သွားလာ‌ရေး

Straße in einer Stadt mit Straßenbahnen und Bus © Goethe-Institut/ Gina Bolle

ဂျာမနီတွင်နေထိုင်သူများမှာ လမ်းလျှောက်လေ့ သို့မဟုတ် စက်ဘီးစီးလေ့ရှိသည်။ ၎င်းမှာ ကျန်းမာရေးနှင့် ညီညွတ်ပါသည်။ ခြေလျင်သွားလမ်း နှင့် စက်ဘီးလမ်းများ ရှိသည်။ ကျေးရွာများ နှင့် မြို့ငယ်များတွင် နေရာအများစုကို ခြေလျင်သွားနိုင်သည်။ ဂျာမနီတွင်နေထိုင််သူအများအပြား မှာ စျေးဝယ်သွားခြင်း၊ အလုပ်သွားခြင်း သို့မဟုတ် သူငယ်ချင်းများထံလည်ပတ်ရာတို့တွင် စက်ဘီးစီးလေ့ ရှိကြသည်။

Audio-Player: Artikel anhören

Artikel anhören

Mobilität

ခြေလျင်လျှောက်ခြင်း နှင့် စက်ဘီးစီးခြင်း

စက်ဘီးလမ်းမရှိပါက ယာဥ်သွားလမ်းပေါ်တွင် အရွယ်ရောက်သူများ စက်ဘီးစီးခွင့်ရှိသည်။ မြို့တွင်း သို့မဟုတ် ရပ်ကွက်ထဲ ဆိုပါက အသက် (၈) နှစ် အထိ ကလေးများ ခြေလျင်သွားလမ်းပေါ် တွင် စီးရပါမည်။ ကလေးများမှာ အသက် (၁၀) နှစ် အထိ ခြေလျင်သွားလမ်းတွင် စီးခွင့်ရှိသည်။ ယာဥ်သွားအလာ စည်းမျဥ်းစည်းကမ်းများ ရှိသည်။ ဥပမာ၊ မီးနီ ပြနေပါသလား။ သို့မဟုတ် စက်ဘီး က အချက်ပြမီး ပျက်နေပါသလား။ ရဲမှ တွေ့ရှိပါက ဒဏ်ငွေ ပေးဆောင်ရပါမည်။

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး

မြို့ကြီးများတွင် အမြန်ရထား၊ မြေအောက်ရထား၊ ဓါတ်ရထား (ဂျာမနီတောင်ပိုင်းတွင် Tram ဟုခေါ်သည်။) နှင့် ဘတ်စ်ကား ကဲ့သို့သော အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ရှိသည်။ မြို့တိုင်းလိုလိုတွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အတွက် အက်ပ်တစ်ခုရှိသည်။ အွန်လိုင်းအက်ပ်တွင် လက်မှတ်ကို လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။ ဘူတာရုံများ နှင့် မှတ်တိုင်များတွင်လည်း လက်မှတ်ရောင်းသည့်စက်များ ရှိသည်။ ဘူတာများတွင် လက်မှတ်အရောင်းကောင်တာများရှိသည်။ ရံဖန်ရံခါ ဘတ်စ်ကား သို့မဟုတ် ဓါတ်ရထားပေါ်တွင် လက်မှတ်ကို ဝယ်နိုင်သည်။

မြို့အတော်များများတွင် လက်မှတ်ကို တရားဝင်အောင် အတည်ပြုရပါမည်။ ၎င်းအတွက် စက်များရှိသည်။ ကတ်ကို အချိန်မှတ်သည့်စက်ထဲသို့ ထည့်၍ တုံးထုရသည်။ စက်မှ လက်မှတ်ကို တံဆိပ်တုံးထုပါသည်။ အချို့မြို့များတွင် လက်မှတ်များမှာ ဝယ်ယူပြီးနောက် ချက်ချင်းတရားဝင်သည်။ ဝယ်ယူသည့်လတ်မှတ်ပေါ်မှာ အချိန်ပါပြီးဖြစ်သည်။ ထိုလက်မှတ်များကို တရားဝင်စေရန် အတည်ပြုဖို့ မလိုအပ်ပါ။

တနေ့တာသုံးလတ်မှတ်၊ တပတ်စာလတ်မှတ်၊ တလစာလတ်မှတ် သို့မဟုတ် တနှစ်စာလတ်မှတ် တို့ကိုလည်း ဝယ်ယူနိုင်ပါသည်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ကို မကြာခဏအသုံးပြုပါက စျေးပိုသက်သာပါသည်။ ကလေးများ၊ ကျောင်းသူ/ ကျောင်းသားများ နှင့် သက်ကြီးရွယ်အိုများ အတွက် မကြာခဏ လျှော့ဈေးများ ရှိသည်။ ထိုသူတို့အတွက် စျေးသက်သာတတ်သည်။ မသန်စွမ်းသူများသည် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ကို အများအားဖြင့် အခမဲ့သုံးနိုင်သည်။

မှတ်တိုင်များ နှင့် ဘူတာများတွင် အချိန်ဇယားများကို တွေ့ရပါမည်။ ဇယားများတွင် ဘတ်စ်ကားများ နှင့် ရထားများ မည်သည့်အချိန် ရောက်မည် ၊ထွက်မည် ကို ဖော်ပြသည်။ ၎င်းအချိန်များကို သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ ဝက်ဘ်ဆိုက် တွင် ဖတ်နိုင်သည် သို့မဟုတ် အက်ပ်တွင် တွေ့နိုင်သည်။

ဘူတာရုံဝင်ပေါက်တွင် များသောအားဖြင့် အတားအဆီးများ မရှိပါ။ အလွယ်တကူ ဝင်လာနိုင်သည်။ သို့သော် သင့်တွင် လက်မှတ်ရှိရပါမည်။ ဘတ်စ်ကား နှင့် ရထားများပေါ်တွင်သာ လက်မှတ်စစ်သည်။ လက်မှတ်မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ပေးဆောင်ရပါမည်။

မြို့ကြီးများတွင် E-scooters သို့မဟုတ် E-bike များရှိသည်။ ၎င်းတို့ကို ငှား၍ ရပါသည်။ ထို့အတွက် App တစ်ခု ရှိရမည်။ အက်ပ်ဖြင့် ငှားရမ်းစီးနင်းမှုတိုင်းကို ငွေချေရမည်။ အနီးနားတွင် E-scooter သို့မဟုတ် E-bike ရှိမရှိကို ရှာဖွေပြီး ချက်ခြင်းငှားရန် အက်ပ်တွင် ရှာဖွေနိုင်ပါသည်။ သွားလိုသည့်နေရာ ရောက်ပါက E-scooters သို့မဟုတ် E-bike ကို ရပ်ထားခဲ့နိုင်သည်။ ၎င်းတို့မှာ အနီးအနားတွင် ရထား၊ ဘတ်စ်ကားစနစ် မရှိပါက အသုံးဝင်သည်။

