Auf einem Bild, das von einem Kind gemalt wurde, sind Wörter in verschiedenen Sprachen zu sehen. © Goethe-Institut

နှစ်စဉ်နှစ်တိုင်း အခြားနိုင်ငံများမှလူပေါင်းများစွာသည် ဂျာမနီနိုင်ငံသို့ရွှေ့ပြောင်းနေထိုင်ကြသည်။ ဂျာမနီလူဦးရေ၏ (၂၀) ရာခိုင်နှုန်းကျော်သည် အခြားသောယဉ်ကျေးမှုနောက်ခံများရှိကြသည်။ ၎င်းတို့အများစုသည် ဘာသာစကားတစ်မျိုးထက်မကပြောတတ်ကြသည်။ မိမိတို့ဇာတိမိခင်ဘာသာစကားသာမက အခြားနိုင်ငံခြားဘာသာစကားတစ်မျိုး (သို့) တစ်မျိုးထက်ပို၍ ပြောဆိုနိုင်ကြသည်။ ဂျာမနီသို့လာရောက်နေထိုင်ကြသူများသည် ဂျာမန်ဘာသာစကားကို နိုင်ငံခြားဘာသာစကား (သို့) ဒုတိယဘာသာစကားအဖြစ်သင်ယူကြသည်။ မိမိနေထိုင်ရာတိုင်းပြည် (သို့) ဒေသ၏ဘာသာစကားကိုနားလည်ပြောဆိုနိုင်ခြင်းက ဒေသခံများနှင့်ဆက်ဆံရာတွင်လည်းကောင်း၊ သူတို့၏လူနေမှုဘဝကို နားလည်သဘောပေါက်လာစေရန်အတွက်လည်းကောင်း ပိုမိုလွယ်ကူစေပါသည်။

ဘာသာစကားတစ်ခုထက်မကပြောဆိုတတ်ခြင်း၏ အကျိုးကျေးဇူးများ

ဘာသာစကားများစွာပြောဆိုနိုင်ခြင်းသည် ယနေ့ခေတ်တွင် အရေးပါသောအရည်အချင်း (သို့) စွမ်းရည်တစ်ခုဖြစ်သည်။ နိုင်ငံများကြားရှိဆက်သွယ်မှုများသည် ယခင်ကထက်ပိုမိုလွတ်လပ်လာပြီး အခြားတိုင်းပြည်များသို့ရွှေ့ပြောင်းနေထိုင်ကြသူများလည်း များသည်ထက်များလာသည်။ မိမိ၏မိခင်ဘာသာစကားအပြင် အခြားသောဘာသာစကားတစ်ခုခုပြောဆိုနိုင်သူများသည် အခွင့်အလမ်းများစွာရရှိနိုင်ပါသည်။ ထိုသူများသည် လုပ်ငန်းခွင်တွင်သာမကနေ့စဥ်လူမှုဘဝတွင်လည်း ယဉ်ကျေးမှုမတူသူများကိုဆက်သွယ်ပေးနိုင်သည်။ ဘာသာစကားများစွာပြောတတ်သူများသည် ယဉ်ကျေးမှုအမျိုးမျိုးကိုနားလည်သောစွမ်းရည်ရှိသဖြင့် သူတို့သည် အခြားသူများ၏လူနေမှုစနစ်ကို အမြင်အမျိုးမျိုးဖြင့်သုံးသပ်နိုင်ကြသည်။ ဂျာမနီတွင်နေထိုင်ကြီးပြင်းလာကြသည့် နိုင်ငံရွှေ့ပြောင်းလာကြသောမိသားစုများမှကလေးအများစုသည် သူတို့မိဘများ၏ဘာသာစကား (ဇာတိရပ်မြေမှဘာသာစကား) ကို မွေးကတည်းကပြောတတ်ရန်သင်ယူလေ့ရှိကြသည်။ သူတို့သည် ဘာသာစကားအပြင် သူတို့မိဘများ၏ဇာတိရပ်မြေမှယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကိုလည်းသင်ယူကြလေ့ရှိသည်။ ကလေးထိန်းကျောင်းနှင့်ကျောင်းတို့တွင် အခြားသောကလေးများ (သို့) လူကြီးများနှင့်ကစားခြင်း၊ ကြိမ်ဖန်များစွာပြောဆိုဆက်ဆံခြင်းတို့ဖြင့် ၎င်းတို့သည်ဂျာမန်ဘာသာစကားကိုသင်ယူကြသည်။ ထိုကလေးများကြီးပြင်းလာသောအခါ တစ်ခုထက်ပိုသောဘာသာစကားကို (ဘာသာစကားနှစ်မျိုး) ပြောတတ်လေ့ရှိသည်။

