မြန်မာနိုင်ငံ၏ပထမဆုံးသော PASCH ကျောင်းဖွင့်လှစ်ခြင်း

Goethe-Institut မြန်မာနှင့် Brainworks International School တို့မှ PASCH ကျောင်းအဖြစ် သဘောတူလက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ်ကို (၂၀၁၇)ခုနှစ် နိုဝင်ဘာလ (၂၇)ရက်၊ တနင်္လာနေ့တွင် ကျင်းပခဲ့ပါသည်။

(၂၀၁၆) ခုနှစ်တွင် Brainworks International School ၌ ဂျာမန်ဘာသာစကားသင်တန်းကို သင်တန်းတက်ရောက်သူ ကျောင်းသူ၊ ကျောင်းသားဦးရေ (၃၃)ဦးနှင့် စတင်ခဲ့ပါသည်။ (၂၀၁၇)ခုနှစ်တွင် ဂျာမန်ဘာသာစကားသင်ယူသူဦးရေ (၁၀၀)ဝန်းကျင်ခန့် ဖြစ်လာခဲ့ပြီး၊ သင်ယူလိုသူဦးရေများ အမြဲတစေ မြင့်တက်လာနေပါသည်။ သင်တန်းစတင်သည့် ပထမနှစ်၏ အောင်မြင်မှုကို စာမေးပွဲရလဒ်များတွင် တွေ့နိုင်ပါသည်။ (၂၀၁၇) ခုနှစ်၊ အောက်တိုဘာလတွင် „Fit in Deutsch 1“ စာမေးပွဲကို စာမေးပွဲဖြေဆိုသူအားလုံးက အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး၊ စာမေးပွဲအောင်လက်မှတ်များကို PASCH အခမ်းအနားတစ်ရပ်နှင့် ခမ်းနားစွာ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ဤအခမ်းအနားတွင် အဓိကအပိုင်းမှာ Goethe-Institut မြန်မာ၏ ဒါရိုက်တာ Mr. Franz Xaver Augustin နှင့် Brainworks International School ၏ ကျောင်းအုပ် Mr. Mohan Aiyer တို့အကြား PASCH သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းပင်ဖြစ်ပါသည်။ ထို့နောက် PASCH တံဆိပ်ပြားပေးအပ်ခြင်းနှင့်အတူ Brainworks International School ကို ကမ္ဘာတစ်ခုလုံး၏ PASCH ကွန်ရက်ဝင်ကျောင်းဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ပါသည်။
Mr. Aiyer နှင့် Mr. Augustin တို့ နှစ်ဦးစလုံး၏ အမှတ်တရစကားများတွင်လည်း Brainworks International School ကို ပထမဆုံး PASCH ကျောင်းအဖြစ် အသိအမှတ်ပြုခံရသည့်နေ့၏ အရေးပါပုံများကို အလေးပြုပြောကြားခဲ့ပါသည်။ Mr. Aiyer အနေနှင့် Goethe-Institut နှင့် ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးခဲ့ပြီး၊ ကျန်ရှိနေသည့် ကျောင်းခွဲများတွင်လည်း ဂျာမန်ဘာသာစကားသင်တန်းများကို ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
 
ပွဲအခမ်းအနားကို သီချင်းဆို၊ ကခုန်သရုပ်ဆောင်နေကြသည့် ဂျာမန်ဘာသာစကားသင် ကျောင်းသူ၊ ကျောင်းသားများက ဆက်လက်ဦးဆောင်ကျင်းပခဲ့ကြပါသည်။ အထူးသဖြင့် အလယ်တန်းကျောင်းသူ၊ ကျောင်းသားများသည် ဂျာမန်ရိုးရာ အမျိုးသမီးဝတ် ဂါဝန် “Dirndl“ နှင့် အမျိုးသားဝတ် သားရေဘောင်းဘီတို့ကို ဝတ်ဆင်ပြီး၊ ဘာဗေးရီးယန်းရိုးရာအကကို ကပြဖျော်ဖြေခဲ့ကြရာတွင်မူ ပရိသတ်က တခဲနက်လက်ခုပ်တီးအားပေးခဲ့ကြပါသည်။ ကြိုတင် စနစ်ကျစွာလေ့ကျင့်ထားသည့် ကကွက်များက တက်ရောက်လာသူ ဧည့်ပရိသတ်များကို အံ့ဩမင်သက်သွားစေခဲ့ပါသည်။ ဂျာမနီနိုင်ငံသံရုံး (ရန်ကုန်မြို့) ၏ တာဝန်ခံဖြစ်သည့် Ms. Silke Grunow ၊ Goethe-Institut မြန်မာ၏ သင်တန်းရေးရာဌာနမှူး Dr. Suzan Radwan နှင့် Goethe-Institut မြန်မာ၏ PASCH ကျောင်းများဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ခံ Ms. Petra Kühl တို့ကလည်း ကျောင်းသူ၊ ကျောင်းသားများ၏ အနုပညာတင်ဆက်မှုများကို ချီးမွမ်းခဲ့ကြပါသည်။