တန်းတူပါဝင်မှု - မသန်စွမ်းသူများနှင့်အတူနေထိုင်ခြင်း
မသန်စွမ်းသူ အခွင့်အရေးများ
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း သည် (၂၀၀၉) ခုနှစ် ကပင် ဂျာမနီနိုင်ငံ၌ စတင်အသက်ဝင် သည်။ ဂျာမန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူသားအားလုံးမှာ တန်းတူဖြစ်ကြောင်း ဖော်ပြထားသည်။ မသန်စွမ်းသူများလည်း အကျုံးဝင်ပါသည်။ မသန်စွမ်းဖြစ်ခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဆိုးကျိုး မရသင့်ပါ။ လူမှုဘဝပါဝင်မှုတွင် မသန်စွမ်းသူများ တန်းတူရည်တူ ရှိသင့်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ မသန်စွမ်းသူများ၏ဘဝမှာ ပို၍ခက်ခဲပါသည်။ တန်းတူပါဝင်မှု သည် နေရာတိုင်းတွင် အလုပ်မဖြစ်သေးပါ။
နိုင်ငံတော် မှ မည်သို့ကူညီနိုင်မည်နည်း။
မသန်စွမ်းသူများကို ဂျာမနီနိုင်ငံအစိုးရမှ ကူညီပေးသည်။ ဥပမာ အခွန်လျှော့ပေးသည်။ အကြံဉာဏ်ယူရန် ကမ်းလှမ်းချက်များ ပေးသည်။ ဆေးကုသမှု ရရှိကြသည်။ တခါတရံတွင် ကလေးထိန်း သို့မဟုတ် အိမ်အကူအတွက် ထောက်ပံ့ကြေး ရသည်။ ထောက်ပံ့မှုရရှိခြင်းမှာ မည်သည့်မသန်စွမ်းမှုရှိသည် ဆိုသည့်အပေါ်တွင် မူတည်သည်။
အစိုးရထောက်ပံ့မှုရရှိရန် မသန်စွမ်းသူ ဖြစ်ကြောင်း ထောက်ခံချက်တစ်ခု လိုအပ်ပါသည်။ ၎င်းကို လူမှုဖူလုံရေးရုံး တွင် လျှောက်ထားနိုင်သည်။ ဤမှတ်တမ်းဖြင့်၊ ဥပမာအားဖြင့်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်၊ ဥပမာ ဘတ်စ်ကား သို့မဟုတ် မြေအောက်ရထားများ ကို အခမဲ့ အသုံးပြုနိုင်သည်။ အခမဲ့ ပြတိုက်၀င်ခွင့်လည်း ရရှိပါသည်။
လုပ်ငန်းခွင်တွင် တန်းတူပါဝင်မှုရှိခြင်း
မသန်စွမ်းသူများ အလုပ်ရှာသည့်အခါ အကူအညီရရှိကြသည်။ လုပ်ငန်းခွင်တွင်လည်း အကာအကွယ် ပေးထားပါသည်။ အလုပ်ရှင်များ မှ မသန်စွမ်းသူများကို အလွယ်တကူ အလုပ်ထုတ် ခွင့် မရှိပါ။ တန်းတူညီမျှရှိမှုကို စောင့်ကြည့်သည့်အရာရှိများ ရှိသည်။ ထိုသူများမှ လုပ်ငန်းခွင်တွင် မသန်စွမ်းသူများအတွက် နစ်နာမှုမရှိကြောင်း သေချာအောင် စောင့်ကြည့်ပါသည်။
မသန်စွမ်းသူများ လှုပ်ရှားသွားလာနိုင်ရန် စီမံထားမှု
မသန်စွမ်းသူများလည်း ကောင်းမွန်စွာ နေထိုင်နိုင်သင့်သည်။ မိမိဘာသာ မြို့တွင်းတွင် အမှီအခိုကင်းကင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရန် အရေးကြီးသည်။ ဥပမာအားဖြင့်၊ ဂျာမနီတွင်၊ ဘီးတပ်ကုလားထိုင်အသုံးပြုသူများ အများပြည်သူသုံး အဆောက်အဦများအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်စေရန် စီစဥ်ပေးထားသည်။ သို့မဟုတ် ဘတ်စ်ကားများ နှင့် ကားများပေါ်သို့ အဆင်ပြေစွာ တက်နိုင်ရန် စီမံထားသည်။ ချဉ်းကပ်လမ်းများ ရှိတတ်သည်။ ၎င်းစနစ်များ နေရာတိုင်းတွင် မရှိသည်မှာ ဝမ်းနည်းဖွယ်ရာ ကောင်းသည်။ မြေအောက်ရထားများမှာ အများအားဖြင့် မသန်စွမ်းသူများပါသုံးစွဲနိုင်ရန် စီမံမထားပါ။ ဓာတ်လှေကား လည်း အမြဲတမ်းမရှိတတ်ပါ။
အမြင်အာရုံချို့တဲ့သူများ သို့မဟုတ် မျက်မမြင်များအတွက် ကြမ်းပြင်တွင် ဖောင်းကြွပုံစံလေးများရှိသည်။ ၎င်းတို့၏ လက်ကိုင်တုတ်ဖြင့် ထိုအမှတ်အသားများကို မှတ်သားထိတွေ့ ပြီး အဆောက်အဦတစ်ခု မှ ဘတ်စကားမှတ်တိုင်သို့ လွယ်ကူစွာ သွားနိုင်သည်။ မီးပွိုင့်အများစုတွင် အချက်ပေးသံတစ်ခု နားထောင်နိုင်သည်။ မျက်စိမမြင်သူများသည် ထိုအသံကို နားထောင်ပြီး လမ်းဖြတ်ကူးနိုင်မည့် အချိန်ကို သိသည်။ အချို့သော အများပြည်သူသုံး အဆောက်အဦများတွင် မျက်မမြင်စာ ပါရှိသည်။
ဝက်ဘ်ဆိုဒ်များကိုလည်း မသန်စွမ်းသူများပါ ဝင်ရောက်ကြည့်ရှုနိုင်စေရမည်။ ဆိုလိုသည်မှာ လူတိုင်း အင်တာနက်မှ အချက်အလက်ကို အသုံးပြုနိုင်ရမည်။ အစိုးရ နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် အရေးကြီးဆုံးသော အချက်အလက်များကို ရိုးရှင်းသော ဘာသာစကားဖြင့် ပံ့ပိုးပေးသည်။ နိုင်ငံသားတိုင်း ဤအချက်အလက်များကို နားလည်နိုင်ရမည်။ အမြင်အာရုံချို့တဲ့သူများအတွက် ဝက်ဘ်ဆိုဒ်များတွင် စာလုံးဖောင့် နှင့် နောက်ခံအရောင် ကြားတွင် သိသာသောခြားနားမှု လိုအပ်ပါသည်။ ထို့အပြင် စာမျက်နှာပါ အကြောင်းအရာများအားလုံး စခရင်ဖတ်သူမှ အသံထွက်ဖတ်နိုင်သည့်ပုံစံ ဖြစ်ရပါမည်။
မသန်စွမ်းကလေးငယ်များ
သင့်တွင် မသန်စွမ်းကလေး သို့မဟုတ် နာတာရှည်ဖျားနာ နေသည့် ကလေးရှိပါသလား။ သင်နေထိုင်ရာမြို့ရှိ လူငယ်လူမှုဖူလုံရေးရုံးမှ ကူညီနိုင်ပါသည်။
ကလေးငယ်များ အစောပိုင်းကာလဖွံဖြိုးရေးအတွက် ထောက်ပံ့အစီအစဉ်တစ်ခု ရှိပါသည်။ ၎င်းမှာ မွေးကင်းစ မှ ကျောင်းနေအရွယ် အထိ ကလေးများအတွက် ဖြစ်သည်။ ထိုအစီအစဥ်မှာ မသန်စွမ်းကလေးများအတွက် သို့မဟုတ် သင်ယူမှုအနည်းငယ်နှေးကွေးသော ကလေးများအတွက် ဖြစ်သည်။ ဥပမာအားဖြင့်၊ မျက်မမြင်ကျောင်း သို့မဟုတ် ဘာသာစကားဖွံ့ဖြိုးရေးပံ့ပိုးမှုကျောင်း တို့ ဖြစ်သည်။
မသန်စွမ်းကလေးများလည်း မူကြိုတက်နိုင်သည်။ အားလုံးတန်းတူပါဝင်သော မူကြိုကျောင်းများလည်း ရှိပါသည်။ ထိုကျောင်းများတွင် သာမန်ကလေးများ နှင့် မသန်စွမ်းကလေးများ အတူတူတက်ကြသည်။ မသန်စွမ်းကလေးများအတွက် အထူးသီးသန့် မူလတန်းကျောင်းများ လည်း ရှိပါသည်။
ကျောင်းများမှာလည်း အလားတူပင်ဖြစ်သည်။ ဂျာမနီတွင် မသန်စွမ်းကလေးများ နှင့် အထူးပံ့ပိုးမှုလိုအပ်သော ကလေးများအတွက် သီးသန့်ကျောင်းများ ရှိသည်။ ထို့ပြင် အားလုံးတန်းတူပါဝင်သော စာသင်ချိန်များလည်း ရှိသည်။ ဆိုလိုသည်မှာ သာမန်ကလေးများ နှင့် မသန်စွမ်းကလေးများကို အတူတကွ သင်ကြားပေးပါသည်။ ဖက်ဒရယ်ပြည်နယ် ပေါ်မူတည်၍ ကွဲပြားတတ်ပါသည်။
ခွဲခြားဆက်ဆံခံရခြင်း
တန်းတူအခွင့်အရေးများကို မလေးစားပါက အချို့ကိစ္စများတွင် ခွဲခြားဆက်ဆံခံမှုများ ရှိနိုင်သည်။ “ခွဲခြားဆက်ဆံခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း” ကဏ္ဍတွင် ၎င်းကို မည်သို့ ဖြေရှင်းကိုင်တွယ်ရမည်ကို ဖတ်နိုင်ပါသည်။