In einem Zimmer steht ein rotes Kinderfahrrad, Kinder-Gummistiefel und Schuhe eines Erwachsenen. © Goethe-Institut

ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်စဥ်ကာလကတည်းကပင် ကလေးများနှင့်နေထိုင်ခြင်းစတင်ပါသည်။ ကိုယ်ဝန်ဆောင်ကာလနှင့်ပတ်သက်၍မေးမြန်းလိုသည်များရှိပါက ကိုယ်ဝန်ဆောင်အကြံပေးဌာနတစ်ခုသို့သွားရောက်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်ကာလအတွင်းသားဖွားမီးယပ်ဆရာဝန်နှင့် ပုံမှန်ပြသင့်ပါသည်။ သင်၏မေးခွန်းများကို သူကဖြေကြားပေးမည်ဖြစ်ပြီး သင့်ရင်သွေး၏ကျန်းမာရေးကိုလည်း စောင့်ကြည့်စစ်ဆေးပေးပါလိမ့်မည်။ ဝမ်းဆွဲလက်သည်နှင့်လည်းပြသနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ကာလအတွင်းနှင့် သင်၏ကလေးမွေးဖွားပြီးနောက်တွင် သူမကသင့်အားအကြံပေးစောင့်ရှောက်ပြီးကူညီပေးပါလိမ့်မည်။ ထိုဝမ်းဆွဲလက်သည်က မီးဖွားနေစဉ်တွင်လည်းရှိနေပါလိမ့်မည်။ သားဖွားမီးယပ်ဆရာဝန်တစ်ဦး (သို့) ဝမ်းဆွဲလက်သည်တစ်ဦးရှာဖွေတွေ့ရှိရန် သင်၏ဆရာဝန်ကသင့်အားကူညီပေးပါလိမ့်မည်။ များစွာသောအမျိုးသမီးများသည် သားဖွားအကြိုပြင်ဆင်မှုသင်တန်းများကိုတက်ရောက်လေ့ရှိပါသည်။ မီးဖွားရန်အတွက်ကြိုတင်ပြင်ဆင်ရန် ၎င်းတို့ကအကြံပြုချက်များပေးပါလိမ့်မည်။ ထို့ပြင် အခြားသောကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်လည်းသိကျွမ်းလာပါလိမ့်မည်။

Auf einem Tisch liegt ein Ultraschallbild eines Ungeborenen. © Goethe-Institut

အလုပ်လုပ်သောမိခင်များအတွက်အကာအကွယ်ပေးမှု၊ မိဘခွင့်ရက်နှင့်မိဘစရိတ်

အကယ်၍သင်သည် ယာယီမဟုတ်ဘဲအမြဲတမ်း (ရေရှည်) အလုပ်သမားတစ်ဦးဖြစ်ပါက ကလေးမီးမဖွားမီကပင် Mutterschutz (အလုပ်လုပ်သောမိခင်များအတွက်အကာအကွယ်ပေးမှု) ကိုယူနိုင်ပါသည်။ ထို့ကြောင့်သင်အလုပ်လုပ်ရန်မလိုပါ။ အလုပ်အများစုတွင် Mutterschutz သည်မီးမဖွားမီ (၆) ပတ်မှစတင်ပါသည်။ စုစုပေါင်းအနည်းဆုံး (၁၄) ပတ်ခန့်ကြာမြင့်ပါသည်။ ထိုအချိန်ကိုတိုးလိုပါကတိုးနိုင်ပါသည်။ ထိုအချိန်အတွင်း သင့်အလုပ်ရှင်သည် သင့်ကိုအလုပ်ဖြုတ်ခွင့်မရှိပါ။ Mutterschutz ပြီးလျှင် Elternzeit (မီးဖွားပြီးကလေးပြုစုထိန်းကျောင်းရန်ခွင့်ပေးခြင်း) ရှိပါသည်။ ထိုခွင့်ဖြင့် သင့်ကလေး (၃) နှစ်အရွယ်အထိအိမ်တွင်နေပြီး ကလေးကိုစောင့်ရှောက်နိုင်ပါသည်။ (၃) နှစ်ပြည့်လျှင်အလုပ်ပြန်လည်လုပ်နိုင်ပါသည်။