ဂျာမန်ဘာသာစကား၏အရေးပါပုံ

အရွယ်ရောက်ပြီးသူများအနေဖြင့် ဂျာမနီနိုင်ငံရှိလူများနှင့်ပြောဆိုဆက်ဆံနိုင်ရန် ဂျာမန်ဘာသာစကားသင်ယူထားရန်အရေးကြီးပါသည်။ အခြားသူများနှင့်အကျွမ်းတဝင်ဖြစ်လာစေရန်အတွက်လည်း မိမိပတ်ဝန်းကျင်၏ဘာသာစကားကိုပြောဆိုနိုင်ခြင်းက ကြီးစွာအထောက်အကူဖြစ်စေပါသည်။ ကလေးများအတွက်မူ ဂျာမန်ကျောင်းသို့တက်ပါက ဂျာမန်ဘာသာစကားကို ကောင်းစွာပြောတတ်ရေးတတ်ရန်အလွန်အရေးကြီးပါသည်။

zwei Puppen mit unterschiedlicher Hautfarbe sitzen sich in einem Puppenbett gegenüber. © Goethe-Institut

လေ့လာမှတ်သားခြင်းနှင့်ပြန်လည်အသုံးချခြင်း

ဘာသာစကားတစ်ခုကိုသင်ယူရာတွင် လေ့လာမှတ်သားခြင်းနှင့်ပြန်လည်အသုံးချခြင်းသည် အလွန်အရေးကြီးသည်။ မိမိတို့ကြားရသည်နှင့်ဖတ်မိသောဘာသာစကားများကို လေ့လာမှတ်သားနိုင်ပြီး ၎င်းမှာ (Input) ဖြစ်သည်။ သင်ယူရန်အတွက်ဘာသာစကားနှင့်ပုံမှန်အထိအတွေ့ရှိရန်လိုအပ်ပြီး လက်တွေ့ဆန်သောအခြေအနေတွင်အကောင်းဆုံးသင်ယူနိုင်ပါသည်။ ထို့ပြင် (Input) ဖတ်သော (သို့) ကြားသောဘာသာစကားသည် မှန်ကန်၍အရည်အသွေးမြင့်မြင့်ရှိသင့်ပြီး တစ်နည်းဆိုရသော် ဂျာမန်လူမျိုးတစ်ယောက်မည်သို့မည်ပုံပြောသည်ကို နားထောင်သင်ယူခြင်း၊ ဂျာမန်လူမျိုးတစ်ဦးရေးသားသောစာကိုဖတ်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ကလေးများအတွက်မူ ၎င်းတို့အတွက်သေချာစွာရွေးချယ်ထားသည့်စာအုပ်များကို ဖတ်ပြခြင်းသည် သူတို့အတွက်အကောင်းဆုံး (Input) ပုံစံဖြစ်ပါသည်။

ထို့နောက် (Input) အကြားနှင့်အဖတ်နှင့်လေ့လာသင်ယူပြီးလျှင် ကြားထား၊ ဖတ်ထားသည်များကို ပြော၍ (သို့) ရေး၍ပြန်လည်အသုံးချခြင်း (Output) သည်အလွန်အရေးကြီးပါသည်။ ဘာသာစကားကိုအသုံးပြုနိုင်ရန်မှာ မဖြစ်မနေလိုအပ်သည်။ ဘာသာစကားကိုကောင်းစွာပြောတတ်စေရန်အတွက် လက်တွေ့အခြေအနေများတွင် လေ့ကျင့်နိုင်သည့်အခွင့်အလမ်းများလိုအပ်ပါသည်။ အပြောနှင့်အရေးသည်အရေးကြီးပြီး ဘာသာစကားလေ့ကျင့်ရာတွင် ထိရောက်သည့်နည်းလမ်းများဖြစ်သည်။


အကယ်၍ အိမ်တွင် သင့်ကလေးနှင့်သင်သည် ဂျာမန်ဘာသာစကားမပြောဘဲ ဇာတိရပ်မြေမှဘာသာစကားဖြင့်သာပြောဆိုသည်ဆိုပါက ကလေး၏ဘာသာစကားစွမ်းရည်ကိုမြှင့်တင်ပေးရန် နည်းလမ်းအမျိုးမျိုးရှိပါသည်။

