အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1)ဒုတိယအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 3)ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

ရန်ကုန်
မြင့်ဇော်၊ စာရေးဆရာ နှင့် သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ

ကပ်ဘေးကာလထဲမှာ အင်တာနက်ပေါ်ကနေ ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါ ကျွန်ုပ်တို့ဟာ တသီးပုဂ္ဂလ လှုပ်ရှားတက်ကြွသူတွေ အနုပညာရှင်တွေ စာရေးသူတွေ အဖြစ် ဘယ်လောက် အင်အားရှိပါသလဲ။ ကျွန်ုပ်တို့ဟာ အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းပုံတွေကို ဆန့်ကျင်ဖို့ အင်အားမဲ့နေပါသလား။ တခြားတနည်းနဲ့ ဆိုရရင် ငါတို့ဘာမှ မလုပ်နိုင်ဘူးလား။ ဒါမှမဟုတ် တသီးပုဂ္ဂလတွေပါဝင်လာရင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းပုံတွေဟာ ပြောင်းလဲနိုင်သလား။ တနည်းပြောရရင် ငါတို့ ဒီကိစ္စတွေကို လုပ်နိုင်သလား။

ရေးသားသူ​ မြင့်ဇော်

Myint Zaw © Myint Zaw

ဇူလိုင် ၂၀၂၀

၂၀၂၀ ဧပြီလနောက်ဆုံးပတ်မှာ ရှမ်းပြည်နယ် ရွှေတြိဂံဒေသမှာနေတဲ့ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဆုံဖြစ်ပါတယ်။ ရွှေတြိဂံဟာ တစ်ချိန်တစ်ခါကတော့ ဘိန်းနဲ့ နာမည်ကြီးတဲ့ ဒေသပေါ့။ မိတ်ဆွေက ဘိန်းစိုက်တောင်သူတွေရဲ့ အခြေအနေတွေ ကောင်းလာဖို့အတွက် တစ်လျှောက်လုံး လုပ်လာခဲ့သူပါ။ သူ့ကို ကပ်ဘေးကြီးထဲမှာ ဘိန်းစိုက်တောင်သူတွေရဲ့ နေ့စဉ်ဘ၀ အခြေအနေတွေ ဘယ်လိုရှိသလဲလို့ စူးစမ်းကြည့်မိပါတယ်။ အပြင်မထွက်ရ၊ ခရီးမသွားရ တားမြစ်ထားကြတာတွေကြောင့် ဘိန်းစိမ်းဈေးတွေ ထိုးကျပြီး ကျပ်တည်းကြတယ်လို့ မိတ်ဆွေက ပြောပြပါတယ်။ 
ကပ်ဘေးကြီးထဲမှာ ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝကို ဘယ်သူကများ စာနာပါ့မလဲလို့ တွေးမိပါတယ်။ အများစုကတော့ ဒီတောင်သူတွေကို တရားမဝင်လုပ်ငန်းလုပ်ကိုင်သူတွေလို့ပဲ ထင်ကြပေလိမ့်မယ်။ ကျွန်တော်ကတော့ မိတ်ဆွေ ကျေးဇူးနဲ့ ဒီတောင်သူတွေရဲ့ ဘဝအခြေအနေတွေကို သိခွင့်ရပါတယ်။ ခင်ဗျားဟာ ဝေးလံခေါင်ဖျားတဲ့ တောင်တန်းတွေထဲမှာ မွေးဖွားလာတဲ့အခါ၊ ခင်ဗျားဇာတိဒေသရဲ့ တောင်စောင်းမတ်မတ်တွေနဲ့ မြေဆီလွှာ အမျိုးအစားတွေက တခြားသီးနှံ စိုက်ပျိုးဖို့ မဖြစ်နိုင်တဲ့အခါ မှီခိုစရာက ဘိန်းစိုက်ဖို့ပဲ ရှိတာကို သိလာပါလိမ့်မယ်။ ဒီလိုနားလည်လာရင်တော့ ဒီဘိန်းစိုက်တောင်သူတွေကို စာနာပေးလို့ရပါပြီ။ 
သူတို့ဘဝရဲ့ ရေမြေသဘာ၀ အခက်အခဲတွေကြားမှာ ထပ်ပေါင်းထည့်ရမှာတွေလည်းရှိပါတယ်။ အဆက်မပြတ်တဲ့ တိုက်ပွဲတွေ၊ လက်နက်ကိုင်မျိုးစုံရဲ့ ဖိနှိပ်မှု အမြတ်ထုတ်မှုတွေပေါ့။ ဒီလိုဆိုရင် အစွန်အဖျားနေရာတွေက ဘေးရောက်နေတဲ့ ပြည်သူ့ဘဝတွေကို ခင်ဗျားမြင်ယောင်ကြည့်လို့ရပါပြီ။ တကယ်တော့ ဒီနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက စကြည့်ရင်တောင်မှ ငြိမ်းချမ်းတဲ့ နှစ်ကာလရယ်လို့ တစ်နှစ်မှ မကြုံဖူးသေးတဲ့ နိုင်ငံမဟုတ်လား။ 
ကျွန်တော်မိတ်ဆွေကတော့ အခွင့်အရေးရတဲ့အခါတိုင်း ပြောလေ့ရှိပါတယ်။ “ဒီကိစ္စရဲ့ဗဟိုချက်က ပြည်သူ့ဘ၀ တရားမျှတမှုအရေးပဲဗျ။ တရားဝင်တာ မဝင်တာ ခင်ဗျားတို့ဘယ်လိုပဲ ပြောနေကြပါစေ။ မူးယစ်ဆေးဝါး ကင်းစင်ရမယ် ဆိုတာမျိုးတွေ ဘယ်လိုပဲ ကြွေးကြော်နေကြပါစေ။ ဒီတောင်သူတွေရဲ့ဘဝကို ပြည်သူ့ဘဝတရားမျှတမှုနဲ့ စဉ်းစားမပေးကြဘူး။ သူတို့ရဲ့ ဓလေ့ထုံးတမ်းကို အသိအမှတ်ပြုဖို့၊ သူတို့ဘ၀ ဘယ်လိုဆို ပိုကောင်းမလဲလို့ စဉ်းစားပေးဖို့ ဘယ်သူမှ မလုပ်ခဲ့ကြဘူး။”
ကိုဗစ်ကပ်ဘေးကြီးဖြစ်လာတဲ့အခါ ကိုယ့်နိုင်ငံမှာ ကမ္ဘာမှာ ကြုံနေရတဲ့ အဖြစ်တွေကို ပြည်သူ့ဘ၀ တရားမျှတမှုတွေအကြောင်း ဆောင်းပါးတွေရေးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိတ်ဆွေနဲ့ စကားမပြောဖြစ်ခင် အထိ ဝေးလံခေါင်ဖျားတဲ့ တောင်တန်းတွေထဲက ဘိန်းစိုက်တောင်သူတွေရဲ့ဘဝဟာ စဉ်းစားဖြစ်နေတဲ့ တရားမျှတမှုနယ်နိမိတ်ထဲမှာ ပါမနေဘူးဆိုတာ ဝန်ခံရမှာပါ။
