ကလေးရှိသော မိသားစု

Kinderfahrrad und Schuhe vor einer Wohnungstüre © Goethe-Institut/ Gina Bolle

မိသားစုဘဝ မှာ အလွန် အရေးကြီးပါသည်။ မေတ္တာ၊ ဖေးမမှု နှင့် စည်းလုံးညီညွတ်မှု ကို မိသားစုဘဝမှသာ ပေးပါသည်။ ဂျာမနီတွင် မိသားစုပုံစံ များစွာရှိသည်။ မိသားစုတိုင်းမှာ အသွင်မတူ ကွဲပြားခြားနားတတ်သည်။

Audio-Player: Artikel anhören

Artikel anhören

Leben mit Kindern

မိသားစုဘဝ

အများအားဖြင့် မိဘနှစ်ပါးစလုံးမှ သားသမီးများကို အတူ ပြုစုပျိုးထောင်ပေးကြသည်။ ရံဖန်ရံခါတွင် မိဘတစ်ဦး မှ အလုပ်လျှော့လုပ်၍ ကလေးများကို အချိန်ပိုပေးပါသည်။ ၎င်းမှာ များသောအားဖြင့် အမေ ဖြစ်တတ်သည်။ သို့သော်လည်း ခဏတာ အလုပ်မလုပ်ဘဲ သားသမီးများကို ပြုစုစောင့်ရှောက်သော ဖခင်များလည်း ပိုများလာပါသည်။

အချို့သောမိဘများ မှာ လမ်းခွဲထားသူများလည်း ဖြစ်တတ်သည်။ အများစုမှာ တစ်အိမ်တည်း အတူမနေတော့သော်လည်း ကလေးများ ကို အတူတူ စောင့်ရှောက်လေ့ရှိကြသည်။ မိဘတစ်ဦးတည်းသာရှိသော မိသားစုများလည်း ရှိပါသည်။ ၎င်းကို တစ်ဦးတည်းစောင့်ရှောက်သူမိဘများ ဟု ခေါ်သည်။ ကလေးများတွင် မိခင်နှစ်ဦး သို့မဟုတ် ဖခင် နှစ်ဦး ရှိသည့် သက်တံ့မိသားစုများ (လိင်တူပါတနာရှိသူများကို တင်စားခေါ်ဆိုခြင်း) လည်း ရှိသည်။ မတူညီသော မိဘများမှ မွေးဖွားသည့် ကလေးများ အတူတကွနေထိုင်သည့် အဆင်အသွေးစုံမိသားစုများ လည်းရှိသည်။ ဆွေမျိုးများ သို့မဟုတ် မွေးစားမိဘများက သားသမီးများကို ပြုစုစောင့်ရှောက်သည့် မွေးစားမိသားစုများ ရှိသည်။

ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကလေးရှိသော မိသားစုဘဝမှာ ကိုယ်ဝန်ဆောင်ချိန်တွင် စတင်ပါသည်။ ကိုယ်ဝန်နှင့် ပတ်သက်သည့် မေးခွန်းများရှိပါက ကိုယ်ဝန်ဆောင်အတိုင်ပင်ခံစင်တာ သို့ သွားလို့ရသည်။

ကိုယ်ဝန်ရှိစဉ်တွင် သားဖွားမီးယပ်ဆရာဝန် နှင့် ပုံမှန်ပြသင့်သည်။ ဆရာဝန်မှ သင်၏ မေးခွန်းများကို ဖြေဆိုပေးပြီး၊ ကလေး၏ ကျန်းမာရေးကို စစ်ဆေးပေးမည်ဖြစ်သည်။ သားဖွားဆရာမ ထံတွင်လည်း အလားတူတာဝန်များရှိသည်။ သင့်အား ကိုယ်ဝန်ဆောင်စဉ်ကာလ နှင့် မွေးဖွားပြီးနောက်တွင် အကြံဉာဏ်များပေးကာ ကူညီပေးပါသည်။ မွေးဖွားရာတွင် သားဖွားဆရာမ မှ ကူညီပေးပါမည်။ သင်၏ ဆရာဝန်မှတဆင့် သားဖွားမီးယပ်အထူးကု နှင့်/ သို့မဟုတ် သားဖွားဆရာမ တစ်ဦးကို ရှာဖွေရန် ကူညီပေးနိုင်ပါသည်။ အမျိုးသမီး အများစု မှာ မီးဖွားရန်ပြင်ဆင်မှုသင်တန်း ကို တက်ရောက်တတ်ကြသည်။ ထိုသင်တန်းမှ မီးဖွားခြင်းအတွက် အကြံဉာဏ်များစွာပေးပါမည်။ ထို့ပြင် တခြားကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်လည်း သိကျွမ်းနိုင်ပါသည်။

