
အကျဥ်းချုပ်
ဥရောပသမဂ္ဂ (EU) သည် (၂၀၁၈) ခု ဇူလိုင်လ စစ်တမ်းအရ အဖွဲ့ဝင်နိုင်ငံပေါင်း (၂၈) နိုင်ငံဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။ ဥရောပသမဂ္ဂ (EU) နှင့်ပတ်သက်သည့် စာရွက်စာတမ်းများနှင့် သတင်းအချက်အလက်များအားလုံးကို တရားဝင် ရုံးသုံး ဘာသာစကား (၂၄)မျိုးဖြင့် ရရှိနိုင်သည်။ (EU) ၏ နိုင်ငံရေးစနစ်ကို စာချုပ်နှစ်ခုအပေါ်တွင် အခြေခံထားသည်။ ၎င်းတို့မှာ ဥရောပသမဂ္ဂ (EU) နှင့် ပတ်သက်သည့် စာချုပ်နှင့် ဥရောပသမဂ္ဂ (EU) ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သည့် စာချုပ်တို့ဖြစ်သည်။ (EU) ကို အဖွဲ့အစည်း (၅)ခုမှ အဓိက အုပ်ချုပ်သည်။ ၎င်းတို့မှာ ဥရောပကောင်စီ၊ ဥရောပသမဂ္ဂကောင်စီ၊ ဥရောပပါလီမန်၊ ဥရောပကော်မရှင်နှင့် ဥရောပတရားရုံးတို့ဖြစ်သည်။
(EU) ၏ သမိုင်းကြောင်း
ဂျာမနီနိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီး (၁၉၅၀) ခုနှစ်များအတွင်း ဥရောပသမဂ္ဂ (EU) ကို စတင်တည်ထောင်ခဲ့သော နိုင်ငံ (၅) နိုင်ငံတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အစကနဦးတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် တည်ထောင်ခဲ့ပြီး ကုန်သွယ်မှုကို လွယ်ကူစေရန်ဖြစ်သည်။ ထို့ကြောင့်ပင် (၂၀၀၂) ခုနှစ်ကတည်းက (EU) နိုင်ငံများတွင် တူညီသောငွေကြေး ယူရိုကို အသုံးပြုကြသည်။ ယနေ့ခေတ်တွင် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ကျန်းမာရေး၊ ပြည်ပရေးရာ၊ လုံခြုံရေးနှင့် တရားမျှတစွာနေထိုင်နေရေး၊ ပြည်ပမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများအား နေရာချထားရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
(EU) ၏ ရည်မှန်းချက်ပန်းတိုင်များနှင့်စံနှုန်းများ
ဥရောပသမဂ္ဂ (EU) ၏ ပန်းတိုင်များတွင် (EU) နိုင်ငံများအတွင်း နေထိုင်သူ ပြည်သူ ပြည်သားများအတွက် ငြိမ်းချမ်းရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ လွတ်လပ်မှု၊ လုံခြုံရေး၊ အတားအဆီး အနှောင့်အယှက်မရှိ တရားဥပဒေစိုးမိုးရေးတို့ပါဝင်သည်။ မတူညီ ကွဲပြားသောအရာများနှင့် စိတ်သဘောထားများကို လက်ခံ အလေးပေးပြီး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကာ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံများ အတူတကွ ရပ်တည်ကြသည်။ တရားဥပဒေစိုးမိုးစေသည်။ ထို့ကြောင့် (EU) ကို တည်ထောင်ပြီးကတည်းက (EU) နိုင်ငံများအတွင်း စစ်ပွဲများမရှိတော့ပါ။
တန်းတူညီမျှခြင်းသည် ဥရောပသမဂ္ဂ၏ နောက်ထပ် စံညွှန်းတစ်ခု ဖြစ်သည်။ တန်းတူညီမျှခြင်းဆိုသည်မှာ ဥပဒေရှေ့မှောက်တွင် နိုင်ငံသူ နိုင်ငံသားများအားလုံး အခွင့်အရေး တူညီစွာ ရရှိခြင်းကို ဆိုလိုသည်။ အမျိုးသမီး အမျိုးသားများအားလုံး တန်းတူအခွင့်အရေးရရှိရန်မှာ ဥရောပသမဂ္ဂ၏ အခြေခံမူဝါဒများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ၎င်းမူဝါဒသည် နေရာအားလုံးတွင် အကျိုးသက်ရောက်မှုရှိသည်။ (၁၉၅၇) ခုနှစ်ကတည်းက တူညီသော အလုပ်လုပ်သည့် ပမာဏအတွက် တူညီသော လုပ်အားခပေးရန် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်း မရှိမှုများရှိသည်။
ဥရောပသမဂ္ဂ၏ တန်းတူညီမျှရေးကော်မတီ
တန်းတူညီမျှရေးကော်မတီ၏ ရည်ရွယ်ချက်မှာ (EU) မှအလုပ်သမားများ ဂျာမနီနိုင်ငံတွင် ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရန်အတွက် ပံ့ပိုးပေးနိုင်ရန်ဖြစ်သည်။ ၎င်းက ဥပဒေရေးရာ (သို့) အခြားသော အကူအညီများ၊ ဥပမာ အကြံပေးခြင်း၊ နည်းလမ်းပြပေးခြင်း၊ အလုပ်သမားအခွင့်အရေးအကြောင်း သတင်းအချက်များပေးခြင်း စသည်တို့ဖြင့် ကူညီပေးပါသည်။ သတင်းအချက်အလက်များကို ဂျာမန်၊ အင်္ဂလိပ်၊ ပိုလန်၊ စပိန်၊ ပြင်သစ်၊ ရူမေးနီးယန်း၊ ဘူလ်ဂေရီယန် ဘာသာစကားများဖြင့် ရရှိနိုင်သည်။
အရွယ်ရောက်ပြီးသော ရွှေ့ပြောင်းနေထိုင်သူများအတွက် အကြံပေးဝန်ဆောင်မှု
အရွယ်ရောက်ပြီးသော ရွှေ့ပြောင်းနေထိုင်သူများအတွက် အကြံပေးဝန်ဆောင်မှုဌာနများသည် ဂျာမနီသို့ ပြောင်းရွှေ့လာသူများအတွက် အကြံဥာဏ်နှင့် အကူအညီများပေးသော အဓိက နေရာတစ်ခုဖြစ်သည်။ ၎င်းက အသင့်အား ဂျာမနီနိုင်ငံတွင် နေ့စဥ်ဘဝနှင့် ပတ်သက်သည်များကို အကြံဥာဏ်ပေး နည်းလမ်းပြ ပေးပါသည်။ MBE App ကလည်း ပတ်ဝန်းကျင်အသစ်တွင် စတင်ရသည့် ဘဝအသစ်၌ ရှိလာနိုင်သည့် မေးခွန်းများကို လွယ်ကူမြန်ဆန်စွာ ဖြေကြားပေးပါသည်။