Elternzeit ပထမ (၁၂) လအတွင်း Elterngeld (မိဘစရိတ်) ရရှိပါသည်။ အကယ်၍သင့်အိမ်ထောင်ဖက်ကလည်း Elternzeit ယူထားပါက (၁၄) လစာမိဘစရိတ်ရရှိပါသည်။ မိဘစရိတ်မည်မျှရရှိသည်ဆိုသည်မှာ သင်၏အသားတင်လစာအပေါ်တွင်မူတည်ပါသည်။ မိဘစရိတ်ရရှိရန် လျှောက်ထားရပါသည်။ အလုပ်မရှိသူများလည်း မိဘစရိတ်ရရှိပါသည်။ မိဘစရိတ်အပြင် ကလေးစရိတ်လည်းလျှောက်ထားနိုင်ပါသည်။ ကလေး (၁၈) နှစ်ပြည့်သည်အထိ ကလေးစရိတ်ရရှိနိုင်ပါသည်။ လစာနည်းသူများသည် သတ်မှတ်ထားသောလိုအပ်ချက်များနှင့်ကိုက်ညီပါက ကလေးစရိတ်ပိုမိုရရှိပါသည်။

ကျန်းမာရေးဆိုင်ရာကြိုတင်ကာကွယ်မှု

သင့်ကလေးကိုကလေးအထူးကုနှင့်ပုံမှန်ပြသရပါမည်။ စစ်ဆေးမှုတိုင်းကို ဆရာဝန်ကဆေးမှတ်တမ်းစာအုပ်တွင်ရေးမှတ်ပါသည်။ ယင်းတို့မှာ ကျန်းမာရေးကြိုတင်ကာကွယ်စစ်ဆေးမှုများဖြစ်ပါသည်။ သင့်ကလေးဖျားနာနေခြင်းမဟုတ်သည့်တိုင် ကျန်းမာရေးကြိုတင်ကာကွယ်ရေးစစ်ဆေးမှုများကိုပြုလုပ်ရမည်ဖြစ်သည်။ သင့်ကလေးကို ကလေးဆရာဝန်ကကာကွယ်ဆေးများထိုးပေးမည်ဖြစ်သည်။

ကလေးပြုစုစောင့်ရှောက်မှု

အကယ်၍သင်ကအလုပ်မြန်မြန်ပြန်လုပ်လိုပါက ကလေးအတွက် စောင့်ရှောက်မှုစီစဥ်ရန်လိုအပ်ပါသည်။ ဤအတွက် ရွေးချယ်စရာများစွာရှိပါသည်။ (၃) နှစ်အောက်ကလေးငယ်များကို ကလေးထိန်းကျောင်းထားနိုင်သည် (သို့) နေ့ကလေးထိန်းဖြင့်အပ်နှံနိုင်သည်။ (၃) နှစ်မှစတင်၍မူကြိုထားနိုင်သည်  (မူကြိုပညာရေး)။ ကလေး (၆) နှစ် (သို့) (၇) နှစ်ပြည့်ပါက ကျောင်းစတင်တက်ရသည်။ ကလေးများအားလုံး ကျောင်းမဖြစ်မနေတက်ရပါသည် (ကျောင်းစနစ်)။ အကယ်၍သင်အလုပ်လုပ်ပါက ကလေးကိုနေ့ကျောင်းသို့ပို့နိုင်သည် (သို့) နေ့စဥ်ကျောင်းချိန်ပြီးလျှင် ကလေးထိန်း Hort ပို့နိုင်သည်။ Hort တွင် ကလေးသည် ညနေ (၄) နာရီ (သို့) (၅) နာရီအထိနေနိုင်ပြီး များသောအားဖြင့် နေ့လည်စာလည်းကျွေးပါသည်။

Ein Kind sitzt mit Badeanzug und Schwimmflügeln zusammen mit dem Vater an einem See. © Goethe-Institut

အားလပ်ချိန်တွင်လုပ်နိုင်သောအရာများ

အားလပ်ချိန်တွင် သင့်ကလေးနှင့်အတူများစွာသောအရာများလုပ်ဆောင်နိုင်ပါသည်။ ကလေးငယ်များအတွက်ကစားကွင်းများရှိပါသည်။ အနည်းငယ်ကြီးပြီဖြစ်သောကလေးများသည် ဥပမာအားဖြင့် အားကစားကလပ်အသင်းအဖွဲ့တစ်ခုတွင်အဖွဲ့ဝင်နိုင်ပါသည်။ နွေရာသီတွင် ရေကူးရန်အတွက်အမိုးမဲ့ရေကူးကန်များနေရာအနှံ့အပြားတွင်ရှိပြီး ဆောင်းရာသီတွင် မိုးလုံလေလုံရေကူးကန်များလည်းရှိပါသည်။ ကျောင်းအားလပ်ရက်များ၌ ကလေးများအတွက်အကုန်အကျမများသည့် အထူးအစီအစဉ်များကို မြို့များကပြုလုပ်ပေးပါသည်။ သင်နေထိုင်ရာမြို့တွင်းရှိ Jugendamt (ကလေးပြုစုစောင့်ရှောက်ရေးဌာန) နှင့်မြို့တော်ခန်းမတွင် ဤကိစ္စနှင့်ပတ်သက်၍သတင်းအချက်အလက်များရယူနိုင်ပါသည်။ ကလပ်အသင်းများစွာတို့တွင် ကလေးများအတွက်အထူးအားလပ်ရက်အစီအစဉ်များဆောင်ရွက်ပေးပါသည်။ (ဤအကြောင်းအရာအတွက် အားလပ်ချိန်အပိုင်းကိုလည်းဖတ်ရှုပါ)

ဂျာမနီတွင်ကလေးများသည် မွေးနေ့ပွဲကိုအများအားဖြင့် အိမ်တွင်ကျင်းပကြပြီး အခြားကလေးများကိုလည်း မွေးနေ့ပွဲသို့ဖိတ်ကြားပါသည်။ တစ်ခါတစ်ရံတွင် အခြားကလေးများကို ညအိပ်ညနေလာရောက်လည်ပတ်ရန်လည်းဖိတ်ကြားလေ့ရှိပါသည်။ 

Ein Kinderspringseil liegt auf dem Boden. © Goethe-Institut ရန်ဖြစ်ခြင်း၊ အကျပ်အတည်းများနှင့်မိသားစုအတွင်းပဋိပက္ခများ

စိတ်သဘောထားမတိုက်ဆိုင်ခြင်း၊ သဝန်တိုခြင်း၊ ရုတ်တရက်တွေ့ကြုံရသောဘဝအခြေအနေများစသည်တို့ကြောင့် မိသားစုအတွင်းရန်ဖြစ်ခြင်း၊ အကျပ်အတည်းများရင်ဆိုင်ရခြင်းတို့ဖြစ်ပါက အိမ်ထောင်ရေးအကြံပေးကသင့်အားမှန်ကန်သည့်ဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးနိုင်ပါသည်။ ထို့ပြင် မိသားစုဝန်ပိမှုများကိုလျှော့ချနိုင်ရန်အတွက် သတင်းအချက်အလက်ဗဟုသုတများလည်းရရှိနိုင်ပါသည်။
​​​​​​​
အကယ်၍တစ်စုံတစ်ယောက်သည် မိသားစုအတွင်းဖိနှိပ်စော်ကားခံရမှု၊ အတင်းအကျပ်ပြုမှု၊ ခြိမ်းခြောက်မှု၊ ခန္ဓာကိုယ် (သို့) လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုများနှင့်ကြုံတွေ့ရပါက မဖြစ်မနေအကူအညီရယူရန်လိုအပ်ပါသည်။ အရေးပေါ်ဖုန်းနံပါတ်များနှင့်လိုအပ်သည့်သတင်းအချက်အလက်များကို မိသားစုရေးရာဌာန၏ Bundesamt für Familie ဝက်ဘ်ဆိုက်တွင်ရယူနိုင်ပါသည်။ အမျိုးသမီးများအတွက်အထူးအကူအညီပေးမှုများလည်းရှိပါသည်။

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့