
ဂျာမနီတွင် မိမိနိုင်ငံမှ ဆင်းကတ်ကို အသုံးပြုပြီး ဖုန်းဆက်လိုပါက အခက်အခဲများစွာ ရှိတတ်ပါသည်။ ဆင်းကတ်အများစုမှာ ဂျာမနီတွင် အသုံးပြု၍မရနိုင်ဘဲ နိုင်ငံခြား ဆင်းကတ်များဖြင့် ဖုန်းဆက်ပါက စျေးအလွန်ကြီးပါသည်။
ဂျာမနီနိုင်ငံတွင် မိဘိုင်းဖုန်း အသုံးပြုနိုင်ရန် အတွက် နည်းလမ်းများစွာ ရှိပါသည်။ အောက်ဖော်ပြပါ လင့်တွင် ဆင်းကတ် ကုမ္ပဏီများ၏ စာရင်းနှင့် သတင်း အချက်အလက်များရှိပါသည်။
မိုဘိုင်းဖုန်းစာချုပ်
မိုဘိုင်းဖုန်းအသုံးပြုနိုင်ရန် မိုဘိုင်းဖုန်း စာချုပ် ချုပ်နိုင်ပါသည်။ သို့သော် ၎င်းအတွက် ဂျာမန် ဘဏ်အကောင့်နှင့် အသင့်၏ မှတ်ပုံတင်ကတ်ပြား လိုပါသည်။ ကုမ္ပဏီများက ဤနည်းအားဖြင့် ဝယ်ယူသူသည် ငွေပေးချေနိုင်ခြင်း ရှိမရှိကို စစ်ဆေးခြင်းဖြစ်ပါသည်။ သို့သော် စာချုပ်ကို အသင်နားမလည်ဘဲနှင့် လုံးဝ လက်မှတ် မထိုးမိစေရန် သတိပြုပါ။ အသင်နားလည်ရန် ဘာသာပြန်အကူအညီကို ရှာဖွေပါ။ မိုဘိုင်းဖုန်း စာချုပ်သည် များသောအားဖြင့် (၁) နှစ်မှ (၂)နှစ်အထိ သက်တမ်း ကြာမြင့်ပါသည်။ ယင်းသက်တမ်းမပြည့်မှီ စာချုပ်ကို ဖျက်သိမ်း၍မရပါ။ စာချုပ်ကာလအတွင်း ဖုန်းငွေ (သို့) ဘေလ်ကို များသောအားဖြင့် လကုန်တွင် ပေးရပါသည်။ အကယ်၍ အသင်သည် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အခြားမိုဘိုင်းဖုန်း ကုမ္ပဏီတစ်ခုနှင့် ပြောင်းချုပ်ရန် ဆန္ဒရှိပါက အထူးသတိပြုရန် အချက်မှာ စာချုပ်ကို အချိန်မှီ ဖျက်သိမ်းရန် ဖြစ်ပါသည်။ များသောအားဖြင့် စာချုပ်သက်တမ်း မကုန်ဆုံးမီ (၃)လ ကြို၍ စာချုပ်ကို ဖျက်သိမ်းရန် လိုအပ်ပါသည်။ အချိန်မီ မဖျက်သိမ်းပါက စာချုပ်သည် အလိုအလျောက် (၁) နှစ်မှ (၂) နှစ်အထိ သက်တမ်း တိုးသွားနိုင်ပါသည်။
ကြိုတင်ငွေဖြည့်ဆင်းကတ်
အခြားသော နည်းလမ်းမှာ ကြိုတင်ငွေဖြည့်ဆင်းမ်ကတ် တစ်ကတ် ဝယ်ယူခြင်း ဖြစ်ပါသည်။ ယင်းကတ်များကို စူပါမားကတ်၊ ဓာတ်ဆီဆိုင် (သို့) kiosks (စျေးဆိုင်ငယ်များ) တွင် ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ဤအတွက်လည်း စာချုပ်ချုပ်ရန် လိုပါသည်။ ထို့နောက် ကတ်ပွင့်စေရန်အတွက် အမည်၊ နေရပ်လိပ်စာနှင့် မွေးနေ့တို့ကို ပေးရပါသည်။ ဆိုင်တွင် ပတ်စ်ပို့၊ မှတ်ပုံတင်ကတ်ပြား (သို့) အခြားသော ဓာတ်ပုံအထောက်အထား ပါသည့် ကတ်တစ်ခုခုပြရပါသည်။ တစ်ခါတစ်ရံ မိမိ၏ နေထိုင်မှု အထောက်အထားကိုလည်း ပြရပါသည်။
သင်သည် ငွေဖြည့်ဆင်းမ်ကတ်ကို မိုဘိုင်းဖုန်း ကုမ္ပဏီတစ်ခု၏ အရောင်းဆိုင်တစ်ဆိုင်မှ တိုက်ရိုက်ဝယ်ယူခဲ့ ပါသလား။ ဝယ်ယူခဲ့သည် ဆိုပါက ဆင်းမ်ကတ်ကို ယင်း အရောင်းဆိုင်တွင်ပင် စာရင်းဖွင့်နိုင်ပါသည်။ ဆိုင်က အသင့်အား ကူညီပေးပါလိမ့်မည်။ သို့မဟုတ် အသင်သည် ငွေဖြည့် ဆင်းမ်ကတ်ကို စူပါမားကတ် တစ်ခုခုတွင် ဝယ်ယူခဲ့ပါသလား။ ဝယ်ယူခဲ့သည် ဆိုပါက ယင်းဆင်းမ်ကတ်ကို ဖုန်း၊ တက်ဘလက်၊ (သို့) Webcam တို့ဖြင့် ကွန်ပျုတာတွင် စာရင်းဖွင့်နိုင်ပါသည်။
ကြိုတင်ငွေဖြည့်ဆင်းမ်ကတ်ကို စာရင်းဖွင့်ပြီးပြီဆိုသည်နှင့် ဖုန်းငွေဖြည့်ရန် လိုပါသည်။ ယင်းငွေကို ဖုန်းခေါ်ဆိုမှုများ၊ SMS ပို့ခြင်းများနှင့် အင်တာနက် အသုံးပြုခြင်းတို့အတွက် သုံးစွဲရမည် ဖြစ်ပါသည်။ အကယ်၍ သင်သည် ဖုန်းငွေကုန်သွားသောကြောင့် ထပ်မံဖြည့်လိုပါက ငွေဖြည့်ကတ် ဝယ်နိုင်ပါသည်။ ငွေဖြည့်ကတ်များကို ဆင်းမ်ကတ် ရောင်းသည့်ဆိုင်များတွင်ပင် ဝယ်ယူရရှိနိုင်ပါသည်။ ဥပမာ စူပါမားကတ်များ၊ ဓာတ်ဆီဆိုင်များ (သို့) kiosks (စျေးဆိုင်ငယ်များ) တို့ ဖြစ်သည်။ ငွေဖြည့်ကတ်တွင် ရှည်လျားသော ကုတ်နံပါတ်တစ်ခု ပါရှိပါသည်။ ငွေဖြည့်ရန်အတွက် မိုဘိုင်းဖုန်းထဲသို့ ယင်းနံပါတ်ကို ရိုက်ထည့်ပါ။
သင်သည် ဂျာမနီမှ ပြည်ပသို့ ဖုန်းခေါ်ဆို လိုပါသလား။ ဤသို့ဆိုပါက အသင်သည် ခဏတာသာ ပြောသည် ဖြစ်စေကာမူ လိုင်းလွှဲပြောင်းခငွေ ၁၅ ဆင့်ပေးရပါသည်။ ဆီးရီးယား၊ အီရီထရီးယားနှင့် ဘော်လကန် ပြည်နယ်များသို့ ဖုန်းခေါ်ဆိုခများမှာ အထူး ဈေးကြီးပါသည်။ ဖုန်းကုမ္ပဏီ အမျိုးမျိုး၏ ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများ၏ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
billiger-telefonieren.de: ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများ
တစ်ခါတစ်ရံတွင် သီးခြား အပိုဆောင်း ဖုန်းဒေတာများလည်း ဝယ်ယူနိုင်ပါသည်။ ထိုသို့ဝယ်ခြင်းအားဖြင့် မိနစ်အချို့ နိုင်ငံခြားသို့ အခမဲ့ ဖုန်းခေါ်ခွင့်ရပါသည်။
မိုဘိုင်းဒေတာ (အင်တာနက်)
အင်တာနက်သုံးလိုပါက ငွေဖြည့်ကတ် ထည့်ထားသည့် စမတ်ဖုန်းဖြင့် သုံးနိုင်ပါသည်။ သို့သော် ဤသို့သုံးစွဲခြင်းက ကြိုတင် ဖြည့်ထားသည့်ငွေကို အကုန်မြန်စေပါသည်။ ထိုအတွက်ကြောင့် သင့်တော်သော ဒေတာ package များ ဝယ်သုံးခြင်းက အကုန်အကျ သက်သာစေပါသည်။ ယင်းသို့ ဝယ်သုံးလျှင် သင့်အား မိုဘိုင်းအင်တာနက်ကို တစ်ရက်လျှင် သတ်မှတ်ထားသော အကြိမ်ရေ အတွက် ပုံသေစျေးနှုန်းဖြင့် သုံးခွင့်ပေးပါသည်၊ (သို့) အသင်သည် အသင်ဝယ်လိုသော အင်တာနက် ဒေတာပမာဏကို ဝယ်ယူနိုင်ပါသည်။
wifi
အကယ်၍ အင်တာနက်ကို အခမဲ့ အသုံးပြုလိုပါက wifi ကွန်ရက်များကို အသုံးပြုနိုင်ပါသည်။ ကော်ဖီဆိုင်များ၊ စာကြည့်တိုက်များနှင့် အခြားသော အများပြည်သူ အဆောက်အအုံများတွင် wifi ကို အခမဲ့ ပေးပါသည်။ သင်နေထိုင်ရာ ပတ်ဝန်းကျင်ရှိ အခမဲ့ wifi ကွန်ရက်များကို ရှာဖွေလိုပါသလား။ ဝက်ဘ်ဆိုက်ဒ် "Hotsplots" က သင့်အား အနီးအနားတွင်ရှိသော အများသုံး အင်တာနက် ရရှိနိုင်သည့် နေရာကိုတွေ့ရန် အထောက်အကူ ပေးပါလိမ့်မည်။
Public WLAN networks in Germanyအခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့သည် အသင်၏ အမည်ကို မဖော်ပြဘဲ အသင်၏ဖောင်ကို အကြံပေးပုဂ္ဂိုလ်များနှင့် နိုင်ငံရွှေ့ပြောင်းလာသောလူငယ်များအတွက် အကြံပေးဝန်ဆောင်မှုများဌာနသို့ ဆက်လက် လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။
“ဆက်သွယ်ရန်ဖောင်“ဆီသို့