Ansicht auf den unteren Teil eines Tisches, an dem Schülerinnen und Schüler sitzen. © Goethe-Institut

မတက်မနေရကျောင်းပညာရေးစနစ်နှင့်ကုန်ကျစရိတ်များ

ဂျာမနီတွင်မတက်မနေရကျောင်းပညာရေးစနစ်ရှိပါသည်။ ကလေးများသည်ကျောင်း (၉) နှစ်ကြာတက်ရပါသည်။ အချို့သောပြည်နယ်များတွင်မတက်မနေရကျောင်းပညာရေးစနစ်သည် ဂျာမနီတွင်နိုင်ငံသားခံယူထားပြီးခြင်း (သို့) နိုင်ငံသားမခံယူရသေးခြင်းစသည်ဖြင့် နေထိုင်မှုပုံစံရှင်းရှင်းလင်းလင်းမရှိသေးသောကလေးများအတွက်လည်းအကျုံးဝင်ပါသည်။ သက်ဆိုင်ရာပြည်နယ်အပေါ် မူတည်၍ စာသင်နှစ်တစ်နှစ်သည် ဩဂုတ်လ (သို့) စက်တင်ဘာလတွင်စတင်ပြီး နောက်နှစ်ဇွန်လ (သို့) ဇူလိုင်လတွင်ပြီးဆုံးပါသည်။ ကလေးများသည်ပုံမှန်အားဖြင့် အစိုးရကျောင်းများတွင်တက်ရောက်လေ့ရှိပါသည်။ မည်သည့်အခကြေးငွေမှပေးရန်မလိုပါ။ သင်ကြားရေးစာရွက်စာတမ်းများ၊ သင်ထောက်ကူပစ္စည်းများ (သို့) ကျောင်းပျော်ပွဲစားခရီးထွက်ခြင်းများအတွက်သာငွေအနည်းငယ် ကောက်ခံတတ်ပါသည်။ ပုဂ္ဂလိကကျောင်းများတွင်မူကျောင်းလခပေးရပါသည်။ 

သင့်ကလေးသည်အထူးတလည်ဂျာမန်ဘာသာစကားစွမ်းရည်မြှင့်တင်ရန်လိုပါသလား။ ဤသို့ဆိုလျှင် ကျောင်းကိုတိုက်ရိုက်မေးမြန်းအကြံဥာဏ်တောင်းပါ။


Portrait einer jungen Frau mit asiatischem Hintergrund. © Goethe-Institut

ကျောင်းအမျိုးအစားများ

ကျောင်းအမျိုးမျိုးရှိပါသည်။ ကလေးများအားလုံးသည်အသက် (၆) နှစ် (သို့) (၇) နှစ်မှစ၍မူလတန်းကျောင်းစတင်တက်ကြပါသည်။ (၄) တန်းပြီးလျှင်ဆက်လက်တက်နိုင်သည့်ကျောင်းအမျိုးမျိုးရှိပါသည်။ မူလတန်း (၄) တန်းတက်ရောက်နေစဥ်အတွင်းသင့်ကလေးသည် မည်သည့်ကျောင်းဆက်လက်တက်ရောက်နိုင်သည်ကို ကျောင်းကအကြံပေးပါလိမ့်မည်။ (၅) တန်းမှ (၉) တန်းအထိ Hauptschule အထက်တန်းကျောင်းရှိပါသည်။ ဤကျောင်းပြီးလျှင် Hauptschulabschluss (Hauptschule ပညာသင်ယူပြီးမြောက်ကြောင်းလက်မှတ်) သို့မဟုတ် အလုပ်သင်ယူရန်အရည်အချင်းပြည့်မှီကြောင်း ထောက်ခံလက်မှတ်ရရှိပါမည်။ Hauptschule တွင် လက်မှုပညာရပ်များ၊ ဆောက်လုပ်မှု (သို့) စက်ပစ္စည်းများ၏ပုံကြမ်းများရေးဆွဲခြင်းကဲ့သို့သော လက်တွေ့ဘာသာရပ်များကိုသင်ယူကြရပါသည်။ နောက်ထပ်အဆင့်ပိုမြင့်သောကျောင်းတစ်မျိုးမှာ (၅) တန်းမှ (၁၀) တန်းအထိ Realschule ဖြစ်သည်။ ဤကျောင်းမှ Realschule သင်ယူပြီးမြောက်ခြင်းလက်မှတ်ကိုရရှိနိုင်ပါသည်။ Hauptschule (သို့) Realschule တက်ပြီးပါကအလုပ်တစ်ခုခုသင်ယူနိုင်ပါသည်။ ထို့အပြင် (၁၂) တန်းအထိရှိသော Gymnasium ရှိပါသည်။ ဤကျောင်းတွင်တက္ကသိုလ်ဝင်တန်း Abitur ကိုဖြေဆိုနိုင်ပြီး ထို့နောက်တက္ကသိုလ်တက်ရောက်နိုင်ပါသည်။ Gymnasium တွင် အင်္ဂလိပ်၊ ပြင်သစ်စသည်ဖြင့်နိုင်ငံခြားဘာသာစကား (၂) မျိုးမှ (၃) မျိုးအထိသင်ရပါသည်။

