လုပ်ငန်းတာ၀န်နှင့်ရည်ရွယ်ချက်များ

ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၏ ကမ္ဘာနှင့်အဝှမ်းလုပ်ဆောင်နေသော ယဉ်ကျေးမှုအဖွဲ့အစည်းအနေနှင့် ဂျာမနီ၊ ဥရောပနှင့်ကမ္ဘာအကြား နားလည်မှုကိုမြှင့်တင်ရန်ကတိကဝတ်ပြုပါသည်။ ထို့အတွက်အခြေခံမူဝါဒများကို နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် သဘောတူညီမှုပြုလုပ်ထားပါသည်။ ဥရောပနှင့်ဂျာမနီ၏ ယဉ်ကျေးမှုအရရော လူမှုအသိုင်းအဝိုင်းအရပါ အမျိုးမျိုးအထွေထွေကွဲပြားမှုများကို ကမ္ဘာတဝှမ်းသို့ ကျွန်ုပ်တို့က သတင်းစကားပါးသည်။ နိုင်ငံပေါင်း (၉၈) နိုင်ငံမှ Goethe-Institut (၁၅၁) ခုတို့က များစွာသောမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ကျွန်ုပ်တို့၏ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကိုဖွဲ့စည်းထားပါသည်။ ကျွန်ုပ်တို့၏အလုပ်များကို နိုင်ငံခြားရေးဝန်ကြီးရုံးက အဖွဲ့အစည်းဆိုင်ရာထောက်ပံ့ကူညီပေးပါသည်။ တရားဝင်စာရင်းသွင်းထားသည့်အဖွဲ့အစည်းတစ်ရပ်အနေနှင့် ကျွန်ုပ်တို့သည် ကိုယ်ပိုင်တာဝန်ယူမှုဖြင့်လုပ်ဆောင်ပြီး ပါတီနိုင်ငံရေးကင်းရှင်းကာ ဥပဒေအရလွတ်လပ်သောအဖွဲ့အစည်းဖြစ်သည်။ ကျွန်ုပ်တို့အသုံးစရိတ်၏ သုံးပုံတစ်ပုံခန့်ကို ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများကို လုပ်ဆောင်ခြင်းမှ ကိုယ်တိုင်အမြတ်အစွန်းရရှိခြင်းဖြစ်သည်။ ထို့အပြင် ဥရောပသမဂ္ဂ၊ အခြားသောပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့်ပြည်ပမှဖောင်ဒေးရှင်းနှင့်ကုမ္ပဏီအဖွဲ့အစည်းများကလည်း ကျွန်ုပ်တို့အားထောက်ပံ့ပေးပါသည်။

အိမ်ရှင်နိုင်ငံ၏ပညာရေးစနစ်တွင် ဂျာမန်ဘာသာစကားကိုအခြေပြုသင်ကြားရန်ကိုလည်း ကူညီပံ့ပိုးပေးပါသည်။ ကမ္ဘာတဝှမ်းလုံးရှိ ကျောင်းပေါင်း ၁၀၀၀၀၀ ကျော်ကို အရည်အသွေးမြင့်မားသော ဂျာမန်ဘာသာစကားသင်ခန်းစာများပို့ချနိုင်ရန် ကူညီထောက်ပံ့ပေးထားပြီး ဂျာမန်ဘာသာစကားသင်ကြားသူများ၏အရည်အသွေးနှင့် အရည်အချင်းမြှင့်တင်သည့်သင်တန်းများကိုလည်းပံ့ပိုးပေးထားပါသည်။ ထို့အပြင် ဘာသာစကားသင်တန်းများကို ပုံမှန်ဂျာမန်ဘာသာစကားသင်တန်းများအပြင် လုပ်ငန်းခွင်ကြိုတင်ပြင်ဆင်မှု ဘာသာစကားသင်တန်းများမှသည် လူမှုအသိုင်းအဝိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများအထိ ဖွင့်လှစ်ပေးထားပါသည်။ ကျွန်ုပ်တို့၏သင်တန်းများတွင် အွန်လိုင်းသင်တန်းများနှင့်ကိုယ်တိုင်သင်ယူမှုအစီအစဉ်များလည်း တစ်စိတ်တစ်ပိုင်းပါရှိပါသည်။ နှစ်စဉ် ကမ္ဘာတဝှမ်းမှ လူပေါင်းသန်းတစ်ဝက်ကျော်က Goethe-Institut သို့မဟုတ် ကျွန်ုပ်တို့၏ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖွဲ့အစည်းများတွင် ဂျာမန်ဘာသာစကားစာမေးပွဲကိုဖြေဆိုကြသည်။ အထူးသဖြင့် နိုင်ငံပြင်ပမှ ပညာသင်ကျောင်းသား၊ ကျောင်းသူများနှင့်ကျွမ်းကျင်ပညာရှင်များအတွက် သူတို့၏ဂျာမနီသို့လာရာလမ်းကြောင်းကို မြောက်များစွာသော သင်ကြားရေးနှင့်သတင်းအချက်အလက်ဝန်ဆောင်မှုများဖြင့် ထောက်ပံ့ပေးထားသည်။

နိုင်ငံတကာယဉ်ကျေးမှုဖလှယ်မှုများ၏ဖြစ်နိုင်ချေကို ကျွန်ုပ်တို့ယုံကြည်ပါသည်။ အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အိမ်ရှင်နိုင်ငံမှလူမှုအဖွဲ့အစည်းလှုပ်ရှားမှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုဖြင့် တစ်နှစ်လျှင် ယဉ်ကျေးမှုပွဲအခမ်းအနားပေါင်း ၂၀၀၀၀ ကို အကောင်ထည်ဖော်ဆောင်ရွက်ကြပါသည်။ ကျွန်ုပ်တို့က ဖန်တီးတီထွင်သူကျွမ်းကျင်ပညာရှင်များကို ချိတ်ဆက်ပေးသည်၊ အကြံပေးသည်၊ အခွင့်အလမ်းရရှိစေပြီး ယဉ်ကျေးမှုဆိုင်ရာစွန့်ဦးတီထွင်သူများအတွက် သင်တန်းများပေးခြင်းဖြင့်လည်းကောင်း၊ တီထွင်ဖန်တီးမှုအဖွဲ့အစည်းများကို နိုင်ငံတကာကိုဝင်ဆံ့စေရာ၌လည်ကောင်း၊ ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှုနယ်ပယ်ရှိ ရေရှည်တည်တံ့ခိုင်မြဲသော ဖွဲ့စည်းပုံ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးပါသည်။ ကျွန်ုပ်တို့၏ ခေတ္တနေထိုင်ရေးအစီအစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပူးပေါင်းထုတ်လုပ်မှုများဖြင့်လည်း ယဉ်ကျေးမှုဆိုင်ရာဖန်တီးသူများ၏ ကမ္ဘာလုံးဆိုင်ရာဆက်သွယ်မှုကွန်ရက်ကိုလည်း ထောက်ပံ့ပေးပါသည်။ လူမှုအသိုင်းအဝိုင်းတက်ကြွလှုပ်ရှားသူများကိုလည်း ပွင့်လင်းမြင်သာသည့် အတွေးအမြင်များဖလှယ်မှုဖြစ်ပေါ်နိုင်စေရန် ကာကွယ်ပေးထားသည့် လွတ်လပ်သောနေရာများအဖြစ်လည်း ကမ်းလှမ်းပေးပါသည်။ ခက်ခဲသောအချိန်များတွင်ပင်လျှင် ကျွန်ုပ်တို့က ဒီမိုကရေစီပြောဆိုဆွေးနွေးမှုများကို စိတ်ပျက်စေမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာများတွင် ဒီမိုကရေစီကျကျ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖြစ်သည့် လူမှုအသိုင်းအဝိုင်းဥပဒေအပေါ် တန်ဖိုးထားမှုများကို အလေးပေးထားပါသည်။

ကျွန်ုပ်တို့၏ဒစ်ဂျစ်တယ်သတင်းအချက်အလက်များနှင့် ဘာသာစကားပေါင်း (၆၀) ကျော်ဖြင့်သင်ယူရန်ဝန်ဆောင်မှုများဖြင့် စာကြည့်တိုက်ပေါင်း (၈၇) ခုနှင့်ကွန်ရက်ချိတ်ဆက်ပြီး သင်ယူရန်၊ တွေ့ဆုံရန်နှင့်ပါဝင်လုပ်ဆောင်နိုင်ရန် နေရာကို ကျွန်ုပ်တို့ကကမ်းလှမ်းပါသည်။ ကျွန်ုပ်တို့က ဆန်းသစ်တီထွင်အားကောင်းသောနည်းပညာကိုအသုံးပြုကာ ဒစ်ဂျစ်တယ်ပြောင်းလဲလာမှု၏အခွင့်အလမ်းကိုဖမ်းဆုပ်ပြီး လူနှင့်လူ့အဖွဲ့အစည်းအပေါ် ၎င်းတို့၏သက်ရောက်မှုများကို ညီတူညီမျှ ပြန်လည်ဆင်ခြင်သုံးသပ်ပါသည်။ အမျိုးမျိုးအထွေထွေသော သတင်းအချက်အလက်ခရီးစဉ်များ၊ ကျွမ်းကျင်ပညာရှင်များအကြား ပညာရပ်ဆိုင်ရာဆွေးနွေးဖလှယ်မှုများ၊ လူငယ်များအတွက်ဖလှယ်မှုအစီအစဉ်များနှင့် နိုင်ငံတကာပွဲတော်များကဲ့သို့သော အမျိုးမျိုးသောလုပ်ဆောင်မှုပုံစံများဖြင့် ကမ္ဘာနှင့်အဝှမ်းတွေ့ဆုံမှုကို ကျွန်ုပ်တို့ကဖြစ်မြောက်အောင်ပံ့ပိုးဆောင်ရွက်ပေးပါသည်။

Die Goethe Villa bei der Eröffnung Foto: Goethe-Institut Myanmar / Imelda Taurina Mandala

မြန်မာနိုင်ငံရှိ Goethe-Institut

မြန်မာနိုင်ငံအတွက် ယဥ်ကျေးမှုအစီအစဥ်၏အဓိကအချက်များမှာ မြန်မာနှင့်ဂျာမန်အနုပညာရှင်များအကြားဆုံစည်းတွေ့ဆုံခြင်း၊ ဂျာမနီနိုင်ငံ၏မျက်မှောက်ခေတ်ယဥ်ကျေးမှုကို တင်ဆက်ပြသခြင်း၊ ယဥ်ကျေးမှုနှင့် အသိပညာ၊ အတတ်ပညာနယ်ပယ်များတွင် ဂျာမန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ကူညီပံ့ပိုးခြင်းများဖြစ်ပါသည်။ ထို့အပြင် Goethe-Institut အနေနှင့် ပုဂ္ဂလိက ဂီတကျောင်းတစ်ကျောင်းဖြစ်သော ဂီတမိတ်၊ ရန်ကုန်ရုပ်ရှင်ကျောင်း (Yangon Film School) နှင့် ရန်ကုန်မြို့ရှိ ပြင်သစ်ယဥ်ကျေးမှုဌာနများနှင့်အတူ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
 
(၂၀၁၃) ခုနှစ် ဩဂုတ်လမှစတင်ပြီး၊ ရန်ကုန်မြို့ရှိ Goethe-Institut အနေနှင့် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်ခဲ့ပြီး စာမေးပွဲများလည်းစစ်ဆေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဂျာမန်ဘာသာစကားကိုပံ့ပိုးအားပေးကူညီခြင်း၊ ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်အသီးသီး၏ ဂျာမန်ဘာသာဌာနမှ ဆရာ၊ ဆရာမများကို အရည်အသွေးမြှင့်တင်အားပေးကူညီခြင်းများသည် Goethe-Institut ၏အရေးကြီးသောတာ၀န်တစ်ခုပင်ဖြစ်ပါသည်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက