Ein Fahrrad mit zwei Körben ist gefüllt mit Einkäufen. © Goethe-Institut

နေ့စဉ်သုံး ပစ္စည်းများ ရောင်းသောဆိုင်များ

ဂျာမနီနိုင်ငံရှိ မြို့များအားလုံးနှင့် အချို့သောရွာများတွင် စူပါမားကတ်များ ရှိပါသည်။ ယင်းတို့တွင် သင်နေ့စဉ်လိုအပ်သည့် ပေါင်မုန့်နှင့် အသား၊ ဒိန်ချဉ်နှင့် ချောကလက်၊ အိမ်သန့်ရှင်းရေးပစ္စည်းများနှင့် အိမ်သာသုံးစက္ကူ စသည့် အဓိကကုန်ပစ္စည်း အများအပြားကို ဝယ်ယူနိုင်ပါသည်။ စူပါမားကတ်များသည် ပုံမှန်အားဖြင့် နံနက်(၇)နာရီမှအနည်းဆုံးည(၈)နာရီ အထိ ဖွင့်လေ့ရှိပါသည်။ သင်သည် အမှန်တကယ် လတ်ဆတ်သည့် အစားအသောက်များကို ဝယ်ယူလိုပါသလား။ မြို့များစွာတို့တွင် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဖွင့်သည့် တစ်ပတ်ဈေးများရှိပါသည်။ များသောအားဖြင့် ယင်းဈေးမှာ စနေနေ့တွင်ဖွင့်သည်။ တစ်ပတ်ဈေးတွင် သင်သည် လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဒေသထွက် အထူးထုတ်ကုန်များကို ဝယ်ယူနိုင်ပါသည်။ သင်သည် အသားလတ်လတ်ဆတ်ဆတ်နှင့် အေးခဲအသားများကို သားသတ်ရုံတွင် (Fleischerei ၊ဂျာမနီနိုင်ငံတောင်ပိုင်းတွင် Metzgerei ဟုလူသိများသည်) ဝယ်ယူရရှိနိုင်ပါသည်။ သင်သည် ပေါင်မုန့်လတ်လတ်ဆတ်ဆတ်ကို မုန့်တိုက်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ အချို့သော မုန့်တိုက်များ၊ သားသတ်ရုံများနှင့် အခြားသောဈေးဆိုင်ငယ်များသည် နေ့ခင်းထမင်းစားချိန်တွင် ပိတ်ပါသည်။ ပုံမှန်အားဖြင့် ယင်းတို့သည် ညနေ(၆)နာရီသို့မဟုတ်(၆)နာရီခွဲအထိသာ ဖွင့်ပါသည်။ တစ်ပတ်ဈေးများသည် ပုံမှန်အားဖြင့် နံနက်စောစောမှ နေ့လယ်အထိသာ ဖွင့်ပါသည်။ ဆိုင်များအားလုံး တနင်္ဂနွေနေ့တွင်ပိတ်သည်။

Auf einem Tisch liegen in einem Beutel verschiedene Gemüsesorten, Obst und andere Einkäufe © Goethe-Institut

ကုန်ပို့လုပ်ငန်း 

အကယ်၍ သင်သည် အိမ်မှ ဈေးဆိုင်သို့ မသွားလိုလျှင် သင်သည် ကုန်ပို့လုပ်ငန်းကို အသုံးပြုနိုင်ပါသည်။ ကုန်ပို့လုပ်ငန်းသို့ ဖုန်းဆက်လိုက်ပါ သို့မဟုတ် အင်တာနက်ရှိ ပုံစံကို ဖြည့်လိုက်ပါ။ ထို့နောက် တစ်စုံတစ်ယောက်သည် ဥပမာအားဖြင့် ပီဇာမုန့် သို့မဟုတ် ဆိုဒါကို သင့်အိမ်သို့လာပို့ပေးမည် ဖြစ်သည်။ သို့သော် ယင်းလုပ်ငန်းသည် ကုန်ပစ္စည်းများကို ဈေးဆိုင်တွင် ဝယ်ယူသည်ထက် ဈေးပိုကြီးပါသည်။ ကျေးရွာများစွာတို့တွင် ဆိုင်များမရှိပါ။ သို့သော် နယ်လှည့်ကုန်သည်များက ယင်းရွာများသို့ ပုံမှန်လာရောက် ပါသည်။ ၎င်းတို့သည် ကုန်ပစ္စည်းစုံနှင့် အခြားသော နေ့စဉ်သုံးပစ္စည်းများ ရောင်းချပါသည်။ 

