Ein Fahrrad mit zwei Körben ist gefüllt mit Einkäufen. © Goethe-Institut

နေ့စဉ်ဘဝမှအရောင်းဆိုင်များနှင့်ဈေးဆိုင်များ

ဂျာမနီနိုင်ငံရှိ မြို့များအားလုံးနှင့်အချို့သောရွာများတွင် စူပါမားကတ်များရှိပါသည်။ ယင်းတို့တွင် နေ့စဉ်လိုအပ်သည့် ပေါင်မုန့်နှင့်အသား၊ ဒိန်ချဉ်နှင့်ချောကလက်၊ အိမ်သန့်ရှင်းရေးပစ္စည်းများနှင့်အိမ်သာသုံးစက္ကူ စသည့် အဓိကကုန်ပစ္စည်းအများအပြားကို ဝယ်ယူနိုင်ပါသည်။ စူပါမားကတ်များသည် ပုံမှန်အားဖြင့် နံနက် (၇) နာရီမှ အနည်းဆုံးည (၈) နာရီအထိဖွင့်လေ့ရှိပါသည်။ အမှန်တကယ်လတ်ဆတ်သည့်အစားအသောက်များကို ဝယ်ယူလိုပါသလား။ မြို့များစွာတို့တွင် တစ်ပတ်လျှင်တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ဖွင့်သည့် တစ်ပတ်ဈေးများရှိပါသည်။ အများအားဖြင့် ယင်းဈေးမှာစနေနေ့တွင်ဖွင့်သည်။ တစ်ပတ်ဈေးတွင် လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဒေသထွက်အထူးထုတ်ကုန်များကို ဝယ်ယူနိုင်ပါသည်။ အသားလတ်လတ်ဆတ်ဆတ်နှင့်ဝက်အူချောင်းများကို သားသတ်ရုံတွင် (Fleischerei - ဂျာမနီနိုင်ငံတောင်ပိုင်းတွင် Metzgerei ဟုခေါ်ကြသည်) ဝယ်ယူရရှိနိုင်ပါသည်။ ပေါင်မုန့်လတ်လတ်ဆတ်ဆတ်ကို မုန့်ဖုတ်ဖိုများတွင် ဝယ်ယူနိုင်ပါသည်။

အချို့သော မုန့်တိုက်များ၊ သားသတ်ရုံများနှင့်အခြားသောဈေးဆိုင်ငယ်များသည် နေ့ခင်းထမင်းစားချိန်တွင်ပိတ်ပါသည်။ အများအားဖြင့် ယင်းတို့သည် ညနေ (၆) နာရီ သို့မဟုတ် (၆) နာရီခွဲအထိသာ ဖွင့်ပါသည်။ ပုံမှန်အားဖြင့် တစ်ပတ်ဈေးများသည် နံနက်စောစောမှ နေ့လယ်အထိသာဖွင့်ပါသည်။ ဆိုင်များအားလုံး တနင်္ဂနွေနေ့တွင်ပိတ်သည်။

Auf einem Tisch liegen in einem Beutel verschiedene Gemüsesorten, Obst und andere Einkäufe © Goethe-Institut

ကုန်ပို့လုပ်ငန်း 

အကယ်၍ သင်သည် အိမ်မှထွက်၍ဈေးမဝယ်လိုလျှင် ကုန်ပို့လုပ်ငန်းကိုအသုံးပြုနိုင်ပါသည်။ ကုန်ပို့လုပ်ငန်းသို့ ဖုန်းဆက်လိုက်ပါ (သို့မဟုတ်) အင်တာနက်ရှိဖောင်ပုံစံကို ဖြည့်လိုက်ပါ။ ထို့နောက် တစ်စုံတစ်ယောက်က ဥပမာအားဖြင့် ပီဇာမုန့် (သို့မဟုတ်) ဆိုဒါကို သင့်အိမ်သို့လာပို့ပေးပါမည်။ သို့သော် ယင်းဝန်ဆောင်မှုသည် ကုန်ပစ္စည်းများကို ဈေးဆိုင်တွင်ဝယ်ယူသည်ထက် ဈေးပိုကြီးပါသည်။ ကျေးရွာများစွာတို့တွင်ဆိုင်များမရှိပါ။ ထို့အတွက် နယ်လှည့်ကုန်သည်များက ယင်းရွာများသို့ ပုံမှန်လာရောက်ပါသည်။ ၎င်းတို့က စားသောက်ကုန်ပစ္စည်းများနှင့် အခြားသောနေ့စဉ်သုံးပစ္စည်းများရောင်းချပါသည်။ 

