အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

မြို့ပြလမ်းညွှန်။ ။Nuremberg
လှပသောအီတလီ အငွေ့အသက်လွှမ်းနေသော မြို့တစ်မြို့

နျူရွန်ဘတ်ရဲတိုက်မှမြင်ကွင်း။   ။အချို့လမ်းများက အံ့သြဖွယ် မြေထဲပင်လယ်အငွေ့အသက်ပေးစွမ် နိုင်သော နျူရွန်ဘတ်မြို့၏ သံချေးနီရောင်ခေါင်မိုးများ။
နျူရွန်ဘတ်ရဲတိုက်မှမြင်ကွင်း။ ။အချို့လမ်းများက အံ့သြဖွယ် မြေထဲပင်လယ်အငွေ့အသက်ပေးစွမ် နိုင်သော နျူရွန်ဘတ်မြို့၏ သံချေးနီရောင်ခေါင်မိုးများ။ | ဓါတ်ပုံ။ ။ © Adobe

နျူရွန်ဘတ်မြို့ (Nuremberg) တွင်လှပသောသွင်ပြင်နှင့်စိတ်ဝင်စားဖွယ်သမိုင်းနောက်ခံတို့ရှိပြီး ပဋိပက္ခဖြစ်ပွားခဲ့သည့် ခေတ်အပိုင်းအခြားများကလည်းအပါအဝင်ဖြစ်သည်။ နျူရွန်ဘတ်မြို့တွင် ထူးကဲပြည့်စုံသောဆွဲဆောင်မှုများစွာရှိပြီး ကျွန်ုပ်တို့၏ဆောင်းပါးရှင် Clara Lipkowski ကခေတ်သစ်ယဉ်ကျေးမှု၊ အနုပညာနှင့်ထူးခြားချက်များကို အသေးစိတ်တင်ပြသွားမည်ဖြစ်ပါသည်။ 

ရေးသားသူ​ Clara Lipkowski

အငြင်းပွားဖွယ်မရှိသော အမြင်အာရုံဖမ်းစားနိုင်မှု

သမိုင်းဝင်မြို့လယ်ရပ်ကို နျူရွန်ဘတ်ရဲတိုက်မျှော်စင်မှ မြင်ရပုံ။ သမိုင်းဝင်မြို့လယ်ရပ်ကို နျူရွန်ဘတ်ရဲတိုက်မျှော်စင်မှ မြင်ရပုံ။ | ဓါတ်ပုံ။ ။ © Adobe စစ်ပြီးကာလ၌ (၁၂ ရာစုမှ) မူလအဆောက်အအုံနေရာတွင်အစားထိုးပြန်လည်တည်ဆောက်ထားသည့်အဆောက်အအုံမျှသာဖြစ်သည်ဟု အချို့ကစောဒကတက်ကြသော်လည်း မြို့၏အထင်ကရအဖြစ်ဆုံးနေရာမှာ နျူရွန်ဘတ်အင်ပါယာရဲတိုက်ဖြစ်သည်မှာ ငြင်းမရပေ။ အခြားမြို့ရှိရဲတိုက်များနှင့်မတူသည်မှာ မြို့လယ်တွင်ထူးခြားစွာတည်ရှိနေသဖြင့် မြို့ထဲလမ်းလျှောက်သွားလျှင် ခေါင်မိုးများပေါ်မှ၊ လမ်းထောင့်များအနောက်မှ တစ်စွန်းတစ်စမြင်ရလေ့ရှိပါသည်။ ရဲတိုက်လင့်စင်ပေါ်မှကြည့်လျှင် မြို့တစ်ခွင်လုံးကိုအကျယ်ပြန့်ဆုံးမြင်ရသည့်အတွက် ခရီးသွားများထူထပ်နိုင်ပါသည်။ ခပ်လှမ်းလှမ်းတွင်ရဲတိုက်ဉယျာဉ်ရှိပြီး စာဖတ်ရန်၊ ဘောလုံးပစ်ဂိမ်းဆော့ရန် ဒေသခံများကိုဆွဲဆောင်လျှက်ရှိသည်။ ညနေခင်းတွင် ရဲတိုက်တစ်ဝိုက်ရှိလမ်းကြားလေးများ အထူးသဖြင့်ကုန်းမြင့်ပေါ်တွင်ဘားများတည်ဆောက်ထားသည့် Tiergärtnertorplatz သည်  သောက်ဖွယ်တစ်ခုခုသောက်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။ နျူရွန်ဘတ်၏ ဘော့လမ်း (Burgstrasse) တစ်လျှောက်သည် ဥရောပတောင်ပိုင်းအသွင်ဆောင်နေပါသည်။ (၁၄) ရာစုမှ ခေတ်ဆန်းဗိသုကာဟန်ဖြင့်ပြန်လည်တည်ဆောက်ထားသည့်မြို့တော်ခန်းမဟောင်းနှင့် ယင်းအနီးတစ်ဝိုက်မှအဆောက်အအုံများ စုဝေးနေသည်ကိုကြည့်လိုက်လျှင် လှပသောအီတလီမြို့ကို အောက်မေ့အမှတ်ရဖွယ်ဖြစ်နေပါသည်။ ထိုမြင်ကွင်းတစ်ခုတည်းနှင့်လျှင် ရဲတိုက်ပေါ် တက်ရသည်မှာတန်ပါသည်။

