အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Program of care©Goethe-Institut Myanmar / TheeOoThazin

ထင်ဟပ်မျှဝေတွဲလက်တွေ

“ထင်ဟပ်မျှ၀ေ တွဲလက်တွေ“ အစီအစဉ်ကို Goethe-Institut မြန်မာမှ ၂၀၂၂ ခုနှစ်တွင် မိတ်ဖက်အဖွဲ့အစည်းများ၊ တွဲဖက်လုပ်ကိုင်နေတဲ့ မိတ်ဖက်များ/ လုပ်ဖော်ကိုင်ဖက်များ နဲ့ ပူးပေါင်းကာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ် စတင်ဖို့ စိတ်ကူးကို အနုပညာ၊ ယဉ်ကျေးမှုနယ်ပယ်မှ ပညာရှင်များ၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လိုအပ်နေတဲ့ ပံ့ပိုးကူညီမှုများ ပေးနိုင်မယ့်အကြောင်းအရာ၊ ခေါင်းစဉ်တစ်ချို့၊ မျှော်မှန်းချက်များကို အချင်းချင်း ဆွေးနွေးဖလှယ်ပြီး ပုံဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ထင်ဟပ်မျှ၀ေ တွဲလက်တွေ အစီအစဉ်ဟာ ထိုစကား၀ိုင်းဆွေးနွေးမှုများရဲ့ ရလဒ်ကို ထင်ဟပ်ပြနေတာပဲ ဖြစ်ပါတယ်။ ဆွေးနွေးမှုရလဒ်တွေကို ကြည့်လိုက်တဲ့အခါ မသေချာမှုတွေ၊ ကြီးမားတဲ့ အခက်အခဲတွေ ရှိနေတဲ့အချိန်မှာ မိမိကိုယ်ကိုရော၊ အခြားသူတွေကိုပါ ဖေးဖေးမမ၊ ဂရုတစိုက် စောင့်ရှောက်ပေးခြင်းဟာ အရေးပါတယ်ဆိုတဲ့ အကြောင်းက ဒီအစီအစဉ်ကို စတင်ဖို့ အကြောင်းရင်းဖြစ်စေခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး၊ မျိုးဆက်သစ်များ အတွက်သာမက လူမှုအဖွဲ့အစည်းများကိုပါ တိုက်ရိုက်အကျိုးပြုပြီး၊ အတူတကွ စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ တစ်ဦးတည်းမဟုတ်ပဲ၊ လုံခြုံနွေးထွေးတဲ့ အ၀န်းအ၀ိုင်းထဲမှာ အသစ်သစ်သော စိန်ခေါ်မှုတွေ နဲ့ မဖော်ပြနိုင်တဲ့ ခံစားချက်အမျိုးမျိုးကို သက်တောင့်သက်သာဖွင့်ထုတ်ဖော်ပြနိုင်မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီအသင်းအဖွဲ့လေးမှာ အချင်းချင်း တွေ့ဆုံကြမယ်၊ ဖလှယ်ကြမယ်၊ နိစ္စဒူ၀ရင်ဆိုင်နေရတဲ့ မတူညီတဲ့ အခက်အခဲများစွာကို နားထောင်ကြပါမယ်။ ဒါ့အပြင် အားလုံးအပေါ် အကျိုးရလဒ်ကောင်းတွေ သက်ရောက်နိုင်တဲ့ အနုပညာကြားခံနယ်တွေကို အသုံးပြုပြီး အချင်းချင်းဖေးမကြမှာပဲ ဖြစ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲတွေကိုအတွေ့အကြုံရှိ စိတ်ပညာရှင်၊ စိတ်ရောဂါကုသပေးသော ဆရာ၀န်များ၊ အနုပညာနဲ့ ဂီတနယ်ပယ်မှ အတွေ့အကြုံရှိ အနုပညာကုထုံးပညာရှင်များကနေ ဦးဆောင်လမ်းညွှန်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အလုပ်ရုံဆွေးနွေးပွဲဦးဆောင်သူများက ညွန်ကြားပြသပေးတဲ့ လွယ်ကူတဲ့ နည်းလမ်းများကတစ်ဆင့် စိတ်ခံစားချက်တွေကို ဘယ်လိုထင်ဟပ်ဖော်ပြရမလဲ၊ စိတ်ပင်ပန်းမှုတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာတွေကို သိရှိလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအလုပ်အရုံဆွေးနွေးပွဲတွေကနေ သိမြင်ရရှိလာတဲ့ အတွေ့အကြုံတွေကလည်း မိမိကိုယ်ကို ဂရုစိုက်မှု၊ စွမ်းဆောင်နိုင်မှုတွေ တိုးတက်လာမယ့်အပြင် သတ္တိရှိမှု၊ စိတ်ပိုင်းဆိုင်ရာ ခွန်အား၊ ယုံကြည်မှုနဲ့ ခံနိုင်ရည်များ မြင့်မားလာမှာပဲ ဖြစ်တယ်။
“ထင်ဟပ်မျှ၀ေ တွဲလက်တွေ“ အစီအစဉ်ဟာ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပါ၀င်တက်ရောက်သူများရဲ့ စိတ်ပါ၀င်စားမှုများအပြင် ကောင်းမွန်တဲ့ တုံ့ပြန်မှုများလည်း ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် Goethe-Institut မြန်မာနဲ့ မိတ်ဖွဲ့လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက်များက စိတ်ဒဏ်ရာကို ဦးတည်ကုစားတဲ့ အပြန်အလှန်ဆွေးနွေးဖလှယ်ရေး လမ်းကြောင်းကို အခြေခံတဲ့  “ထင်ဟပ်မျှ၀ေ တွဲလက်တွေ“ Program of Care 2.0 အစီအစဉ်ကို ၂၀၂၃ ခုနှစ်မှာ တမူထူးခြားတဲ့ ပုံစံသစ်များနဲ့ ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နယ်ပယ်အသစ်များမှ အနုပညာကို ချိတ်ဆက်ကာ မတူညီတဲ့ စိတ်ခံစားချက်ကို ဖွင့်ဟဖော်ထုတ်ပြသနိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲများကို လာမယ့် နှစ်မှာ ထပ်တိုးစီစဉ်သွားမှာပဲ ဖြစ်ပါတယ်။

အောက်ပါ link များမှတစ်ဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုစီရဲ့ အတိုချုပ်နဲ့ အလုပ်ရုံဆွေးနွေးပွဲ ဦးဆောင်သူများရဲ့ ကိုးကားချက်များကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

-     Art & Healing Orientation Session
-     Art & Healing Certificate Workshop
-     Expressive Musical Relaxation 
-     Live with art: Reflect yourself through art for women
-     Mindfulness and Expressive Art for Children & Youth