သီးသန့်အရောင်းဆိုင်များနှင့်အင်တာနက်

အကယ်၍ သင်သည် ဗီရို၊ ကွန်ပျူတာ (သို့မဟုတ်) ရှူးဖိနပ်တစ်ရန်ဝယ်လိုပါက ကုန်တိုက် (သို့မဟုတ်) သီးသန့်အရောင်းဆိုင်သို့သွားနိုင်ပါသည်။ ကုန်တိုက်ကြီးများတွင် ကုန်ပစ္စည်းအစုံရောင်းချပါသည်။ ကုန်တိုက်ကြီးများမှာအားလုံးမှာ မြို့များတွင်သာရှိပါသည်။ သီးသန့်အရောင်းဆိုင်များကမူ သီးသန့်ပစ္စည်းများကိုသာ အထူးတလည်ရောင်းချပါသည်။ ဥပမာ ပရိဘောဂစတိုးဆိုင်များ၊ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်များ (သို့မဟုတ်) ရှူးဖိနပ်ဆိုင်များရှိပါသည်။ အများအားဖြင့် ယင်းတို့သည် နံနက် (၉) နာရီမှ ည (၈) နာရီအထိဖွင့်ပါသည်။ တစ်ခါတစ်ရံတွင်မူ ညနေ (၆) နာရီခွဲအထိသာဖွင့်ပါသည်။

ယနေ့အခါတွင် ကုန်ပစ္စည်းများစွာကို အင်တာနက်တွင်လည်းဝယ်ယူနိုင်ပြီဖြစ်သည်။ ပုံမှန်အားဖြင့် ရက်အနည်းငယ်သာစောင့်ရန်လိုပါသည်။ သင်မှာယူသည့် ပစ္စည်းများကို အိမ်တိုင်ယာရောက်လာပို့ပါသည်။

In einem Möbelhaus sieht man ein eingerichtetes Wohnzimmer mit verschiedenen Möbeln zum Verkauf. © Goethe-Institut

ငွေပေးချေခြင်း 

ဂျာမနီနိုင်ငံတွင် ငွေပေးချေနည်းအမျိုးမျိုးကိုအသုံးပြုပါသည်။ ငွေသားဖြင့်ဆိုလျှင် မည်သည့်နေရာတွင်မဆိုပေးချေနိုင်ပါသည်။ အကယ်၍ သင်သည် ဘဏ် (သို့မဟုတ်) ငွေစုဘဏ် (Sparkasse) တွင်စာရင်းဖွင့်ထားပါက EC ငွေစာရင်းမှ ငွေထုတ်ခွင့်ကတ်ရရှိပါမည်။ တစ်ခါတစ်ရံတွင် အကြွေးဝယ်ခွင့်ကတ် (MasterCard (သို့မဟုတ်) Visa) ကိုလည်းထုတ်ပေးပါသည်။ အချို့သောစူပါမားကတ်များ၊ ကုန်တိုက်များနှင့်သီးသန့်အရောင်းဆိုင်များတွင် အကြွေးဝယ်ခွင့်ကတ်ဖြင့်ငွေပေးချေနိုင်ပါသည်။

အင်တာနက်ပေါ်တွင် အကြွေးဝယ်ခွင့်ကတ်ဖြင့်သာမက ငွေစာရင်းမှတိုက်ရိုက်ထုတ်ငွေ (သို့မဟုတ်) ကုန်ပို့လွှာဖြင့်လည်း ငွေပေးချေနိုင်ပါသည်။ အကယ်၍ သင်သည် ငွေစာရင်းမှတိုက်ရိုက်ထုတ်ငွေဖြင့်ပေးချေလိုပါက သင့်စာရင်းအချက်အလက်ကိုအွန်လိုင်းတွင်ဖြည့်ရပါမည်။ ထိုအခါ ကျသင့်ငွေကို သင့်စာရင်းထဲမှနုတ်ယူသွားမည်ဖြစ်သည်။ ကုန်ပို့လွှာဖြင့်ဆိုလျှင် ကုန်ပစ္စည်းပေးပို့လာပါက သင့်စာရင်းမှ ငွေကိုလွှဲပေးရပါမည်။ 