လမ်းဘေးအကနှင့် SCHÄUFERLA အတွဲအဖက်

ပုန်းကွယ်နေသောရတနာလေး။   ။ပိဂနစ်ဇ် (Pegnitz) မြစ်ကမ်းအနားရှိ ဟက်စ်ပယ်ရီဒန် (Hesperides) ဥယျာဉ်များ။ ပုန်းကွယ်နေသောရတနာလေး။ ။ပိဂနစ်ဇ် (Pegnitz) မြစ်ကမ်းအနားရှိ ဟက်စ်ပယ်ရီဒန် (Hesperides) ဥယျာဉ်များ။ | ဓါတ်ပုံ။ ။ © picture alliance / imageBROKER / Martin Siepmann နျူရွန်ဘတ်မှာ အားကစားကိုမြတ်နိုးသောမြို့ဖြစ်သည်။ ဘွန်ဒက်စ်လီဂါဘောလုံးကလပ်ဖြစ်သော 1st FC နျူရွန်ဘတ်ကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။ ဖရန်ကိုနီယန်များ၏ဒေသိယစကားတွင်သံပြင်းဗျည်းသံများကို ဖော့ပြောလေ့ရှိသဖြင့် “ကလပ်” ဟူသည်ထက် “ဂလပ်” ဟုအမှတ်မထင်အသံထွက်ကြသည်။ နျူရွန်ဘတ်မြို့၏ထက်ဝက်ခန့်မှာ ဘော့ဂရာဘန် (Burggraben) ရှိအားကစားကွင်းများနှင့်အထူးသဖြင့် ပိဂနစ်ဇ် (Pegnitz) မြစ်ကမ်းကမ်းတစ်လျှောက်တွင် လေ့ကျင့်ခန်းလုပ်ရန်၊ တွေ့ဆုံရန်ချိန်းဆိုတတ်ကြသည်ကိုတွေ့ရသဖြင့် အားကစားကိုမြတ်နိုးသောမြို့တစ်မြို့ပင်ဖြစ်ပေသည်။ ရေလွှမ်းလွင်ပြင်တစ်လျှောက် ကီလိုမီတာအနည်းငယ်ခန့်အနှေးပြေး၍ဖြစ်စေ၊ စကိတ်စီး၍ဖြစ်စေ၊ စက်ဘီးစီး၍ဖြစ်စေ အနီးကပ်လျက်ရှိ ဖြူ့သ် (Fürth) သို့ သွားရောက်နိုင်ပြီး မြို့နှင့်ထိစပ်နေသည့်အတွက် တိုးချဲ့မြို့ကွက်အဖြစ်‌ အများကညွှန်းဆိုကြသည် (ဖြူ့သ်ဒေသခံများကနှစ်သက်ခြင်းမရှိပါ)။ သီအိုဒေါ ဟော့စ်တံတား (Theodor Heuss) အောက်ရှိ ဘက်စကက်ဘောကစားသမားများ၊ လက်ဝှေ့သမားများနှင့်လမ်းဘေးအကပညာရှင်များကို အချိန်ပေး၍သွားမကြည့်ရသေးလျှင် နျူရွန်ဘတ်၏အဓိကနာမည်ကျော်နေရာကို လက်လွှတ်ဆုံးရှုံးခံနေခြင်းဖြစ်ပါသည်။ အနီးအနားတွင်ရှိသော်လည်း လူသိပ်မသိသောနေရာတစ်ခုမှာ ဟက်စ်ပယ်ရီဒန်ဂါတန် (Hesperidengärten) ဖြစ်ပြီး (၁၆) ရာစုနှစ်က ဆောက်လုပ်ခဲ့သည့် ဟက်စ်ပယ်ရီဒက်စ်ဥယျာဉ်ဖြစ်ပါသည်။ ဂရိဒဏ္ဍာရီလာသစ်ပင်စောင့်နတ်သမီးကျောက်ရုပ်တုများက စုတ်တံစက်ရုံဟောင်းဘေးတွင်စီတန်းတည်ရှိနေပါသည်။ အတွင်းသိများကမူ Barockhäusle စားသောက်ဆိုင်ဘက်မှ လာလျှင် အကောင်းဆုံးဖြစ်သည်ကိုသိကြသည်။ ထိုဆိုင်တွင်ရနိုင်သည့်ဖရန်ကိုနီယန်တို့၏အဓိကဟင်းလျာဖြစ်သော Schäuferla ခေါ် ဝက်လက်ပြင်သားနှင့်ဖက်ထုပ်ဟင်းကို သက်သက်လွတ်မစားသူများကကြိုက်နှစ်သက်ကြပေမည်။

ကြောက်မက်ဖွယ်အတိတ်ဆိုး

ကိုလိုစီယမ်ထက် နှစ်ဆကြီးလောက်၏။ ယခင် လူထုအစည်းအဝေးများကျင်းပရာ (Reichparteitagsgelände) ရှိ စီမံရေးဆွဲထားသော အစည်းအဝေးခန်းမကြီး၏ အတွင်းပိုင်းမြင်ကွင်း။ ကိုလိုစီယမ်ထက် နှစ်ဆကြီးလောက်၏။ ယခင် လူထုအစည်းအဝေးများကျင်းပရာ (Reichparteitagsgelände) ရှိ စီမံရေးဆွဲထားသော အစည်းအဝေးခန်းမကြီး၏ အတွင်းပိုင်းမြင်ကွင်း။ | ဓါတ်ပုံ။ ။ © Adobe နျူရွန်ဘတ်သို့လာရောက်လည်ပတ်လျှင် နာဇီခေတ်အတွင်းအဒေါ့ဖ်ဟစ်တလာ၏အဓိကဝါဒဖြန့်ပွဲများကျင်းပခဲ့သည့် မြို့အရှေ့တောင်ဘက်ရှိ Reichsparteitagsgelände သို့မဟုတ် နာဇီပါတီ၏လူထုစည်းဝေးရာကွင်းဟောင်းများကိုလည်း ခရီးစဉ်ထဲမပါမဖြစ်ထည့်သင့်ပါသည်။ (၁၉၃၃) ခုနှစ်တွင် ဟစ်တလာသည် နျူရွန်ဘတ်မြို့ကို “နာဇီပါတီလူထုစည်းဝေးရာမြို့” ဟုကြေညာခဲ့ပြီး “အာဏာရှင်မြို့”အဖြစ်သတ်မှတ်ကာ ဗိသုကာလက်ရာများကိုဆီလျော်အောင်ပြန်လည်ပြင်ဆင်ခဲ့သည်။ နာဇီပါတီ၏လူထုစည်းဝေးကွင်းများကို တပ်ဖြန့်ရာနယ်မြေကြီးအဖြစ်အသုံးပြုခဲ့ပြီး ဧရာမကျောက်သားအဆောက်အအုံကြီးများတည်ဆောက်ခဲ့သည်။ ထိုကဲ့သို့ ဧရာမအဆောက်အအုံကြီးများအနား တစ်ခေါက်မျှမတ်တပ်ရပ်ကြည့်မှသာ နာဇီဗိသုကာပညာ၏ဝင့်ကြွားလိုမှုကိုသဘောပေါက်နိုင်လိမ့်မည်ဟု အချို့ကဆိုကြသည်။ စစ်ပွဲအတွင်းသာ ဆောက်လုပ်ရေးမရပ်နားခဲ့လျှင် ညီလာခံခန်းမကို ရောမမှကိုလော့စီယမ်ထက်နှစ်ဆခန့် ကြီးမားပြီး နာဇီပါတီလူထုစည်းဝေးပွဲများအတွက် လူပေါင်း (၅၀,၀၀၀) တက်ရောက်နိုင်အောင် ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ထိုအဆောက်အအုံကိုသတိပေးချက်အဖြစ်ထိန်းသိမ်း၍ ငွေကုန်ကြေးကျခံပြင်ဆင်ရန်သော်လည်းကောင်း၊ ယိုယွင်းပျက်စီးအောင်စွန့်ပစ်ရန်သော်လည်းကောင်း၊ ဖြိုချရန်သော်လည်းကောင်း ဆယ်စုနှစ်များစွာအငြင်းပွားခဲ့ကြသည်။ များမကြာမီကမူ အနုပညာရှင်များ၏စတူဒီယိုပြခန်းများဖွင့်လှစ်ရန် အကြံတစ်ခုရခဲ့သည်။ ဤကဲ့သို့ ဆန်းဆန်းပြားပြားအလှည့်အပြောင်းတစ်ခုကြောင့်ထိုကွင်းပြင်များတွင် လူထုပွဲတော်များ၊ ဖျော်ဖြေပွဲများ၊ ကားပြိုင်ပွဲများကျင်းပလာခဲ့သည်မှာနှစ်ပေါင်းများစွာရှိနေပြီဖြစ်သည်။

လက်ဝဲတက်ကြွလှုပ်ရှားသူများနှင့် ခေတ်ဆန်ဆန်ခရိုင်မှ တွစ်တာပါရဂူများ

ဒါက Gostenhof ဖြစ်သည်။ အရက်ဆိုင်များနှင့်မေဒေး ဂရပ်ဖတီနံရံပန်းချီများကြား ဆယ်ကျော်သက်ကလေးတစ်ဦးက သူမ၏ “I love Goho” တီရှပ်စုစည်းမှုကို ဂုဏ်ယူစွာပြသနေပုံ။ ဒါက Gostenhof ဖြစ်သည်။ အရက်ဆိုင်များနှင့်မေဒေး ဂရပ်ဖတီနံရံပန်းချီများကြား ဆယ်ကျော်သက်ကလေးတစ်ဦးက သူမ၏ “I love Goho” တီရှပ်စုစည်းမှုကို ဂုဏ်ယူစွာပြသနေပုံ။ | ဓါတ်ပုံ။ ။ © picture alliance / dpa / Karl-Josef Hildenbrand အချို့က“ဆိုဟို”ကို အစွဲပြု၍ “ဂိုဟို” ဟုခေါ်ကြသော မြို့အနောက်ဘက်ပိုင်းရှိ ဂိုစတန်ဟို့ဖ် (Gostenhof) မှာ လန်ဒန်နှင့် နယူးယောက်တို့ရှိခေတ်ဆန်ဆန်ရပ်ကွက်များနှင့်ယှဉ်လျှင်အလွန်သေးငယ်သော်လည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဂိုဟိုတွင်ပြန်လည်ပြုပြင်ထားသည့်ဇိမ်ခံအဆောက်အအုံဟောင်းများတွင်နေထိုင်သောလူကုံထံများနှင့် အစိုးရထောက်ပံ့ကြေးရယူနေသောအကျဉ်းသားဟောင်းများ ရောပြွမ်းနေထိုင်လျှက်ရှိသည်။ ဒစ်ဂျစ်တယ်အေဂျင်စီများသည် အရယ်ရဆုံးသော တွစ်များကို နေ့စဉ်စုစည်း၍ “Twitterperlen” ဟူသောဝက်ဘ်ဆိုက်မှတစ်ဆင့် ဂျာမနီရှိသိန်းသောင်းမကသောဆိုရှယ်မီဒီယာအသုံးပြုသူများထံ ပြန်လည်မျှဝေကြသည်။ အဆောက်အအုံတစ်ခုကိုပြန်လည်ပြုပြင်ပြီးပါက လူမှုရေးအရတာဝန်ယူမှုရှိသောပုံစံဖြင့် ဌားရမ်း၍ရသည်မှာ ရှားပါသည်။ ခမ်းနားထည်ဝါသောအဆောက်အအုံဟောင်းများရှိရာ ပက်ထရာကယ်လီပလက်ဇ် (Petra Kelly Platz) တွင်ဟစ်စတားစတိုင်ကော်ဖီဆိုင်၊ ဝိုင်ဘားနှင့်ရှေးဟောင်းကွန်ပျူတာဆိုင်တို့ကပ်လျက်တည်ရှိပြီး ဘေးလမ်းတွင် တူရကီအစားအစာနှင့်အခြားကုန်ပစ္စည်းအရောင်းဆိုင်များက စင်္ကြံလမ်းတစ်လျှောက်စီတန်းတည်ရှိပြီး တူရကီအငွေ့အသက်လွှမ်းမိုးနေသည့်အတွက် “ဂိုစတန်ဘူးလ်” ဟုအချို့ကခေါ်ကြသည်။ လက်ဝဲလှုပ်ရှားသူများသည် ဂိုစတန်ဟော့ဖ်တွင်ဆုံတွေ့ကြပြီး “၎င်းတို့၏ရပ်ကွက်” ဟူသည့်စကားရပ်ကို ကြောက်ရွံ့ကြောင်း၊ အခန်းငှားခများဈေးကြီးလာကြောင်း ဆန္ဒပြကြသဖြင့် တစ်ခါတစ်ရံ ရဲများနှင့်ထိပ်တိုက်တွေ့လေ့ရှိသည်။ အလုပ်သမားနေ့တွင်နှစ်စဉ်ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲသည်လည်း နျူရွန်ဘတ်၏လက်ဝဲဝါဒအပြင်းထန်ဆုံးခရိုင်ဖြစ်သော ဂိုစတန်ဟို့ဖ်တွင်စတင်ခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲသည်လည်း တစ်ခါတစ်ရံတွင် ဥပဒေစိုးမိုးရေးအရာရှိများနှင့်ပဋိပက္ခဖြစ်ရင်းအဆုံးသတ်လေ့ရှိသည်။ ဒေသခံများအဟောင်းပစ္စည်းရောင်းချရာ အိမ်နောက်ဖေးဆိုင်တန်းများတစ်ခွင်လျှောက်ကြည့်၍ အချိန်ဖြုန်းလျှင်လည်းပျော်စရာကောင်းပါသည်။