ကပ်ဘေးကာလထဲမှာ အင်တာနက်ပေါ်ကနေ ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါ ဖြစ်နေတဲ့ အခြေအနေတွေကို နားလည်ဖို့၊ ကောင်းတဲ့အပြောင်းအလဲတွေဖြစ်ဖို့ ကြိုးစားကြစရာရှိပါတယ်။ စိတ်ပျက်တာ မျှော်လင့်ချက်မဲ့တာတွေနဲ့ အဆုံးသတ်ကြလေ့လည်း ရှိပါတယ်။ ပစ်ပယ်ခံ အဖိနှိပ်ခံ ဘိန်းစိုက်တောင်သူတွေနဲ့ နှစ်များစွာ အလုပ်လုပ်လာတဲ့ ကျွန်တော့်မိတ်ဆွေကတော့ ကျွန်တော့်ထက်ပိုပြီး မားမားမတ်မတ် ရှိပါတယ်။ သူရှင်းပြတာက နိုင်ငံ နယ်နိမိတ်တွေ ဆွဲကြ (နယ်မြေနဲ့ ဝင်ငွေ ထိန်းချုပ်ဖို့ လက်နက်ကိုင်တွေ တိုက်ကြ) ကတည်းက ဒီတောင်သူတွေမှာ ဒုက္ခများပြီးသား။ ဒီနေ့ခေတ်ရဲ့ တရားဝင်ခြင်း၊ မဝင်ခြင်း သတ်မှတ်ချက်တွေက နိမ့်ကျပြီးသားတောင်သူတွေကို ထပ်ပြီး ဖိနှိပ်ထားပြီးသား။ ဘိန်းစိုက်နေတာ အသက်ဆက်ကြရဖို့၊ ဆင်းရဲ တွင်းက လွတ်ဖို့တောင် မဖြစ်နိုင်ကြရှာပါဘူး။ ဒီတော့ ဘိန်းစိုက်တာကို တရားဝင်ခွင့်ပြုလိုက်ရင်ရော ဆင်းရဲတွင်းက လွတ်နိုင်ကြမလား။ သိပ်မသေချာဘူးလို့ မိတ်ဆွေက ပြောပါတယ်။ “တရားဝင်ဖြစ်ရင် အီလစ်တွေ၊ ဓနအင်အားနဲ့ ဈေးကွက်စီးပွားရေးသမားတွေ အမြတ်ရှာဝင်လာကြမှာဗျ။ ဘိန်းစိုက် တောင်သူတွေကတော့ အစွန်အဖျားမှာပဲ ဆက်ရှိနေကြဦးမှာ။ အရင်းရှင်စီးပွားရေးပုံစံအောက်မှာတော့ ဘာမှ သိပ်မလွယ်လှဘူးဗျ။ ခက်ခဲပေမဲ့ပြည်သူ့ဘဝတရားမျှတမှု (Social Justice) အတွက် ဆက်လှုပ်ရှားကြရမှာပဲလေ” လို့ မိတ်ဆွေက တိုက်တိုက်တွန်းတွန်းဆက်ပြောပါတယ်။ 

 

ဇွန်လ ၂၀၂၀

မတ်၊ဧပြီ၊ မေ သုံးလလောက် အိမ်ထဲမှာနေကြပြီးတဲ့အခါ ဇွန်လမှာတော့ လှုပ်ရှားတက်ကြွတဲ့ မိတ်ဆွေတွေနဲ့ နယ်ဘက်မှာတွေ့ဖြစ်ကြပါတယ်။ လူချင်းဆုံကြတဲ့အခါ အဆင်မပြေလှတဲ့ အကူးအပြောင်း ကာလအကြောင်း၊ ကျဉ်းမြောင်းလာတဲ့ ပြည်သူ့လူ့အဖွဲ့အစည်းရပ်ဝန်းတွေ အကြောင်း ပြောဖြစ်ကြပါတယ်။ ကိုယ့်နေရာ ကိုယ့်ဒေသတွေအကြောင်းသတင်းဖလှယ်ကြရင်း ရှင်းရှင်းလင်းလင်း ဖြစ်ကြရတာကတော့ “Shock Doctrine” လို့ ခေါင်းစဉ်တပ်ကြတဲ့ အခြေအနေတစ်ခုပါ။  “အထိတ်တလန့်မှာ အမြတ်ရှာ” ကြတဲ့ လုပ်ရပ် မျိုးတွေကို ရည်ညွှန်းတာပါ။ မြေသိမ်းယာသိမ်းတွေ၊ ဒရောသောပါး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်တွက ကပ်ဘေးကြောင့် ဖရိုဖရဲ ဖြစ်နေချိန်တွေမှာ ဆက်ဖြစ်နေတာပါ။ စီးပွားရေးနဲ့ နိုင်ငံရေး အီလစ် Elite တွေ အတွက်တော့ အင်မတန် အဆင်ပြေတဲ့ အချိန်ဖြစ်နေတာ တွေ့ကြရပါတယ်။ ပြည်သူတွေက ငါးယောက်ထက် ပိုစုလို့ မရကြဘူး။ ကပ်ဘေးတားမြစ်ချက်တွေကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေက စုရုံးလှုပ်ရှားလို့၊ ကန့်ကွက်လို့ မရကြဘူး။
ပြည်သူ့လှုပ်ရှားမှုရဲ့ အင်အားက ပြည်သူတွေ စုရုံးနိုင်မှု အပေါ်မှာ မူတည်တာ။ အီလစ် အကျိုးစီးပွားတွေရဲ့ ဖိနှိပ်မှု အမြတ်ထုတ်မှုကို စုရုံးတုန့်ပြန်ကြရတာ။ ကပ်ဘေးအတွင်းမှာတော့ ပြည်သူတွေဆီက ဒီအင်အားဟာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အမှန်တကယ် အကြောင်းပြချက်တွေနဲ့ပါ ရုတ်သိမ်းခံရတယ်။ အများပြည်သူ ဘေးကင်းဖို့ လူတွေက အိမ်မှာနေကြရတယ်။ ဒါပေမဲ့ အများပြည်သူနယ်နိမိတ်တွေထဲကို ကျူးကျော် သိမ်းယူမှုတွေက ကပ်ဘေးကြောင့် ရပ်မသွားဘူး။
ပြည်သူ့လူ့အဖွဲ့အစည်းလှုပ်ရှားမှုက မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ အီလစ်တွေ၊ အစိုးရတွေရဲ့ ဖွံ့ဖြိုးရေးဇာတ်ကြောင်းကို ဘယ်ပုံဘယ်နည်းနဲ့ ပြန်တွန်းကြမယ်ဆိုတာက ပြောရလေ့ရှိတဲ့ အကြောင်းအရာပါ။ ပြောရလွန်းလို့ အပ်ကြောင်းထပ်နေတဲ့ အကြောင်းအရာလို့တောင် ပြောလို့ရပါတယ်။ သယံဇာတတွေ လက်လွတ် စပယ်ထုတ်ယူ အမြတ်ထုတ်ကြတဲ့ ပုံစံ၊ လက်ကြီးစီးပွားရေးသမားတွေကို ဦးစားပေး သူတို့ဆီက လျှံကျလာတဲ့အခါ ကျန်တဲ့သူတွေရလိမ့်မယ် ဆိုတဲ့ လုပ်ရိုးလုပ်စဉ် ဖိနှိပ်တဲ့ နည်းလမ်းနဲ့ပဲ ဆက်သွားကြတယ်။ နည်းလမ်းအသစ်နဲ့ ချဉ်းကပ်ကြည့်တာမျိုးမလုပ်ချင်ကြဘူး။ “သွားနေကျလမ်းမှာတော့ ရနေကျ ရလဒ်ပဲ ရမှာလေ။ ဘာ့ကြောင့် လမ်းသစ်မရှာကြရမှာလဲ” လို့ မိတ်ဆွေက ပြောပါတယ်။ 
ပြည်သူ့လူ့အဖွဲ့အစည်းမိတ်ဆွေတွေ ဆုံကြတဲ့ဆီကို ပြန်သွားရရင် ကျွန်တော်တို့ဟာ ခါတိုင်းလိုပဲ ရွေးစရာနှစ်ခုပဲရှိတယ် ဆိုတဲ့ ဇာတ်ကြောင်းတွေကို ပြန်တွန်းဖို့ ကြိုးစားနေရတာကိုလည်း တွေ့ရတယ်။ သဘာ၀၀န်းကျင်နဲ့ ဖွံ့ဖြိုးရေး၊ အစဉ်အလာနဲ့ တိုးတက်မှု၊ စီးပွားရေးဦးစားပေးနဲ့ ပြည်သူ ဦးစားပေး စတဲ့ နှစ်ခုမှာ တစ်ခုရွေးဆိုတဲ့ လွဲနေတဲ့ ရွေးစရာပေးထားချက်ကို ငြင်းဆိုဖို့ ကြိုးစားနေရတယ်။ သယံဇာတထုတ်ခွင့်ပြုမှ အလုပ်အကိုင်ရမယ်။ အီလစ်တွေ ချမ်းသာမှ သာမန်လူတွေလည်း ချောင်လည်မယ် စတဲ့ တစ်လွဲညီမျှခြင်း ထိုးတာတွေကိုလည်း ငြင်းဆိုဖို့ ကြိုးစားနေကြရပါတယ်။ ဒါပေမဲ့ မိတ်ဆွေရဲ့ စကားကိုငှားပြီးခပ်တိုတို ငြင်းချက်ထုတ်ရင် ဘာ အလုပ်မဖြစ်ဘူးလဲ ဆိုတာကို ကျွန်တော်တို့သိပါတယ်။
 

မေလ ၂၀၂၀

ကျွန်တော်တို့ အများစုက စစ်အုပ်ချုပ်ရေးအောက်မှ ကြီးပြင်းအရွယ်ရောက်လာကြတာပါ။ ၂၀၁၀ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲတွေ စဖြစ်ပါတယ်။ ၂၀၁၅ မှာ အတိုက်အခံ ပါတီက အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပါတယ်။ ဝမ်းနည်းစရာက အစိုးရသာပြောင်းသော်လည်း အရင် စီးပွားရေး အီလစ်တွေနဲ့၊ စီးပွားရေး လမ်းဟောင်းနောက်ကိုပဲ ဆက်လိုက်ပါတယ်။ ဆိုင်ရာဒေသ၊ ပြည်သူ့ဘဝတွေ အကြောင်း ပြောကြဆိုကြတောင်းဆိုကြတဲ့ ပြည်သူ့ လူ့အဖွဲ့အစည်းအုပ်စုတွေဟာ အနှောင့်အယှက်တွေ အဖြစ်ပဲ ဆက်မြင်ခဲ့ကြ ရတယ်။ အယူအမြင်ထောင်ချောက် (paradigm trap) လို့ပြောကြတဲ့ အခြေအနေကနေ အစိုးရသစ် မလွတ်မြောက်နိုင်ဘူးလို့ ယူဆကြပါတယ်။ လှုပ်ရှားတက်ကြွသူတွေအဖြစ်ကနေ ရွေးကောက်ပွဲနဲ့ အမတ်ဖြစ်လာ ကြသူတွေလည်း ပါတီမူဝါဒ ထဲကနေ ခွဲထွက်မလာကြတော့ပါဘူး။ လမ်းပျောက်တယ်လို့ ကျွန်တော်တို့ ခံစားကြရပါတယ်။ဖွဲ့စည်းပုံ ယန္တရား (Structure) တွေဟာ တစ်သီးပုဂ္ဂလ စွမ်းဆောင်နိုင်မှုတွေကို စီးနင်း လွှမ်းမိုးသွားတတ်ကြပါသလား။ ဒီနှစ်တွေထဲမှာ ဒီမေးခွန်းနဲ့ ရှုပ်ထွေးနေကြရပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲရှိတာကြောင့် ကပ်ဘေးကာလ ငြင်းကြတာတွေမှာ ဒီအကြောင်းအရာက လွှမ်းမိုးနေပါတယ်။ တက်ကြွလှုပ်ရှားသူ၊ အနုပညာရှင်၊ စာရေးဆရာစတဲ့ တစ်ဦးချင်းအနေနဲ့ စွမ်းနိုင်မှု ဘယ်လောက်ရှိသလဲ။ ဖွဲ့စည်းပုံ ယန္တရားကို ရင်ဆိုင်ဖို့ရာ စွမ်းအားမဲ့နေကြပြီလား။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ဘာလုပ်လုပ် အရေးမကြီးဘူးလား။
လေးစားရတဲ့ စာရေးဆရာတစ်ယောက်ကတော့ ဒေးဗစ်ဘွန်း ရဲ့ “ ဖွဲ့စည်းပုံယန္တရားတွေမှာ ဉာဏ်ရှိသလား” ဆိုတဲ့ မေးခွန်းကို ကိုးကားပြီး ဖွဲ့စည်းပုံတွေအောက်မှာ ဉာဏ်ပညာ ပျောက်ဆုံးလေ့ရှိတယ် ဆိုတဲ့ စိတ်ကူးကို ဆွေးနွေးပါတယ်။ တစ်ယောက်ချင်းစီအနေနဲ့ အပြောင်းအလဲဖြစ်အောင် လုပ်ဖို့လိုအပ်တဲ့ အင်အားရှိချင်မှ ရှိမယ်။ ရည်မှန်းရမှာက လူ့အသိုက်အမြုံအစုအစည်းတွေပဲ။ ဖွဲ့စည်းပုံစနစ်တွေနဲ့ တင်းကျပ်မနေဘဲ တစ်ဦးချင်းစွမ်းအားတွေ စည်ပင်လို့ရတဲ့ နေရာလို့ ယူဆကြည့်ပါတယ်။ 
ဒီနှစ်မတ်လမှာ ကမ္ဘာကြီးရပ်တန့်သွားတဲ့အခါ များပြားလှတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အိမ်နီးချင်း နိုင်ငံတွေဆီကနေ မြန်မာပြည်ကို ပြန်လာပါတယ်။ အစိုးရက ဗျူရိုကရေစီ လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ဆေးရေးဂိတ်တွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ပြန်လာသူအားလုံးက ဂိတ်တွေကို ဖြတ်ကြတာ မဟုတ်ဘူး။ လာဘ်ထိုးပြီး ယာယီစခန်းတွေမှာ မနေရအောင်လုပ်လို့ရတယ်။ ဂိတ်တွေကို ကျော်လို့ရတယ်ဆိုတာလည်း သိလာပါတယ်။
တစ်ချိန်တည်းမှာ ရွာတွေက ကိုယ့်အစီအစဉ်နဲ့ ပြန်လာတဲ့ ကိုယ့်ရွာသားတွေ အတွက် ရွာထိပ်မှာ စခန်းတွေ ဆောက်ကြတာတွေ့တယ်။ ဒီနည်းက ပြန်လာသူတွေအတွက် ထိရောက်ပုံရပါတယ်။ ရွာစခန်းမှာ ယာယီကွာရန်တင်းဝင်လို့ရပါတယ်။ စားရေးသောက်ရေးကို ကိုယ့်ရွာသားတွေက ထောက်ပံ့ပေးကြတယ်။ အစိုးရယန္တရား ဖွဲ့စည်းပုံကြီးက အတွက်အချက်ပဲရှိပြီး ကရုဏာနဲ့ အထောက်အပံ့ကင်းမဲ့ပုံရတယ်။ ရပ်ရွာ အသိုက်အမြုံကတော့ တွက်ချက်ပုံရော၊ စိတ်နှလုံးရော ပါပုံရတယ်။
နားလည်လာမိတာကတော့ ကျွန်တော်တို့ နိုင်ငံရေးစနစ်ဟာ ပိုကောင်းလာချင်မှ ကောင်းမယ်။ စစ်- စီးပွားအီလစ်တွေ လည်ပင်းညှစ်ထားတဲ့ အခြေအနေကနေ လွတ်ချင်မှလွတ်မယ်။ ဒါပေမဲ့ ဉာဏ်ပညာရော ကရုဏာရော ရှိတဲ့ လူ့အသိုက်အမြုံတွေကို ကျွန်တော်တို့ တည်ဆောက်နိုင်ပါတယ်။ 

ဧပြီ ၂၀၂၀

မြန်မာနှစ်သစ်ကူး ရေသင်္ကြန်ပွဲတော်ဟာ ဧပြီလလယ်မှာ ကျရောက်ပါတယ်။ ဒီနှစ်မှာတော့ အားလုံး အိမ်ထဲရေကြတာကြောင့် တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အနည်းဆုံး မြို့ပြမှာတော့ တိတ်ဆိတ်နေပါတယ်။ 
အဲဒီကာလမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဂေဟသဘာ၀ ရိပ်မြုံတွေ ပျက်စီးတာ၊ သဘာဝနယ်မြေတွေထဲကို လူတွေပိုရောက်လာတာ၊ ဒါတွေကို မောင်းနှင်ပေးနေတဲ့ အရင်းရှင်စီးပွားရေးစနစ်ရဲ့ အဆက်အစပ်ကို ပြတဲ့ စာအုပ်ကလေးတွေ လက်စသတ်ဖို့ ကြိုးစားနေပါတယ်။ ဆိုရှယ်မီဒီယာမှာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ကျယ်ပြန့်နေတာကို တတ်နိုင်သလောက်တုံ့ပြန်ဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။ အဲဒီကာလမှာပဲ မြန်မာပြည်က လင်းနို့တချို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးအမျိုးအစားတွေကိုတွေ့ရတယ်ဆိုတဲ့ သုတေသနစာတမ်းတွေကို တွေ့ရပါတယ်။ မြန်မာပြည်အနေနဲ့က သဘာဝတောရိုင်းဒေသတွေပျောက်လာနေတဲ့ သဘာဝမြေတွေထဲမှာ တူးဖော်ထုတ်ယူမှုတွေ ပြုနေကြတာကြောင့် ပြည်တွင်းက လင်းနို့တွေမှာ ဗိုင်းရပ်စ်တွေ့ရတဲ့ သတင်းဟာ ပူပင်စရာဖြစ်ပါတယ်။ 
ဒါတွေက ကူးစက်ပျံ့နှံ့စေနိုင်တဲ့ အခြေအနေတွေ ဖြစ်နေလို့ပါ။ သဘာဝထဲက ဗိုင်းရပ်စ်လူတွေဆိကို ပျံ့နှံ့စေနိုင်တဲ့ အခြေအနေတွေ ဖြစ်နေလို့ပါ။ သဘာဝထဲက ဗိုင်းရပ်စ်လူတွေဆီကို ပျံ့နှံ့ရောက်ရှိစေနိုင်တဲ့ နောက်ထပ် အခြေအနေတစ်ခုက ထွက်နှုန်းမြင့် မွေးမြူရေးလုပ်ငန်းတွေပါ။ အစိုးရက အဲဒီမွေးမြူရေး လုပ်ငန်းကြီးတွေ ခွင့်ပြုထားပါတယ်။ နောက်ထပ် လာဖို့တွေည်း ရှိနေပါတယ်။ အများစုကတော့ တရုတ်ပြည်က လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေပါ။ တရုတ်-မြန်မာ စီးပွားရေးစကြလမ်းဆိုတာကလည်း ဒီလိုလုပ်ငန်းတွေ ရင်းမြစ်ထုတ်ယူမှုတွေကို ပံ့ပိုးဖို့ပါ။ ဌာနေလူ့အသိုက်အမြုံတွေကို ခံနိုင်ရည်ရှိအောင် ပံ့ပိုးထားတဲ့ အရာတွေက ဒီအပေးအယူတွေကြားမှာ ပျောက်ဆုံးရပါတယ်။ 
ကြည့်မြင်ရသလောက်တော့ ကပ်ဘေးပြီးသွားရင်လည်း အရင်လို လက်ဝါးကြီးအုပ်စီးပွားရေးစနစ်၊ တူးဖော်ထုတ်ယူ အမြတ်ရှာစနစ်တွေနဲ့ပဲ ဆက်သွားကြမယ့် သဘောရှိပါတယ်။ ပြည်သူ့ဘ၀ တရားမျှတမှု၊ ပြည်သူ့ဘ၀ ပြည့်ဝလုံခြုံမှု ခရီးက ကြာပေလိမ့်ဦးမယ်လို့ တွေးလို့ရပါတယ်။ လုံခြုံရာ ကိုယ့်အိမ်နေရာလေး ကနေကိုပဲ ရှေ့ခရီးအတွက် လက်ပန်းကျမှုကို ခံစားရပါတယ်။ ကပ်ဘေးဟာ ပြည်သူ့ဘဝအရေးတွေကို ဆွဲချသွားပေလိမ့်ဦးမယ် ဆိုတဲ့ အတွေးကြောင့်ပါ။ 
“ကျုပ်တို့လိုတာကတော့ အနုပညာပဲဗျ။” လို့ စာရေးဆရာကြီးတစ်ယောက်က ပြောပါတယ်။ အနုပညာနဲ့ တီထွင်ဖန်တီးမှုနဲ့မှ အားမဖြည့်ရင် လှုပ်ရှားမှုတွေ အားကုန်သွားမှာပေါ့ဗျာ။ “တစ်ခုခုဖန်တီးဖို့ ကြိုးစားဗျ”လို့ သူက ပြောပါတယ်။ သူကိုယ်တိုင်လည်း စာအုပ်တွေ ရေးနေပါတယ်။ အိမ်နီးချင်းတေးရေးဆရာ၊ မြို့လယ်က ပန်းချီဆရာတွေလည်း ရေးဖွဲ့ဖန်တီးနေကြတာ ကျွန်တော်သိပါတယ်။ 
ကပ်ဘေးကြောင့် အိမ်ထဲ ပိတ်မိနေချိန်မှာ စီးပွားရေး၊ နိုင်ငံရေး၊ အကျိုးစီးပွားတွေ ရှာနေကြတာတွေ မရပ်ကြတာ၊ ခြေလှမ်းသွက်နေကြတာကို ကျွန်တော်တို့သိပါတယ်။ တကယ်ပြန်ကြည့်တော့ ကျွန်တော်တို့လည်း ရပ်တန့်မှ မနေကြတာ။ တိုနီမော်ရစ်ဆင် ပြောခဲ့တာကိုလည်း သတိရနေပါတယ်။ 
“စိတ်ပျက်ပြားဖို့ အချိန်မရှိ၊ ကိုယ့်ကိုယ်ကိုယ် သနားနေဖို့ အချိန်မရှိ၊ တိတ်ဆိတ်နေဖို့မလို၊ ထိတ်လန့်စရာမရှိ၊ ငါတို့စကားပြောမယ်၊ ငါတို့ စာရေးမယ်၊ ငါတို့ ဘာသာစကားတည်ဆောက်မယ်။ ဒီနည်းနဲ့ လူ့ယဉ်ကျေးမှုကို ကုစားမယ်။” 
အနုပညာအားဖြင့် ကျွန်တော်တို့ လှုပ်ရှားမှုတွေ စီးဆင်းနေလိမ့်မယ်။ လူ့ဂုဏ်သိက္ခာ တည်ဆောက်တာ ဖြစ်တဲ့ ပြည်သူ့ဘ၀ တရားမျှတမှုနောက်ကို ဆက်လိုက်ကြမယ်။ အနှေးနဲ့ အမြန် မိတ်ဆွေ အနုပညာရှင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ တွေ့ကြမယ်။ ဘိန်းစိုက်တောင်သူတွေအရေးကိုလုပ်နေတဲ့ တောင်တန်းပေါ်က မိတ်ဆွေနဲ့လည်း ပြန်ဆုံဦးမယ်။