Seitliche Ansicht auf einen jungen Mann der vor einem Schild an einem Gebäude mit der Auschrift © Goethe-Institut

အကြံပေးမှုအစီအစဥ်က မည်သို့ ဖြစ်ပါသနည်း။

သင့်တွင် မေးစရာမေးခွန်း (သို့) ပြဿနာတစ်ခုခု ရှိနေပြီး အဖြေများ၊ အကြံပေးချက်များ လိုအပ်နေပါသလား။ အကြံပေးအစီအစဥ်တွင် သင့်အား အကူအညီပေးမည့်သူများကို ရှာဖွေ တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ အကြံပေး ပုဂ္ဂိုလ်များသည် သင့်မေးခွန်းများကို ဖြေပေးပါလိမ့်မည် (သို့) သင် အကူအညီ ရယူနိုင်သည့် နေရာကို ညွှန်ကြား ပေးပါလိမ့်မည်။

အကယ်၍ သင်သည် အကြံပေးဌာနကို တစ်ရောက်တည်း မသွားလိုပါက အသင်၏ ခင်ပွန်း၊ ဇနီး၊ သူငယ်ချင်း (သို့) အခြား တစ်ယောက်ယောက်ကို ခေါ်သွားနိုင်ပါသည်။ အကြံပေးဌာနများစွာတို့ကို ဖုန်းဆက်၍လည်း မေးမြန်းနိုင်ပါသည်။ ထိုအခါ အသင် မေးမြန်းသည့် မေးခွန်းများကို အကြံပေး ပုဂ္ဂိုလ်များက ဖုန်းဖြင့် ပြန်လည် ဖြေကြားပေးမည် ဖြစ်ပါသည်။ ထို့ပြင် အွန်လိုင်း အကြံပေးအစီအစဥ်များလည်း ရှိသောကြောင့် အသင်မေးလိုသည်များကို အီးမေးလ် (သို့) chat box မှ တစ်ဆင့်လည်း မေးမြန်းနိုင်ပါသည်။

အကြံပေးအစီအစဥ်များတွင် အသင်၏ အမည်ကို ဖော်ပြရန်မလိုပါ။ အသင်၏ မေးခွန်းများ၊ ပြဿနာများနှင့်ပတ်သက်၍သာ အကြံပေး ပုဂ္ဂိုလ်များကသာ ဆွေးနွေး ဖြေကြားပေးမည် ဖြစ်ပါသည်။ သူတို့အား အသင်၏ မေးခွန်းများနှင့် ပြဿနာများကို အခြားမည်သူကိုမျှ ပြောပြခွင့်ပေးမထားပါ။ အကြံပေးပုဂ္ဂိုလ်များသည် ဘက်မလိုက်ဘဲ ကြားနေဝါဒဖြင့် ဆွေးနွေးပေးမည့် အသင့်အား အမှန်တကယ် ကူညီပေးလိုသူများ ဖြစ်ပါသည်။ သင်သည် သူတို့ကို ယုံကြည်စိတ်ချနိုင်ပြီး စိုးရိမ်စရာ မလိုပါ။ အကြံပေးအစီအစဥ်များသည် အခမဲ့ဖြစ်သောကြောင့် အခကြေးငွေ ပေးစရာမလိုပါ။ တစ်ခါတလေတွင် အသင်သည် အကြံပေးအစီအစဥ်တွင် အကူအညီ ချက်ချင်း ရရှိမည်ဖြစ်ပါသည်။ တစ်ခါတစ်လေတွင်မူ နောက်ထပ် ရက်ချိန်းတစ်ခု ထပ်ယူရပါသည်။

ကျွန်ုပ်အတွက် အထူးအကြံပေး ဝန်ဆောင်မှုများ ရရှိနိုင်ပါသလား။

နိုင်ငံရွှေ့ပြောင်းလာကြသူများအတွက် အထူး အကြံပေးဝန်ဆောင်မှုများ ရှိပါသည်။ Die Migrationsberatung für erwachsene Zuwanderer (အရွယ်ရောက်ပြီးသော နိုင်ငံရွှေ့ပြောင်းလာကြသူများအတွက် အကြံပေးဝန်ဆောင်မှုဌာန - MBE) နှင့် Die Jugendmigrationsdienste (နိုင်ငံရွှေ့ပြောင်းလာကြသော လူငယ် ဝန်ဆောင်မှုဌာန - JMD) အကြံပေး ဌာနာများတွင် အသင်၏ အမည်ကို ဖော်ပြရန်မလိုပါ။ ၎င်းတို့သည် ဘက်မလိုက်ဘဲ ကြားနေဝါဒဖြင့် ဆွေးနွေးပေးမည် ဖြစ်ပြီး အခမဲ့ဖြစ်ပါသည်။ MBE သည် အရွယ်ရောက်ပြီးသည့် နိုင်ငံရွှေ့ပြောင်းလာသူများအားလုံးအား အကူအညီပေးပြီး JMD သည် အသက် (၁၂) နှစ်နှင့် (၂၇) နှစ်ကြားရှိ လူငယ်များနှင့် ၎င်းတို့၏ မိဘများအား ကူညီပေးပါသည်။ အကြံပေးပုဂ္ဂိုလ်များသည် ပုံမှန်အားဖြင့် ဘာသာစကား အမျိုးမျိုး ပြောတတ်ကြပါသည်။ အကယ်၍ အကြံပေးပုဂ္ဂိုလ်သည် သင်၏ မိခင်ဘာသာစကား မပြောတတ်ပါက (သို့) သင်သည် ဂျာမန်ဘာသာစကားကို ကောင်းစွာမပြောတတ်ပါက ဘာသာစကား နှစ်မျိုးစလုံးကို ပြောတတ်သော စကားပြန်တစ်ယောက်က အသင့်အား စကားပြန် အကူအညီ ပေးပါလိမ့်မည်။

ကျွန်ုပ်သည် အကြံပေးပုဂ္ဂိုလ်များကို မည်သည့် မေးခွန်းများ မေးမြန်းနိုင်ပါသနည်း။

JMD နှင့် MBE တို့သည် ဂျာမနီနိုင်ငံတွင် နေထိုင်ခြင်းနှင့် ပတ်သက်သည့် မေးခွန်းများ၊ ပြဿနာများနှင့် ပတ်သက်၍ သင့်အား အကူအညီ ပေးမည် ဖြစ်ပါသည်။ ဥပမာ ကျွန်ုပ်၏ ဗီဇာဖြင့် ဂျာမနီနိုင်ငံတွင် မည်မျှကြာအောင် နေနိုင်ပါသနည်း။ အကယ်၍ ကျွန်ုပ်သည် မိသားစု ပြဿနာများနှင့် ကြုံတွေ့နေရပါက မည်သည့်နေရာတွင် အကူအညီ တောင်းရမည်နည်း။ ကျွန်ုပ်သည် ဂျာမန်ဘာသာစကားကို မည်သည့်နေရာတွင် သင်ယူနိုင်သနည်း။ နေထိုင်ရန် အိမ်လိုအပ်ပါက  မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။ ကျွန်ုပ်သည် ဂျာမနီတွင် အလုပ်လုပ်နိုင်ပါသလား။ မည်သည့် နေရာတွင် အလုပ်ရှာနိုင်ပါသနည်း။ ငွေရေးကြေးရေး အခက်အခဲများရှိပါက ကျွန်ုပ် ဘာလုပ်ရမည်နည်း။ ကျွန်ုပ် နာမကျန်းဖြစ်လျှင် ဘာလုပ်ရမည်နည်း။ အကယ်၍ ကျွန်ုပ်သည် မကြာခင်တွင် ကလေးရမည်ဆိုပါက ကျွန်ုပ်အား မည်သူက အကူအညီ ပေးနိုင်ပါသနည်း။ ယာဉ်မောင်းလိုင်စင် လုပ်လိုပါက မည်သည့်နေရာတွင် လုပ်နိုင်ပါသနည်း။ ကျွန်ုပ်သွားမည့် ခရီးစဥ်အတွက် မည်သည့် ရထားလက်မှတ် အမျိုးအစား လိုအပ်ပါသနည်း။ ကျွန်ုပ်၏ အထောက်အထား စာရွက်စာတမ်းများကို အသိအမှတ်ပြုစေလိုပါက ဘာလုပ်ရမည်နည်း။ အထူးသဖြင့် JMD သည် အသင့်အား ဂျာမနီ၏ ကျောင်း (သို့) အလုပ်သင်စနစ်တွင် အသားကျစေရန်ကိုလည်း ကူညီပေးပါသည်။

ကျွန်ုပ်သည် ဂျာမနီတွင် နေထိုင်လျက် ရှိနေပါသည်။ အကြံပေးဝန်ဆောင်မှုတစ်ခုကို မည်ကဲ့သို့ ရရှိနိုင်ပါသနည်း။

သင်သည် ဂျာမနီတွင် နေထိုင်လျက်ရှိနေပြီး အကြံပေးဝန်ဆောင်မှု ရယူလိုပါက အရေးကြီးသော လိပ်စာများဟူသည့် ခေါင်းစဉ်အောက်တွင် သင့်အနီးအနား ပတ်ဝန်းကျင်ရှိ အကြံပေး ဝန်ဆောင်မှု ဌာနများကို (MBE သို့မဟုတ် JMD) ကိုရှာဖွေနိုင်ပါသည်။ ထိုအခါ သင်သည် မြေပုံတစ်ခုပေါ်တွင် လိပ်စာ (သို့) ဖုန်းနံပါတ် စသည့် အချက်အလက်များနှင့်အတူ အဖြေများကို တွေ့ရမည်ဖြစ်ပါသည်။

ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်နိုင်ငံတွင်ပင် ရှိနေပါသေးသည်။ ကျွန်ုပ်ဆက်သွယ်နိုင်သည့် အကြံပေးဝန်ဆောင်မှု ရှိပါသလား။

သင်သည် ဂျာမနီသို့ မရောက်ခင်ကတည်းကပင် အကြံပေး ဝန်ဆောင်မှုဌာန တစ်ခုခုကို ရှာဖွေနေပါသလား။ အင်တာနက်တွင် နိုင်ငံရွှေ့ပြောင်းလာသူများအတွက် အကြံပေးဝန်ဆောင်မှုများ ရှိပါသည်။ အွန်လိုင်းအကြံပေးမှု ဆိုသည့် နေရာကို နှိပ်ပါ။ ထိုနေရာတွင် အခြားသော အသေးစိတ် အချက်အလက်များကို တွေ့နိုင်ပါသည်။