မီးဖွားခွင့်၊ ကလေးပြုစုရန်ခွင့်ရက်ရှည် နှင့် မိဘထောက်ပံ့ကြေး

အမြဲတမ်းအလုပ်ရှိပါက မီးဖွားခွင့်ကို မမွေးဖွားမီ ယူနိုင်သည်။ မီးဖွားခွင့် အချိန်အတွင်း အလုပ်လုပ်ရန် မလိုအပ်ပါ။ အလုပ်အများစုတွင် မီးဖွားခွင့်မှာ မွေးဖွားရက်မတိုင်မီ ခြောက်ပတ်ဖြစ်သည်။ စုစုပေါင်း မီးဖွားခွင့် မှာ အနည်းဆုံး (၁၄) ပတ် ကြာမြင့်ပါသည်။ ခွင့်သက်တမ်း ထပ်တိုးနိုင်ပါသည်။ မီးဖွားခွင့်အတွင်း အလုပ်ရှင် မှ သင့်ကို အလုပ်ထုတ်ခွင့် မရှိပါ။

မီးဖွားခွင့် ပြီးဆုံးပြီးနောက်၊ ကလေးပြုစုရန်ခွင့်ရက်ရှည် ယူနိုင်သည်။ မိမိအိမ်တွင်နေပြီး မိမိကလေးကို စောင့်ရှောက်နိုင်သည်။ ထိုအချိန်ကာလအတွင်း အလုပ်လုပ်ရန် မလိုအပ်ပါ။ ကလေးပြုစုရန်ခွင့်ရက်ရှည် ကို သုံးနှစ်အထိ ယူနိုင်သည်။ ဥပမာ - ခွင့်ရက်ရှည် ကို တစ်နှစ် သို့မဟုတ် နှစ်နှစ် ယူနိုင်သည်။ ကလေးအသက် (၈) နှစ် အထိ ခွင့်ရက်ရှည် ၏ ကျန်တစိတ်တပိုင်းကို ထပ်ယူနိုင်သည်။ ၎င်းမှာ မိဘတိုင်းအတွက် အကျုံးဝင်ပါသည်။ ခွင့်ရက်ပြီးပါက အလုပ်ပြန်လုပ်၍ ရသည်။

အလုပ် နှင့် မိသားစုဘဝကို ချိန်ညှိရန် အမြဲမလွယ်ကူပါ။ ထို့ကြောင့် ဂျာမနီတွင် မိဘထောက်ပံ့ကြေး စနစ် ရှိပါသည်။ ၎င်းမှာ မိသားစုဘဝ စတင်ကာစ စုံတွဲများကို ထောက်ပံ့ရန် ဒီဇိုင်းထုတ်ထားသည်။ ကလေးပြုစုရန်ခွင့်ရက်ရှည် ၏ ပထမ ဆယ့်နှစ်လအတွက် မိဘထောက်ပံ့ကြေးကို ရရှိပါသည်။ သင်၏အိမ်ထောင်ဖက်မှ ကလေးပြုစုရန်ခွင့်ရက်ရှည် ယူပါက (၁၄) လ ရရှိသည်။ ထပ်ဆင့်ထောက်ပံ့ကြေး လည်း ရှိပါသည်။ ၎င်းကို (၂၄) လအထိ ရရှိသည်။ မိဘထောက်ပံ့ကြေး ပမာဏသည် သင်၏ အသားတင်လစာ ပေါ်တွင် မူတည်သည်။ ထောက်ပံ့ကြေး ကို လျှောက်ထားရမည်ဖြစ်ပြီး၊ အလုပ်မရှိသူများလည်း ရနိုင်သည်။

ကလေးစရိတ်

ကလေးမီးဖွားရန် ငွေများစွာ ကုန်ကျတတ်သည်။ ထို့ကြောင့် ဂျာမနီတွင် မိသားစုများသည် အစိုးရထောက်ပံ့ကြေးများ ရပါသည်။ ကလေးအတွက် ကောင်းမွန်သောဘဝ နှင့် အနာဂတ်ကောင်း ဖန်တီးရန် ကလေးစရိတ် ကို သုံးစွဲနိုင်သည်။ ဖက်ဒရယ်အလုပ်အကိုင်အေဂျင်စီ ထံတွင် ကလေးစရိတ် ကို လျှောက်ထားရမည်။ ကလေး ဆယ့်ရှစ်နှစ်ပြည့်သည်အထိ ကလေးစရိတ်ခံစားခွင့် ရပါသည်။ ဝင်ငွေနည်းပါက အပိုထောက်ပံ့ကြေး ရရှိနိုင်ပါသည်။

ကြိုတင်ကာကွယ်စစ်ဆေးမှုများ

မွေးဖွားလာမည့်ကလေး၏ကျန်းမာရေး မှာ အရေးကြီးပါသည်။ ထို့ကြောင့် ဂျာမနီတွင် ကလေးအထူးကုဆရာဝန် နှင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။ ကြိုတင်စစ်ဆေးမှုများ ဖြင့် ကလေးအထူးကုဆရာဝန် မှ ကလေးကို သေချာစစ်ဆေး ကြည့်ရှုသည်။ ၎င်းစစ်ဆေးမှုများဖြင့် ဖြစ်နိုင်ချေရှိသော ပြဿနာများ နှင့် ရောဂါများကို အစောပိုင်းအဆင့်တွင် ကြိုတင်သိနိုင်ပါသည်။ ဥပမာအားဖြင့် - ကလေးအထူးကုဆရာဝန် မှ သင့်ကလေး၏ ကိုယ်အလေးချိန်နှင့် အရပ်ကို စစ်ဆေးပါမည်။ ဆက်လက်ဖွံ့ဖြိုးမှုရှိသလား စစ်ဆေးပါမည်။ စစ်ဆေးမှုတစ်ခုစီ ကို မှတ်တမ်းတင်ပါမည်။ စစ်ဆေးမှုများမှာ အခမဲ့ဖြစ်သည်။ ထို့ကြောင့် ကြိုတင်စစ်ဆေးမှု ပြုလုပ်ဖို့ မမေ့ရန် အရေးကြီးပါသည်။ ကလေးအထူးကုဆရာဝန်မှ သင့်ကလေး အား ကာကွယ်ဆေးများ လည်း ထိုးပေးပါမည်။

မသန်စွမ်းကလေးများ

သင်၏ကလေး မှာ မသန်စွမ်းကလေး သို့မဟုတ် နာတာရှည်ဖျားနာနေသည့် ကလေးဖြစ်ပါသလား။ “တန်းတူပါဝင်မှု - မသန်စွမ်းသူများနှင့်အတူနေထိုင်ခြင်း“ ကဏ္ဍမှ အချက်အလက်များကို ဖတ်ပါ။

ကလေးထိန်းရှာခြင်း

ဂျာမနီတွင် ကလေးထိန်း ရှာရန် ရွေးချယ်စရာအမျိုးမျိုးရှိသည်။ “ကလေးထိန်းခြင်း“ ကဏ္ဍမှ အချက်အလက်များကို ဖတ်ပါ။

အားလပ်ချိန်

အားလပ်ချိန်တွင် ကလေးများနှင့် အပန်းဖြေလှုပ်ရှားမှုများစွာ လုပ်နိုင်ပါသည်။ ကလေးငယ်များအတွက် ကစားကွင်းများ ရှိသည်။ အနည်းငယ်အသက်ကြီးသောကလေးများမှာ အားကစားကလပ် သို့ သွားနိုင်သည်။ နွေရာသီအတွက် ပြင်ပရေကူးကန်များ နှင့် ဆောင်းရာသီအတွက် အားကစားခန်းမအတွင်း ‌‌‌‌ဟောလ်ရေကူးကန်များရှိသည်။ ကျောင်းပိတ်ရက်များတွင် ကလေးများအတွက် သင့်တော်သော စျေးနှုန်းဖြင့် အားလပ်ရက်အထူးကမ်းလှမ်းမှု များ ရှိပါသည်။ လူငယ်ရေးရာဌာန နှင့် မြို့တော်ခန်းမ တို့တွင် သတင်းအချက်အလတ်များ ရနိုင်ပါသည်။ အသင်းအဖွဲ့များသည် အထူးသဖြင့် ကလေးများအတွက် အပန်းဖြေလှုပ်ရှားမှုများကို ကမ်းလှမ်းထားသည်။ “အားလပ်ချိန်” ကဏ္ဍတွင် နောက်ထပ် အချက်အလက်များ တွေ့နိုင်ပါသည်။

ဂျာမနီတွင် ကလေးများသည် ၎င်းတို့၏သူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံလေ့ရှိကြသည်။ ဥပမာ - တစ်ယောက်အိမ်သို့ တစ်ယောက် လည်ပတ်၍ အတူဆော့ကစားကြသည်။ တခါတရံ အိမ်တွင် အိပ်ရန် ဖိတ်ခေါ်တတ်ပါသည်။ ကလေးအများစု မှာ ၎င်းတို့၏မွေးနေ့ ကို ပါတီတစ်ခုအဖြစ် ကျင်းပကြသည်။ အခြားကလေးများကို ပါတီသို့ ဖိတ်ခေါ်ကြသည်။ အိမ်တွင် ပါတီပွဲ လုပ်လေ့ရှိပြီး ပျော်စရာ ဂိမ်းများ နှင့် မုန့်များ ဧည့်ခံလေ့ရှိသည်။ မိဘများမှဦးစီး၍ အပြင်တွင်ကျင်းပသော ကလေးပါတီများလည်း ရှိပါသည်။

မိသားစုအတွင်း အငြင်းပွားမှုများ၊ အကျပ်အတည်းများ နှင့် အကြမ်းဖက်မှုများ

မိသားစုဘဝမှာ အမြဲတမ်းမလွယ်ကူပါ။ ကလေးရှိပါက အလွန် စိတ်ဖိစီးမှု ရနိုင်ပါသည်။ ကလေးများ လူပျို၊အပျိုဖော်ဝင်စအချိန် မှာလည်း မလွယ်ကူပါ။ မတူကွဲပြားသော အယူအဆများ၊ သဝန်တိုမှုများ သို့မဟုတ် မမျှော်လင့်ထားသော ဘဝအခြေအနေများ သည် မိသားစုအတွင်း ငြင်းခုံမှုများနှင့် အကျပ်အတည်းများ ကို ဖြစ်စေနိုင်သည်။ အကြံဉာဏ်စင်တာများ မှ အတူတကွအဖြေရှာရန် ကူညီပေးနိုင်သည်။

သင်၏မိသားစု အခြေအနေမှာ တကယ်ဆိုးနေပါသလား။ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ ရှိနေပါသလား။ စကားလုံးများမှာလည်း ထိခိုက်နာကျင်စေနိုင်ပါသည်။ ထိုသို့ဆိုပါက အကူအညီ အမြန်ယူသင့်သည်။ အရေးပေါ်နံပါတ်များ နှင့် အကြံဉာဏ်စင်တာ များ ရှိပါသည်။ တွေဝေတွန့်ဆုတ်ရန်မလိုပါ။ အမျိုးသမီးများအတွက် အထူးအကူအညီပေးရေးဌာနများလည်း ရှိပါသည်။

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက