တက္ကသိုလ်ပညာရေး

Hörsaal mit Dozent und Studierenden © Goethe-Institut

ဂျာမနီတက္ကသိုလ်များတွင် ကျောင်းတက်ချင်ပါသလား။ ထို့အတွက် တက္ကသိုလ်ဝင်ခွင့်အရည်အချင်း (HZB) လိုအပ်ပါသည်။ ၎င်းမှာ အထက်တန်း ကျောင်းထွက်လက်မှတ် ဖြစ်ပါသည်။   ၎င်းလတ်မှတ်ဖြင့် ဂျာမန်တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြား နိုင်ပါသည်။ 

ဗီဇာ၊ ဘွဲ့ နှင့် အောင်လက်မှတ်

ဂျာမနီတက္ကသိုလ်များတွင် ကျောင်းတက်ချင်ပါသလား။ ထို့အတွက် တက္ကသိုလ်ဝင်ခွင့်အရည်အချင်း (HZB) လိုအပ်ပါသည်။ ၎င်းမှာ အထက်တန်း ကျောင်းထွက်လက်မှတ် ဖြစ်ပါသည်။ ၎င်းလတ်မှတ်ဖြင့် ဂျာမန်တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြား နိုင်ပါသည်။ အကယ်၍ သင်သည် ဥရောပသမဂ္ဂ (EU) သို့မဟုတ် ဥရောပစီးပွားရေးဇုန် (EWR) နိုင်ငံများမှ မဟုတ်ပါက ဗီဇာ လိုအပ်ပါသည်။ သင့်နိုင်ငံရှိ ဂျာမန်သံရုံး (သို့မဟုတ် ဂျာမန်ကောင်စစ်ဝန်ရုံး) တွင် ဗီဇာလျှောက်ထားနိုင်သည်။ ငွေကြေးခိုင်မာမှုအထောက်အထား လည်း လိုအပ်ပါသည်။ ဆိုလိုသည်မှာ ဂျာမနီတွင် ပညာသင်ကြားနိုင်ရန် ငွေကြေးအလုံအလောက် ရှိကြောင်း သက်သေပြရပါမည်။ ကျန်းမာရေး အာမခံလည်း လိုအပ်ပါသည်။

တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိပြီးသူ ဖြစ်ပါသလား။ အရည်အချင်းပြည့်မီသော ကျွမ်းကျင်ပညာရှင်များအတွက် ဂျာမနီတွင် အခွင့်အလမ်းကောင်းများရှိပါသည်။ သင် ရရှိခဲ့ပြီးသော အောင်လတ်မှတ်များကို သင့်နိုင်ငံတွင် ဘာသာပြန်ပြီး နိုတြီဖြင့် မှန်ကန်ကြောင်း အတည်ပြုပါ။ အလုပ်လုပ်ကိုင်ခွင့် အတွက် ၎င်းလတ်မှတ်များ လိုအပ်ပါမည်။ အလုပ်ရှာဖွေခြင်းစာမျက်နှာတွင် နောက်ထပ်အချက်အလက်များကို ရှာဖွေနိုင်ပါသည်။

တက္ကသိုလ်များ နှင့် တက္ကသိုလ်ဘာသာရပ်များ

ဂျာမနီတွင် အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ် ဟူ၍ အမျိုးမျိုးရှိသည်။ အထက်တန်းအောင်ခြင်း သို့မဟုတ် အခြားသော တက္ကသိုလ်ဝင်ခွင့်အရည်အချင်းဖြင့်၊ တက္ကသိုလ် (Uni) သို့မဟုတ် အသုံးချသိပ္ပံတက္ကသိုလ် (FH) များတွင် လေ့လာသင်ယူနိုင်ပါသည်။ ဘာသာရပ်ကျွမ်းကျင်အထက်တန်းအောင်လတ်မှတ် ဖြင့် အသုံးချသိပ္ပံတက္ကသိုလ်တစ်ခုသို့ သွားနိုင်ပြီး၊ အချို့သောဘာသာရပ်များကိုသာ တက္ကသိုလ်တစ်ခုတွင် သင်ယူနိုင်သည်။ အသုံးချသိပ္ပံတက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားခြင်းသည် များသောအားဖြင့် တက္ကသိုလ်တစ်ခုမှာထက် လက်တွေ့သင်ခန်းစာများ ပိုလုပ်ရပါသည်။

ဂျာမန်တက္ကသိုလ်များတွင် ပုံမှန်အားဖြင့် အောက်ပါဘွဲ့များ ရရှိနိုင်ပါသည်။
  • Bachelor
  • Master
  • ပညာရပ်ဆိုင်ရာဘွဲ့လတ်မှတ်အတွက် ထပ်ဆင့် စစ်ဆေးသည့် ပြည်နယ်စာမေးပွဲများ
ဂျာမနီတွင် သင်ယူနိုင်သည့် ဘာသာရပ်ပေါင်း (၂၀၀၀၀) ခန့် ရှိပြီး၊ ဘာသာရပ်နယ်ပယ်အသီးသီးတွင် လေ့လာနိုင်သည်။ အင်္ဂလိပ်ဘာသာဖြင့်သင်ကြားသော နိုင်ငံတကာ ဘွဲ့အစီအစဉ်များလည်း ရှိသည်။ ဘာသာရပ်တစ်ခု သို့မဟုတ် တက္ကသိုလ်တစ်ခုခုကို သင်ရှာနေပါသလား။ 'Study in Germany' ဝဘ်ဆိုက်ရှိ ဒေတာဘဏ်မှ ရှာဖွေမှုကို ကူညီပေးပါမည်။

တက္ကသိုလ်အများစုတွင် နိုင်ငံတကာဆက်ဆံရေးရုံး (AAA) ရှိပါသည်။ ၎င်းကို International Office ဟု ခေါ်သည်။ ဂျာမနီတွင် ပညာသင်ကြားခြင်းကိစ္စရပ်များအတွက် ၎င်းဌာန၏ဝန်ထမ်းများမှ အကြံပေးနိုင်ပါသည်။

Dual Study program များလည်း ပိုများလာပါသည်။ Dual Study program တစ်ခုတွင် တက္ကသိုလ်ဘွဲ့ နှင့် ကုမ္ပဏီတစ်ခုတွင် လက်တွေ့လုပ်ငန်းအတွေ့အကြုံယူခြင်း တို့ ပါဝင်ပါသည်။ ကုမ္ပဏီမှ လစာလည်း ရရှိပါသည်။

လိုအပ်ချက်များ

Bachelor ဘွဲ့အတွက် အတွက် ပုံမှန်အားဖြင့် အထက်တန်းကျောင်းထွက်လက်မှတ် လိုအပ်သည်။ ၎င်းမှာ အထွေထွေအဆင့်မြင့်ပညာရေးဝင်ခွင့်အရည်အချင်းလက်မှတ် သို့မဟုတ် အသုံးချသိပ္ပံတက္ကသိုလ်များအတွက် ဝင်ခွင့်အရည်အချင်းလက်မှတ်ဖြစ်သည်။ မဟာဘွဲ့ မှာ ပိုမိုမြင့်မားသောဘွဲ့ဖြစ်သည်။ Bachelor ဘွဲ့တစ်ခု ရရှိထားပြီးဖြစ်ပါက မဟာဘွဲ့ကို သင်ယူနိုင်သည်။ ပညာရပ်ဆိုင်ရာဘွဲ့လတ်မှတ်အတွက် ထပ်ဆင့် စစ်ဆေးသည့် ပြည်နယ်စာမေးပွဲများ ကို အချို့သော ဘာသာရပ်များတွင်သာ ပြုလုပ်ရသည်။ ၎င်းဘာသာရပ်များတွင် - ဆေး၊ ဥပဒေ၊ ဆေးဝါးပညာရပ်၊ အစားအသောက်ဓာတုဗေဒ နှင့် အချို့သော ဖက်ဒရယ်ပြည်နယ်များတွင် ဆရာဖြစ်သင်တန်း တို့ ဖြစ်သည်။ ဂျာမနီတွင် ကျောင်းသားများ ပြည်နယ်စာမေးပွဲများ ဖြေရသည်။