ဂျာမနီလက်မှတ်

သင်သည် အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ်ကို မကြာခဏ အသုံးပြုပါသလား သို့မဟုတ် ဂျာမနီ အတွင်း မကြာခဏ ခရီးသွားပါသလား။ ထိုသို့ဆိုပါက Germany-Ticket (ဂျာမနီလက်မှတ်) မှာ အသုံးဝင်သည်။ တစ်လလျှင် (၄၉) ယူရို (၂၀၂၄ ခုနှစ်အထိ) ဖြင့် ဘတ်စ်ကားများ၊ ဓါတ်ရထားများ၊ မြေအောက်ရထားများ၊ အမြန်ရထားများ၊ အဝေးပြေးရထားများအားလုံးကို အသုံးပြုနိုင်သည်။ Germany-Ticket (ဂျာမနီလက်မှတ်) သည် အဝေးပြေး ဘတ်စ်ကားများ၊ IC/EC သို့မဟုတ် ICE ရထားများအတွက် အကျုံးမဝင်ပါ။ ထိုအတွက် သီးခြားလက်မှတ်တစ်ခု လိုအပ်ပါသည်။ Germany-Ticket (ဂျာမနီလက်မှတ်) ကို စာရင်းသွင်းမှာကြားမှသာ ရရှိနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် လက်မှတ်ကို တစ်လဝယ်ယူပြီး၊ နောက်လတွင် လက်မှတ်အသစ် အလိုအလျောက်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် လစဉ် (၄၉) ယူရို ကျသင့်ပါသည်။ လက်မှတ်ကို မလိုတော့ပါက စာရင်းသွင်းထားမှုကို ပယ်ဖျက်ရမည်။ ၎င်းကို လတစ်လ ၏ (၁၀) ရက်မြောက်နေ့မှသာ လုပ်ဆောင်နိုင်သည်။

ကားသုံးစွဲခြင်း

ကျေးလက်ဒေသနေသူအများစုမှာ ကိုယ်ပိုင်ကား သုံးစွဲပါသည်။ ကျေးလက်ဒေသတွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်မှာ နည်းသည် သို့မဟုတ် မရှိပါ။ အချို့မှာ မြို့ထဲသွားလာရာတွင် ကားသုံးသည်။ မြို့ကြီးများတွင် ကားရပ်နားရန်နေရာများ နှင့် ကားပါကင်များ ရှိသည်။ လမ်းဘေးတွင် ကားရပ်နိုင်သည့်နေရာကို ပြသသည့် လမ်းညွှန်ဆိုင်းဘုတ်များရှိသည်။ အများအားဖြင့် ကားရပ်နားခ ပေးဆောင်ရပါမည်။ မကြာခဏဆိုသလို ကားရပ်နား နေရာရရန် မလွယ်ကူတတ်ပါ။

ကားမျှဝေသုံးစွဲခြင်း ကို မြို့များစွာတွင် ရရှိနိုင်ပါသည်။ အက်ပ်မှတစ်ဆင့် ကားကို ငှားနိုင်သည်။ ဥပမာ - မိသားစုနှင့် ခရီးထွက်လိုပါက။ ကား အသုံးပြုသည့်အချိန်အတွက် ကီလိုမီတာနှုန်းဖြင့် သို့မဟုတ် သုံးစွဲသည့်အချိန်အတွက် ပေးချေရမည်။ ကားမျှဝေသုံးစွဲခြင်း သည် ကိုယ်ပိုင်ကားပိုင်ဆိုင်ခြင်းထက် စျေးသက်သာပါသည်။

ကားမောင်းပါက ဂျာမန်ယာဉ်စည်းကမ်းများကို သိထားရန် လိုအပ်ပါသည်။ ဥပမာအားဖြင့်၊ ယာဉ်အသွားအလာ ဆိုင်းဘုတ်များက ဘာကိုဆိုလိုသနည်း သို့မဟုတ် အမြန်နှုန်းသတ်မှတ်ချက် မည်မျှခွင့်ပြုထားသည်ကို သိရန် လိုအပ်သည်။ ယာဉ်မောင်းလိုင်စင် ကို အမြဲ ကိုယ်နှင့်မကွာ ဆောင်ထားရပါမည်။ ကိုယ်ပိုင်ကားရှိပါက ယာဉ်မှတ်ပုံတင်စာရွက်စာတမ်း လိုအပ်ပါသည်။ ယာဥ်ထိန်းရဲမှ စစ်ဆေးပါက စာရွက်စာတမ်းများ တောင်းပါမည်။ ဂျာမနီ သို့မဟုတ် အခြား EU နိုင်ငံမှ ယာဉ်မောင်းလိုင်စင် လိုအပ်သည်။

