အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

မြို့ပြလမ်းညွှန်။ ။Bonn
ဘွန်းမြို့ကိုငြီးငွေ့စရာမြို့ဟု မည်သူဆိုသနည်း။

ပုံတူ ၇၀၀ ဖြင့်ဝန်းရံထားသော Ludwig Beethoven ။   ။ဤအနုပညာလက်ရာသည် တေးရေးဆရာ၏ ၂၅၀ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်ဆင်ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။
ပုံတူ ၇၀၀ ဖြင့်ဝန်းရံထားသော Ludwig Beethoven ။ ။ဤအနုပညာလက်ရာသည် တေးရေးဆရာ၏ ၂၅၀ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်ဆင်ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။ | ဓါတ်ပုံ : © picture alliance / Sven Simon

ဘွန်းမြို့က အမှန်တကယ်ပဲကိုလုံးမြို့ (Cologne) လောင်းရိပ်အောက်မိနေသလား။ ဂျာမနီနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သည့်ဘွန်းမြို့တွင် ဝိသေသလက္ခဏာဆိုင်ရာပဋိပက္ခရှိနေသလား။ ကျွန်ုပ်တို့၏စာရေးသူ Leonie Gubela က ဘွန်းမြို့၏တမူထူးခြားချက်များသာမက ဘွန်းမြို့အပေါ်ရှုမြင်သောယူဆချက်အချို့ကို အဘယ်ကြောင့်ပြန်လည်ဆင်ခြင်သင့်ကြောင်း ရှင်းပြထားပါသည်။ 
 

ရေးသားသူ​ Leonie Gubela

ချယ်ရီပန်းများနှင့်ကျောက်တုံးလမ်းများ

ပန်းနုရောင်ပေါင်းမိုးလေးတစ်ခု။   ။ချယ်ရီပန်းပင်များအပြည့်ပွင့်လန်းနေသော ဘွန်းမြို့၏သမိုင်းဝင်မြို့လယ်။ ပန်းနုရောင်ပေါင်းမိုးလေးတစ်ခု။ ။ချယ်ရီပန်းပင်များအပြည့်ပွင့်လန်းနေသော ဘွန်းမြို့၏သမိုင်းဝင်မြို့လယ်။ | ဓါတ်ပုံ : © Adobe ဘွန်းမြို့၏သမိုင်းကြောင်းအချက်အချာနေရာတွင် မြေလိမ်မြွေကောက်လမ်းသွယ်လေးများ၊ ဝီလ်ဟန်ခေတ်လက်ရာဟန် သမိုင်းဝင်ဂျာမန်ရှေးဟောင်းအဆောက်အအုံများ၊ အဖျော်ယမကာဆိုင်ငယ်များ၊ အနုပညာပြခန်းများနှင့်ပြည့်နှက်လို့နေပါသည်။ ဟီးရားစတွာ့စ်လမ်း (Heerstrasse) တွင် ချယ်ရီပန်းများပေါင်းမိုးသဖွယ်ဝေဆာဖူးပွင့်သောဧပြီလလယ်မှမေလကုန်ကာလအတွင်း အင်စတာဂရမ်သုံးစွဲသူများအကြား ရေပန်းစားသောနေရာတစ်နေရာဖြစ်လာသည်။ စိတ်အားထက်သန်သောဓာတ်ပုံဝါသနာအိုးများအနေဖြင့် ချယ်ရီပန်းဓာတ်ပုံပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ချယ်ရီပင်မှချယ်ရီပန်းများအချိန်တခဏအတွင်းဝေဆာဖူးပွင့်လာပုံအဆင့်ဆင့်ကို လက်လွတ်မခံလိုသူများအနေဖြင့်လည်း သတင်းစာလွှာတွင်စောင့်ကြည့်နိုင်ပေသည်။ ချယ်ရီပန်းရာသီအပြင် ခရီးသွားများကိုဆွဲဆောင်နိုင်သည့်အခြားအရာများမှာ ဖရန်ကန်ဘတ် (Frankenbad) ရှိ တို့စကိုလို (Tuscolo) စားသောက်ဆိုင်တွင်ရောင်းချသည့်စားချင့်စဖွယ်ပီဇာနှင့် Frauenmuseum (အမျိုးသမီးပြတိုက်) တို့ဖြစ်သည်။ ပျားပန်းခတ်မျှစည်ကားသောမြို့အချက်အချာအဝေးရှိ ရေညှိအထပ်ထပ်၊ ယိုင်နဲ့နဲ့အုတ်ဂူကျောက်တိုင်များရှိရာ Alte Friedhof (သင်္ချိုင်းဟောင်း) သည် တိတ်တဆိတ်တွေးတောဆင်ခြင်လိုသူများအတွက် သင့်လျော်သောနေရာတစ်ခု ဖြစ်ပါသည်။ 

BETON FÜR BONN (ဘွန်းမြို့အတွက်ဘိလပ်မြေ)

ရိုင်းအော်ဝဲ ရေဝပ်ဒေသ (Rheinaue wetlands) ရှိ ဘွန်းမြို့၏စကိတ်ဥယျာဉ်။ ရိုင်းအော်ဝဲ ရေဝပ်ဒေသ (Rheinaue wetlands) ရှိ ဘွန်းမြို့၏စကိတ်ဥယျာဉ်။ | ဓါတ်ပုံ : © Beton für Bonn ဘွန်းမြို့ရှိသီးခြားယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုသည် Beton für Bonn (ဘွန်းမြို့အတွက် ဘိလပ်မြေ) အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ပုံငွေပွဲများနှင့်ရန်ပုံငွေဂီတဖြေဖျော်ပွဲများကျင်းပခြင်း၊ ရန်ပုံငွေရရှိရေးအတွက်ကံစမ်းမဲဖောက်ခြင်း၊ ကြော်ငြာပစ္စည်းများရောင်းချခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန်ကြိုးပမ်းခြင်းတို့ကို လေးနှစ်တာလုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ နွေရာသီတွင်မူ ဘော်ရယ်လ် (Beuel) ခရိုင်ရှိ၊ ရိုင်းအော်ဝဲ ရေဝပ်ဒေသ (Rheinaue wetlands) တွင် ဘွန်းမြို့၏ပထမဦးဆုံးစကိတ်ဥယျာဉ်ကိုဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဥယျာဉ်သစ်မဆောက်လုပ်ရသေးခင်၌ ရိုင်းမြစ် (Rhine) တစ်ဖက်ကမ်းတွင် ပစောက်ပုံစကိတ်လျှောတစ်ခုရှိပြီး ဝါနုစကိတ်သမားများအတွက် အလွန်ခဲရာခဲဆစ်စကိတ်စီးရရုံသာမက ထိုနေရာတွင်သာ စကိတ်စီးစရာရှိသည်။ ဘွန်းမြို့ရှိစကိတ်သမားများအနေဖြင့် စကိတ်စီးလေ့ကျင့်ရန် မြို့စွန်မြို့ဖျားထိသွားစရာမလိုတော့စေရန်အတွက် သီးခြားယဉ်ကျေးမှုအဖွဲ့ဝင်များက စကိတ်ကွင်းကြီးကြီးတစ်ခုဆောက်လုပ်ပေးလိုခြင်းဖြစ်သည်။ 

နန်းတော်ဥယျာဉ် ဟို့ဖ်ဂါတန် (HOFGARTEN) နှင့် ဝက်ဝံပုံဂျယ်လီများ

ဟယ်ရီပေါ်တာကိုနှစ်သက်မှုက အရှိန်ကျကောင်းကျသွားနိုင်စဉ် ဘွန်းမြို့ ဟို့ဖ်ဂါတန်တွင်ခွစ်ဒစ်ချ်ကစားနေဆဲဖြစ်သည်။ ဟယ်ရီပေါ်တာကိုနှစ်သက်မှုက အရှိန်ကျကောင်းကျသွားနိုင်စဉ် ဘွန်းမြို့ ဟို့ဖ်ဂါတန်တွင်ခွစ်ဒစ်ချ်ကစားနေဆဲဖြစ်သည်။ | ဓါတ်ပုံ : © picture alliance/dpa/ Volker Lannert တင်းတင်းချည်ထားသောကြိုးတန်းများအကြား (သစ်ပင်နှစ်ပင်ကြားတန်းထားသောလမ်းလျှောက်ကြိုး) အိပ်မောကျနေသောကျောင်းသားများ၊ ဂစ်တာတီးနေသောလူစုများနှင့် လေဝဲပန်းကန်ပြားကလပ်ဘေးတွင်လေ့ကျင့်နေကြသောဒေသခံခွစ်ဒစ်ချ်အသင်းတို့ကြောင့် တက္ကသိုလ်ပင်မဆောင်မျက်နှာစာရှိ ဟို့ဖ်ဂါတန် (နန်းတော်ဥယျာဉ်) သည် သာမန်နွေရက်တစ်ရက်တွင် အလွန်လွတ်လပ်ပေါ့ပါးလို့နေပါသည်။ တစ်ချိန်က အဆိုပါဒေသရင်းဥယျာဉ်ကို ပဒေသရာဇ်မင်းသား Clemens August ၏စံအိမ်တော်ကပိုင်ဆိုင်ခဲ့ပြီး အတိတ်ကာလများတွင်ခက်ခဲကြမ်းတမ်းခဲ့သည့်ကြားမှ ကြွင်းကျန်ရစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်စတွင် ထိုနယ်မြေကို စစ်သုံ့ပန်းများအတွက်ကြားစခန်းအဖြစ်အသုံးပြုခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ဘွန်းမြို့က ဂျာမနီနိုင်ငံမြို့တော်ဖြစ်ခဲ့စဉ်တွင် ၁၉၆၈ ခုနှစ် ဂျာမနီနိုင်ငံအရေးပေါ်အခြေအနေဆိုင်ရာအက်ဥပဒေနှင့် နေတိုးအဖွဲ့၏ပြဋ္ဌာန်းချက်နှစ်ရပ်ပါ ဆုံးဖြတ်ချက်တို့ကိုကန့်ကွက်ရန်အတွက် ၁၉၈၀ အစောပိုင်းကာလများ၌ သိန်းသောင်းချီသောလူအုပ်ကြီးသည် ထိုနေရာတွင်အကြိမ်ပေါင်းများစွာစုဝေးဆန္ဒပြခဲ့ကြသည်။ မျက်မှောက်ကာလတွင်မူ နေပူစာလှုံနေသူများ၊ လမ်းလျှောက်ထွက်နေသူများသာရှိပြီး ညဖက်တွင်တရားမဝင်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားကြသည်ဟု အချို့ကဆိုသည်။ ဟို့ဖ်ဂါတန်၏မနီးမဝေးရှိ ဂျာမနီနိုင်ငံ၏ပထမဦးဆုံးသော ဟာရီဘို (Haribo) သကြားလုံးဆိုင်တွင် ဝက်ဝံပုံဂျယ်လီများကိုတရားဝင်ရောင်းချသည့်အတွက် တရားမဝင်ရောင်းဝယ်ဖောက်ကားသောပစ္စည်းများတွင် ထိုဂျယ်လီများတော့ ပါဝင်ဟန်မတူပေ။  သကြားလုံးအမည်အဆုံးရှိ “bo” ဟူသော စကားလုံး၏ကိုယ်စားပြုမှုကို ကလေးငယ်တိုင်းသိရှိကြသည်ပင်မဟုတ်လော။ (ဘွန်းမြို့ဇာတိမဟုတ်သူများအတွက် - ထိုအမည်မှာ ဘွန်းမြို့မှ HAns RIegel ဟူ၍ တည်ထောင်သူ၏အမည်နှင့်မွေးရပ်မြို့  (HAns RIegel from BOnn) မှ ဆင်းသက်လာခြင်းဖြစ်သည်)

ဂိုဒေါင်ဟောင်းမှ ဇိမ်ခံအပန်းဖြေစခန်းချခရီးစဉ်

ဘွန်းမြို့ မိုးလုံလေလုံအပန်းဖြေစခန်းချကွင်း ဘေ့စ်ကမ့် (Basecamp) ဘွန်းမြို့ မိုးလုံလေလုံအပန်းဖြေစခန်းချကွင်း ဘေ့စ်ကမ့် (Basecamp) | ဓါတ်ပုံ : © Basecamp ရွေ့လျားအိမ်ဖြင့်သက်သောင့်သက်သာခရီးသွားရသည်ကိုနှစ်သက်သော်လည်း ခရီးဆောင်မီးဖို၊ ခရီးဆောင်အိမ်သာ အသုံးပြုရသည့်ဒုက္ခနှင့် သဘာဝ၏အစိုးမရမှုတို့ကြောင့် မသွားနိုင်ဖြစ်နေသူများအတွက် ဘွန်းမြို့၊ ဒေါ်ထင်ဒေါ့ဖ်ခရိုင်ရှိ (Dottendorf) ဂိုဒေါင်ဟောင်းက အခန့်သင့်လှသည်။ မိုးလုံလေလုံအပန်းဖြေစခန်းချကွင်း ဘေ့စ်ကမ့် (Basecamp) တွင် အသေးစိတ်ပြန်လည်မွမ်းမံထားသော ခေတ်ဟောင်းဆန်ဆန်စခန်းချကားပေါင်းများစွာရှိသည်။ အုပ်စုဖွဲ့ခရီးသွားများအနေဖြင့် ဒွိုင်ချဘန် (Deutsche Bahn) မှ ညအိပ်ကားဟောင်းများတွင် အိပ်စက်အနားယူနိုင်သည်။ ဟိုတယ်တစ်လုံးကဲ့သို့ပင် မနက်ခင်းတိုင်းတွင် ညအိပ်ဧည့်သည်ပေါင်း ၁၂၀ ဦးအထိ ကျွေးမွေးဧည့်ခံသော မနက်စာဘူဖေးရှိပြီး နေ့စဉ်အိပ်ယာများကို အသစ်လဲလှယ်ပေးသည်။ ဂိုဒေါင်နံရံအပြည့်အလှဆင်ထားသောကာရေဘီယန်ပင်လယ်ကမ်းခြေဓာတ်ပုံများသည် မင်္ဂလာဇနီးမောင်နှံအဖို့ အညံ့စားမဆန်လှသည့်အတွက် မင်္ဂလာလက်ထပ်ပွဲပင်ကျင်းပနိုင်သောနေရာတစ်ခုဖြစ်ပါသည်။ 

အတိတ်ကာလမှမျက်မှောက်ကာလအထိ နိုင်ငံရေးအခြေအနေများ

ဂျာမနီဖဒရယ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြတိုက်နှင့်ပြခန်းမှ မီးပြတိုက်များ။ ဂျာမနီဖဒရယ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြတိုက်နှင့်ပြခန်းမှ မီးပြတိုက်များ။ | ဓါတ်ပုံ : © picture alliance/ imageBROKER/ Karl F. Schöfmann
ဘွန်းမြို့ရှိ Haus der Geschichte (သမိုင်းအိမ်) သည် ဂျာမနီနိုင်ငံ၏စစ်ပွဲကာလလွန်သမိုင်းကြောင်းများကို ခရီးသည်များကိုယ်တိုင်ကိုယ်ကျ အသေးစိတ်လေ့လာနိုင်သောနေရာတစ်ခုဖြစ်သည်။ ဘာလင်သို့လေကြောင်းဖြင့်ထောက်ပံ့ပို့ဆောင်ရာတွင်အသုံးပြုခဲ့သည့် “သကြားလုံးကြဲလေယာဉ်” (raisin bomber) ဟု အမည်ပြောင်ခေါ်ဆိုသောဗုံးကြဲလေယာဉ်ဝမ်းလိုဏ်ခန်းတစ်လျှောက်ဖြတ်လျှောက်ရင်း၊ ၁၉၅၀ ခုနှစ်များမှ ဂျာမနီနိုင်ငံအောက်လွှတ်တော် (Bundestag) နှင့်ပုံစံတူ အစိမ်းရောင်ကူရှင်ခေါက်ကုလားထိုင်များခင်းကျင်းထားပြီး Grün ist die Heide (Heath is Green) အမည်ရ ဒေသတွင်းရုပ်ရှင်အကျဉ်းချုံးပြသရန် ရှေးဟောင်းရုပ်ရှင်ရုံပုံစံပြင်ဆင်ထားသည်တို့ကိုကြည့်ရှုရင်း ဆယ်စုနှစ်ပေါင်းများစွာမှစိတ်ဝင်စားဖွယ်သမိုင်းကြောင်းများကို မိနစ်အနည်းငယ်အတွင်းခြုံငုံလေ့လာနိုင်ပါသည်။ ဘာလင်တံတိုင်း၏အေးစက်စက်အင်္ဂတေနံရံများကိုထိတွေ့ကြည့်ပြီး လကမ္ဘာဆီသို့မတ်စောက်စောက်ဆင်ခြေလျှောလမ်းလေးပေါ် တက်လျှောက်ကြည့်ပါ။ ဘွန်းမြို့ရှိပြတိုက်ငါးခုပါပြတိုက်စု (Museum Mile) အနက် သမိုင်းအိမ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါပြတိုက်စုသည် ဘွန်းဒက်ဆတွာ့စ် ပြည်ထောင်စု (၉) လမ်း (Bundesstraße 9) တစ်လျှောက် စုဝေးတည်ရှိပြီး သဘာဝသမိုင်း (Museum König)၊ သမိုင်း (Haus der Geschichte)၊ အနုပညာ (Kunstmuseum Bonn)၊ (Bundeskunsthalle) နှင့် နည်းပညာ (Deutsches Museum) အကြောင်းအရာများခြုံငုံပါဝင်သည်။ ဂျာမနီနိုင်ငံရှိ ကုလသမဂ္ဂရုံးချုပ်များတည်ရှိသော ကုလသမဂ္ဂနယ်မြေက မျက်နှာချင်းဆိုင်တွင်တည်ရှိသည်။ အတိတ်နှင့်ပစ္စုပ္ပန်ကာလမှ နိုင်ငံရေးရာကိစ္စများကို လေးလမ်းမောင်းလမ်းမတစ်ခုသာကြားခံ၍ တစ်ပြိုင်တည်းဖြစ်ပျက်စေသည့်အခြင်းအရာမှာ ဘွန်းမြို့တွင်သာရှိနိုင်ပေသည်။ 

ဗစ်တိုးရီယား အဓွန့်ရှည်စေသား။ (VIVA VIKTORIA!)

ဤနေရာတွင် ဈေးဝယ်စင်တာမရှိပါ။ ဗစ်တိုးရီးယား အဓွန့်ရှည်စေသား (Viva Viktoria!) ဟူသည့် နိုင်ငံသားများ စုဝေးတောင်းဆိုမှုသည် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များကို ဆန့်ကျင်သော အောင်မြင်သည့် လှုပ်ရှားမှုတစ်ခုစတင်နိုင်ခဲ့သည်။ ဤပိုစတာသည် ပိတ်ထားသော ဗစ်တိုးရီးယားရေချိုးကန်၏ နံရံတွင် ၂၀၁၅ ခုနှစ်က ကပ်ထားခဲ့သည်။ ဤနေရာတွင် ဈေးဝယ်စင်တာမရှိပါ။ ဗစ်တိုးရီးယား အဓွန့်ရှည်စေသား (Viva Viktoria!) ဟူသည့် နိုင်ငံသားများ စုဝေးတောင်းဆိုမှုသည် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များကို ဆန့်ကျင်သော အောင်မြင်သည့် လှုပ်ရှားမှုတစ်ခုစတင်နိုင်ခဲ့သည်။ ဤပိုစတာသည် ပိတ်ထားသော ဗစ်တိုးရီးယားရေချိုးကန်၏ နံရံတွင် ၂၀၁၅ ခုနှစ်က ကပ်ထားခဲ့သည်။ | ဓါတ်ပုံ : © picture alliance / Oliver Berg / dpa ဗစ်တိုးရီးယားရပ်ကွက်၏သိမ်မွေ့သောအလှတရားကို အမှန်တကယ်တွေ့မြင်ခံစားနိုင်ရန်အတွက် စေ့စေ့ရှုဖို့တော့လိုပေမည်။ ရောင်စုံမှန်စီရွှေချကြွေပြားများဖြင့်အလှဆင်ထားသော ရပ်ကွက်တွင်းမှဆိုင်ဝင်ပေါက်များကိုဖြတ်လျှောက်ရုံ၊ ပိတ်ထားသည့်ဗစ်တိုးရီးယားရေချိုးကန်၏ချစ်စဖွယ်ရောင်စုံမှန်ပြတင်းပေါက်များကို (အမှန်က ကော်စေးတု) လှမ်းကြည့်လိုက်ရုံဖြင့် အလှတရားကိုခံစားမိနိုင်ပေမည်။ ဗစ်တိုးရီယားရှိ ၁၉၅၀၊ ၁၉၆၀ ခုနှစ်များမှ အဆောက်အအုံများသည် မြို့အချက်အချာနှင့်ဟို့ဖ်ဂါတန်တို့ကို ချိတ်ဆက်ပေးလျက်ရှိသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ဘွန်းမြို့မှမြေအချို့ကို ဈေးဝယ်စင်တာနှင့်တက္ကသိုလ်စာကြည့်တိုက်ဆောက်လုပ်ရန်စီစဉ်ထားသည့် ဩစတြီးယားလူမျိုးရင်းနှီးမြှုပ်နှံသူတစ်ဦးထံရောင်းချလိုကြောင်း ကြေညာခဲ့သည်။ ထိုစီမံကိန်းသည် ဘွန်းမြို့နေပြည်သူများစွာကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ဗစ်တိုးရီးယားအဓွန့်ရှည်စေသား (Viva Viktoria!) ဟူသည့် နိုင်ငံသားများစုဝေးတောင်းဆိုမှုတွင် ပါဝင်လာကြသည်။ ၂၀၁၅ ခုနှစ်ကုန်တွင် “အမြတ်ထုတ်ခြင်းထက် ထိန်းသိမ်းစောင့်ရှောက်ကြဖို့” စည်းရုံးလှုံ့ဆော်ပြီး ရပ်ကွက်တွင်း၌အဖွဲ့အစည်းများစုဝေး၍ လူထုဆန္ဒခံယူပွဲကျင်းပရန် နိုင်ငံသားများစုပေါင်းအသနားခံမှုစတင်ခဲ့သည်။ ၎င်းတို့၏အားထုတ်မှုများအရာထင်ခဲ့ပြီး ဈေးဝယ်စင်တာနှင့်ပတ်သက်၍ ဆက်လက်မဆွေးနွေးတော့သော်လည်း ရပ်ကွက်ကိုမည်မျှလောက်ထိကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်မွမ်းမံရန်စီစဉ်ထားသည်ကတော့ မရေမရာဖြစ်ဆဲပင်။   

လျှောတိုင်မျှော်စင်များ (Drop Tower) နှင့် ရဲတိုက်ဟောင်းအကြွင်းအကျန်များ

Drachenburg (နဂါးရဲတိုက်) သို့ မြင်ကွင်း။   ။ Drachenfels (နဂါးကျောက်ဆောင်) တောင်ကုန်းသည် Siebengebirge (တောင်စဉ် ၇ သွယ်) တွင် လူကြိုက်အများဆုံး လေ့လာရေးခရီးသွားရာနေရာဖြစ်သည်။ Drachenburg (နဂါးရဲတိုက်) သို့ မြင်ကွင်း။ ။ Drachenfels (နဂါးကျောက်ဆောင်) တောင်ကုန်းသည် Siebengebirge (တောင်စဉ် ၇ သွယ်) တွင် လူကြိုက်အများဆုံး လေ့လာရေးခရီးသွားရာနေရာဖြစ်သည်။ | ဓါတ်ပုံ : © Adobe ဘွန်းမြို့မှ လှေတစ်စီးဖြင့်ရိုင်းမြစ်တစ်လျှောက် ရေစုန်ရော၊ ရေဆန်ပါသွားရောက်နိုင်ပြီး မြစ်အထက်ပိုင်းနှင့်မြစ်အောက်ပိုင်းမှ ဆွဲဆောင်မှုများသည် လုံးဝဥဿုံကွဲပြားပါသည်။ ရေစုန်ဆင်းလျှင် ဓာတုဗေဒစက်ရုံများ၊ ရေနံချက်စက်ရုံနှင့် ဖန်ထားဇီယားလန်း (Phantasialand) အပန်းဖြေဥယျာဉ်တို့ထံ သွားရောက်လည်ပတ်နိုင်၍ ရေဆန်တက်လျှင် Siebengebirge (တောင်ခုနှစ်လုံး) ထံသွားနိုင်ပြီး ရဲတိုက်ဟောင်းနှင့်ရိုင်းဒေသ၏အရိုင်းသဘာဝတို့အစား မီးခိုးခေါင်းတိုင်များနှင့်လျှောတိုင်မျှော်စင်များက နေရာယူလိုက်ပြီဖြစ်သည်။ အကျော်ကြားဆုံးသောအပျော်ခရီးနေရာမှာ ကိုနစ်ဝင်းတား (Königswinter) နှင့် ဘတ်ဟိုနစ်ဖ် (Bad Honnef) တို့ကြားရှိ Drachenfels (နဂါးကျောက်ဆောင်) ဖြစ်သည်။ လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက မီတာ ၃၂ဝ အမြင့်ရှိ ကျောက်စွန်းပေါ်တွင် နဂါးတစ်ကောင်နေထိုင်ခဲ့ပြီး ရိုင်းမြစ်ဝှမ်းဒေသခံများကို ထိုးသုတ်၊ နှောင့်ယှက်အကြမ်းဖက်လေ့ရှိသည်ဟု ဆိုကြသည်။ ဒေသခံများက ထိုသတ္တဝါဆိုးကြီးကိုတင်းတိမ်စေရန် နှစ်စဉ် အပျိုစင်တစ်ဦးဆက်သခဲ့ရပြီး Siegfried ဆိုသည့် မြင်းစီးသူရဲကောင်းက (နိဗလုဂန်းလိထ်ကဗျာရှည် (Nibelungenlied) သို့မဟုတ် နိဗလုံ (Nibelungs) သီချင်းမှ သူရဲကောင်း) ထိုသတ္တဝါဆိုးကိုသုတ်သင်၍ သွေးချင်းချင်းနီစေခဲ့သည်။ ၎င်း၏သူရသတ္တိနှင့်ပြည့်စုံသောသူရဲကောင်းလုပ်ရပ်များ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး Drachenfels သည် ဆွေးနွေးပွဲများနှင့်ရှုမျှော်ခင်းပန်းချီဆရာများအကြား ရေပန်းစားသောနေရာတစ်ခုဖြစ်လာသည်။ ဂျာမနီတွင်ရှေးအကျဆုံးသောရထားလမ်းမှတစ်ဆင့်ဖြစ်စေ၊ မြင်းပုလေးများ စီး၍ဖြစ်စေ တောင်ထိပ်သို့သက်သောင့်သက်သာတက်ရောက်နိုင်ပါသည်။ ရာသီဥတုသာယာပါက ဟိုးအဝေးမှကိုလုံးဘုရားကျောင်းကိုပင် လှမ်းမြင်နိုင်ပါသည်။ 

လူကြီးတန်းပညာရေးသင်တန်းများနေရာတွင် အမျိုးမျိုးသောသင်တန်းများအစားထိုးခြင်း

Alte VHS ။   ။ယခင်လူကြီးတန်းပညာရေးစင်တာဖြစ်ခဲ့ဖူးသည့် အဆောက်အအုံသည် ယခုအခါလွတ်လပ်သောယဉ်ကျေးမှုစင်တာတစ်ခုဖြစ်သည်။ Alte VHS ။ ။ယခင်လူကြီးတန်းပညာရေးစင်တာဖြစ်ခဲ့ဖူးသည့် အဆောက်အအုံသည် ယခုအခါလွတ်လပ်သောယဉ်ကျေးမှုစင်တာတစ်ခုဖြစ်သည်။ | ဓါတ်ပုံ : © Alte VHS တစ်ချိန်က ဒေသခံလူကြီးတန်းပညာရေးစင်တာဖြစ်ခဲ့ဖူးသည့်အဆောက်အအုံတွင် ဟောပြောပို့ချချက်များက အတိတ်တွင်ကျန်ရစ်ခဲ့ပြီဖြစ်သည်။ Rhizom အဖွဲ့သည် စာသင်ခန်းလွတ်များကို  Alte VHS ယဉ်ကျေးမှုစင်တာအဖြစ်ပြောင်းလဲခဲ့ပြီး ကျောက်မီးသွေးအသုံးပြုမှုရပ်ဆိုင်းရေး နောက်ဆုံးအဆင့်ဆိုင်ရာဆွေးနွေးပွဲများ၊ အမျိုးသမီးဝါဒဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများနှင့် အလွတ်ဂီတတီးမှုတ်ပွဲများသည် သင်ရိုးတွင်ပါဝင်နေပြီဖြစ်သည်။ အလှူငွေများ၊ စေတနာ့ဝန်ထမ်းများဖြင့်လည်ပတ်လျက်ရှိသည့် Alte VHS စင်တာတွင် ပိုးထည်ပုံနှိပ်ထုတ်လုပ်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ၊ ဓာတ်ပြားဖလှယ်ပွဲ၊ ကလေးကစားခန်းနှင့် ယောဂမှစ၍လက်ဝှေ့သင်တန်းများအထိ သင်တန်းအမျိုးမျိုးပါဝင်လျက်ရှိပါသည်။ 

ဗီသိုဗင်မှသည် ဂျာမန်အဓိပတိများအထိ

ပုံတူ ၇၀၀ ဖြင့်ဝန်းရံထားသော Ludwig Beethoven ။   ။ဤအနုပညာလက်ရာသည် တေးရေးဆရာ၏ ၂၅၀ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်ဆင်ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။ ပုံတူ ၇၀၀ ဖြင့်ဝန်းရံထားသော Ludwig Beethoven ။ ။ဤအနုပညာလက်ရာသည် တေးရေးဆရာ၏ ၂၅၀ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်ဆင်ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။ | ဓါတ်ပုံ : © picture alliance/ Sven Simon မွန်စတာပလက်ဇ် (Münsterplatz) တစ်ခွင် အထိမ်းအမှတ်ဂုဏ်ပြုထားသည့် ဘွန်းမြို့သားဗီသိုဗင်နှင့်ပတ်သက်ပြီး ဘွန်းမြို့ကဂုဏ်ယူလေ့ရှိသည်။ ဂီတသံစဉ်ရေးစပ်ရန်စာရွက်ကိုလက်မှာကိုင်ထားပြီး ရင်ပြင်တစ်ခွင်ကိုတည်တည်တံ့တံ့မျက်နှာထားဖြင့်ကြည့်ရှုနေဟန်ရုပ်တုကို စာတိုက်ရုံးရှေ့ရှိဧရာမတိုင်ခုံကြီးပေါ်တွင် စိုက်ထူထားပါသည်။ စတတ်ဂါတန် (Stadtgarten) တွင်လည်း အလားတူရုပ်တုမျိုးဖြင့် ကျက်သရေတင့်တယ်နေသော်ငြား ပိုမိုခေတ်ဆန်သည့်အသွင်ဆောင်လျက်ရှိသည်။ ရိုင်းမြစ်ကမ်းနဘေးရှိဂီတခန်းမကို ဗီသိုဗင်ခန်းမဟုအမည်ပေးထားပြီး  ဗီသိုဗင်ပွဲတော်တွင်နှစ်စဉ်တေးဂီတဖျော်ဖြေပွဲများ၊ ပွဲလမ်းသဘင်များကျင်းပ၍ ၎င်း၏ဘဝတစ်လျှောက်လုံးဖန်တီးခဲ့သည့်အနုပညာလက်ရာများကို ချီးကျူးထောမနာပြုကြသည်။ ဂျာမန်အဓိပတိများအပါအဝင် အခြားသောနာမည်ကျော်ပုဂ္ဂိုလ်များကလည်း မြို့၏လက္ခဏာသွင်ပြင်ကို ပုံဖော်ပေးပြန်ပါသည်။ ဘွန်းမြို့သည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ၏အစိုးရရုံးစိုက်ရာမြို့ဖြစ်ခဲ့သည်။ ဂျာမန်အဓိပတိ ၇ ဦးသည် ဘွန်းမြို့တွင်ရံဖန်ရံခါနေထိုင်ခဲ့သည်။ ဖက်ဒရယ်သမ္မတနိုင်ငံ ပထမဦးဆုံးအဓိပတိ၏ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ဖက်ဒရယ်အဓိပတိရုံးဟောင်းရှေ့တွင်စိုက်ထူထားပြီး ၎င်း၏မှတ်သားဖွယ်ဖြစ်ရပ်များပြည့်နှက်နေသောဘဝပုံရိပ်များကို ရုပ်တုအနောက်ခြမ်းတွင်ပုံဖော်ထားကာ အဒန်နူအာအလီး (Adenauerallee) ဟု လိုက်ဖက်စွာအမည်ပေးထားပါသည်။ ဝီလီဘရန့်ဒ်ဗီလာ (Willy Brandt Villa) သည် ဗီးနပ်စ်ဘက်ဂ်ခရိုင်တွင် (Venusberg) တည်ရှိသည်။ အဓိပတိများအဖြစ်ဆောင်ရွက်ခဲ့သော ဟဲလ်မွတ် (Helmut) မိသားစုဝင်နှစ်ဦးကိုဂုဏ်ပြုပုံကတော့ ထိုမျှလောက်စွဲမက်ဖွယ်မကောင်းလှချေ။ ဘီ (၉) လမ်းတွင် ရှမစ်ဒ် (Schmidt) အမည်ဖြင့်အဝိုင်းတစ်ခုရှိပြီး ထိုအဝိုင်းဆီသို့ဦးတည်သော အရှည် ၄၀၀ မီတာရှိသည့်လမ်းပိုင်းကိုမူ ဟဲလ်မွတ်ခိုးလ် (Helmut Kohl) ဟု လတ်တလောကမှခေါ်တွင်ခဲ့သည်။

ညွှန်းသင့်သည့် ညပွဲလမ်းသဘင်များ

ကလပ်များနှင့်အရက်ဆိုင်ငယ်များအပြင် ဘွန်းမြို့တွင် နွေရာသီ၌ ဤနေရာတွင် Green Juice Festival ကဲ့သို့သော များစွာသော လဟာပြင်ပွဲတော်များနှင့်ဂီတပွဲများလည်းရှိသည်။ ကလပ်များနှင့်အရက်ဆိုင်ငယ်များအပြင် ဘွန်းမြို့တွင် နွေရာသီ၌ ဤနေရာတွင် Green Juice Festival ကဲ့သို့သော များစွာသော လဟာပြင်ပွဲတော်များနှင့်ဂီတပွဲများလည်းရှိသည်။ | ဓါတ်ပုံ : © Michael Sondermann / Bundesstadt Bonn ယခင်က ဘွန်းမြို့ကို “Bundesstadt ohne nennenswertes Nachtleben“ (ညွှန်းစရာညပွဲလမ်းသဘင်မည်မည်ရရမရှိသောဖက်ဒရယ်မြို့) ဟု ပြက်ရယ်ပြုကြသည်။ လူဦးရေသုံးဆခန့်ပိုမိုထူထပ်သော ကပ်လျက်ရှိကိုလုံးမြို့နှင့်ယှဉ်လျှင် ပွဲလမ်းသဘင်နည်းပါးသောကြောင့် ထိုသို့ပြက်ရယ်ပြုကြဟန်တူသည်။ ဘွန်းမြို့တွင်ရွေးချယ်စရာများများစားစားမရှိသည့်အတွက် ဆိုဖာမှမခွာနိုင်လောက်အောင်ခေါင်းမီးတောက်မတတ်စဉ်းစားနေစရာမလိုဘဲ အပြင်ထွက်ဖြစ်စေသည်။ ပုံမှန်သောကြာနေ့ညတစ်ညကို ဘာဘယ်(Babel) မှ (ဘလက်ဒီမယ်ရီနှင့်ဆင်တူသော်လည်း ပိုမိုအရသာစူးရှပြီးပမာဏနည်းသော) မက်ဆီကာနာကော့တေးဖြင့်စတင်ကာ ဗော့ကဗက်လမ်း (Vorgebirgstraße) ရှိ အက်စွိုင် (Aksoy) မှ “ဗက်ဗီးဂယ်” အနည်းငယ်သောက်၍ (“ဗက်ဘီယာ” (Wegbier) ဆိုသည်မှာ ဘွန်းမြို့တွင် “ဘတ်ချန်” (Büdchen) ဟုခေါ်သောလမ်းဘေးဆိုင်ငယ်လေးတွင်ဝယ်ယူပြီး ကလပ် သို့မဟုတ် ဘားသွားရာလမ်းတွင်သောက်ရသောဘီယာ) Undergrund ၌ဖြစ်စေ၊ Blow Up ၌ဖြစ်စေ၊ Carpe ၌ဖြစ်စေ နာရီအနည်းငယ်ကြာကခုန်ရပေမည်။ ထို့နောက် Cala Dor ပီဇာဆိုင်မှပီဇာစား၍အားဖြည့်ကာ နောက်ဆုံးပိတ်အနေဖြင့် သမိုင်းကြောင်းအချက်အချာနေရာရှိအမြဲမပြတ်ဖွင့်သော Wache ဆိုင်သို့ ချီတက်ရပေမည်။ 
 

မြို့ပြလမ်းညွှန်မြေပုံ

 
ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေးကူးခြင်း။    ။ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကို မြို့တော်၏ကောက်ကြောင်းထက်မှအစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့် ဂန္တဝင်နေရာများ၏အဓိကအချက်ကို ပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်သမားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။