Seitliche Ansicht auf einen jungen Mann der vor einem Schild an einem Gebäude mit der Auschrift © Goethe-Institut

အကြံပေးဆွေးနွေးဝန်ဆောင်မှုကမည်သို့ဆောင်ရွက်ပါသနည်း။

သင့်တွင်မေးခွန်းတစ်ခု (သို့) ပြဿနာတစ်ခုရှိပါသလား။ အဖြေ (သို့) အကြံပေးချက်များလိုအပ်နေပါသလား။ အကြံပေးဝန်ဆောင်မှုအစီအစဥ်တွင် သင့်ကိုကူညီမည့်လူများကို ရှာတွေ့နိုင်ပါသည်။ အကြံပေးပုဂ္ဂိုလ်များက သင့်မေးခွန်းများအတွက်အဖြေကိုသိပါသည် (သို့) မည်သည့်နေရာတွင်သင်အကူအညီရယူနိုင်သည်ကိုသိပါသည်။

အကြံပေးဆွေးနွေးဝန်ဆောင်မှုသို့ သင်တစ်ဦးတည်းမသွားလိုပါက သင်၏ခင်ပွန်း (သို့) ဇနီး၊ သူငယ်ချင်း (သို့) အခြားတစ်ယောက်ယောက်ကို ခေါ်သွားနိုင်ပါသည်။ အကြံပေးဌာနများစွာတို့ကို ဖုန်းဆက်၍လည်းမေးမြန်းနိုင်ပါသည်။ ထိုအခါ သင်၏မေးခွန်းများကို အကြံပေးပုဂ္ဂိုလ်များက ဖုန်းဖြင့်ပြန်လည်ဖြေကြားပေးပါမည်။ ထို့ပြင်အွန်လိုင်းအကြံပေးဝန်ဆောင်မှုများလည်းရှိပါသည်။ သင်၏မေးခွန်းများကို အီးမေးလ် (သို့) chat box မှတစ်ဆင့်လည်းမေးမြန်းနိုင်ပါသည်။

အကြံပေးဆွေးနွေးမှုများတွင် သင်၏အမည်ကိုဖော်ပြရန်မလိုပါ။ သင်၏မေးခွန်းများ၊ ပြဿနာများနှင့်ပတ်သက်၍သာ အကြံပေးပုဂ္ဂိုလ်များကသာ ဆွေးနွေးဖြေကြားပေးပါမည်။ သင်၏မေးခွန်းများနှင့်ပြဿနာများကို အခြားမည်သူကိုမျှ သူတို့ပြောပြခွင့်မရှိပါ။ အကြံပေးဆွေးနွေးမှုသည်ဘက်မလိုက်ဘဲကြားနေဖြစ်သည်။ အကြံပေးပုဂ္ဂိုလ်များသည် သင့်ကိုကူညီလိုသည်။ သူတို့ကို သင်ယုံကြည်စိတ်ချနိုင်ပြီး စိုးရိမ်စရာမလိုပါ။ အများအားဖြင့် အကြံပေးဆွေးနွေးမှုများသည် အခမဲ့လည်းဖြစ်သည်။ ထိုအကူအညီအတွက် အခကြေးငွေပေးစရာမလိုပါ။ တစ်ခါတစ်ရံ အကြံပေးဝန်ဆောင်မှုတွင် အကူအညီချက်ချင်းရရှိပါသည်။ တစ်ခါတစ်ရံတွင်မူ ဦးစွာချိန်းဆိုမှုတစ်ခုပြုလုပ်ရပါသည်။

 

ကျွန်ုပ်အတွက်အထူးအကြံပေးဝန်ဆောင်မှုရှိပါသလား။

နိုင်ငံရွှေ့ပြောင်းလာကြသူများအတွက်အထူးအကြံပေးဝန်ဆောင်မှုများရှိပါသည်။ Die Migrationsberatung für erwachsene Zuwanderer (အရွယ်ရောက်ပြီးသောနိုင်ငံရွှေ့ပြောင်းလာကြသူများအတွက်အကြံပေးဝန်ဆောင်မှုဌာန - MBE) နှင့် Die Jugendmigrationsdienste (နိုင်ငံရွှေ့ပြောင်းလာကြသောလူငယ်ဝန်ဆောင်မှုဌာန - JMD) များတွင် အမည်ဖော်ပြရန်မလို၊ ဘက်မလိုက်ဘဲ ပြီးတော့အခမဲ့ဖြစ်သည်။ MBE သည် အရွယ်ရောက်ပြီးသည့်နိုင်ငံရွှေ့ပြောင်းလာသူများအားလုံးကိုအကူအညီပေးပြီး JMD သည် အသက် (၁၂) နှစ်နှင့် (၂၇) နှစ်ကြားရှိလူငယ်များနှင့်၎င်းတို့၏မိဘများကိုကူညီပေးပါသည်။ အကြံပေးပုဂ္ဂိုလ်များသည် ပုံမှန်အားဖြင့် ဘာသာစကားအမျိုးမျိုးပြောတတ်ကြပါသည်။ အကြံပေးပုဂ္ဂိုလ်က သင်၏မိခင်ဘာသာစကားမပြောတတ်ဘူးလား။ သင်၏ဂျာမန်ဘာသာစကားက လုံလုံလောက်လောက်မကောင်းသေးဘူးလား။ ထိုသို့ဆိုလျှင် ဘာသာစကားနှစ်မျိုးစလုံးကိုပြောတတ်သောစကားပြန်တစ်ယောက်က သင့်ကိုကူညီနိုင်ပါသည်။

အကြံပေးပုဂ္ဂိုလ်များအားမည်သည်တို့ကိုကျွန်ုပ်မေးမြန်းနိုင်ပါသနည်း။

JMD နှင့် MBE တို့သည် ဂျာမနီနိုင်ငံတွင်နေထိုင်ခြင်းနှင့်ပတ်သက်သည့်မေးခွန်းများ၊ ပြဿနာများနှင့်ပတ်သက်၍ သင့်ကိုကူညီပါသည်။ ဥပမာ ကျွန်ုပ်၏ဗီဇာဖြင့် ဂျာမနီနိုင်ငံတွင်မည်မျှကြာနေနိုင်ပါသနည်း။ အကယ်၍ မိသားစုတွင်ပြဿနာများနှင့် ကျွန်ုပ်ကြုံတွေ့နေရပါကမည်သည့်နေရာတွင်အကူအညီတောင်းရမည်နည်း။ မည်သည့်နေရာတွင်ဂျာမန်ဘာသာစကားကိုကျွန်ုပ်သင်ယူနိုင်သနည်း။ မည်သည့်နေရာတွင်အိမ်ခန်းတစ်ခန်းကိုကျွန်ုပ်ရှာဖွေရမည်နည်း။ ဂျာမနီတွင်ကျွန်ုပ်အလုပ်လုပ်နိုင်ပါသလား။ မည်သည့်နေရာတွင်အလုပ်ရှာရမည်နည်း။ ငွေရေးကြေးရေးအခက်အခဲများရှိပါကကျွန်ုပ်ဘာလုပ်ရမည်နည်း။ နာမကျန်းဖြစ်လျှင်ကျွန်ုပ်ဘာလုပ်ရမည်နည်း။ ကျွန်ုပ်ကလေးတစ်ယောက်ရပါက ကျွန်ုပ်ကိုမည်သူကကူညီမည်နည်း။ ယာဉ်မောင်းလိုင်စင်ကို မည်သည့်နေရာတွင်လုပ်နိုင်ပါသနည်း။ ရထားအတွက်မည်သည့်လက်မှတ်ကို ကျွန်ုပ်လိုအပ်ပါသနည်း။ ကျွန်ုပ်၏အထောက်အထားစာရွက်စာတမ်းများကိုအသိအမှတ်ပြုစေရန် မည်သို့လုပ်ဆောင်ရမည်နည်း။ အထူးသဖြင့် JMD က သင့်ကို ဂျာမနီ၏ကျောင်း (သို့) အလုပ်သင်စနစ်တွင်အသားကျစေရန်ကိုလည်းကူညီပေးပါသည်။

 

ကျွန်ုပ်သည်ဂျာမနီတွင်ဖြစ်ပါသည်။ အကြံပေးဝန်ဆောင်မှုတစ်ခုကိုကျွန်ုပ်မည်သို့ရှာဖွေရမည်နည်း။

ဂျာမနီတွင်သင်ရောက်ရှိနေပြီး အကြံပေးဝန်ဆောင်မှုအတွက်ဆက်သွယ်ရန်ရှာဖွေနေပါသလား။ အရေးကြီးသောလိပ်စာများဟူသည့်ခေါင်းစဉ်အောက်တွင် သင့်အနီးအနားရှိ အကြံပေးဝန်ဆောင်မှုဌာနများ (MBE (သို့မဟုတ်) JMD) ကိုရှာဖွေနိုင်ပါသည်။ ထိုအခါ မြေပုံတစ်ခုပေါ်တွင် လိပ်စာ (သို့) ဖုန်းနံပါတ်စသည့်အချက်အလက်များနှင့်အတူ ရလဒ်များကိုသင်တွေ့ရပါမည်။

ကျွန်ုပ်၏မိခင်နိုင်ငံတွင်ပင်ကျွန်ုပ်ရှိနေပါသေးသည်။ ကျွန်ုပ်အတွက်အကြံပေးဝန်ဆောင်မှုရှိပါသလား။

ဂျာမနီသို့မရောက်သေးပဲ အကြံပေးဝန်ဆောင်မှုဌာနတစ်ခုခုကို သင်ရှာဖွေနေပါသလား။ ထို့အတွက် အင်တာနက်တွင် နိုင်ငံရွှေ့ပြောင်းလာသူများအတွက်အကြံပေးဝန်ဆောင်မှုများရှိပါသည်။ အွန်လိုင်းအကြံပေးမှု ဆိုသည့်နေရာကိုနှိပ်ပါ။ ထိုနေရာတွင်အခြားသောအသေးစိတ်အချက်အလက်များကိုတွေ့နိုင်ပါသည်။