Logo Goethe-Institut

မြန်မာ

Sundowner Musical Gathering

Sundowner - ဆည်းဆာချိန်ဂီတဆုံဆည်းမှု အစီအစဉ်သည် ၂၀၂၂ ခုနှစ်မှ စတင်ခဲ့ပြီး၊ လူငယ်ဂီတမျိုးဆက်သစ်တွေနဲ့ ဂီတကို ချစ်မြတ်နိုးသူများအကြား ချိတ်ဆက်ပေးသည့် ဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့ပါသည်။ အစီအစဉ်စတင်ခဲ့ချိန်မှစ၍ များမကြာခင်ကာလအထိ ရန်ကုန်ရှိ လူငယ်ဂီတတီး၀ိုင်းများကို ဖိတ်ခေါ်ပြီး စီစဉ်တင်ဆက်ခဲ့ပါသည်။ Goethe Café နှင့်အတူ ပူးပေါင်းပြုလုပ်လာခဲ့သည့် ယခုအစီအစဉ်သည် ပွင့်လင်းရာသီကာလများတွင် ဂီတမြတ်နိုးသူများ တွေ့ဆုံရာ ဆုံရပ်တစ်ခုလည်း ဖြစ်လာခဲ့ပါသည်။

Sundowner Musical Gathering @Goethe-Institut Myanmar

မျိုးဆက်သစ် ဂီတတီးဝိုင်းများကို ဖိတ်ခေါ်ခြင်း

ယခုအခါ ‘Sundowner - ဆည်းဆာချိန်ဂီတဆုံဆည်းမှု’ အစီအစဥ်အား ပိုမိုကျယ်ပြန့်ပြီး မတူညီသော ဂီတနယ်ပယ်မှသူများပါ ပါ၀င်လာနိုင်အောင် ချဲ့ထွင်ပြောင်းလဲစီစဉ်သွားမည်ဖြစ်ပါသည်။ ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်သွားမည့် ‘Sundowner - ဆည်းဆာချိန်ဂီတဆုံဆည်းမှု’ အစီအစဉ်၌ ရန်ကုန်မြို့အပြင် မြန်မာနိုင်ငံအတွင်းရှိ အခြားမြို့များမှ မျိုးဆက်သစ် လူငယ်တီးဝိုင်းများကိုပါ ပါဝင်စေရန် ရည်ရွယ်ထားပါသည်။

Sundowner အစီအစဉ်ကို လာမည့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၇ ခုနှစ် မတ်လအထိ လစဉ် နောက်ဆုံးအပတ်သောကြာနေ့တိုင်းတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပါသည်။ လတိုင်းအတွက် မတူညီသော ဂီတတီးဝိုင်းများနှင့် တင်ဆက်သွားမည်ဖြစ်သည့်အတွက် မန္တလေးနှင့်အခြား မြို့များမှ လူငယ်ဂီတတီးဝိုင်းများကို လျှောက်ထားရန် အထူးဖိတ်ခေါ် လိုပါသည်။ ဤအစီအစဉ်သစ်မှတဆင့် မြန်မာနိုင်ငံတဝှမ်းရှိ ဂီတအဝန်းအဝိုင်းများ၏ လက်ရာတေးသွားများကို တင်ဆက်ရင်း မတူညီသောနေရာအသီးသီးမှ မျိုးဆက်သစ်ဂီတတီးဝိုင်းများကြား ဖလှယ်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပါသည်။

တမူထူးခြားသော ဂီတဟန်ပန်များ၊ ကိုယ်ပိုင်သီချင်းများနှင့် အနုပညာအသံများကို ပရိသတ်အသစ်များထံ ဝေမျှတင်ဆက်ပြသရန် ထက်သန်နေကြသော ဂီတအဖွဲ့အားလုံးကို ဖိတ်ခေါ်အပ်ပါသည်။

ဘယ်သူတွေလျှောက်ထားနိုင်လဲ?

  • မြန်မာနိုင်ငံတွင်း အခြေစိုက်သော Music Bands များ
  • Emerging/ Independent/ လူငယ် Bands များ
  • ကိုယ်ပိုင်သံစဉ်သီချင်းတွေကို သီဆိုတီးခတ်လိုသူများ
  • ဂီတအမျိုးအစားအားလုံးကို တင်ဆက်နိုင်ပါသည်

အစီအစဉ်ကာလ

ဆည်းဆာချိန်ဂီတဆုံဆည်းမှု အစီအစဉ်ကို Goethe-Institut Myanmar ရှိ Goethe Café ၌ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၇ ခုနှစ် မတ်လထိ ကျင်းပသွားမည်ဖြစ်ပါသည်။

လျှောက်ထားပုံ

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
Click here to apply
လျှောက်လွှာပိတ်ရက်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် (မြန်မာစံတော်ချိန် ည ၁၂ နာရီ)

မှတ်ချက်။ အချက်အလက် မပြည့်စုံသောလျှောက်လွှာများ၊ သတ်မှတ်ရက်ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ။

ရွေးချယ်မှုနှင့်ပတ်သက်၍

ရွေးချယ်ခံရသော ဂီတတီးဝိုင်းများကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း Goethe-Institut Myanmar မှ ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။ ရန်ကုန်ပြင်ပမှ လာရောက်ဖျော်ဖြေမည့် ရွေးချယ်ခံ ဂီတတီးဝိုင်းများအတွက် ခရီးစရိတ်နှင့် နေထိုင်စရိတ်ကို Goethe-Institut Myanmar မှ သတ်မှတ်ထားသော အတိုင်းအတာအတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

မြန်မာ့ဂီတလောက၏ မတူကွဲပြားမှုများကို သင်တို့နှင့်အတူ ရှာဖွေဖော်ထုတ်ပြီး ဂုဏ်ပြုဆင်နွှဲဖို့ မျှော်လင့်စောင့်စားလျက်ရှိပါသည်။