Myanmar Photo Archive

Collaboration with Myanmar Photo Archive ©Goethe-Institut Myanmar

Myanmar Photo Archive နှင့် Goethe-Institut Myanmar တို့သည် မြန်မာ့ဓာတ်ပုံသမိုင်းကြောင်းကို ပိုမိုကျယ်ပြန့်စွာသိရှိစေနိုင်မည့် စီမံကိန်းကို ပူးပေါင်းဆောင်ရွက်မည်အကြောင်း ၀မ်းမြောက်စွာ ကြေညာအပ်ပါသည်။ လာမည့်နှစ်နှစ်အတွင်းတွင် Myanmar Photo Archive နှင့် Goethe-Institut Myanmar မှ အနုပညာရှင်များ၊ စာရေးဆရာများနှင့် ပညာရှင်များအား မော်ကွန်းတိုက်တွင်စုဆောင်းထားသည့် ဓါတ်ပုံများကို အနုပညာလက်ရာအသစ်များအဖြစ် ပြန်လည်ဖန်တီးနိုင်မည့် အစီအစဉ်များလည်းပါ၀င်ပါသည်။ ယခုအစီအစဉ်တွင် ပုဂ္ဂလိကရုပ်ပုံများကို အဓိပ္ပါယ်ဖော်နိုင်ရန် အနုပညာရှင်များအတွက်လမ်းညွှန်ပံပိုးပေးမည့် အစီအစဉ်များ (Incubations)၊ ပြပွဲများနှင့် ဒီဂျစ်တယ်ဓါတ်ပုံများအဖြစ်ပြောင်းလဲခြင်း အစရှိသည်တို့ကိုလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Myanmar Photo Archive သည် ၂၀၁၃ ခုနှစ်မှစတင်ပြီး ဓာတ်ပုံများကို စုဆောင်းခဲ့သည်။ ၄င်းသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဓာတ်ပုံများကိုစုစည်းထားသည့် မော်ကွန်းတိုက်တစ်ခုဖြစ်သည်။ မော်ကွန်းတိုက်သည် ဓာတ်ပုံနှင့်ဖန်တီးထားသောအနုပညာများနှင့် ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ဖန်တီးနိုင်ရန်နှင့် မော်ကွန်းအတွင်းရှိ ပစ္စည်းများအတွက် သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပါသည်။  ထိန်းသိမ်းထားသည့်ပုံများထဲမှ အစောဆုံးပုံများသည် ၁၈၉၀ ခုနှစ်မှ ယခုဆယ်စုနှစ်အထိ အပိုင်းအခြားဖြစ်ပြီး ရုပ်ပုံများနှင့် ဓာတ်ပုံနဂတစ် သုံးသောင်းကျော်ကိုလည်း ထိန်းသိမ်းထားသည်။ ၂၀၁၈ ခုနှစ်တွင် Goethe-Institut Myanmar မှ ပံ့ပိုးကူညီမှုဖြင့် ပြပွဲနှင့်အတူ လူကြိုက်များသော Burmese Photographers စာအုပ်ကို ထုတ်လုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် Goethe-Institut Myanmar မှ ပံ့ပိုးကူညီမှုဖြင့် ပါ၀င်သည့် ပြပွဲနှင့်အတူ လူကြိုက်များသော Burmese Photographers စာအုပ်ကို ထုတ်လုပ်ခဲ့ပါသည်။ ထိုစာအုပ် အပါအဝင် မော်ကွန်းတိုက်ရှိဓါတ်ပုံများကို အနုပညာလက်ရာဖန်တီးပြီး စာအုပ်အဖြစ် စုစုပေါင်း (၆) အုပ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်များသည်ပွဲတော်များနှင့် ပြိုင်ပွဲများတွင် ဆုရွေးချယ်စာရင်း၀င်ပြီး ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ဖြန့်ချီနိုင်ခဲ့သည်။ Myanmar Photo Archive သည် ရန်ကုန်မြို့တွင် Goethe-Institut Myanmar နှင့် တွဲဖက်၍ ဓာတ်ပုံစာအုပ်များဖန်တီးသည့် အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံတွင်း အခြေအနေအရပ်ရပ်များ နှင့် ကမ္ဘာကပ်ရောဂါဖြစ်ပွားမှုများကြောင့် Myanmar Photo Archive ကို ရပ်နားထားခဲ့ရသော်လည်း ယခုအခါတွင် အစီအစဥ်များကို ပြန်လည်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။ Goethe-Institut Myanmar ၏ အထူးထောက်ပံ့ကူညီမှုဖြင့် Myanmar Photo Archive သည် တဖန်အသက်ဝင်လာပြီဖြစ်ပြီး မြန်မာ့သမိုင်းကြောင်းဆိုင်ရာ ဓာတ်ပုံမော်ကွန်းအား ပိုမိုကျယ်ပြန့်လာစေနိုင်မည့် ရေရှည်စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။ Goethe-Institute Myanmar နှင့် Myanmar Photo Archive တို့ ၏ ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်တွင် ယဥ်ကျေးမှုသမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာများ နှင့် ဓာတ်ပုံမော်ကွန်းတွင် စုဆောင်းထားသည့် ဓာတ်ပုံများ ကိုသုံး၍ အနုပညာများ တဆင့်ပြန်လည်ဖန်တီးခြင်းကို စိတ်ဝင်စားကြသော နိုင်ငံတကာ နှင့် ပြည်တွင်းမှ အနုပညာရှင်များ၊ စာရေးဆရာများ၊ ပညာရှင်များ နှင့် ပူးပေါင်း၍ အမျိုးမျိုး သော လူမှုဝန်းကျင် ရှိ အမြင်ဆိုင်ရာ အနုပညာလက်ရာများကို တိုးချဲ့စုဆောင်းနိုင်ရန် လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါသည်။

Goethe-Institut Myanmar နှင့် Myanmar Photo Archive တို့ကြား ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်း၏ရည်ရွယ်ချက်မှာ ထိန်းသိမ်းထားသည့် ဓါတ်ပုံများကို လူအများ၀င်ရောက်ကြည့်ရူလေ့လာနိုင်ရန်၊ နိုင်ငံတကာမှ မြန်မာ့သမိုင်းကို အခြားသောရှု့ထောင့်များမှ စိတ်၀င်စားလာစေရန်နှင့် ကျယ်ပြန့်စွာသိမြင်လာစေရန် ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်များကို ပြည့်မှီနိုင်ရန်အတွက် အနုပညာရှင်များအတွက်လမ်းညွှန်ပံပိုးပေးမည့် အစီအစဉ်များ (Incubations)၊ ဒီဂျစ်တယ်ဓါတ်ပုံများအဖြစ်ပြောင်းလဲခြင်း၊ တမူထူးခြားသည့် စာအုပ်ပုံစံများစီစဉ်ထုတ်ဝေခြင်း၊ အသစ်ဖန်တီးထားသောအနုပညာလက်ရာများဖြင့် ပြပွဲများစသည်တို့ကို ပြုလုပ်ဖန်တီးသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်များကိုမြန်မာနိုင်ငံတွင်ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့သမိုင်းကြောင်းကို ကျယ်ပြန့်စွာသိရှိလာစေရန် နိုင်ငံတကာပုံနှိပ်တိုက်များနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

အခမဲ့ ဓါတ်ပုံဒီဂျစ်တယ်ပြောင်း သင်တန်း ©Goethe-Institut Myanmar

အခမဲ့ ဓါတ်ပုံဒီဂျစ်တယ်ပြောင်း သင်တန်း

ရုံးပိတ်ရက်တွင်ပြုလုပ်မည့် ဓါတ်ပုံဒီဂျစ်တယ်ပြောင်းခြင်း သင်တန်းမှတဆင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းလိုက်ပါ။
 
Myanmar Photo Archive နှင့် Goethe-Institut Myanmar မှ နှစ်ရက်ကြာ ပြုလုပ်မည့် သင်တန်းမှာ အွန်လိုင်းမှ တဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသား ၂၀ လက်ခံသွားမှာဖြစ်ပါတယ်။ သင်တန်းအတွင်းတွင် သမိုင်းဓါတ်ပုံများနှင့် ဓါတ်ပုံပစ္စည်းများကို လေ့လာရမှာဖြစ်ပြီး ဓါတ်ပုံများ၊ ဖလင် နက်ဂေးတစ်များနှင့် ဓါတ်ပုံပစ္စည်းများအား ကိုင်တွယ်ခြင်း၊ ဒီဂျစ်တယ်ပြုလုပ်ခြင်းကဲ့သို့သော အတတ်ပညာများကို မြန်မာ့ဓါတ်ပုံမော်ကွန်းမှ ဆွေးနွေးမျှဝေပေးသွားမည်ဖြစ်ပါသည်။ စမတ်ဖုန်း သို့မဟုတ် ကင်မရာဖြင့် ဒီဂျစ်တယ်ပြောင်းနည်း၊ စကင်ဖတ်စက် အသုံးပြုနည်း၊ ဖလင် နက်ဂေးတစ်များအား ဒီဂျစ်တယ်ပြုလုပ်နည်း တို့ကိုသိရှိနိုင်မှာဖြစ်ပြီး မိမိဒေသရှိ အဖိုးတန် ဓါတ်ပုံအမွေအနှစ်များကို လက်လှမ်းမှီသလောက် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။


Rethink Recap © Goethe-Institut Myanmar

ပြန်လည်ခံစားတင်ပြခြင်း
Rethink - ပြန်တွေးမြင်ကြည့်အနုပညာပြပွဲ

မြန်မာ့ဓာတ်ပုံမော်ကွန်းမှ Goethe-Institut Myanmar ပြပွဲခန်းမတွင် ဇန်နဝါရီလ ၁၅ ရက်မှ ၃၀ ရက်ထိပြုလုပ်ခဲ့သော Rethink - ပြန်တွေးမြင်ကြည့်အနုပညာပြပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ ဤပြပွဲတွင် မြန်မာ့ဓာတ်ပုံမော်ကွန်း ၏ OPEN CALL အစီအစဥ်မှထွက်ပေါ်လာသည့်အနုပညာလက်ရာများကို အများပြည်သူသို့တင်ဆက်ချပြသည့် ပထမဆုံး မြန်မာ့ဓာတ်ပုံမော်ကွန်း၏ပြပွဲလည်းဖြစ်ပါသည်။ ပန်းချီအနုပညာများ၊ ဓာတ်ပုံစီးရီးများ၊ collage စီးရီးများ၊ ရုပ်ရှင်အတိုများ ပြပွဲတွင်ပါဝင်ပြသခဲ့သလို Open call တွင်ပါဝင်ခဲ့ကြသည့် စာရေးသူများ၊ သုတေသနပညာရှင်များ၏လက်ရာများကို သတင်းစာကဲ့သို့ဖန်တီး၍ ပြန်လည်စုစည်းဖော်ပြပေးခဲ့ပါသည်။ 

ထိုအပြင် စနေနေ့တိုင်းတွင် ထူးထူးခြားခြားပြောစကားအစီအစဥ် ထည့်သွင်းကျင်းပခဲ့ပြီး Open call တွင်ပါဝင်ခဲ့သည့် စာရေးသူမင်းချစ်ပိုင်နှင့်ဥာဏ်ရဲရင့်ဝင်းတို့မှ သူတို့ရေးသားခဲ့သည့်လက်ရာများနှင့်ပတ်သက်ပြီး ဝေမျှခဲ့ကြသလို အထူးဖိတ်ကြားထားသူများဖြစ်သည့် Save Myanmar Film နှင့် Frederick Lee (Taiki) တို့မှလည်း မြန်မာ့ရုပ်ရှင်ဟောင်းများ အား ထိန်းသိမ်းကြပုံအကြောင်း နှင့် ဖလင်ဓာတ်ပုံရိုက်ကူးခြင်းအကြောင်းတို့ကို ဗဟုသုတရဖွယ် မျှဝေပေးခဲ့ကြပါသည်။ 

ပြပွဲကျင်းပသည့် ရက်သတ္တပတ် နှစ်ပတ်တာအတွင်း မိမိတို့၏ ဓာတ်ပုံဟောင်းများ၊​ ပို့စ်ကဒ်များ စသည်တို့ကို ဒစ်ဂျစ်တယ် ဓာတ်ပုံများအဖြစ်ပြောင်းလဲပေးသည့် ဒစ်ဂျစ်တယ်စတေရှင်ကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်း၏ Rethink-ပြန်တွေးမြင်ကြည့် ပြပွဲသို့ နေ့စဥ်လာရောက်သူ ၄၀ ဝန်းကျင်ခန့်ရှိသလို၊ ထူးထူးခြားခြားပြောစကား အစီအစဥ်တွင် တက်ရောက်သူ ၁၀၀ ကျော်နှင့်  ပြပွဲ​၏ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သူပေါင်း ၃၀၀ နီးပါးရှိခဲ့ပါသည်။ ပြပွဲသို့ လာရောက်အားပေးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ပါသည်။


Incubator Program ©Goethe-Institut Myanmar

Myanmar Photo Archive
Incubator Program

မြန်မာ့ဓာတ်ပုံမော်ကွန်းနဲ့ Goethe-Institut Myanmar မှ ပြုလုပ်မယ့် Incubator အစီစဥ်အကြောင်းပြောပြချင်ပါတယ်။ မြန်မာနိုင်ငံရဲ့အနုပညာနဲ့ဖန်တီးမှုအသိုက်အဝန်းအတွင်းက လိုအပ်ချက်တွေအကြောင်းဆွေးနွေးဖို့နဲ့ ပူပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးတိုင်ပင်ကြဖို့ မြန်မာနိုင်ငံတွင်းက အမြင်ဆိုင်ရာအနုပညာရှင်တွေ၊ အနုပညာပြခန်းပိုင်ရှင်တွေ၊ curator တွေနဲ့ အနုပညာအဖွဲ့စည်းတွေကို ဖိတ်ခေါ်လိုပါတယ်။

ဒီ incubator အစီအစဉ်ကို မြန်မာနိုင်ငံက တခြားဒေသတွေမှာလည်း ပြုလုပ်သွားဖို့ အစီအစဥ်ရှိပြီး incubator အစီအစဥ်ကတဆင့် အနုပညာရှင်တွေ၊ အနုပညာနဲ့ယဥ်ကျေးမှုအဝန်းအဝိုင်းအတွက်အကျိုးဖြစ်စေမယ့် အနုပညာပြပွဲတွေ၊ ထုတ်ဝေမှုတွေ၊ အွန်လိုင်းပလက်ဖောင်းတွေနဲ့ အခြားအကျိူးထွန်းဖြစ်စေမယ့် အစီအစဉ်တွေကို အတူတကွ စဉ်းစားသွားကြဖို့ဖြစ်ပါတယ်။

MPA ရဲ့ဓာတ်ပုံဟောင်းတွေကို အခြေခံပြီး အနုပညာလက်ရာတွေဖန်တီးနိုင်ဖို့ ပံ့ပိုးပေးခဲ့သည့်အစီအစဉ်မှ ရရှိတဲ့ လက်ရာတွေကို မျှဝေပေးရင်း ပိုမိုကောင်းမွန်တဲ့ အစီအစဥ်တွေလုပ်ဆောင်နိုင်ဖို့အတွက် ယခု incubator အစီအစဥ်ကို ပြုလုပ်ရန်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
 


Meet the MPA ©Goethe-Institut Myanmar

Wrap up
Meet the MPA

စနေနေ့မှာပြုလုပ်ခဲ့တဲ့ “Meet the Myanmar Photo Archive” စကားဝိုင်းက မြန်မာ့ဓာတ်ပုံမော်ကွန်းရဲ့ သုံးနှစ်အတွင်း ပထမဆုံးပြန်လုပ်ဖြစ်တဲ့ပွဲ ဖြစ်ပါတယ်။ Goethe-Institut Myanmar ရဲ့ ပံ့ပိုးမှုများအတွက်လဲ အထူးကျေးဇူးတင်ရှိပါတယ်။ စကားဝိုင်းမှာ မြန်မာ့ဓာတ်ပုံမော်ကွန်းရဲ့ ၁၀ နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေပြောရင်း မြန်မာနိုင်ငံရဲ့ ဓာတ်ပုံသမိုင်းကြောင်းကို ပြောဖြစ်ခဲ့ကြပါတယ်။

ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး အနုပညာလက်ရာ ဖန်တီးရတဲ့ Open Call အစီစဥ်က အနုပညာလက်ရာတွေကိုလည်း ပြသခဲ့ပြီးတော့ စုဆောင်းထားတဲ့ ဓာတ်ပုံတွေ၊ စာအုပ်တွေအကြောင်းပြောကြရင်း စကားဝိုင်းလေး ပြီးဆုံးခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့ လူ ၉၀ ကျော်နှင့် စိတ်ဝင်စားခဲ့တဲ့တစ်ယောက်စီချင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။


MPA OPEN CALL ©Goethe-Institut/ Myanmar Photo Archive

အနုပညာရှင်၊အတတ်ပညာရှင်များအားဖိတ်ခေါ်ခြင်း
မြန်မာ့သမိုင်းအားအမြင်သစ်ဖြင့်ပုံဖော်ခြင်း

၂၀၂၃ တွင် Goethe-Institut Myanmar နှင့်မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) တို့မှ အကောင်အထည်ဖော်ဆောင်မည့်အစီအစဉ်တွင်ပါဝင်ရန် သင့်အားဖိတ်ခေါ်လိုပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) တွင်စုဆောင်းထားရှိသည့်ဓာတ်ပုံများအားသုံး၍ ထပ်ဆင့်ဖန်တီးမှုများပြုလုပ်နိုင်မည့် အနုပညာရှင်၊ အတတ်ပညာရှင်များအတွက် ထောက်ပံ့ကြေး (၄၅) မျိုးပေးသွားမည်ဖြစ်ပါသည်။ ဤအဆိုပြုလွှာခေါ်ယူခြင်းကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်မှ စတင်ပြီး ဇွန်လ ၃၀ ရက်နေ့ထိ ခေါ်ယူသွားဖြစ်သည်။ အသေးစိတ်အချက်အလက်များကိုဖတ်ရှုရန် လင့်ခ်ကိုနှိပ်ပါ။

Grant Awardee Announcement
 


  • Burmese Photographers ©Goethe-Institut Myanmar

    Burmese Photographers

  • Exhibitions & Workshops ©Goethe-Institut Myanmar

    Exhibitions & Workshops

  • More to come ©Goethe-Institut Myanmar

    More to come