သီးသန့် အရောင်းဆိုင်များနှင့် အင်တာနက်

အကယ်၍ သင်သည် ဗီရို၊ ကွန်ပျူတာ သို့မဟုတ် ရှူးဖိနပ်ဝယ်လိုပါက ကုန်တိုက် သို့မဟုတ် သီးသန့်အရောင်းဆိုင်သို့ သွားနိုင်ပါသည်။ ကုန်တိုက်ကြီးများတွင် ကုန်ပစ္စည်းအစုံ ရောင်းချပါသည်။ ကုန်တိုက်ကြီးများမှာ များသောအားဖြင့် မြို့များတွင်သာရှိပါသည်။ သီးသန့်အရောင်းဆိုင်များတွင်မူ သီးသန့်ပစ္စည်းများကိုသာ ရောင်းချပါသည်။ ဥပမာ ပရိဘောဂစတိုးဆိုင်များ၊ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်များ သို့မဟုတ် ရှူးဖိနပ်ဆိုင်များရှိပါသည်။ များသောအားဖြင့် ယင်းတို့သည် နံနက်(၉)နာရီမှ ည(၈)နာရီအထိ ဖွင့်ပါသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ ညနေ(၆)နာရီခွဲအထိသာ ဖွင့်ပါသည်။

ယနေ့အခါတွင် သင်သည် ကုန်ပစ္စည်းများစွာကို အင်တာနက်တွင်လည်း ဝယ်ယူနိုင်ပြီဖြစ်သည်။ ပုံမှန်အားဖြင့် သင်မှာယူသည့် ပစ္စည်းများ သင့်အိမ်သို့လာမပို့မီ ရက်အနည်းငယ်သာ စောင့်ရန် လိုပါသည်။

In einem Möbelhaus sieht man ein eingerichtetes Wohnzimmer mit verschiedenen Möbeln zum Verkauf. © Goethe-Institut

ငွေပေးချေခြင်း 

ဂျာမဏီနိုင်ငံတွင် ငွေပေးချေနည်းအမျိုးမျိုးကို အသုံးပြုပါသည်။ ငွေသားဖြင့်ဆိုလျှင် မည်သည့်နေရာတွင် မဆို ပေးချေနိုင်ပါသည်။အကယ်၍ သင်သည် အဓိကလမ်းမကြီးတစ်ခုပေါ်ရှိဘဏ် သို့မဟုတ် ငွေစုဘဏ် (Sparkasse) တွင် စာရင်းဖွင့်ထားပါက သင့်အား EC ငွေစာရင်းမှ ငွေထုတ်ခွင့်ကတ် ထုတ်ပေးမည် ဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြွေးဝယ်ခွင့်ကတ် (MasterCard သို့မဟုတ် Visa) ကိုလည်း ထုတ်ပေးပါသည်။ အချို့သော စူပါမားကတ်များ၊ ကုန်တိုက်များနှင့် သီးသန့်အရောင်းဆိုင်များတွင် အကြွေးဝယ်ခွင့်ကတ်ဖြင့် ငွေပေးချေနိုင်ပါသည်။

သင်သည်အင်တာနက်တွင် အကြွေးဝယ်ခွင့်ကတ်ဖြင့်သာမက ငွေစာရင်းမှ တိုက်ရိုက်ထုတ်ငွေ သို့မဟုတ် ကုန်ပို့လွှာဖြင့်လည်း ငွေပေးချေနိုင်ပါသည်။ အကယ်၍ သင်သည် ငွေစာရင်းမှ တိုက်ရိုက်ထုတ်ငွေဖြင့် ပေးချေလိုပါက အင်တာနက်ပေါ်ရှိ သင့်စာရင်းထဲသို့ ဝင်ရပါမည်။ ထိုအခါ ကျသင့်ငွေကို သင့်စာရင်းထဲမှ နုတ်ယူသွားမည် ဖြစ်သည်။ အကယ်၍ သင့်အား ကုန်ပို့လွှာဖြင့် ကုန်ပစ္စည်းပေးပို့လာပါက သင်သည် သင့်စာရင်းမှ ငွေကို လွှဲပေးရပါမည်။ 