Eine Person zieht eine Kreditkarte aus einem Geldbeutel. © Goethe-Institut

ဈေးနှုန်း၊ အာမခံနှင့် ပြန်လဲကုန်ပစ္စည်း

ဂျာမနီရှိ ဆိုင်အများစုတွင် ကုန်ပစ္စည်းများအားလုံးအတွက် ပုံသေဈေးနှုန်းများသတ်မှတ်ထားပါသည်။ ဈေး (သို့မဟုတ်) သီးသန့်အရောင်းဆိုင်များတွင်အများအပြားဝယ်ယူပါက တစ်ခါတစ်ရံဈေးညှိနိုင်ပါသည်။ သို့သော် ဤသည်မှာလုပ်လေ့လုပ်ထမရှိပါ။

သင်သည် တစ်စုံတစ်ခုဝယ်ပြီး ထိုအရာက အနာအဆာပါနေပါသလား။ ထိုသို့ဆိုလျှင် ပြဌာန်းထားသောအာမခံစနစ်အရ ပစ္စည်းသစ်ရောင်းဝယ်သောဆိုင်များတွင် (၂) နှစ်အတွင်း အလျော်တောင်းခံနိုင်ပါသည်။ ဆိုလိုသည်မှာ သင် ပစ္စည်းအသစ်တစ်ခုရရှိမည်ဖြစ်သည်။ သို့မဟုတ် ယင်းအနာအဆာပါသောပစ္စည်းကိုပြန်သွားပေးပါက သင့်ကို ငွေပြန်အမ်းပေးမည်ဖြစ်သည်။ သို့မဟုတ်ပါက ဈေးလျှော့၍ ပေးချေနိုင်ပါသည်။ တစ်ပတ်ရစ်ပစ္စည်းအရောင်းဆိုင်များတွင်မူ အချိန်ကာလ (၁၂) လအတွင်း ထိုသို့ပြုလုပ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကုန်ပစ္စည်းများပေါ်တွင်အာမခံပေးထားပါသည်။ အကယ်၍ ကုန်ပစ္စည်းတစ်ခု ဥပမာ တီဗွီတစ်လုံးသည် အာမခံပေးထားသောကာလအတွင်းပျက်သွားပါက ယင်းကို အခမဲ့ပြုပြင်ပေးသည်။ သို့မဟုတ် သင့်ကို အသစ်တစ်လုံးနှင့်လဲပေးမည်ဖြစ်သည်။ အာမခံကာလမှာ ဝယ်ယူသည့်အချိန်မှ (၁၂) လနှင့် (၂၄) လအကြားဖြစ်သည်။
​​​​​​​
အချို့သောဆိုင်များကမူ ပြန်လဲပေးပါသည်။ အကယ်၍ ကုန်ပစ္စည်းကိုမကြိုက်ပါက ယင်းပစ္စည်းကိုပြန်ပေးနိုင်ပါသည်။ ထိုအခါ သင့်ငွေပြန်အမ်းပေးမည်ဖြစ်သည်။ အင်တာနက် (သို့မဟုတ်) ဆိုင်ကြီးများနှင့်ကုန်တိုက်များတွင် (၁၄) ရက်အတွင်း ကုန်ပစ္စည်းများကိုပြန်လဲနိုင်ပါသည်။ ပြန်လဲမည်ဆိုပါက ငွေရပြေစာ (သို့မဟုတ်) ကုန်ပို့လွှာကိုပြရပါသည်။ အထူးလျှော့ဈေးဖြင့်ရောင်းသောပစ္စည်းများကိုမူ ပြန်လဲ၍မရနိုင်ပါ။

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့