အချို့သောပြည်နယ်များတွင် Gesamtschule ဟုခေါ်သည့် Hautschule၊ Realschule နှင့် Gymnasium တို့ကိုကျောင်းတစ်ခုတည်းတွင်ပေါင်းစည်းထားသောကျောင်းလည်းရှိပါသည်။ ဤကျောင်း၏အားသာချက်မှာ အကယ်၍ အသင့်ကလေးသည်ကျောင်းပြောင်းလိုပါက (ဥပမာ Hauptschule မှ Realschule သို့) လွယ်ကူပါသည်။ အခြားသော သီးသန့်ခွဲထားသည့်ကျောင်းများတွင်လည်း ကျောင်းပြောင်းလိုပါကပြောင်းနိုင်ပါသည်။ သို့သော်သိပ်မလွယ်ကူလှပါ။ ပြည်နယ်တိုင်းတွင် ဘာသာစကားနှစ်မျိုးဖြင့်သင်သောကျောင်းများ၊ မသန်စွမ်းသူများအတွက်ကျောင်းများ၊ အထူးသီးသန့် ဘာသာရပ်ဆိုင်ရာကျောင်းများနှင့် အသက်မွေးဝမ်းကျောင်းမှုကျောင်းများလည်းရှိပါသည်။ ပိုမိုတိကျစွာသိရှိလိုပါကကျွန်ုပ်တို့၏သတင်းအချက်အလက်ပြ ပုံများကိုကြည့်ရှုနိုင်ပါသည်။

ကျောင်းချိန်များ

ကျောင်းအများစုတွင်စာသင်ကြားချိန်သည် မွန်းတည့် (သို့) (မွန်းလွဲ (၂) နာရီ သို့မဟုတ် (၃) နာရီ) တွင်ပြီးဆုံးပါသည်။ ထို့နောက် ကလေးများသည်နေ့ကလေးထိန်းကျောင်းသို့သွားတက်နိုင်ပါသည်။ ယင်းကျောင်းများတွင်မွန်းလွဲပိုင်းတစ်ခုလုံးနေနိုင်ပြီး စားစရာတစ်ခုခုလည်းကျွေးပါသည်။ အိမ်စာလုပ်ရာတွင်လည်းကူညီပေးပါသည်။ သို့သော် နေ့ကလေးထိန်းကျောင်းအတွက်အခကြေးငွေပေးရပါသည်။ ယနေ့ခေတ်တွင်တစ်နေကုန်တက်ရသောကျောင်းများလည်းပိုမိုများပြားစွာရှိလာပါသည်။ တစ်နေကုန်ကျောင်းများတွင်မူ ကလေးများသည်အများအားဖြင့် ညနေ (၄) နာရီ (သို့) (၅) နာရီအထိနေရပါသည်။

ကျောင်းတွင်သင်ကြားရသောဘာသာရပ်များ

ကလေးများသည်ကျောင်းတွင်ဘာသာရပ်များစွာသင်ယူရပါသည်။ အားကစားအချိန်လည်းရှိပါသည်။ Grundschule တွင်ခွဲခြားမထားဘဲ မိန်းခလေးနှင့်ယောက်ျားလေးအားကစားတူတူလုပ်ကြရသည်။ ရံဖန်ရံခါရေကူးသင်ခန်းစာလည်းပါရှိပါသည်။ ကျောင်းအများစုတွင်ခရစ်ယာန်ဘာသာရေးအချိန်လည်းရှိပါသည်။ သို့သော် ဘာသာရေးအချိန်မှာမတက်မနေရမဟုတ်ဘဲ မိမိမတက်လိုပါကမတက်ဘဲနေနိုင်ပါသည်။ ဘာသာရေးအစားစာရိတ္တအချိန်ကိုတက်နိုင်ပါသည်။ အချို့သောကျောင်းများတွင်အခြားဘာသာရေးများဖြစ်သည့် အစ္စလာမ်၊ ဂျူး စသည့်အတန်းများလည်းရှိပါသည်။

သင့်ကလေးသည်ဘာသာရပ်တစ်ခုခုတွင်အားနည်းနေပါက ကျူရှင်ထားနိုင်ပါသည်။ သီးသန့်ကျူရှင်ဆရာ၊ ဆရာမတစ်ယောက်နှင့်ဖြစ်စေ (သို့) ကျူရှင်ကျောင်းတစ်ကျောင်းတွင်ဖြစ်စေထားနိုင်ပါသည်။ သီးသန့်ကျူရှင် ဆရာ၊ ဆရာမနှင့်သင်ပါကများသောအားဖြင့်ကုန်ကျစရိတ်ပို၍သက်သာပါသည်။

Eine Schulklasse steht bei einer Stadtbesichtigung um die Lehrkraft herum, die etwas zur Geschichte der Stadt erzählt. © Goethe-Institut

သင်ရိုးပြင်ပလှုပ်ရှားမှုအစီအစဥ်များ

ကျောင်းသူ၊ ကျောင်းသားများသည်စာသင်နှစ်တစ်နှစ်အတွင်း အတန်းခရီးတစ်ခေါက်တော့ပုံမှန်ထွက်ကြပါသည်။ ခရီးထွက်ရာတွင်အများအားဖြင့် (၃) ရက်မှ (၅) ရက်အထိကြာမြင့်ပါသည်။ တစ်တန်းလုံးကအခြားမြို့တစ်မြို့ (သို့) နေရာဒေသတစ်ခုကိုအတူတူခရီးထွက်ကြပါသည်။ စုပေါင်းလမ်းလျှောက်သည့်နေ့များလည်းရှိပါသည်။ ထိုနေ့များတွင် ကလေးများအတူတူပျော်ပွဲစားထွက်ကြပါသည်။ ဤနည်းအားဖြင့် ကလေးများသည် သမိုင်းကြောင်း၊ ယဥ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်တို့ကိုလေ့လာသင်ယူနိုင်ပါသည်။ ကျောင်းပွဲတော်များကိုလည်းကျင်းပပါသည်။ ၎င်းပွဲတော်များတွင် ဥပမာအားဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ပြဇာတ်ကပွဲများ၊ တေးဂီတပွဲများပါဝင်ပါသည်။

ကျောင်းသားမိဘများ

ကျောင်းတိုင်းတွင်ကျောင်းသားမိဘကော်မတီရှိပြီး ကျောင်းနှင့်အတူပူးပေါင်းလုပ်ဆောင်သောမိဘများသည် ပါဝင်ပါသည်။ တစ်နှစ်လုံးတွင် ကျောင်းသားမိဘညနေခင်းတွေ့ဆုံပွဲများလည်း ကြိမ်ဖန်များစွာကျင်းပကြပါသည်။ ဤပွဲများတွင်မိဘများက ဆရာ၊ ဆရာမများထံမှ အရေးကြီးသတင်းအချက်အလက်များရယူနိုင်ပြီး အချင်းချင်းလည်းခင်မင်သိကျွမ်းနိုင်ပါသည်။ သင်ဆန္ဒရှိပါက ဆရာ၊ ဆရာမတစ်ဦးဦးနှင့်ရက်ချိန်းယူ၍တစ်ဦးတည်းသီးသန့်ဆွေးနွေးနိုင်ပါသည်။ ၎င်းကို Elterngespräch (မိဘနှင့်ဆွေးနွေးခြင်း) ဟုခေါ်ပါသည်။ Elterngespräch ကို ကလေးကျောင်းတွင်ပြဿနာများကြုံတွေ့ရပါက (သို့) မိဘများအနေဖြင့်ကလေး၏အခြေအနေကိုသိလိုပါက ပြုလုပ်လေ့ရှိပါသည်။

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသော မေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့