Man sieht eine Straße in Berlin mit vielen Menschen, die über die Straße gehen und einem Bus und Trams im Hintergrund. © Goethe-Institut

ခြေလျင်နှင့်စက်ဘီး

ကျေးရွာများနှင့်မြို့ငယ်များတွင် နေရာအများစုကိုသင်ခြေလျင်သွားလာနိုင်ပါသည်။ ဂျာမနီနိုင်ငံတွင်လူအများစုသည် စူပါမားကတ် (သို့) အလုပ်စသည့်နေရာများသို့ စက်ဘီးဖြင့်သွားကြပါသည်။ လမ်းများတွင် လူသွားပလက်ဖောင်းဘေး၌ စက်ဘီးသွားရန်အတွက်စက်ဘီးလမ်းရှိပါသည်။ စက်ဘီးလမ်းမရှိသည့်နေရာများတွင် အရွယ်ရောက်ပြီးသူများသည် လမ်းပေါ်တွင်စက်ဘီးစီးရပါသည်။ အသက် (၈) နှစ်အောက်ကလေးများကမူ လူသွားပလက်ဖောင်းပေါ်တွင်သာစက်ဘီးစီးရပါသည်။ အသက် (၁၀) နှစ်အရွယ်အထိကလေးများသည် ပလက်ဖောင်းပေါ်တွင်စက်ဘီးစီးနိုင်ပါသည်။ ခြေလျင်လမ်းလျှောက်သူများနှင့်စက်ဘီးစီးသူများအတွက်ပြဋ္ဌာန်းထားသည့် အခြားသောစည်းမျဉ်းများလည်းရှိပါသည်။ ဥပမာ သင်မီးနီဖြတ်မိပါသလား (သို့) သင်၏စက်ဘီးတွင်မီးလုံးပျက်နေပါသလား။ အကယ်၍ယာဉ်ထိန်းရဲကထိုအရာများကိုမြင်တွေ့သွားပါက ဒဏ်ကြေးငွေပေးဆောင်ရမည်ဖြစ်သည်။

Ansicht auf einen Gehweg mit abgestellten E-Rollern und Fahrrädern, im Hintergrund drei junge Männer und ein Schild einer Curry-Wurst-Bude. © Goethe-Institut

အများပြည်သူသုံးယာဉ်များအသုံးပြုခြင်း

မြို့ကြီးများတွင် မြို့တွင်းရထားများ (S-Bahn)၊ မြေအောက်ရထားများ (U-Bahn)၊ ကားရထားများ (Straßenbahn) (သို့) ဂျာမနီတောင်ပိုင်းအခေါ်အဝေါ်အရ (Trambahn) နှင့်ဘတ်စ်ကားများရှိပါသည်။ လက်မှတ်ကိုအများအားဖြင့် ဘူတာရုံများနှင့်ကားဂိတ်များရှိလက်မှတ်စက်များတွင်ဝယ်ယူနိုင်ပါသည်။ ဘူတာရုံများတွင်လက်မှတ်အရောင်းဌာနများလည်းရှိပါသည်။ တစ်ခါတစ်ရံတွင် လက်မှတ်ကိုဘတ်စ်ကားပေါ်တွင်လည်း သင်ဝယ်ယူနိုင်ပါသည်။ လက်မှတ်ဝယ်ရာတွင် တစ်ပတ်စာ၊ တစ်လစာ (သို့) တစ်နှစ်စာလက်မှတ်စသည်ဖြင့် အမျိုးမျိုးဝယ်ယူနိုင်ပါသည်။ အကယ်၍ သင်သည်အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များကိုပုံမှန်စီးနင်းပါက ထိုကဲ့သို့ဝယ်ယူထားခြင်းကစရိတ်သက်သာပါသည်။ ကလေးများ၊ ကျောင်းသားများ၊ မသန်စွမ်းခရီးသည်များနှင့် သက်ကြီးရွယ်အိုများက ရံဖန်ရံခါလျှော့ဈေးရရှိပါသည်။ ဘတ်စ်ကားများနှင့်ရထားများပေါ်တွင် လက်မှတ်စစ်ရှိပါသည်။ အကယ်၍လက်မှတ်စစ်စဉ် သင့်တွင်လက်မှတ်မရှိပါက ဒဏ်ကြေးငွေပေးဆောင်ရမည်ဖြစ်သည်။