မိသားစုဘာသာစကား၏အရေးကြီးပုံ

မိသားစုများစွာတို့တွင် မိခင်နှင့်ဖခင်တို့သည် တူညီသောဘာသာစကားကိုပြောဆိုကြသည်။ နိုင်ငံရွှေ့ပြောင်းလာသောမိသားစုများတွင် အမြဲဆိုသလို မိသားစုထဲ၌ဂျာမန်ဘာသာစကားမပြောကြပါ။ ဤသို့ဖြင့် ကလေးသည် မိသားစုဘာသာစကားသင်ယူနိုင်ပြီး မိသားစု၏ဘာသာစကားကိုအိမ်တွင်ပြောဆိုခြင်းကကောင်းပါသည်။ ဤနည်းအားဖြင့် သားသမီးများသည် ဇာတိမြေမှဘာသာစကား၊ ယဉ်ကျေးမှုတို့နှင့်ရင်းနှီးကျွမ်းဝင်လာမည်ဖြစ်သည်။

ပထမဆုံးသင်ယူသည့်ဘာသာစကား (သို့) မိသားစုဘာသာစကားကိုသင်ယူရင်း ထိုဘာသာစကား၏ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကိုလည်း ကလေးများက တစ်ခါတည်းသင်ယူကြပါသည်။ မိသားစုများသည် ဇာတိမှမိခင်ဘာသာစကားကို မပြောဘဲမနေသင့်ပါ။ ယင်းသို့မပြောဘဲနေမည့်အစား မိခင်ဘာသာစကားကို သားသမီးများနှင့်အိမ်တွင် မိသားစုထဲတွင် ဆက်လက်ပြောဆိုသုံးစွဲသင့်ပါသည်။ ကလေးများအတွက် ၎င်းတို့၏မိခင်ဘာသာစကားကိုကောင်းစွာပြောဆိုနိုင်ခြင်းသည် အထူးအရေးကြီးပါသည်။ မိခင်ဘာသာစကားအခြေခံကောင်းမွန်မှသာ အခြားသောဘာသာစကားများကိုလည်း ကျွမ်းကျင်စွာသင်ယူနိုင်တတ်မြောက်နိုင်မည်ဖြစ်ပါသည်။ မြို့ကြီးပြကြီးများတွင် မူကြိုကျောင်းကလေးများအတွက် ဘာသာစကားနှစ်မျိုး၊ သုံးမျိုးဖြင့်သင်ကြားပေးသည့်ကလေးထိန်းကျောင်းများရှိပါသည်။


Vor einer Weltkarte hängt ein Wandkalender auf Burmesisch mit deutschen Notizen. © Goethe-Institut

တစ်ယောက် - ဘာသာစကားတစ်မျိုး

မိသားစုအချို့တွင် မိခင်နှင့်ဖခင်တို့သည် တူညီသောဘာသာစကားကိုမပြောကြပေ။ ထိုအခါ များစွာသောမိဘများသည် `တစ်ယောက် - ဘာသာစကားတစ်မျိုး´ နည်းကိုအသုံးပြုကြသည်။ ဆိုလိုသည်မှာ ဖခင်က သူ၏ဘာသာစကားဖြင့် ကလေးကိုပြောဆိုပြီး မိခင်ကလည်း သူ၏ဘာသာစကားဖြင့် ကလေးကိုပြောဆိုပါသည်။ မိဘနှစ်ဦးစလုံးနှင့်ကလေးတို့အတူတကွရှိနေစဉ်တွင် မိသားစုဘာသာစကားသည် ဖခင်၏ဘာသာစကား (သို့) မိခင်၏ဘာသာစကား၊ မိဘနှစ်ပါး၏ဘာသာစကားနှစ်ခုထဲမှတစ်ခုဖြစ်တတ်ပြီး တစ်ခါတစ်ရံ မိဘနှစ်ဦးလုံးကောင်းစွာပြောဆိုနိုင်သည့်တတိယဘာသာစကားလည်းဖြစ်နိုင်ပါသည်။

ကလေးများကိုဘာသာစကားတစ်ခုထက်ပို၍သင်ပေးရာတွင်အရေးကြီးသည့်အချက်များ

ဘာသာစကားတစ်ခုထက်ပို၍ပြောတတ်အောင်သင်ကြားပေးရာတွင် မိဘများ၏၎င်းတို့ဘာသာစကားအပေါ် စိတ်ပိုင်းဆိုင်ရာသံယောဇဉ်က အရေးပါသည်။ မိဘများသည် ၎င်းတို့ကိုယ်တိုင်အကျွမ်းကျင်ဆုံးဖြစ်သောဘာသာစကား တစ်နည်းအားဖြင့် ၎င်းတို့၏မိခင်ဘာသာစကားကိုသာ ကလေးကို သင်ပေးလျှင်အကောင်းဆုံးဖြစ်သည်။ အကယ်၍ မိသားစုအားလုံးအတူအကွရှိချိန်တွင်ပြောဆိုသည့်ဘာသာစကားရှိပါက ယင်းဘာသာစကားကိုလည်း အိမ်တွင်အမြဲတမ်းပြောဆိုသင့်ပါသည်။ ကလေးသည် ဘာသာစကားတစ်ခုကိုမပြောလိုပါက ကလေးအားဖိအားမပေးသင့်ပါ။ အချိန်ကာလအနည်းငယ်အတွင်း ကလေးသည် သူ့အလိုအလျောက် ထိုဘာသာစကားကိုပြန်လည်ပြောလာပါလိမ့်မည်။ မိဘများသည် စကားပြောနေစဉ် ဘာသာစကားများကို ရော၍မပြောမိစေရန်ဂရုစိုက်သင့်ပါသည်။ ကလေးသည် သူ၏မိဘများက သူတို့၏မိခင်ဘာသာစကားကိုအလေးထားကြောင်းမြင်တွေ့ရပါက သူကိုယ်တိုင်လည်း မိဘများ၏မိခင်ဘာသာစကားကို စိတ်အားထက်သန်စွာသင်ယူလာပါလိမ့်မည်။

ကလေးများပထမဦးဆုံးသင်ယူရသည့်မိခင်ဘာသာစကား၏စွမ်းရည်ကိုမြှင့်တင်ပေးရန်အရေးကြီးသလို ကလေးနေထိုင်ရာပတ်ဝန်းကျင်ရှိ လူများ၏ဘာသာစကားကိုလည်း ကောင်းစွာပြောတတ်စေရန်လည်းဂရုစိုက်ရပါမည်။ 
အကြံပေးဌာနများစွာတို့သည် ဘာသာစကားတစ်မျိုးထက်ပို၍သင်ကြားရေးနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် အကူအညီပေးပါသည်။ များစွာသောမြို့ကြီးများနှင့်ကျေးရွာများတွင်လည်း ယဉ်ကျေးမှုဆိုင်ရာအမှုကိစ္စမျိုးစုံအတွက်တာဝန်ယူရသည့်ဌာနတစ်ခုထားရှိပါသည်။ ထိုဌာနတွင် ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုင်ရာသတင်းအချက်အလက်များနှင့်အကြံဥာဏ်များရရှိနိုင်ပါသည်။ ပုဂ္ဂလိကအကြံပေးလုပ်ငန်းများလည်းရှိပါသည်။ ထို့အပြင် ယနေ့ခေတ်တွင် ဘာသာစကားအမျိုးမျိုးပြောခြင်းနှင့်ယဉ်ကျေးမှုအထွေထွေခေါင်းစဥ်အောက်တွင် လုပ်ငန်းလည်ပတ်လျက်ရှိသည့်အေဂျင်စီများလည်း ရှိပါသည်။ အင်တာနက်တွင် “intercultural advice centre” (သို့မဟုတ်) “multilingual advice centre” ဟုရိုက်ထည့်၍ရှာကြည့်ပါက အသုံးဝင်သည့်လင့်ခ်များနှင့်အချက်အလက်များတွေ့ရှိနိုင်ပါသည်။

ကလေးများ၏ဂျာမန်ဘာသာစကားစွမ်းရည်ကိုမြှင့်တင်ပေးခြင်း

ဂျာမနီနိုင်ငံရှိပြည်နယ်တိုင်းတွင် မူကြိုနှင့်မူလတန်းကျောင်းသားများ၏ဂျာမန်ဘာသာစကားစွမ်းရည်ကိုမြှင့်တင်ပေးရန် ကိုယ်ပိုင်မူဝါဒများ၊ အစီအစဉ်များနှင့်နည်းဗျူဟာများချမှတ်ကျင့်သုံးပါသည်။ ဂျာမန်လိုမတတ်သေးသည့်ကလေးများသည် ဂျာမန်ဘာသာစကားအကြိုသင်တန်းများ၊ အထောက်အကူပြုသင်တန်းများစသည့် ဘာသာစကားစွမ်းရည်တိုးတက်ရေးအစီအစဉ်များမှ အကူအညီရယူနိုင်ပါသည်။ အကယ်၍ ကလေးများဂျာမန်ဘာသာစကားသင်ယူရာတွင် နောက်ထပ်အကူအညီများလိုအပ်ပါက အထောက်အကူနှင့်အချက်အလက်ပေးသည့်အကြံပေးစင်တာများလည်းအများအပြားရှိပါသည်။

မိခင်ဘာသာစကားစွမ်းရည်မြှင့်တင်ပေးခြင်း

ကလေးများ၏မိခင်ဘာသာစကားစွမ်းရည်ကို အိမ်တွင်လည်းကောင်း၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း မြှင့်တင်ပေးနိုင်ပါသည်။ မိခင်ဘာသာစကားစွမ်းရည်ကိုမြှင့်တင်ပေးရန်အတွက် မိဘများသည် ကလေးများအား ပုံပြင်/ကဗျာများပုံမှန်ဖတ်ပြခြင်း၊ သီချင်းများသင်ပေးခြင်း၊ ကလေးများနှင့်ကစားခြင်းစသည်တို့ ပြုလုပ်သင့်ပါသည်။ ကလေးများသည်အခြားမိသားစုဝင်များနှင့် တယ်လီဖုန်းမှတစ်ဆင့် (သို့) အင်တာနက်မှတစ်ဆင့် ဖုန်းပြောနိုင်ပါသည်။ အကယ်၍ ဂျာမနီတွင်နေထိုင်သောသင်၏မိခင်နိုင်ငံမှလာသည့်အခြားသောမိသားစုများနှင့်သိကျွမ်းပါက ကလေးများအားအတူတူဆော့ခိုင်းနိုင်ပါသည်။ ဤနည်းဖြင့် မိမိတို့၏မိခင်ဘာသာစကားကို ကလေးများပြောဆိုနိုင်ပါသည်။

ကောင်စစ်ဝန်ရုံးများနှင့်အသင်းအဖွဲ့များစွာတို့သည် ကျောင်းနေအရွယ်ကလေးများအတွက် မိသားစုဘာသာစကားစွမ်းရည်မြှင့်တင်ပေးသည့်အစီအစဉ်များပြုလုပ်ပေးပါသည်။ ယင်းသင်တန်းများတွင် ကလေးများသည် သူတို့၏မိခင်ဘာသာစကားဖြင့် အရေးအဖတ်လေ့ကျင့်ရပြီး၊ သူတို့မိခင်နိုင်ငံ၏လူနေမှုစနစ်နှင့်ဓလေ့ထုံးစံများကိုသင်ယူရပါသည်။ ဂျာမနီရှိ ပြည်နယ်အချို့တွင် ရိုးရိုးကျောင်းများတွင်ပင်လျှင် မိခင်ဘာသာစကားစွမ်းရည်မြှင့်အစီအစဉ်များကိုပြုလုပ်ပေးပါသည်။ ယင်းအစီအစဉ်ကို မိခင်ဘာသာစကားစွမ်းရည်မြင့်မားစေရန် ဖြည့်စွက်သင်ကြားချိန်တစ်ခုအဖြစ်သိထားကြသည်။

အင်တာနက်တွင်လည်း ဘာသာစကားနှင့်ယဥ်ကျေးမှုဆိုင်ရာသီးသန့်ကလပ်အသင်းအဖွဲ့များ၊ ဥပမာအားဖြင့် ကလေးများအတွက်ကစားအဖွဲ့များ၊ အားကစားကလပ်အသင်းများ၊ လူမှုတွေ့ဆုံပွဲများစသည်တို့ရှိပါသည်။ ဤနည်းအားဖြင့် ကလေးများသာမက မိဘများလည်း မိမိတို့၏မိသားစုဘာသာစကား (သို့) မိခင်ဘာသာစကားကို တကယ့်လက်တွေ့ အခြေအနေများတွင်ပြောဆိုအသုံးပြုနိုင်ရန် အခွင့်အရေးရရှိပါသည်။

လက်ဟန်သင်္ကေတပြဗီဒီယို

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့