မြန်မာနိုင်ငံ၏ဒုတိယမြောက် PASCH ကျောင်းဖွင့်လှစ်ခြင်း

(၂၀၁၉)ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် Goethe-Institut မြန်မာနှင့် တောင်ကြီးမြို့ရှိ Taunggyi International School တို့က PASCH ကျောင်းအဖြစ် သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

ထိုဒုတိယမြောက် PASCH ကျောင်းသည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် တည်ရှိပါသည်။ Goethe-Institut မြန်မာ၏ သင်တန်းရေးရာဌာနမှူး Dr. Suzan Radwan ကလည်း                       “ဤအောင်မြင်မှုများသည် Goethe-Institut အနေနှင့် ဂျာမန်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားပို့ချနိုင်ရန် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများကို ကူညီထောက်ပံ့ပေးနေကြောင်းသိရှိနိုင်သည့် လက္ခဏာတစ်ရပ်ပင်ဖြစ်ပါသည်” ဟု ပြောကြားခဲ့ပါသည်။
 
တောင်ကြီးမြို့ရှိ ဂျာမန်ဘာသာစကားသင်တန်းကိုမူ သင်တန်းသူ၊ သင်တန်းသား (၆၂)ဦးနှင့် (၂၀၁၈)ခုနှစ်တွင် စတင်ခဲ့ပါသည်။ ဂျာမန်ဘာသာစကားသင်ကြားခြင်း၏ ကနဦးနှစ်ကို (၂၀၂၀) ခုနှစ် ဇန်နဝါရီလတွင် “FIT in Deutsch 1” စာမေးပွဲနှင့် အောင်မြင်စွာ အစပြုနိုင်ခဲ့ပါသည်။
 
ပွဲအခမ်းအနား၏ အရေးအကြီးဆုံးအချိန်မှာ Goethe-Institut မြန်မာ၏ ဒါရိုက်တာ Dr. Martin Wälde နှင့် ကျောင်းအုပ်ကြီး Mr. Mohan Aiyer တို့က PASCH ကျောင်းအဖြစ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြချိန်ပင် ဖြစ်ပါသည်။ နောက်ဆုံးတွင် PASCH ကျောင်းတံဆိပ်ကို လက်လွှဲချီးမြှင့်ခြင်းအားဖြင့်၊ တောင်ကြီးမြို့၏ International School ကိုလည်း တစ်ကမ္ဘာလုံးဆိုင်ရာ PASCH ကွန်ရက်ဝင်ကျောင်းအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပါတော့သည်။
 
Mr. Aiyer နှင့် Dr. Wälde တို့နှစ်ဦးလုံးက တောင်ကြီးမြို့၏ International School ကို ဒုတိယမြောက် PASCH ကျောင်းအဖြစ် အသိအမှတ်ပြုသည့် နေ့၏ အရေးပါပုံများကို မိန့်ခွန်းထဲတွင် အလေးထား ထည့်သွင်းပြောကြားသွားကြပါသည်။ Mr. Aiyer သည် Goethe-Institut မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပြောဆိုခဲ့ပြီး၊ အခြားကျောင်းခွဲများတွင်လည်း ဂျာမန်ဘာသာစကား သင်ကြားပို့ချနိုင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။
 
ပွဲအခမ်းအနားကို ဂျာမန်ဘာသာစကားသင် ကျောင်းသူ၊ ကျောင်းသားများက ဆက်လက် တာဝန်ယူ ကျင်းပခဲ့ကြပါသည်။ သူတို့အနေနှင့် ဤပွဲအခမ်းအနားကို အချိန်အတော်ကြာ မျှော်လင့်နေခဲ့ကြသည် ဖြစ်ပြီး၊ အသေအချာပြင်ဆင်ထားကြသည် ဖြစ်ပါသည်။ ဂျာမန်ရိုးရာ အမျိုးသမီးဝတ်ဂါဝန်ကို ဝတ်ဆင်ထားသည့် ကျောင်းသူ သုံးဦးသည် ဂျာမန်ဘာသာစကားဖြင့် ရက်ပ်သီချင်းကို သီဆိုပြီး၊ ကျောင်းသူ၊ ကျောင်းသားငယ်များက ဂျာမန်ကဗျာများ ရွတ်ဆိုကာ၊ အခြားကျောင်းသူ၊ ကျောင်းသားများကလည်း ဘာဗေးရီးယန်းပြည်နယ်၏ ရိုးရာကျေးလက်အကကို သားရေဘောင်းဘီများ၊ ရိုးရာဂါဝန်များ ဝတ်ဆင်ပြီး ကပြဖျော်ဖြေခဲ့ကြပြသည်။
 
မူလတန်း ကျောင်းသူ၊ ကျောင်းသားများမှာမူ ဆရာ၊ ဆရာမများ၏ အကူအညီဖြင့် ရေးစပ်သီကုံးထားသည့် “Wir sind PASCH” ဟု အမည်ရသည့် အထိမ်းအမှတ်သီချင်းကို သီဆိုခဲ့ကြပြီး၊ ပရိသတ်များက တခဲနက် အားပေးခဲ့ကြပါသည်။ ဤဖျော်ဖြေမှုတွင် ကျောင်းသူ၊ ကျောင်းသားလေးများသည် တီရှပ်ဆင်တူ ဝတ်ဆင်ခဲ့ကြပြီး၊ သေချာလေ့ကျင့်ထားသည့် ကကွက်များနှင့် သီချင်းများက ပရိတ်သတ်များကို အံ့ဩသွားစေခဲ့ပါသည်။
 
ဂျာမနီသံရုံး၏ ကောင်စစ်ဝန် Mr. Frank Thierfelder ၊ အရှေ့တောင်အာရှဒေသတွင်း Goethe-Institut များ၏ ရုံးချုပ် (ဂျကာတာမြို့အခြေစိုက်) ၏ သင်တန်းရေးရာဌာနမှူး Ms. Sonja Stoll ၊ Goethe-Institut မြန်မာ၏ PASCH ကျောင်းများဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ခံ Ms. Petra Kühl တို့ကလည်း ဂျာမန်ဘာသာစကား သင်ယူနေကြသည့် ကျောင်းသူ၊ ကျောင်းသားများ၏ အမျိုးအစားစုံလင်လှသည့် တင်ဆက်မှုများကို အံ့ဩချီးကျူးခဲ့ကြပါသည်။
 
ထို့နောက် အဆုံးသတ်တွင် ဂျာမန်နှင့် မြန်မာအစားအစာများ ဘူဖေး၊ အရသာရှိလှသည့် ဂျာမန်ကိတ်မုန့်များ သုံးဆောင်ကြပြီးနောက် ပွဲအခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းလိုက်ပါတော့သည်။
 
ရေးသားသူ Petra Kühl