက်တည်းနဲ့ ဒီပရောဂျက်အားလုံးကို လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။
 
မရဘူးလေ။ ကျွန်မနဲ့ အကြာကြီး လက်တွဲလာခဲ့တဲ့ လေးစားခင်မင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကျွန်မတွေ့ ထားပါတယ်။ အဲ့ဒီထဲမှာ Center for Reflected Text Analytics (စာသားကို အလေးအနက် စဉ်းစားခွဲခြမ်း စိတ်ဖြာမှု ဗဟိုဌာန)၊ Creta လို့ အတိုချုပ်ခေါ်တဲ့ ပရောဂျက်တစ်ခုမှာ ကျွန်မအလုပ်တွဲလုပ်နေတဲ့ ကွန်ပျူတာကို အသုံးပြုတဲ့ ဘာသာဗေဒသမား တွေ လည်း ပါပါတယ်။ 
 
ဒီလို အထူးပြုပညာရှင်တွေ အခြား နောက်ထပ် လူတွေနဲ့ Marbach မှာ လေးနက်တဲ့ စာသား ခွဲခြမ်း လေ့လာမှုတွေကို ဘယ်လို ကျင့်သုံးနိုင် မလဲဆိုပြီး လုပ် ဆောင်နေပါတယ်။
 
နောက်ထပ် ပူးတွဲဆောင်ရွက်နေတဲ့ ပရောဂျက် တစ်ခုက မျက်မြင်အခြေခံ စိတ်ပညာရပ်ကို အခြေပြုပါတယ်။ မော်ကွန်းတိုက်ကိုလာလည်သူတွေ ဒစ်ဂျစ်တယ်ပြောင်း စာသားတွေ ဖတ်နေတာ၊ စာသားမျိုးစုံကို ကိုင်တွယ်နေကြတာကို ကျွန်မတို့ စောင့်ကြည့်ချင်ပါတယ်။ ဒါတွေအားလုံးက Tubingenမြို့မှာ ရှိတဲ့ Leibniz Institute for Knowledge Media ရယ်၊ Frankfurt မြို့မှာ ရှိတဲ့ Max Planck Institute for Empirical Aesthetics ရယ် ကျွန်မတို့ရယ် အသစ်ပူးပေါင်းတည်ထောင်ထားတဲ့ Netzwerk für literarische Erfahrung (Network for Literary Experience) အောက်မှာ ဖြစ်ပေါ်နေတာပါ။
 
DLA က ဒီဂျစ်တယ်အသွင်ပြောင်းဖို့ ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားတယ်လို့ ခင်ဗျား ထင်သလား။
 
အမှန်ပြောရရင် မော်ကွန်းတိုက်က သိပ်မကြာခင် ပြည့်လျှံတော့မှာ။ ဒါကြောင့်မို့လည်း ပြန်လည် တည်ဆောက်ဖို့ကို အရေးတကြီးလိုအပ်နေတာပါ။ ဒီဂျစ်တယ်ခေတ်မှာ ဆာဗာတွေအတွက် ကျွန်မ တို့မှာ အခန်းတွေလိုအပ်တယ်။ ဒီဂျစ်တယ် ကိရိယာ တွေအတွက်၊ မာတီမီဒီယာခန်းတွေအတွက်၊ တွေ့ဆုံ ဆွေးနွေးရေးအခန်းတွေအတွက် ပြည့်ပြည့်စုံစုံ ပစ္စည်း ပစ္စယတွေလုံလောက်အောင် တပ်ဆင်ထားရမှာပါ။ ဒီမှာ ကျွန်မတို့က အဆောက်အအုံတွေကို မဖန်တီး နိုင်ဘူးဆိုရင် ဥပမာ အဆောက်အဦးသစ်တစ်ခု ထပ်ဖြည့်ခြင်း လိုမျိုးကို ထပ်ဖြည့်တာမျိုး၊ မော်ကွန်းတိုက်အနေနဲ့ စာအုပ်စာတမ်းတွေကို ဆက်လက် စုဆောင်းသိမ်းဆည်းဖို့၊ မြင်နိုင်လောက်တဲ့ အနာဂတ်အတွင်းမှာ ကြီးထွားလာဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်လည်း လတ်တလောမှာ ကျွန်မ ခရီးတွေ အများကြီးသွားပြီး လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့ ကြိုးစားနေတာပါ။
 
ခင်ဗျား ဘယ်လောက်လောက် အကောင်းမြင် ထား သလဲ။
 
ပြည်သူလူထုက DLA ဘယ်လောက်အရေးပါတယ်၊ ကျွန်မရှေ့ကလူတွေ DLAအတွက် ဘယ်လောက် အများကြီးလုပ်ဆောင်ခဲ့တယ်ဆိုတာ သတိပြုမိ ကြတယ်။ မော်ကွန်းတိုက်တွေကို ဒစ်ဂျစ်တယ် အသွင် ပြောင်းလဲခြင်းလုပ်ငန်းဟာ အရမ်းပြောင်းလဲနေတာ၊ Marbach မော်ကွန်းတိုက်ဟာလည်း  အနုစာပေ သုတေသန နဲ့ အရေးကြီးတဲ့ စာပေအရင်းအမြစ်တွေရဲ့ တစ်ထောက်နားရာ အဖြစ် အခု ရပ်တည်နေတဲ့ ရှေ့ဆောင်လမ်းပြ ကဏ္ဍအတိုင်း ဆက်လက် ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်တယ် ဆိုတာကို  ယဉ်ကျေးမှု မူဝါဒရေးဆွဲသူ အများစုအတွက် ရှင်းပါတယ်။ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ ကျွမ်းကျွမ်း ကျင်ကျင်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်၊ ကျွန်မတို့ကမှ ဒီစိန်ခေါ်မှုကို လက်မခံရင် ဘယ်သူက လက်ခံမှာလဲ။