Eine Person zieht eine Kreditkarte aus einem Geldbeutel. © Goethe-Institut

ဈေးနှုန်း၊ အာမခံနှင့် ပြန်လဲကုန်ပစ္စည်း

ဂျာမဏီရှိ ဆိုင်အများစုတွင် ကုန်ပစ္စည်းများအားလုံးအတွက် ပုံသေဈေးနှုန်းများသတ်မှတ်ထားပါသည်။ တစ်ခါတစ်ရံတွင်မူ သင်သည် ဈေး သို့မဟုတ် သီးသန့်အရောင်းဆိုင်များတွင် အများအပြားဝယ်ယူပါက ဈေးညှိနိုင်ပါသည်။ သို့သော် အမြဲတမ်းဈေးဆစ်၍ မရပါ။

သင်သည် အနာအဆာပါသော ပစ္စည်းကို ဝယ်မိဖူးပါသလား။ သို့ဖြစ်ပါက ပြဋ္ဌာန်းထားသော အာမခံစနစ်အရ ပစ္စည်းသစ်ရောင်းဝယ်သောဆိုင်များတွင် သင်သည် (၂)နှစ် အတွင်း အလျော်တောင်းခံနိုင်ပါသည်။ ဆိုလိုသည်မှာ သင့်အား ပစ္စည်းအသစ်နှင့် ပြန်လဲပေးမည်ဖြစ်သည်။ သို့မဟုတ် သင်သည် ယင်းအနာအဆာပါသော ပစ္စည်းကို ပြန်သွားပေးပါက သင့်အား ငွေပြန်အမ်းပေးမည်ဖြစ်သည်။ သို့မဟုတ်ပါက ဈေးလျှော့၍ ပေးချေနိုင်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းကို တစ်ပတ်ရစ်ပစ္စည်းအရောင်းဆိုင်များတွင် အချိန်ကာလ (၁၂)လ အတွင်း ပြုလုပ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကုန်ပစ္စည်းများပေါ်တွင် အာမခံပေးထားပါသည်။ အကယ်၍ ကုန်ပစ္စည်းတစ်ခု ဥပမာ တီဗွီတစ်လုံးသည် အာမခံပေးထားသောကာလအတွင်း ပျက်သွားပါက ယင်းကို အခမဲ့ပြုပြင်ပေးသည်။ သို့မဟုတ်ပါက သင့်အား အသစ်တစ်လုံးနှင့် လဲပေးမည်ဖြစ်သည်။ အာမခံကာလမှာ ၀ယ်ယူသည့်အချိန်မှ (၁၂) လနှင့် (၂၄) လအကြား ဖြစ်သည်။ အချို့သော ဆိုင်များသည်လည်း ပြန်လဲပေးပါသည်။ အကယ်၍ သင်သည် ကုန်ပစ္စည်းကို မကြိုက်ပါက ယင်းပစ္စည်းကို ပြန်ပေးနိုင်ပါသည်။ ထိုအခါ သင့်အား ငွေပြန်အမ်းပေးမည် ဖြစ်သည်။ အင်တာနက် သို့မဟုတ် ဆိုင်ကြီးများနှင့် ကုန်တိုက်များတွင် (၁၄)ရက်အတွင်း ကုန်ပစ္စည်းများကို ပြန်လဲနိုင်ပါသည်။ ပြန်လဲမည်ဆိုပါက သင်သည် ငွေရပြေစာ သို့မဟုတ် ကုန်ပို့လွှာကို ပြရန်လိုပါသည်။ အထူးလျှော့ဈေးဖြင့် ရောင်းသောပစ္စည်းများကိုမူ ပြန်လဲ၍မရနိုင်ပါ။

သက်ဆိုင်ရာလင့်ခ်များ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့သည် အသင်၏ အမည်ကို မဖော်ပြဘဲ အသင်၏ဖောင်ကို အကြံပေးပုဂ္ဂိုလ်များနှင့် နိုင်ငံရွှေ့ပြောင်းလာသောလူငယ်များအတွက် အကြံပေးဝန်ဆောင်မှုများဌာနသို့ ဆက်လက် လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့