ဘတ်စ်ကားမှတ်တိုင်များနှင့်ဘူတာရုံများတွင် ခရီးစဉ်အချိန်စာရင်းများကိုလည်းတွေ့ နိုင်ပါသည်။ အချိန်စာရင်းတွင် ဘတ်စ်ကားများနှင့်ရထားများ မည်သည့်အချိန်တွင် မည်သည့်နေရာသို့ထွက်ခွာမည်ကိုဖော်ပြထားပါသည်။ ယင်းအချိန်စာရင်းကို သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ဝက်ဘ်ဆိုက်တွင်လည်း ကြည့်ရှုနိုင်ပါသည်။

In einer Unterführung sieht man ein Fahrrad, zwei E-Roller und beklebte Säulen, im Hintergrund fährt eine Tram vorbei. © Goethe-Institut

ကားဖြင့်သွားလာခြင်း

လူများစွာတို့သည် မြို့ထဲတွင် ၎င်းတို့၏ကိုယ်ပိုင်ကားများဖြင့်လည်း သွားလာကြပါသည်။ မြို့များစွာတွင် ကားရပ်နားစခန်းများနှင့်အထပ်များစွာပါသောကားရပ်နားရုံများရှိသည်။ ကားရပ်နားနိုင်သည့်နေရာ၊ အဆောက်အအုံများကိုညွှန်ပြသည့်ဆိုင်းဘုတ်များကို ကားလမ်းဘေးတွင်စိုက်ထူထားပါသည်။ ကားရပ်နားစခန်းများတွင် ပုံမှန်အားဖြင့်ယာဉ်ရပ်နားခပေးရပါသည်။ သင်ကားမောင်းချိန်တိုင်း ယာဉ်မောင်းလိုင်စင်နှင့်ယာဉ်လိုင်စင်စာရွက်စာတမ်းများအမြဲပါရှိရပါမည်။ ယာဉ်ထိန်းရဲစစ်ဆေးပါက ယာဉ်ထိန်းရဲကသင့်ကိုထိုအရာများကိုမေးမြန်းမည်ဖြစ်သည်။

ခရီးထွက်ခြင်း

ဂျာမနီရှိတခြားမြို့များ (သို့) နိုင်ငံခြားပြင်ပသို့ခရီးထွက်လိုပါသလား။ ဘတ်စ်ကား၊ ရထား၊ လေယာဥ်တို့ဖြင့်သွားနိုင်ပါသည်။ မြို့အများစုတွင်ကားဂိတ်များမှာဘူတာကြီးနားတွင်ရှိပါသည်။ ခရီးရှည်များအတွက်အဝေးပြေးကားများရှိပါသည်။ ကားကုမ္ပဏီများစွာရှိပြီး ၎င်းတို့သည် ဂျာမနီရှိမြို့များနှင့်အခြားသောဥရောပနိုင်ငံများသို့လည်း ခရီးစဉ်ပြေးဆွဲပါသည်။ စောစောကြိုတင်ဘိုကင်လုပ်ပါက လက်မှတ်များကိုစျေးနှုန်းချိုသာစွာဖြင့်ရရှိနိုင်ပါသည်။ အဝေးပြေးကားများသည်သက်တောင့်သက်သာရှိပြီး အများအားဖြင့် အင်တာနက် wifi လည်းပါရှိပါသည်။ မည်သည့်ဘတ်စ်ကားများ မည်သည့်အချိန် မည်သည့်မြို့သို့ထွက်ခွာသည်ကို www.fernbusse.de ဝက်ဆိုက်ဒ်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။
 
ရထားခရီးကို အများအားဖြင့် Deutschen Bahn (DB) ဖြင့်သွားကြပါသည်။ ရံဖန်ရံခါလျှော့ဈေးများရှိပါသည်။ စောစီးစွာကြိုတင်ဘိုကင်လုပ်ပါက လက်မှတ်များကိုစျေးနှုန်းချိုသာစွာဖြင့်ရရှိနိုင်ပါသည်။ လေယာဥ်ဖြင့်ခရီးသွားလျှင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ Nordsee (မြောက်ပင်လယ်) နှင့် Ostsee (အရှေ့ပင်လယ်) ရှိကျွန်းများသို့သွားပါက သင်္ဘောကြီးများရှိပါသည်။
Ansicht auf ein Bahnhofsgebäude, oben ist ein abgeschnittenes Deutsche Bahn-Logo zu sehen, außerdem Wegweiser zu den Gleisen. © Goethe-Institut

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့