သင်၏မိခင်နိုင်ငံသည် EU အဖွဲ့ဝင် မဟုတ်ပါဘူးလား။ ထို့သို့ဆိုပါက ယာဉ်မောင်းလိုင်စင် ကို ပထမခြောက်လအတွင်း ဂျာမနီသို့ လွှဲပြောင်းယူရပါမည်။ ၎င်းကို အမြန်ဆုံး ဆောင်ရွက်သင့်သည်။ သင်၏ လိုင်စင်ဟောင်းဖြင့် ဂျာမနီတွင် ခြောက်လသာ မောင်းနှင်ခွင့်ရှိသည်။ သင်နေထိုင်ရာမြို့ရှိ ယာဉ်မောင်းလိုင်စင်ရုံး သို့ သတင်းပို့ပါ။ သင်၏ ယာဉ်မောင်းလိုင်စင် ကို ခြောက်လအတွင်း လွှဲပြောင်းမယူခဲ့ဘဲ ကားမောင်းချင်ပါသလား။ ထို့သို့ဆိုပါက ဂျာမနီတွင် ယာဉ်မောင်းလိုင်စင် အသစ်လုပ်ရန် လိုအပ်ပါမည်။

ခရီးသွားခြင်း

ဂျာမနီတွင်းရှိ အခြားမြို့များသို့ သို့မဟုတ် ပြည်ပသို့ ခရီးသွားချင်ပါသလား။ ရထား၊ လေယာဉ် နှင့် ဘတ်စ်ကား ဖြင့် သွားလာရန် ရွေးချယ်နိုင်သည်။

ဂျာမဏီတွင် အများစုမှာ ရထားဖြင့် ခရီးသွားကြသည်။ ရထားလမ်းကြောင်းအများစုကို Deutsche Bahn (DB) ဖြင့် သွားနိုင်သည်။ အချို့ဒေသများတွင် အခြားကုမ္ပဏီများလည်း ရှိသေးသည်။ ကလေးရှိသော မိသားစုများမှာ Deutsche Bahn (DB) ဖြင့် ဈေးသက်သက်သာသာ ခရီးသွားကြသည်။ မိဘများ သို့မဟုတ် မိခင်/ ဖခင် တစ်ဦးတည်း နှင့် ကလေးများ ခရီးသွားလျှင် အသက် (၁၄) နှစ်အထိ အခမဲ့ ခရီးသွားနိုင်သည်။ လတ်မှတ်ကိုအချိန်နီးကပ်မှဝယ်ပါက ရထားများ စျေးကြီးတတ်သည်။ ချွေတာရေးကမ်းလှမ်းချက် များကို အသုံးချပါ။ စောစောကြိုတင်ဝယ်ပါက လက်မှတ် စျေးသက်သာသည်။ Germany Ticket (ဂျာမနီလက်မှတ်) သည် Deutsche Bahn (DB) မှ ဦးစီးသည့် ဒေသတွင်း ရထားများအတွက်အကျုံးဝင်သည်။ ၎င်းရထားများနှင့် သွားလျှင် ICE ရထားများထက် အနည်းငယ် ပိုကြာပါသည်။

အဝေးပြေးဘတ်စ်ကားများအတွက် မှတ်တိုင်များမှာ မြို့အများစုတွင် ဘူတာကြီးအနီး၌ ရှိသည်။ ၎င်းဘတ်စ်ကားများသည် ဂျာမနီ နှင့် ဥရောပရှိ မြို့များစွာသို့ ဆက်သွယ်သွားလာကြသည်။ လတ်မှတ် ကြိုတင်ဝယ်ယူပါက အထူးစျေးသက်သာသည်။ အဝေးပြေးဘတ်စ်ကားများမှာ သက်တောင့်သက်သာရှိပြီး အများအားဖြင့် WLAN ရှိပါသည်။

ဂျာမနီတွင် နိုင်ငံတကာလေဆိပ်များစွာရှိသည်။ သင်္ဘောအကြီးများဖြင့် မြောက်ပင်လယ် နှင့် အရှေ့ပင်လယ်ရှိ ကျွန်းများသို့ သွားနိုင်သည်။

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက