ဘဏ္ဍာရေး နှင့် အခွန်ဆောင်ခြင်း

geöffnete Geldbörse auf einem Tisch © Goethe-Institut/ Gina Bolle

အကယ်၍ သင်သည် ဂျာမနီတွင် နေထိုင်ပြီး အလုပ်လုပ်ပါက ဘဏ်အကောင့်တစ်ခု လိုအပ်ပါသည်။ အလုပ်ရှင် မှ သင်၏လစာကို ဘဏ်အကောင့်သို့ လွှဲပေးမည်။ အိမ်ငှားခ နှင့် ဘေလ်များ ကို ဘဏ်အကောင့်ဖြင့် ပေးဆောင်ရပါသည်။ ATM စက်များမှ ငွေထုတ်ယူနိုင်ပါသည်။

Audio-Player: Artikel anhören

Artikel anhören

Finanzen und Steuern

ဘဏ်အကောင့်

ဘဏ် နှင့် ငွေစုဘဏ် အမျိုးမျိုးရှိသည်။ အချို့ဘဏ်များတွင် ဘဏ်ခွဲများ ရှိသည်။ ဘဏ်ဝန်ထမ်းများထံတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ တိုက်ရိုက်ဘဏ်များလည်း ရှိသည်။ ၎င်းတို့ကို အင်တာနက်ဖြင့် အွန်လိုင်းသာ သုံးစွဲနိုင်သည်။ ဘဏ်အကောင့်တစ်ခုအတွက် ထိန်းသိမ်းခ ပေးဆောင်ရတတ်သည်။ ကျောင်းသားကျောင်းသူများ အတွက်မူ ရံဖန်ရံခါ အခမဲ့ဖြစ်သည်။

ဘဏ် သို့မဟုတ် ငွေစုဘဏ် မှ သင်၏အကောင့်ထဲတွင် ရှိသော ငွေပမာဏပေါ် မူတည်၍ ဘဏ်ဘက်မှ အတိုးပေးသည်။ Giro အကောင့် ထဲမှ ငွေအတွက်မူ အတိုးပမာဏ အနည်းငယ်သာ ရရှိမည်ဖြစ်သည်။ ငွေစုလိုပါက ရေတိုငွေစုအကောင့် ဒါမှမဟုတ် ရေရှည်ငွေစုအကောင့် ဖွင့်နိုင်သည်။ ထို့အကောင့်များတွင်မူ Giro အကောင့်ထက် အနည်းငယ်ပို၍ အတိုးရရှိပါမည်။

အကောင့်ဖွင့်ခြင်း

ဘဏ်အကောင့်ဖွင့်လိုပါသလား။ အကောင့်အမျိုးအစား အမျိုးမျိုးရှိသည်။ ပုံမှန်ဘဏ်အကောင့်ကို Giro အကောင့် ဟုခေါ်သည်။ တစ်ခါတစ်ရံ ဘဏ်မှ ဥပမာ-အကောင့်ထဲတွင် ငွေအနည်းငယ်သာ ထည့်ထားမည်ဆိုပါက Giro အကောင့် ကို ဖွင့်မပေးလိုပါ။ ထိုသို့ဆိုပါက အခြေခံအကောင့်တစ်ခု ကို သင့်အတွက် ဘဏ်မှ ဖွင့်ပေးရမည်။ ထိုအကောင့်ဖြင့် အရေးကြီးသောပေးချေမှုများ လုပ်ဆောင်နိုင်သည်။ ငွေလွှဲခြင်း၊ ကတ်ဖြင့်ပေးချေခြင်း၊ ငွေသွင်းခြင်း နှင့် ငွေထုတ်ယူခြင်းတို့ ဖြစ်သည်။ ၎င်းသည် များသောအားဖြင့် ငွေသိမ်းအကောင့်တစ်ခု ဖြစ်သည်။ အကောင့်ထဲ ရှိသလောက်သာ သုံး၍ရပါသည်။

အကယ်၍ ငွေပိုသုံးစွဲခွင့်ရှိသော အကောင့်တစ်ခု ရှိလျှင် သင်၏အကောင့်ထဲတွင် ငွေမရှိတော့သော်လည်း ငွေထုတ်ယူနိုင်သည်။ ဘဏ်ဘက်မှ သင့်အား ပမာဏတစ်ခုအထိ ငွေ ချေးယူသုံးစွဲခွင့် ပေးမည်ဖြစ်သည်။ သို့သော် ဤငွေပမာဏကို ဘဏ်သို့ပြန်ဆပ်ရုံသာမက၊ အတိုးလည်းပေးရသည်။ အတိုးနှုန်းလည်း အလွန် မြင့်တတ်ပါသည်။ ။

အကောင့်ဖွင့်လိုပါက ဘဏ်ခွဲတစ်ခုသို့ သွား၍ ဖွင့်နိုင်သည်။ ဘဏ် သို့မဟုတ် ငွေစုဘဏ်မှ သင်၏အထောက်အထားကို ဦးစွာစစ်ဆေးပါသည်။ သင်၏ မှတ်ပုံတင်အထောက်အထား သို့မဟုတ် နိုင်ငံကူးလက်မှတ် ကို ပြသရပါမည်။

ဘဏ်များစွာတွင် အကောင့်ဖွင့်ခြင်းကို အွန်လိုင်း သို့မဟုတ် စာတိုက်မှတဆင့် ဆောင်ရွက်နိုင်သည်။ ၎င်းအတွက် Postident လုပ်ထုံးလုပ်နည်းကို အသုံးပြုနိုင်သည်။ ဘဏ် သို့မဟုတ် ငွေစုဘဏ်မှ စာရွက်စာတမ်းများကို သင့်ထံ ဦးစွာလက်ခံရပါရှိမည်။ ထိုစာရွက်စာတမ်းများ၊ မှတ်ပုံတင်အထောက်အထား သို့မဟုတ် နိုင်ငံကူးလက်မှတ် များဖြင့် စာတိုက်ကိုသွားပါ။ အထောက်အထားများကို ထိုနေရာတွင်ပြ၍ မှတ်ပုံတင်နိုင်သည်။ တခါတရံတွင် အကောင့်ဖွင့်ရန် သင်၏နေထိုင်ခွင့်စာရင်းသွင်းထားသည့် စာရွက်လည်း လိုအပ်ပါသည်။

အွန်လိုင်းဘဏ်များ

ဘဏ်နှင့်ဆောင်ရွက်ရမည့် ကိစ္စများစွာကို အင်တာနက်မှတဆင့် ဆောင်ရွက်နိုင်သည်။ ၎င်းကို အွန်လိုင်းဘဏ်လုပ်ငန်း ဟု ခေါ်သည်။ လူအနည်းစုသာ ဘဏ်ခွဲသို့ လူကိုယ်တိုင်သွားဆဲဖြစ်ပါသည်။ ။ အများစုမှာ ၎င်းတို့၏ဖုန်းထဲမှ အက်ပ်တခုကို သုံးတတ်ကြသည်။ အကောင့်ဖွင့်ရာတွင် အွန်လိုင်း သို့မဟုတ် ပြည်တွင်းသုံး ဘဏ်အကောင့် ကို ဖွင့်လိုကြောင်း ပြောပါ။ ထိုသို့ပြောပါက ငွေလွှဲပြောင်းမှုများကို လျင်မြန်လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ ဥပမာ၊ ဘေလ်ပေးဆောင်လိုသည့် ကိစ္စများတွင် ဖြစ်သည်။ လိုအပ်သည်မှာ အကောင့်အချက်အလက်များဖြစ်သည့် ငွေလက်ခံမည့်သူ၊ IBAN စသည်တို့ဖြစ်သည်။ ပုံမှန်ငွေလွှဲမှုများ ဥပမာ အိမ်ငှားခအတွက် ဆိုပါက အလိုအလျောက်ပေးချေမှု ကို အဆင်သင့်ဆောင်ရွက်ရန် လုပ်နိုင်သည်။

SEPA ငွေပေးချေမှုလုပ်ငန်းများကို ဥရောပနိုင်ငံအများစုတွင် (၂၀၁၄) ခုနှစ်မှ စတင်လုပ်ဆောင်လာခဲ့သည်။ ၎င်းစနစ်ဖြင့် ယူရို ငွေလွှဲရန် လွယ်ကူစေသည်။ သင်၏ IBAN နှင့် BIC သာ လိုပါသည်။ ၎င်းမှာ ဂဏန်းများ နှင့် စာလုံးများ ဖြစ်သည်။ ဥပမာအနေဖြင့် သင်၏ဘဏ်ကတ်တွင် IBAN နှင့် BIC ကို ရှာကြည့်နိုင်သည်။

အင်တာနက်တွင် ဈေးဝယ်ရသည် ကို နှစ်သက်ပါသလား။ ၎င်းအတွက် ငွေပေးချေရန် နည်းလမ်းအမျိုးမျိုးရှိပါသည်- ငွေတောင်းခံလွှာကို လက်ခံရရှိပြီးမှ ငွေလွှဲနိုင်သည်။ ဒက်ဘစ် သို့မဟုတ် ခရက်ဒစ်ကတ်ဖြင့် ငွေပေးချေနိုင်သည်။ PayPal သို့မဟုတ် Klarna ကဲ့သို့သော ကြားခံငွေပေးချေမှု ဝန်ဆောင်မှုများလည်း ရှိပါသည်။ ဂျာမနီတွင်နေထိုင်သူ အများစုတွင် PayPal အကောင့်ရှိသည်။ ၎င်းဖြင့် သူငယ်ချင်းများ နှင့် အသိမိတ်ဆွေများထံ ငွေပို့ရန် လွယ်ကူစေသည်။

ငွေသားကတ်များ

မတူညီသော ငွေသားကတ်များ ရှိသည် - Giro ကတ်၊ အကြွေးဝယ်ကတ် သို့မဟုတ် ဒက်ဘစ်ကတ် (ဥပမာ- MasterCard, Visa)။ Giro ကတ်သည် ယခင်က EC ကတ်ဖြစ်သည်။ ထိုစကားလုံးကို လူအများစု သုံးစွဲနေကြဆဲ ဖြစ်သည်။ ကတ်များအတွက် ကုန်ကျစရိတ်များသည် ဘဏ်တစ်ခုနှင့်တစ်ခု ကွဲပြားပါသည်။ ၎င်းတို့ထဲမှ တစ်ခုသည် များသောအားဖြင့် အခမဲ့ဖြစ်သည်။ ဘဏ် သို့မဟုတ် ငွေစုဘဏ်မှ ဘဏ်ကတ်ကို သင့်ထံ စာတိုက်မှ ပို့ပေးပါသည်။ ကတ်ကို လက်မှတ်ထိုး၍ ရွေးယူရပါသည်။ ရက်အနည်းငယ်ကြာပြီးနောက်၊ စာတိုက်မှတဆင့် သင့်ကတ်အတွက် ပင်နံပါတ်ကို ရရှိပါမည်။ PIN နံပါတ် ကို အမြဲမှတ်မိရပါမည်။

သင်၏ဘဏ်ကတ်၊ ဒက်ဘစ်ကတ် သို့မဟုတ် အကြွေးဝယ်ကတ်ဖြင့် ATM စက်များအားလုံးမှ ငွေထုတ်ယူနိုင်ပါသည်။ ထို့အတွက် အမြဲတမ်း PIN နံပါတ် လိုအပ်ပါသည်။ အချို့သောဘဏ်များနှင့် ATM စက်များတွင် အခကြေးငွေ ပေးရတတ်ပါသည်။ အချို့မှာ အခမဲ့ဖြစ်သည်။ တခါတရံ စူပါမားကက်ရှိ ငွေထုတ်စက်မှ ငွေထုတ်၍ရပါသည်။

စတိုးဆိုင်များနှင့် စားသောက်ဆိုင်များတွင် ငွေပေးချေရန် Giro ကတ် ကို အသုံးပြုနိုင်သည်။ ကိစ္စအများစုအတွက် ဒက်ဘစ်ကတ် သို့မဟုတ် အကြွေးဝယ်ကတ် ကိုလည်း အသုံးပြုနိုင်သည်။ မှတ်ချက် - ဂျာမနီတွင် နေရာတိုင်း၌ ကတ်ဖြင့်ပေးချေ၍မရပါ။ တခါတရံ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ သို့မဟုတ် စတိုးဆိုင်ငယ်များတွင် ငွေသားကိုသာ လက်ခံပါသည်။

သင်၏ ဘဏ်ကတ် ပျောက်ဆုံးသွားပါသလား သို့မဟုတ် ခိုးယူခံရပါသလား။ ထိုသို့ဆိုပါက ကတ်ကို တတ်နိုင်သမျှ မြန်မြန်ပိတ်ပါ။ ဘဏ်ကတ်ပိတ်ပေးရန် အရေးပေါ်နံပါတ် ၁၁၆၁၁၆ သို့ ခေါ်ဆိုပါ။

လစာ နှင့် နေထိုင်စားသောက်စရိတ်

အလုပ်ရှင် မှ သင့်အား လစာပေးသည်။ အများအားဖြင့် တစ်နှစ်စာမူရင်းလစာ ကို သဘောတူလေ့ရှိသည်။ သို့သော် ဤငွေသည် သင်၏အကောင့်ထဲသို့ ဝင်သောငွေမဟုတ်ပါ။ လူမှုဖူလုံရေးအာမခံအတွက် ကျသင့်ငွေကို ထိုလစာထဲမှ နုတ်ယူသည်။ သင်၏လစာထဲမှ နိုင်ငံတော်အတွက် ဝင်ငွေခွန်ကိုလည်း ဆောင်ရသည်။ ကျန်ငွေမှာ အသားတင်လစာ ဖြစ်သည်။ ၎င်းလစာကို အလုပ်ရှင်မှ သင်၏ အကောင့်သို့ လစဉ် လွှဲပြောင်းပေးပါသည်။ နေထိုင်မှုစရိတ်အတွက် ငွေအလုံအလောက်ရှိကြောင်း သေချာစစ်ပါ။ အိမ်ငှားခ၊ စားစရိတ်၊ အားလပ်ချိန်အတွက် ကုန်ကျစရိတ် နှင့် အခြားအရာများစွာအတွက် ငွေလိုအပ်သည်။ သက်ဆိုင်ရာအချက်အလက်များကို “အာမခံများ” နှင့် “အလုပ်ခန့်ခြင်း” ကဏ္ဍတို့တွင် ဖတ်ရှုပါ။

ငွေကြေးအထောက်အပံ့

မိသားစုများ၊ ဝင်ငွေနည်းသူများ နှင့် မသန်စွမ်းသူများ အတွက် နိုင်ငံတော်မှ ငွေကြေးထောက်ပံ့ပါသည်။ အချက်အလက်များကို "ကလေးရှိသောမိသားစု" နှင့် "မသန်စွမ်းသူဖြင့်နေထိုင်ခြင်း" ကဏ္ဍများတွင် ဖတ်ရှုနိုင်သည်။

အခွန်ဆောင်ခြင်း

ဂျာမဏီ တွင် အခွန်ဆောင်ရသည့်တာဝန်ရှိသည်။ အလုပ်လုပ်သူတိုင်း ဝင်ငွေခွန်ပေးဆောင်ရသည်။ ၎င်းမှာ လုပ်ခလစာခွန်ဖြစ်သည်။ အခွန်ရုံးမှ အခွန်နံပါတ်တစ်ခု နှင့် ဗဟိုအခွန်ရုံးမှ အခွန် ID တစ်ခုကို ရရှိပါမည်။ နံပါတ်မှာ ဂဏန်း (၁၁) လုံးဖြစ်သည်။ အီလက်ထရွန်နစ် ၀င်ငွေခွန်ကတ် (ELStAM) လည်း ရှိရသည်။ ၎င်းနံပါတ်မှတဆင့် အခွန်ရုံးမှ သင့်အလုပ်ရှင်ထံ တိုက်ရိုက်ဆက်သွယ်သည်။

ဝန်ထမ်းဖြစ်ပါသလားး။ ထိုသို့ဆိုပါက အလုပ်ရှင်မှ သင်၏ဝင်ငွေခွန်ကို အခွန်ရုံးသို့ လွှဲပေးပါမည်။ သင့်ဘက်မှ ဘာမှလုပ်စရာမလိုအပ်ပါ။ ကိုယ်ပိုင်ကုမ္ပဏီ ရှိပါသလား။ ကိုယ်ပိုင်အလုပ်လုပ်သူများမှာလည်း ဝင်ငွေခွန် ပေးဆောင်ရပါသည်။ ၎င်းမှာ အနည်းငယ်ပို၍ ရှုပ်ထွေးပါသည်။ ကိုယ်ပိုင်အလုပ်လုပ်သူများမှာ အခွန်ရုံးသို့ ကြိုတင်အခွန်ငွေပေးရပါသည်။ နှစ်စဉ်နှစ်တိုင်း အခွန်ရှင်းတမ်း လုပ်ရသည်။ ထို့နောက် အခွန်ကြွေးကျန်ပါက ထပ်မံပေးချေရသည် သို့မဟုတ် ကြိုတင်ပေးထားငွေ ပြန်ရပါသည်။

ဝင်ငွေခွန်ပမာဏသည် သင့်လစာပေါ်မူတည်ပါသည်။ ဝင်ငွေများပါက အခွန်ငွေပိုဆောင်ရပြီး၊ ဝင်ငွေနည်းပါက အခွန်ငွေ နည်းသည်။ အခွန်အမျိုးအစားအုပ်စု သည်လည်း အရေးကြီးပါသည်။ ဥပမာအားဖြင့် သင်သည် အိမ်ထောင်သည် သို့မဟုတ် ကလေးရှိပါက အခွန် လျှော့ပေးရသည်။

ခရစ်ယာန်ဘာသာရေးကျောင်း၏အသင်းဝင်ဖြစ်ပါက အသင်းတော်အခွန်ကိုလည်း ပေးဆောင်ရပါသည်။ ကုမ္ပဏီများမှာ မြို့တော် သို့မဟုတ် စည်ပင်သာယာရေး သို့ ကုန်သွယ်ခွန် ပေးဆောင်ကြပါသည်။

ဝန်ထမ်းများလည်း နှစ်စဉ် ဝင်ငွေခွန်ရှင်းတမ်း တင်ပြ၍ ရပါသည်။ ရရှိထားသောဝင်ငွေ မည်မျှရှိသည်ကို အခွန်ရုံးကိုပြောရသည်။ နေထိုင်မှုစရိတ် မည်မျှရှိသည်ကိုလည်း ပြောရသည်။ အခွန်ရှင်းတမ်းပြုလုပ်ပြီးနောက် အခွန်ရုံးမှ ငွေပြန်ရလေ့ရှိသည်။ အခွန်ရှင်းတမ်း ကို မိမိဘာသာ လုပ်နိုင်သည်။ ဥပမာ ELSTER ပေါ်တယ်တွင် ဖြစ်သည်။ အခွန်အကြံပေးကျွမ်းကျင်သူ ထံမှ အကူအညီကိုလည်း ရယူနိုင်သည်။ သို့သော် ၎င်းအတွက် အခကြေးငွေ ကုန်ကျပါသည်။

အာမခံများ

ဂျာမနီတွင်အာမခံအမျိုးအစားများစွာရှိသည်။ အချို့မှာ မထားမနေရဖြစ်ပြီး အချို့မှာ ဆန္ဒအလျောက်ဖြစ်သည်။ အရေးကြီးသောအာမခံတစ်ခုမှာ ပင်စင်အာမခံဖြစ်သည်။ သက်ကြီးရွယ်အိုများတွင် ငွေအလုံအလောက်ရှိစေရန် အတွက် ဥပဒေအရထားရသည့် ပင်စင်အာမခံ ရှိပါသည်။ သို့သော်၊ ၎င်းအာမခံမှာ အများအားဖြင့် မလုံလောက်ပါ။ ထို့ကြောင့် ပုဂ္ဂလိကပင်စင်အာမခံထားခြင်းမှာ အဓိပ္ပါယ်ရှိသည်။ ထိုအကြောင်းကို ကျွန်ုပ်တို့၏ သတင်းအချက်အလက်စာမျက်မှာ “အာမခံများ” ကဏ္ဍတွင် ဖတ်ရှုပါ။

အရေးကြီးစာရွက်စာတမ်းများ

သင်၏ ဘဏ္ဍာရေးဆိုင်ရာ အရေးကြီးစာရွက်စာတမ်းများကို လုံခြုံသောနေရာတွင် ထားပါ။ လူမှုဖူလုံရေးကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် ကဲ့သို့သော သင်၏အထောက်အထား နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကိုလည်း အလားတူပင် လုံခြုံသောနေရာတွင် ထားပါ။ သင်၏မွေးစာရင်း သို့မဟုတ် လက်ထပ်စာချုပ် ကဲ့သို့သော ကိုယ်ရေးကိုယ်တာဆိုင်ရာ စာရွက်စာတမ်းများကိုလည်း လုံခြုံအောင်သိမ်းဆည်းပါ။ ကျောင်းထွက်လတ်မှတ်များ နှင့် အလုပ်ထောက်ခံစာများကို လည်း လုံခြုံသောနေရာတွင် သိမ်းဆည်းထားသင့်သည်။

မေးလေ့ရှိသောမေးခွန်းများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက