Logo Goethe-Institut

မြန်မာ

Open Call
အုပ်စု (၅) သင်တန်းအစီအစဉ်

AoC Cohort 5 Open Call © Goethe-Institut Myanmar

Academy of Care (AoC) သင်တန်းအစီအစဉ်သည် လူတစ်ဦးတစ်ယောက်ချင်းစီနှင့် လူမှုအသိုက်အဝန်း၏ လူမှုစိတ်ပိုင်းဆိုင်ရာ ကိုယ်စိတ်ကျန်းမာ‌ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် ဖန်တီးမှုအနုပညာအခြေပြု ချဉ်းကပ်နည်းများကို အသုံးပြုပြီး သင်တန်းသားများ၏ အသိပညာနှင့် ကျွမ်းကျင်မှုများကို တိုးမြှင့်ပေးရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်ပါသည်။ သင်တန်းချိန်များ၊ လက်တွေ့လေ့ကျင့်မှုများနှင့် ပြန်လည်သုံးသပ်သည့် သင်ယူမှုလုပ်ငန်းစဉ်များမှတစ်ဆင့် သင်တန်းသားများသည် အနုပညာ၊ ဂီတနှင့် ဒရမ်မာဖြင့် ကုသခြင်းဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုများကို ရရှိမည်ဖြစ်ပြီး သင်တန်းပြီးမြောက်သည့်နောက် မိမိတို့၏ လူမှုအသိုက်အဝန်းတွင် လူမှုရပ်ရွာအခြေပြု စီမံကိန်းများကို စတင်ဆောင်ရွက်နိုင်ရန် ကနဦး ရန်ပုံငွေထောက်ပံ့မှု (seed funding) နှင့် အနီးကပ်ကြီးကြပ် အကြံပေးမှုများဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ပြည်တွင်း ကျွမ်းကျင်သူများက ဦးဆောင်မည်ဖြစ်ပြီး AoC သည် စာနာနားလည်မှုကို မြှင့်တင်ခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးခြင်းဖြင့် လူမှုအခြေပြု လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို ခိုင်မာအားကောင်းစေရန် ရည်ရွယ်ပါသည်။ ယခုအခါ AoC သည် ရန်ကုန်မြို့တွင် ပြုလုပ်မည့် ၆ လကြာ လူကိုယ်တိုင် တက်ရောက်ရမည့် သင်တန်းအစီအစဉ်တွင် ပါဝင်ရန် မြန်မာနိုင်ငံတစ်ဝှမ်းမှ စိတ်အားထက်သန်သော သင်တန်းသား ၃၀ ဦးကို ရှာဖွေလျက်ရှိပါသည်။

မည်သူမဆို လျှောက်ထားနိုင်ပါသည် (ကျား/ မ/ မတူကွဲပြားသူများ)

ကျွန်ုပ်တို့၏ လျှောက်လွှာခေါ်ယူမှုသည် မည်သူမဆို ပါဝင်နိုင်ခွင့်ကို မြှင့်တင်ပေးပြီး ခွဲခြားဆက်ဆံမှု ပုံစံအားလုံးကို ဆန့်ကျင်ပါသည်။ လိင်အမျိုးအစား၊ တိုင်းရင်းသား သို့မဟုတ် ဘာသာရေး အယူအဆနှင့် မသန်စွမ်းမှု မခွဲခြားဘဲ မည်သည့် လျှောက်ထားသူကိုမဆို လျှောက်ထားရန် တိုက်တွန်းပါသည်၊၊ အခက်အခဲမရှိ ပါဝင်နိုင်ရေး လိုအပ်ချက်များအတွက်လည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးပါမည်။ ရန်ကုန်မြို့ပြင်ပတွင် နေထိုင်သူများ၊ အထူးသဖြင့် သင်ယူမှုရင်းမြစ်များနှင့် စွမ်းဆောင်ရည် မြှင့်တင်မှု အကန့်အသတ်ရှိသော ဒေသများတွင် နေထိုင်သူများကို လျှောက်ထားရန် တိုက်တွန်းပါသည်။

ကျွန်ုပ်တို့သည် သင်တန်းအစီအစဉ်တွင် စိတ်ပါဝင်စားစွာ ပါဝင်လိုသူ၊ အသိပညာနှင့် ကျွမ်းကျင်မှုအသစ်များကို ရယူလိုသူ၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်း နယ်ပယ်များတွင် မိမိတို့၏ ကျွမ်းကျင်မှုများကို ပြန်လည်မျှဝေပေးလိုသော လျှောက်ထားသူများကို ရှာဖွေနေပါသည်။ သင့်တော်သော သင်တန်းသားများသည် မိမိတို့၏ လုပ်ငန်းခွင် ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သော သက်ရောက်မှုများ ဖန်တီးလိုသူ၊ လူမှုရပ်ရွာအခြေပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူနှင့် မတူကွဲပြားသော လူမှုယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များကို နက်နက်နဲနဲ နားလည်သူများ ဖြစ်သင့်ပါသည်။ ၎င်းတို့သည် တစ်ဦးချင်းဖြစ်စေ၊ ပူးပေါင်း၍ဖြစ်စေ ကူညီပံ့ပိုးပေးရန် ပြင်းပြသော စိတ်အားထက်သန်မှုရှိပြီး မိမိတို့ကိုယ်ကို လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်သူများ ဖြစ်ရပါမည်။ ဤသင်တန်းသည် သင်ယူရရှိထားသော အတွေ့အကြုံများနှင့် အသိပညာများကို အသုံးချ၍ မိမိတို့၏ လူမှုအသိုက်အဝန်းတွင် အကူအညီလိုအပ်သူများကို ကူညီပံ့ပိုးလိုသူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ လျှောက်ထားသူသည် အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြုလုပ်မည့် သင်တန်းအစီအစဉ်တစ်ခုလုံးသို့ လူကိုယ်တိုင် တက်ရောက်နိုင်သူ ဖြစ်ရပါမည်။

ပါဝင်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်

သင်တန်းသားများသည် သင်တန်းအစီအစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်၊ ဖန်တီးမှုအနုပညာအခြေပြု ပံ့ပိုးကူညီမှုများကို ပိုမိုနားလည်သဘောပေါက်ရန်နှင့် ရရှိလာသော အသိပညာနှင့် ကျွမ်းကျင်မှုများကို မိမိတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုအသိုက်အဝန်းများ သို့မဟုတ် လုပ်ငန်းခွင် နယ်ပယ်များတွင် ပြန်လည်အသုံးချရန် မျှော်လင့်ပါသည်။

သင်တန်းကာလ

သင်တန်းကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ ဇူလိုင်လ ၂၃ ရက်အထိ (ဧပြီလတွင် ၃ ပတ် နားပါမည်) ကျင်းပမည်ဖြစ်ပြီး သင်တန်းစီစဉ်သူများ သတ်မှတ်ထားသည့် သင်တန်းချိန်များ၊ လက်တွေ့လေ့ကျင့်မှုများ၊ ပြန်လည်သုံးသပ်ချက်များနှင့် အခြားသင်ယူမှု လုပ်ငန်းစဉ်များ ပါဝင်မည်ဖြစ်ပါသည်။

လျှောက်ထားမှု စံချိန်စံညွှန်းများ

  • စိတ်ကျန်းမာရေး၊ စိတ်ပညာ၊ စိတ်ကျန်းမာရေးဆေးပညာ၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု သို့မဟုတ် ဆက်စပ်နယ်ပယ်များတွင် အနည်းဆုံး ၂ နှစ် အတွေ့အကြုံရှိပြီး ၎င်းအတွေ့အကြုံကို ပညာရေး၊ အသက်မွေးဝမ်းကျောင်း အလုပ် သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုများဖြင့် သက်သေပြနိုင်သူများ လျှောက်ထားရန် တိုက်တွန်းပါသည်။ ဤအတွေ့အကြုံတွင် စေတနာ့ဝန်ထမ်း လုပ်ဆောင်ချက်များ၊ လူထုပါဝင်ဆောင်ရွက်မှုများ၊ ပညာသင်ယူမှုများနှင့် လက်တွေ့အတွေ့အကြုံများ (အထူးသဖြင့် စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဆိုင်ရာ နယ်ပယ်များ) ပါဝင်ရပါမည်။
  • ဖန်တီးမှု နယ်ပယ်များဖြစ်သော အနုပညာ၊ ဒရမ်မာ၊ အက သို့မဟုတ် ဖျော်ဖြေတင်ဆက်မှု နှင့်/သို့မဟုတ် ဂီတဆိုင်ရာ နောက်ခံ သို့မဟုတ် အတွေ့အကြုံများရှိပါက ပိုမိုကောင်းမွန်ပါသည်။
  • ပဋိပက္ခဖြစ်ပွားရာ ဒေသများအပါအဝင် ထိခိုက်လွယ်သော အခြေအနေများတွင် ရှိနေသော လူမှုအသိုက်အဝန်းများနှင့် လက်တွဲလုပ်ကိုင်နေပြီး မတူကွဲပြားသော အုပ်စုများကို ပံ့ပိုးပေးနေသူများကို အထူးဦးစားပေး ရှာဖွေလျက်ရှိပါသည်။ ၎င်းတွင် လူမှုအသိပညာပေးခြင်း၊ လူထုအခြေပြု လုပ်ငန်းများ သို့မဟုတ် စေတနာ့ဝန်ထမ်း လုပ်ငန်းများတွင် ပါဝင်နေသူများ သို့မဟုတ် ဤနယ်ပယ်များတွင် လေ့လာသင်ယူနေသူ/အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေသူများ ပါဝင်ပါသည်။
  • ထို့အပြင် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ သို့မဟုတ် စိတ်ဒဏ်ရာများကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရပြီး အဖိုးတန် အသိအမြင်များ၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် မိမိတို့အတွေ့အကြုံများကို သင်တန်းပေးသူများအဖြစ် ပြန်လည်မျှဝေလိုသော စိတ်အားထက်သန်မှုရှိသည့် "ကိုယ်တွေ့အတွေ့အကြုံရှိ ကျွမ်းကျင်သူများ" ၏ လျှောက်လွှာများကိုလည်း ကြိုဆိုပါသည်။ လျှောက်လွှာတွင် ကိုယ်ရေးကိုယ်တာ ကျန်းမာရေး သို့မဟုတ် စိတ်ဒဏ်ရာဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဖော်ပြရန် မလိုပါ။

ကျေးဇူးပြု၍ သတိပြုရန် -
Academy of Care သည် ကိုယ်ပိုင်စိတ်ကျန်းမာရေး စောင့်ရှောက်မှု ရှာဖွေနေသူများအတွက် မဟုတ်ဘဲ စိတ်ဒဏ်ရာ၊ စိတ်ကျန်းမာရေး စိန်ခေါ်မှုများနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ကြုံတွေ့နေရသောသူများနှင့် လူမှုအသိုက်အဝန်းများကို မည်သို့ ထိရောက်စွာ ပံ့ပိုးပေးရမည်ကို လေ့လာသင်ယူလိုသူများအတွက် ရည်ရွယ်ပါသည်။ ဤ ၆ လကြာ သင်တန်းအစီအစဉ်သည် သင်တန်းသားအချို့ကို ကူညီရန် ပညာသင်ဆုများ ပေးအပ်မည် ဖြစ်ပါသည်။ လျှောက်ထားသူ အားလုံး ပညာသင်ဆု ရရှိမည် မဟုတ်ဘဲ လျှောက်ထားမှု စံချိန်စံညွှန်းများအပေါ် မူတည်၍ ရွေးချယ်ခံရသူများကိုသာ ပေးအပ်မည်ဖြစ်ကြောင်း သတိပြုပါရန်။

Academy of Care (AoC) ပညာသင်ဆု အခွင့်အလမ်းများ

Academy of Care (AoC) သည် ဘဏ္ဍာရေး အခက်အခဲရှိသူများ ဤသင်တန်းတွင် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဤရည်ရွယ်ချက်ကို အထောက်အကူပြုရန် ကျွန်ုပ်တို့သည် ပညာသင်ဆု အမျိုးအစား ၂ မျိုး ပေးအပ်ပါသည် -
  • အပြည့်အဝ ပညာသင်ဆု (Full Scholarships) - ရန်ကုန်မြို့ပြင်ပတွင် နေထိုင်သော လျှောက်ထားသူများအတွက်သာ သီးသန့် ရည်ရွယ်ပါသည်။ နေရပ်ဝေးကွာခြင်းက သင်တန်းပါဝင်မှုအတွက် အတားအဆီး မဖြစ်စေရန် နေထိုင်စရိတ်၊ သွားလာစရိတ် နှင့် လစဉ်စရိတ် (အကန့်အသတ်ဖြင့်) ထောက်ပံ့ကြေး ပေးအပ်မည် ဖြစ်ပါသည်။
  • တစ်စိတ်တစ်ပိုင်း ပညာသင်ဆု (Partial Scholarships) - ရန်ကုန်မြို့တွင် နေထိုင်သော လျှောက်ထားသူများအတွက် လိုအပ်ချက်ပေါ်မူတည်၍ ပေးအပ်သော အခွင့်အလမ်းဖြစ်ပါသည်။ ရရှိသူတစ်ဦးစီသည် သွားလာစရိတ်များအတွက် ဘဏ္ဍာရေး အထောက်အပံ့ ရရှိမည် ဖြစ်ပါသည်။
ပညာသင်ဆုများကို ဘဏ္ဍာရေး လိုအပ်ချက်အပေါ်တွင်သာ အမှန်တကယ် မူတည်၍ ပေးအပ်ခြင်း ဖြစ်ပါသည်။ လစာရရှိနေသော ဝန်ထမ်းများသည် ယေဘုယျအားဖြင့် လျှောက်ထားခွင့် မရှိပါ။ လစာပါ သို့မဟုတ် လစာမဲ့ ခွင့်ယူထားသူများသည် အလုပ်ရှင်၏ သဘောတူညီချက်ကို ရယူရမည်ဖြစ်ပြီး ထောက်ခံစာ တင်ပြရမည်။ လစာမဲ့ ခွင့်ယူထားသူများကို အစိတ်အပိုင်းလိုက် ပညာသင်ဆုအတွက် ထည့်သွင်းစဉ်းစားနိုင်ပါသည်။

ပညာသင်ဆု ပမာဏ အကန့်အသတ်ရှိသဖြင့် လျှောက်ထားသူများသည် မိမိတို့၏ ဘဏ္ဍာရေး အခက်အခဲ လိုအပ်ချက်ကို ရှင်းလင်းစွာ ဖော်ပြရမည်ဖြစ်ပြီး ပညာသင်ဆုက မိမိတို့ ပါဝင်မှုအတွက် မည်သို့ အထောက်အကူပြုမည်ကို ရှင်းပြရမည်။

လျှောက်လွှာ လိုအပ်ချက်များ

ကျေးဇူးပြု၍ လျှောက်လွှာတင်သွင်းရန် ပေးထားသော လျှောက်လွှာပုံစံကို အောက်ပါလင့်ခ်တွင် ဖြည့်စွက်ပါ။
လျှောက်လွှာခေါ်ယူမှုနှင့် ပတ်သက်၍ မေးခွန်းများရှိပါက သို့မဟုတ် လျှောက်ထားရန် အဆင်ပြေသည့် နည်းလမ်း လိုအပ်ပါက academyofcare.yangon@goethe.de သို့ ဆက်သွယ်ပါ။

သင်၏ လျှောက်လွှာတွင် အောက်ပါတို့ ပါဝင်ရပါမည် -
  • လျှောက်ထားရသည့် စိတ်အားထက်သန်မှုကို ဖော်ပြချက် (Motivational statement) - စာလုံးရေ ၅၀၀ - ၈၀၀၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာဖြင့်။
  • ကိုယ်ရေးရာဇဝင် (Curriculum vitae) - သင်၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း နောက်ခံ စသည်တို့။
  • သက်ဆိုင်ရာ အောင်လက်မှတ်များ သို့မဟုတ် ကိုယ်ပိုင်လက်ရာမှတ်တမ်း (Portfolio) - ယခင် စီမံကိန်းများ၊ သက်ဆိုင်ရာ ကိုယ်တွေ့အတွေ့အကြုံများ သို့မဟုတ် လက်တွေ့အသုံးချ နမူနာများကို ပြသနိုင်သည့် သက်ဆိုင်ရာ စာရွက်စာတမ်းများ။
  • ထောက်ခံစာများ - ထောက်ခံစာ ၂ စောင် သို့မဟုတ် သင့်အတွေ့အကြုံကို အာမခံပေးနိုင်သည့် လူနှစ်ဦး၏ ဆက်သွယ်ရန် အချက်အလက်များကို ပေးပို့ပါ (၎င်းတို့၏ အမည်ကို ဖော်ပြရန် သဘောတူညီချက် ရယူထားရန် လိုအပ်ပါသည်)။
  • ဝန်ထမ်းဖြစ်ပါက သင်တန်းကာလ တစ်ခုလုံးအတွက် အလုပ်ရှင်ထံမှ (သို့မဟုတ်) အဖွဲ့အစည်းမှ တက်ရောက်ရန်ခွင့်ပြုချက်စာကို တင်ပြပါ။ သင်တန်းအစီအစဉ်တစ်ခုလုံးကို အပြည့်အဝ ကတိကဝတ်ပြု တက်ရောက်နိုင်ရပါမည်။ သင့်အလုပ်ရှင်၌ မေးမြန်းလိုသည်များရှိပါက သင် AoC သို့ မလျှောက်ထားမီ ကျွန်ုပ်တို့ထံ ဆက်သွယ်သင့်ပါသည်။ အကယ်၍ အလုပ်ရှင်ထံမှ ခွင့်ပြုစာ မတင်ပြနိုင်ပါက (ဥပမာ- ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ၊ စေတနာ့ဝန်ထမ်း ဖြစ်နေပါက သို့မဟုတ် အလုပ်ရှင်အား အသိပေးခြင်းက သင့်အား အန္တရာယ်ဖြစ်စေနိုင်ပါက) လျှောက်လွှာတွင် ပြောပြပေးပါ၊ အခြားနည်းလမ်းများကို ညှိနှိုင်းဆောင်ရွက်ပေးပါမည်။
လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း - လျှောက်လွှာအားလုံးကို လျှို့ဝှက်စွာ ကိုင်တွယ်မည်ဖြစ်ပြီး လုံခြုံစွာ သိမ်းဆည်းထားမည်ဖြစ်ကာ AoC ရွေးချယ်ရေးအဖွဲ့နှင့်သာ မျှဝေမည်ဖြစ်သည်။ လျှောက်လွှာပုံစံပါ ကိုယ်ရေးအချက်အလက် ကာကွယ်စောင့်ရှောက်ရေး အသိပေးချက်ကို ကြည့်ရှုပါ။

လျှောက်လွှာ တင်သွင်းမှု အချိန်ဇယား

လျှောက်လွှာပိတ်ရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် (တနင်္လာနေ့)
ဆန်ခါတင် ရွေးချယ်ခံရသူများသို့ အသိပေးခြင်း။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်
ပထမအကြိမ် အင်တာဗျူး။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၅ မှ ၂၇ ရက်အထိ
ဒုတိယအကြိမ် အင်တာဗျူး။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ (အုပ်စုလိုက် အင်တာဗျူး ပုံစံ)
ရလဒ် ထုတ်ပြန်ခြင်း။ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်

အွန်လိုင်း မိတ်ဆက်ရှင်းလင်းပွဲများ (Online Orientation Sessions)

လျှောက်လွှာ ပြင်ဆင်ရာတွင် အကူအညီဖြစ်စေရန် မြန်မာဘာသာဖြင့် အွန်လိုင်း မိတ်ဆက်ရှင်းလင်းပွဲများကို ပြုလုပ်ပေးမည် ဖြစ်ပါသည်။ ဤရှင်းလင်းပွဲများတွင် AoC ၏ ရည်ရွယ်ချက်များကို ပိုမိုအသေးစိတ် ရှင်းလင်းပေးမည်ဖြစ်ပြီး သင်တန်းနှင့် ပတ်သက်သမျှ မေးခွန်းများကို ဖြေကြားပေးမည် ဖြစ်ပါသည်။
  1. ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲ ၃:၀၀ နာရီ
  2. ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ မွန်းလွဲ ၃:၀၀ နာရီ
  3. ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ မွန်းလွဲ ၃:၀၀ နာရီ
Zoom Meeting သို့ ဝင်ရောက်ရန် -
https://goethe-institut.zoom.us/j/89451553392?mynotes=on
Meeting ID: 894 5155 3392

Academy of Care ကို Goethe-Institut Myanmar မှ အကောင်အထည်ဖော်ပြီး ဥရောပသမဂ္ဂ (European Union) မှ ရန်ပုံငွေ ထောက်ပံ့ထားခြင်း ဖြစ်ပါသည်။ Cohort 5 သင်တန်းအစီအစဉ်ကို အိန္ဒိယနိုင်ငံ Foundation for Arts and Health (FAHI)၊ သီရိလင်္ကာနိုင်ငံ Research Institute of Dramatherapy၊ နီပေါနိုင်ငံ Maitri Music Therapy၊ ဂျာမနီနိုင်ငံ Institute for Trauma Processing and Continuing Education Frankfurt တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။