နိုင်ငံခြားမှရရှိထားသောဘွဲ့များမှာ သင်ယူလိုသည့် ဘာသာရပ်အတွက် အခြေခံဗဟုသုတ လုံလောက်မှုရှိမရှိ တက္ကသိုလ်များမှ ဆုံးဖြတ်ပေးသည်။ တက္ကသိုလ်များမှ နိုင်ငံတကာဆက်ဆံရေးရုံးကို ဆက်သွယ်ပါ။ ဘယ်မှာ ကျောင်းတက်ချင်သည်ဆိုသည်မှာ မသေချာသေးဘူးလား။ ထိုသို့ဆိုပါက 'uni-assist' ဝန်ဆောင်မှုစင်တာမှ တက္ကသိုလ်များစွာအတွက် သင်၏အောင်လတ်မှတ်များဖြင့် ဂျာမန်တက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနိုင်ခွင့်ရှိမရှိ စစ်ဆေးပေးပါသည်။ သတင်းအချက်အလက်များကို uni-assist.de နှင့် anabin.de တွင် ရရှိနိုင်ပါသည်။ သို့သော် နောက်ဆုံးဆုံးဖြတ်ချက်မှာ တက္ကသိုလ်နှင့်သာ သက်ဆိုင်ပါသည်။

ဂျာမန်တက္ကသိုလ်များ နှင့် အသုံးချသိပ္ပံတက္ကသိုလ်များတွင် ကျောင်းသားများသည် ဂျာမန်ဘာသာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ရပါမည်။ ဂျာမန်ဘာသာစကားသည် သင်၏မိခင်ဘာသာစကားမဟုတ်ပါက၊ ဂျာမန်ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ အထောက်အထားများ လိုအပ်မည်ဖြစ်သည်။ များသောအားဖြင့် တက္ကသိုလ်ဝင်ခွင့်အတွက် ဂျာမန်ဘာသာစကားစာမေးပွဲ (DSH) သို့မဟုတ် TestDaF လိုအပ်မည်ဖြစ်သည်။ သတ်မှတ်ထားသည့် စာမေးပွဲ ပျမ်းမျှအောင်မှတ် ကဲ့သို့သော အခြားလိုအပ်ချက်များလည်း ရှိနိုင်ပါသည်။ အချို့သော ဘာသာရပ်များတွင် နေရာအကန့်အသတ်စနစ် (numerus clausus) ရှိသည်။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာတက္ကသိုလ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အကယ်၍ သင်၏ အထက်တန်းကျောင်းထွက်လက်မှတ်သည် ဂျာမနီတွင် ပညာသင်ကြားရန် မလုံလောက်ပါက၊ ပထမဦးစွာ ဝင်ခွင့်ပြင်ဆင်မှုကောလိပ်သို့ တက်ရောက်ရပါမည်။ ၎င်းအတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရပါမည်။ ဂျာမန်ဘာသာစကားကျွမ်းကျင်အဆင့် B1 ရရှိထားရန် လိုအပ်ပါသည်။ ဝင်ခွင့်ပြင်ဆင်မှုကောလိပ်ပြီးပါက 'အကဲဖြတ်စစ်ဆေးမှုစာမေးပွဲ' ဖြေဆိုရပါမည်။ ဝင်ခွင့်ပြင်ဆင်မှုကောလိပ်သည် များသောအားဖြင့် Semester  (၂) ခု ကြာမြင့်ပြီး တခါတရံ ပိုမြန်တတ်ပါသည်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး၊ Semester ကြေးသာ ပေးဆောင်ရသည်။ 

ကျောင်းလျှောက်လွှာများအတွက် လက်ခံနောက်ဆုံးရက်များ ရှိပါသည်။ ထို့ကြောင့် ဂျာမနီတွင် ပညာသင်ကြားလိုပါက အချိန်မီကြိုတင်၍ အချက်အလက်များ စုသင့်သည်။ 

တက္ကသိုလ်ကျောင်း လုပ်ထုံးလုပ်နည်း နှင့် ကြာချိန်

ဂျာမန်တက္ကသိုလ်တစ်နှစ်တွင် ပုံမှန်အားဖြင့် Semester နှစ်ခုရှိသည်။ ဆောင်းရာသီ နှင့် နွေရာသီ Semester ဖြစ်သည်။ Semester တစ်ခုမှာ နှစ်ဝက် ကြာပါသည်။ ၎င်းအချိန်ထဲတွင် တက္ကသိုလ်စာသင်အားလပ်ရက် (၂) လခွဲ ခန့်ရှိသည်။ များသောအားဖြင့် နွေရာသီအားလပ်ရက်မှာ ပိုရှည်ကြာတတ်သည်။ အားလပ်ရက်အတွင်း ပို့ချချက်များ သို့မဟုတ် ဆွေးနွေးပွဲများ မရှိပါ။ ထို့နောက် စာမေးပွဲများ မကြာခဏ ရှိတတ်ပါသည်။ assignments ရေးခြင်း သို့မဟုတ် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံယူခြင်း ပြုလုပ်ရသည်။ ဆောင်းရာသီ Semester တွင်သာ စတင်သော ဘာသာရပ်များစွာ လည်း ရှိပါသည်။

ဘာသာရပ်တစ်ခုကို ဘွဲ့ရသည်အထိ မည်မျှကြာကြာ တက်ရောက်ရသည်မှာ ကွဲပြားပါသည်။ မည်သည့်ဘာသာရပ်ကိုတက်ရောက်ပြီး၊ စာမေးပွဲများ အောင်မြင်မှုရှိမရှိဆိုသည့် အပေါ်မှာ မူတည်ပါသည်။ Bachelor ဘွဲ့တစ်ခု ရရှိရန် Semester (၆) ခု မှ (၈) ခုထိ ကြာတတ်သည်။ နောက်ထပ် Semester (၂) ခု မှ (၄) ခုထိ ပြီးပြီးနောက် မဟာဘွဲ့တစ်ခု ရနိုင်ပါသည်။ တက္ကသိုလ်ဘာသာရပ်ကို သင်ကြားပြီး ဘွဲ့တစ်ခုရရှိရန် စာတမ်းတစ်ခုရေးရပါသည်။ တခါတရံ လက်တွေ့ဖြေဆိုမှု အပိုင်းလည်း လုပ်ဆောင်ရပါသည်။ ပညာရပ်ဆိုင်ရာ ဘွဲ့လတ်မှတ်အတွက် ထပ်ဆင့် စစ်ဆေးသည့် ပြည်နယ်စာမေးပွဲတစ်ခု ဖြေဆိုရပါက ဘာသာရပ်ပေါ်မူတည်၍အချိန်ပိုကြာတတ်သည်။

ဘာသာရပ်တစ်ခုတွင် သင်ယူရသည့်အကြောင်းအရာပုံစံ အမျိုးမျိုးရှိသည်။ ပုံမှန်အားဖြင့် ပို့ချချက်များ နှင့် ဆွေးနွေးပွဲများ ရှိပါသည်။ များသောအားဖြင့် အခန်းကျယ်ကြီးတစ်ခုတွင် ပို့ချချက်များကို ကျောင်းသားများစွာ အတူတကွ နားထောင်ရသည်။ ဆရာမှ အကြောင်းအရာတစ်ခုကို ရှင်းလင်းပြပြီး၊ ကျောင်းသားများမှ နားထောင်၍ မှတ်သားကြသည်။ ဆွေးနွေးပွဲတစ်ခုတွင်မူ ယေဘူယျအားဖြင့် ကျောင်းသားဦးရေနည်းပါးတတ်ပြီး ပို့ချချက်ထက် အပြန်အလှန်အကျိုးသက်ရောက်မှု ပိုရှိပါသည်။

ကုန်ကျစရိတ်များ

ကျောင်းလခများသည် ဖက်ဒရယ်ပြည်နယ်ပေါ် တွင် မူတည်ပါသည်။ အစိုးရတက္ကသိုလ်များတွင် ရိုးရိုးဘွဲ့ နှင့် မဟာဘွဲ့များမှာ အခမဲ့ဖြစ်သည်။ Semester တစ်ခုချင်းစီ အတွက် Semester ကြေး ပေးဆောင်ရမည် ဖြစ်ပါသည်။ ၎င်းမှာ ရုံးလုပ်ငန်းကြေး၊ ကျောင်းသားသမဂ္ဂကြေး နှင့် Semester လတ်မှတ်ကြေးတို့ဖြစ်သည်။ Semester လတ်မှတ်ဖြင့် အများပြည်သူသုံးယာဥ်ရထား၊ကားစီးခွင့် ရှိပါသည်။ ပုဂ္ဂလိကတက္ကသိုလ်များတွင် ကုန်ကျစရိတ်ပိုများတတ်သည်။

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက