ကျား၊မ လိင်အင်္ဂါ မကွဲပြားမှု
လိင်မတူကွဲပြားစုံလင်မှု

ဂျာမနီတွင် တတိယမြောက်လိင်အမျိုးအစားဖြစ်တဲ့ "ထွေပြား" ( divers ) ကို  ယခု ရွေးချယ်နိုင်ပါပြီ။
ဂျာမနီတွင် တတိယမြောက်လိင်အမျိုးအစားဖြစ်တဲ့ "ထွေပြား" ( divers ) ကို ယခု ရွေးချယ်နိုင်ပါပြီ။ | Photo (detail): © Adobe / Stockwerk-Fotodesign

၂၀၁၉ ခုနှစ် နှစ်ဆန်းမှစ၍ ဂျာမန်နိုင်ငံသားမှတ်ပုံတင်ရာတွင် တတိယမြောက် လိင်အမျိုးအစားဖြစ်သော "ထွေပြား" ( divers ) ကို ရွေးချယ်နိုင်ပြီဖြစ်သည်။ ထိုရွေးချယ်မှုက ကျား၊မဖြစ်ကြောင်း အတိအကျခွဲခြားမသတ်မှတ်နိုင်ပဲ မွေးဖွားလာသည့် ကလေးများ၏ မိခင်ဖခင်များ အနေဖြင့် လိင်ထွေပြားသူ ကလေးငယ်၏ အနာဂတ်အပေါ် ဆုံးဖြတ်ချက်ချရာတွင် ကြုံတွေ့ရသည့် ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားရန် နှင့် မတူကွဲပြားခြင်းဟာလည်း ပုံမှန်သာ ဖြစ်ကြောင်း ပြသရန် ရည်ရွယ်ချက် နှစ်ချက် ရှိသည်။
 

အားကစားခန်းမရှိ အဝတ်လဲခန်းတွင်ဖြစ်စေ၊ အများသုံးအိမ်သာတွင်ဖြစ်‌စေ၊ ချွေးထုတ်ခန်းတွင်ဖြစ်စေ နေ့စဥ်ဘဝတွင် အမျိုးသားအခန်း နှင့် အမျိုးသမီးအခန်း တစ်ခုခုကို ရွေးချယ်ကြရသည့် နေ့စဥ်ဘဝထဲက အခြေအနေများစွာ ရှိပါသည်။ ကျွန်ုပ်တို့ အများစုက ဒါကို
ရှည်ရှည်ဝေးဝေးစဥ်းစားမနေကြပေမယ့် လူအချို့အတွက် ဒါက သာမန်ရွေးချယ်မှုတစ်ခု မဟုတ်ဘဲ နာနာကျင်ကျင် အရှက်ရစရာ ဖြစ်နေတတ်ပါသည်။ ကျား သို့မဟုတ် မ ဟူ၍ တိတိပပ ခွဲခြားသတ်မှတ်ရန် မဖြစ်နိုင်သူများ ရှိပါသည်။ ကျား၊မ လိင်အင်္ဂါမကွဲပြားမှု  (ဆိုလိုသည်မှာ ကျား၊မလိင်အင်္ဂါနှစ်မျိုးလုံးပါရှိခြင်း) က ပုံသဏ္ဍာန်ကွဲမျိုးစုံ ရှိနိုင်ပါသည်။ 
လူတစ်ယောက်သည် ဝှေးစေ့များနှင့် သားအိမ်တစ်ရှူးပါ ပါရှိမွေးဖွားလာပြီး ကျားဟောမုန်းရော မဟော်မုန်းပါ ထုတ်လုပ်ကောင်း လုပ်နိုင်ပါသည်။ အခြားတစ်ယောက်သည် အချို့ဆဲလ်များတွင် မ ခရိုမိုဇုန်း XX  ပါရှိပြီး အချို့ဆဲလ်များတွင် ကျား ခရိုမိုဇုန်း XY ပါရှိသည့် ရောထွေးမျိုးဗီဇတစ်မျိုးဖြစ်သည့် mosaic genetics ဖြင့် မွေးဖွားလာနိုင်သည်။ နောက်တစ်ယောက်တွင်မူ လိင်ဟော်မုန်းများကို တုန့်ပြန်ခြင်းငှာ မစွမ်းသည့် ဆဲလ်လက်ခံ ဓာတုပုံစံများ သို့မဟုတ် အပြည့်အဝ မဖွံ့ဖြိုးသည့် လိင်အင်္ဂါများ ပါရှိတတ်ပါသည်။
ဂျာမနီနိုင်ငံတွင် လိင်ထွေပြားသူ ဦးရေ မည်မျှ ရှိသည် ဟူသည့် အချက်အလက် အတိအကျ မရှိသေးပါ။ ကိုယ်ထူ ကိုယ်ထ အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ တစ်သိန်းခြောက်သောင်းခန့် ဟု မှန်းဆကြသည်။ ၂၀၁၉ ဇန်နဝါရီလတွင် လူဦးရေစာရင်းမှတ်ပုံတင်ရာတွင် လိင်အမျိုးအစားသစ်တစ်ခု ဖန်တီးထည့်သွင်းစေသည့် ဥပဒေ ပြဌာန်းလိုက်သည်။ ကျား နှင့် မ အကွက်များအပြင် ၄င်းတို့ကို မရွေးချယ်လိုပါက ထွေပြား ဆိုသည့် အခြား တစ်ကွက်ကို ရွေးချယ်နိုင်သည်။  ဘာကြောင့် ဒါက လိုအပ်ပါသလဲ။

မွေးဖွားစာရင်းတွင် ကွက်လပ်ချန်ထားခြင်း နောက်ထပ် မရှိတော့ပါ။ 

၁၉၈၁ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ၏လိင်ပြောင်းလဲမှုဥပဒေအရ လူဦးရေမှတ်ပုံတင်ရှိ လိင်အမျိုးအစား ဖော်ပြချက်ကို ပြန်လည် ပြောင်းလဲခွင့်ရခဲ့ကြသည်။ ၂၀၁၃ ခုနှစ်မှစ၍ မွေးစာရင်းတွင် လိင်အမျိုးအစားကို လုံးဝဖော်ပြစရာမလိုတဲ့ ရွေးချယ်မှုလည်းပါရှိလာပါတယ်။ မွေးစာရင်းတွင် လိင်အမျိုးအစားကို ရွေးချယ်ဖော်ပြခြင်း မပြုဘဲ ထားခဲ့နိုင်သည်။ ကျား သို့မဟုတ် မ ဟူသည့် နှစ်ခုအနက် တစ်ခုခု လိင်ရွေးချယ်မှုက ထိုသို့ မရွေးချယ်နိုင်သူအပေါ် ခွဲခြားဆက်ဆံရာရောက်ပြီး အထွေထွေပုဂ္ဂိုလ်ရေးဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်ရာ ရောက်သည် ဟု  ၂၀၁၇ ဆောင်းဦးရာသီတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်ချက်ချခဲ့သည်။ လိင် အချက်အလက်ကို ချန်လပ်ထားခြင်းက မျှတသော ရွေးချယ်မှုတစ်ခုမဟုတ်ကြောင်း နှင့် ထပ်ဆောင်းရွေးချယ်စရာ တစ်ခုခု ရှိသင့်ကြောင်း တရားသူကြီးများက မှတ်ယူခဲ့ကြသည်။ ၂၀၁၈ ခုနှစ်အကုန်တွင် ဂျာမနီလွှတ်တော် Bundestag က မွေးစာရင်းမှတ်ပုံတင်တွင် လိင်အမျိုးအစား "ထွေပြား" ကို ထပ်မံထည့်သွင်းဖို့ဆုံးဖြတ်ခဲ့ပါခဲ့သည်။ လိင်ဖွံဖြိုးမှုဆိုင်ရာ ကွဲပြားမှုများကြောင့် ကျား သို့မဟုတ် မ ဟူ ၍ မခွဲခြားနိုင်သူများအတွက် ရည်ရွယ်သည့် ရွေးချယ်ရန် လိင်အမျိုးအစား ကို ဆိုလိုကြောင်း ဥပဒေအရေးအသားက ဖော်ပြထားသည်။ ဒီဥပဒေအရ မွေးကင်းစ ကလေးတွေသာမက အရွယ်ရောက်ပြီးသည့် လိင်ထွေပြားသူများသည် ၄င်းတို့ စာရင်းသွင်းခဲ့စဥ်က လိင်အမျိုးအစားနှင့် ပထမနာမည် များကို ပြန်လည် ပြင်ဆင်ရန် တောင်းဆိုနိုင်ပါပြီ။ ထို့အတွက် ဆေးဖက်ဆိုင်ရာထောက်ခံချက်လက်မှတ်ကို တင်ပြရပေမဲ့   ချွင်းချက်ကိစ္စများမှာတော့ ကျမ်းကျိန်လွှာတစ်စောင်နဲ့တင် လုံလောက်ပါတယ်။
 
ဥပဒေသစ်က မိဘများအတွက်လည်း ရည်ရွယ်ပါတယ်။ ကလေးတစ်ယောက် က ကျား၊မ လိင်အင်္ဂါမကွဲပြားတဲ့ လက္ခဏာတွေနဲ့ မွေးဖွားလာတဲ့အခါ မိဘတွေအနေနဲ့ ကလေးအတွက် ရေရှည် ထိရောက်တဲ့အကျိုးဆက်များရရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေချရပါမယ်။ ၁၉၇၀ လွန် နှစ်တွေမှာ မွေးရာပါလိင်ကို ပြုပြင်ပြောင်းလဲနိုင်တဲ့ ခွဲစိတ်ကုသမှုကို ကလေးအရွယ်ကတည်းက ဆောင်ရွက်နိုင်ကြာင်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြပါတယ်။ ခွဲစိတ်ပြုပြင်ခြင်းအားဖြင့် ထင်ရှားတဲ့ လိင်အင်္ဂါကိုဖန်တီးပေးခြင်း လိင်ထွေပြားနေတဲ့ ကလေးငယ်အဖို့ ရှက်ကြောက်တာ၊ အရှက်ခွဲခံရတာတွေကနေ ကင်းဝေးပါစေလိမ့်မယ်။ လိင်သွင်ပြင်လက္ခဏာ ဖော်ဆောင်ပေးတဲ့ ခွဲစိတ်မှု‌လုပ်ငန်းစဉ်မှာ ဥပမာအနေနဲ့ အပြင်ပိုင်းအမျိုးသမီးအင်္ဂါအတု ဖန်တီးပေးတာ မိန်းမကိုယ်အပြင်ပိုင်းပြုပြင်ပြီး ကြည့်ကောင်းအောင် ဖန်တီးပုံဖော်ပေးတာ၊ အာရုံခံစေ့ (clitoris) ကို ဖြတ်တောက်‌‌တာ၊ လိင်ဟော်မုန်းများကိုထုတ်ပေးတဲ့မျိုးပွားအင်္ဂါများ (gonads) အားဖယ်ရှားဖြတ်ထုတ်တာတွေပါဝင်ပါတယ်။ ၂၀၀၀ ပြည့်နှစ်လွန်ကာလများတွင် လိင်မှုလက္ခဏာများသည် လိင်အင်္ဂါပေါ်တွင်သာ လုံးဝဥဿုံမူတည်နေခြင်း မဟုတ်ကြောင်း သိမြင်မှုအသစ်တစ်ခု ပေါ်ထွက်လာပြီး ပြန်လည်သုံးသပ်လာကြသည်။ ၂၀၀၇ တွင် ခုနှစ်မှာ ဂျာမန်ကလေးနှင့် အရွယ်ရောက်ကာစလူငယ် ဆေးပညာအသင်းက  လိင်သွင်ပြင်လက္ခဏာ ဖော်ဆောင်ပေးတဲ့ ခွဲစိတ်မှုတွေ ကို ရှောင်ရှားခဲ့ပြီး လုပ်ဆောင်ပေးရာကနေ ခွဲထွက်လိုက်ပြီး ၂၀၁၂ခုနှစ်မှစတင်ကာပြီး ဂျာမန်ကျင့်ဝတ်ထိန်းသိမ်းရေးကောင်စီကလည်းထိန်းချုပ်ကန့်သတ်ရေးကို အကြံပေးခဲ့ပါတယ်။ ကုလသမဂ္ဂညှင်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးကော်မတီက ကလေးငယ်များအတွက် လိင်အင်္ဂါအပြင်ပန်းကြည့်ကောင်းအောင် ခွဲစိတ်ကုသမှုတွေ ကို လုံးဝပိတ်ပင်ဖို့ပင်တောင်းဆိုထားပါတယ်။ အကြောင်းကတော့ လိင်အင်္ဂါမကွဲပြားတဲ့ကလေးငယ်များက ပုံမှန်အားဖြင့် ကျန်းမာကြတာကြောင့်ပါပဲ။

ခွဲစိတ်ကုသမှုက ကျန်းမာတဲ့ ကလေးတစ်ယောက်ကို ပိုမိုပျော်ရွင်စေနိုင်ပါသလား။

ကလေးဘဝကပင် လိင်ပြုပြင်ပြောင်းလဲမှုကို ခံယူခဲ့ကြသူများကို ကူညီပံ့ပိုးနေသည့် အဖွဲ့အစည်းကြီးငယ်တို့က ထိုခွဲစိတ်ကုသမှုကြောင့် ပြင်းထန်စွာ စိတ်ဒဏ်ရာရခဲ့သည်များကို လေ့လာဖော်ပြကြသည်။ တစ်ချို့သောသူတွေက  ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကလေးမွေးဖွားနိုင်ခြင်းမရှိတော့ပဲ လိင်မှုကိစ္စ စွမ်းဆောင်နိုင်စွမ်း မရှိသလောက်ဖြစ်သွားနိုင်ပါတယ်။ တိကျတဲ့ လိင်အမျိုးအစား သတ်မှတ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ ဒါမှမဟုတ် ခွဲစိတ်ကုသမှုပြုလုပ်တဲ့အခါ ကာယကံရှင်ကိုယ်တိုင်သာ ရွေးချယ်ခွင့်ပေးဖို့ အဖွဲ့အစည်းများက တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ အချို့သောဆရာဝန်တွေက ထိုခွဲစိတ်ကုသမှုများကို အကြံပေးထောက်ခံနေဆဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တွင် ဂျာမနီမှာ ဆယ်နှစ်အောက် ကလေးငယ် နှစ်ထောင်ကျော်က လိင်သွင်ပြင်လက္ခဏာ ဖော်ဆောင်ပေးဖို့ ခွဲစိတ်မှု ခံယူခဲ့ကြရပါတယ်။ ဒီခွဲစိတ်မှုအရေအတွက်ကအမြဲလိုလို ပုံမှန်ဖြစ်နေပါတယ်။
 
မော်လ်တာနိုင်ငံက ကလေးငယ်များကို  လိင်အင်္ဂါဖော်ဆောင်ပေးတဲ့ခွဲစိတ်ကုသမှုကို ရာဇဝတ်မှုဟု  သတ်မှတ်ထားတဲ့ ဥ‌ရောပရှိ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဂျာမန်ဥပဒေအသစ်ကလည်းပဲ နှိုင်းယှဉ်ကြည့်ပါက တိုးတက်မှုရှိပါတယ်။  မွေးဖွားစာရင်းတွင် တတိယမြောက်လိင်အမျိုးအစား ကို ရွေးချယ်နိုင်အောင် ထည့်သွင်းထားမှုကို ကမ္ဘာနဲ့အဝှမ်းကြည့်ပါက နိုင်ငံအချို့ -  သြစတြေးလျ၊ နယူးဇီလန်နဲ့ အာဂျင်တီးနားတို့အပြင်  အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့  နီပေါနိုင်ငံ- မှာတွေ့ရပါတယ်။ တရားဝင်အသိအမှတ်ပြုလိင်အမျိုးအစားတစ်မျိုးထပ်မံ ရှိနေ‌တဲ့အချက်က အားကစားအသင်း‌အဖွဲ့ ဝင်စည်းကမ်းသတ်မှတ်တွေကစပြီး အမျိုးသမီးများရဲ့ ပါဝင်ကိုယ်စားပြုမှုအခန်းကဏ္ဍတွေအထိ ဥပဒေရေးရာအရ မေးခွန်းထုတ်စရာတွေ ထပ်မံပေါ်ပေါက်လာပါလိမ့်မယ်။ ဒါကြောင့် ဥပဒေပြဌာန်းခြင်းက ကနဦးအစသာဖြစ်ပါတယ်။

လိင်အမျိုးအစား “ထွေပြား”(divers) ကို အသိအမှတ်ပြုခြင်းဟာ ဒီဥပဒေက လိင်မတူကွဲပြားစုံလင်မှု ကို ပိုမိုနားလည်လက်ခံလာရန် ဗျူရိုကရေစီအရ ကြိုးပမ်းခြင်း ဖြစ်စေသည် ဟု သိသာစေသည်။ ကွဲပြားခြင်းသည်လည်း သာမန်သာဖြစ်သည်ဟု ရှင်းလင်းစေသည်။