နိုင်ငံတကာတွင်လူသိများသောတရားခွင်

(၁၉၄၅-၄၆) နျူရွန်ဘတ် စစ်ဆေးစီရင်မှုများအတွင်း တရားရုံးမြင်ကွင်း။ (၁၉၄၅-၄၆) နျူရွန်ဘတ် စစ်ဆေးစီရင်မှုများအတွင်း တရားရုံးမြင်ကွင်း။ | ဓါတ်ပုံ။ ။ © picture alliance / ZB / Agentur Voller Ernst တရားခွင် (၆၀၀) မှာ နျူရွန်ဘတ်အတွက် ထူးခြားသောနေရာတစ်ခုဖြစ်ရုံသာမက ကမ္ဘာ့သမိုင်းအတွက်လည်း ထူးခြားသောနေရာတစ်ခုဖြစ်သည်ဟုဆိုလျှင် ပုံကြီးချဲ့ပြောခြင်းမဟုတ်ပေ။ (၁၉၄၅) ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၌ နိုင်ငံတကာစစ်ခုံရုံးမတင်မီ နျူရွန်ဘတ်တရားရုံးချုပ်ရှိ သစ်သားဗီရိုဆံများကာရံထားရာ ဤအခန်းအတွင်း နျူရွန်ဘတ်စစ်ဆေးစီရင်မှုများလုပ်ဆောင်ခဲ့သည်။ ဤနေရာတွင် ဟာမန်ဂါရင် (Hermann Göring) ကဲ့သို့ ထိပ်သီးအမျိုးသားဆိုရှယ်လစ်များကိုရုံးတင်စစ်ဆေး၍ စီရင်ချက်ချမှတ်ခဲ့ပါသည်။ ထိုအချိန်တုန်းက နိုင်ငံတကာမှစာနယ်ဇင်းများ၊ အခြားသူများနှင့်လိုက်လျောညီထွေဖြစ်အောင် အဆင့်မြှင့်ပြုပြင်မှုများကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါသည်။ (၂၀၂၀) ခုနှစ်၊ မတ်လအထိ တရားခွင်တံခါးမပိတ်ခဲ့ပေ။ ယနေ့ခေတ်တွင်လာရောက်လည်ပတ်သူများသည် စစ်ဆေးစီရင်မှုများ၏ထိတ်လန့်ဖွယ်အသံမှတ်တမ်းများကိုနားထောင်နိုင်ပြီး ထိုအချိန်တုန်းက (၂၇) နှစ်သာရှိသေးသော်လည်း ယနေ့အချိန်တွင် (၁၀၁) နှစ်ရှိနေပြီး ဖလော်ရီဒါတွင်နေထိုင်နေသည့်အမေရိကန်ပြည်ထောင်စု၏အစိုးရရှေ့နေချုပ် ဘန်ဂျမင် ဖဲရန့်စ် (Benjamin Ferencz) ၏ပြောပြချက်ကို နားစိုက်ထောင်နိုင်ပါသည်။

နျူရွန်ဘတ်ရှိအများပိုင်နေရာများအနက် အများစုသာကောင်းမွန်ပါသည်။

တောက်ပသောအလင်းရောင်အောက်တွင် ၎င်း၏အကျည်းတန်မှုမှာအတန်ငယ်လျော့နည်းနေသည်။ Plärrer ကို အပေါ်စီးမှမြင်ကွင်း။ တောက်ပသောအလင်းရောင်အောက်တွင် ၎င်း၏အကျည်းတန်မှုမှာအတန်ငယ်လျော့နည်းနေသည်။ Plärrer ကို အပေါ်စီးမှမြင်ကွင်း။ | ဓါတ်ပုံ။ ။ © picture alliance / dpa / Daniel Karmann အမှန်တိုင်းဝန်ခံရလျှင် နျူရွန်ဘတ်ရှိရင်ပြင်တိုင်းမှာ မလှပပါ။ စစ်ပွဲပြီးနောက်ပြန်လည်တည်ဆောက်ထားသည့်အဆောက်အအုံများမှာ အသင့်အတင့်အခြေအနေသာရှိသည်ဟုတွေးမိလျှင် သင့်ကိုဗွေယူမည်မဟုတ်ပါ။ Weisser Turm ခေါ် အဖြူရောင်တာဝါရှိ ရင်ပြင်နှင့်၎င်း၏ရေပန်းရုပ်ထုတို့မှာ နျူရွန်ဘတ်၏အကျည်းတန်ဆုံးနေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး Plärrer ၏ငွေလမ်းခင်းထားသော ကွန်ကရစ်နှင့်စင်္ကြံလမ်းများမှာလည်း မျက်စိစပါးမွေးစူးစရာ ဖြစ်နေသည့်အတွက် ယင်းနှင့်အပြိုင်အကျည်းတန်နေပေသည်။ ယင်းမှာ ဂျာမနီ၏ပထမဦးဆုံးမောင်းသူမဲ့အလိုအလျောက်မောင်းမီးရထားရပ်နားရာဘူတာလည်းဖြစ်ပါသည်။ Köpfleinsberg ရင်ပြင်နှင့်နီးသည့်အတွက် အီတလီမှ ပီယာဇာတွင် ရောက်နေသကဲ့သို့ စစ်ပွဲအထိမ်းအမှတ်ကျောက်တိုင်အောက်ရှိလှေကားထစ်များပေါ်ထိုင်ခြင်း၊ ကော်ဖီဆိုင်ထိုင်ခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။ အရွယ်အစားသေးငယ်သည်မှာငြင်းမရသော်လည်း အလှဆုံးသောရဲတိုက်မြင်ကွင်းကို မြင်ရနိုင်သည့်နေရာတစ်ခုရှိပါသည်။ ယုံရခက်သည်မှာ အနီးအနားရှိကားရပ်နားကွင်းမှကြည့်လျှင် ထိုမြင်ကွင်းကိုမြင်ရခြင်း ဖြစ်သည်။ အက်ဒလာလမ်း (Adlerstrasse) ရှိ ကားရပ်နားကွင်း၏ (၇) ထပ်မြောက်မှကြည့်လိုက်လျှင် နေရောင်အောက်တွင်တောက်ပနေသည့် မြို့ဟောင်းမှသံချေးရောင်ထနေသော နီကျင့်ကျင့်ခေါင်မိုးများနှင့်အတူ ကျက်သရေရှိခမ်းနားလှသော ရဲတိုက်ကြီးကိုတွေ့မြင်နိုင်ပါသည်။

နျူရွန်ဘတ်မှဟစ်စတားများအတွက် နာမည်ကျော်နေရာများ

အကယ်၍သင်သည် ဓါတ်ပုံရိုက်ရသည်ကို ကြိုက်နှစ်သက်ပါက ယခုအချိန်က သင့်၏စမတ်ဖုန်းကို ဆွဲထုတ်ရမည့်အချိန်ပင်ဖြစ်သည်။ ဗိုက်စကာဘာဂါဆယ် (Weißgerbergasse) သည် နျူရွန်ဘတ်တွင် ဓာတ်ပုံအရိုက်ဆုံးနေရာပင် ဖြစ်နိုင်ပါသည်။ အကယ်၍သင်သည် ဓါတ်ပုံရိုက်ရသည်ကို ကြိုက်နှစ်သက်ပါက ယခုအချိန်က သင့်၏စမတ်ဖုန်းကို ဆွဲထုတ်ရမည့်အချိန်ပင်ဖြစ်သည်။ ဗိုက်စကာဘာဂါဆယ် (Weißgerbergasse) သည် နျူရွန်ဘတ်တွင် ဓာတ်ပုံအရိုက်ဆုံးနေရာပင် ဖြစ်နိုင်ပါသည်။ | ဓါတ်ပုံ။ ။ © Adobe နျူရွန်ဘတ်တွင် Café Bergbrand ကဲ့သို့ ဗြောင်မီးလုံးများတပ်ဆင်ထားသည့် “စက်ရုံဆန်ဆန်” ကော်ဖီဆိုင်များထိုင်ရသည်ကိုနှစ်သက်သော ဟစ်စတားများသွားလေ့ရှိရာနေရာအချို့ရှိပါသည်။ လူအများသည် အရည်အသွေးကောင်းသကဲ့သို့ဈေးလည်းမြောက်သောကော်ဖီသောက်ရန် ဗိုက်စကာဘာဂါဆယ် (Weißgerbergasse) လမ်းထောင့်သို့ စုဝေးလာရောက်ကြသည်။ မျက်စိပသာဒဖြစ်သည်ကိုနှစ်သက်သူအတွက် လမ်းကြားလေးတစ်ခုတည်းကပင် နှစ်လိုဖွယ်ကောင်းနေပြီး လာရောက်လည်ပတ်သူများသည် ပျဉ်ကွပ်ထားသည့်အုတ်အိမ်လေးများ၊ ကြွေပန်းများ၊ လမ်းခင်းကျောက်များ၊ မဆိုစလောက်လျှောနေသည့်ဆင်ခြေလျှောနှင့် စတိုးဆိုင်ငယ်လေးများကို ဖုန်းထုတ်၍ဓာတ်ပုံရိုက်ယူကြသည်။ နျူရွန်ဘတ်တွင် ဓာတ်ပုံအရိုက်ဆုံးလမ်းထောင့်ပင်ဖြစ်နိုင်ပါသည်။ ဤနေရာမှတစ်ဆင့် နွေရာသီတွင် အသွားသင့်ဆုံးနေရာတစ်ခုဖြစ်သောအနီရောင်ပက်လက်ကုလားထိုင်များရှိရာ Hallerwiese သို့ ဆက်သွားတတ်ကြပြီး တစ်ခါတစ်ရံတွင် အဘီဇာကျွန်းမှပါတီပွဲများသဖွယ်လူစည်ကားနေပါသည်။ အထူးသဖြင့် အများသုံးအိမ်သာဟောင်းနေရာတွင် ဆောက်လုပ်ထားသည့် Schnepperschütz ကဖေး၏မျက်နှာစာမှာ ဘီယာသောက်ရန်၊ ဝိုင်သောက်ရန် သို့မဟုတ် ပေါင်မုန့်မီးကင်ထောပတ်သီးသုတ်စားရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။

ဆန်းသစ်သောအတွေးများဖြင့် အသစ်တစ်ဖန်ပြန်လည်တီထွင်အသုံးပြုခြင်း

AEG တွင်ပြသထားသော အနုပညာလက်ရာ။ AEG တွင်ပြသထားသော အနုပညာလက်ရာ။ | ဓါတ်ပုံ။ ။ © picture alliance / dpa / Daniel Karmann ဘာဗာရီယာ (Bavaria) တွင် ဒုတိယအကြီးဆုံးမြို့ဖြစ်သည့်အလျှောက် လူဦးရေငါးသိန်းခန့် ရှိသည့်နျူရွန်ဘတ်မြို့ကို မြူးနစ်ချ်မြို့ (Munich) ၏ “ညီမငယ်မြို့” ဟုခေါ်ကြသည်။ သို့သော် နျူရွန်ဘတ်မြို့တွင် ဆွဲဆောင်မှုကိုယ်စီရှိသော ယဉ်ကျေးမှုထွန်းကားရာဒေသများစွာရှိပါသည်။ ယခင်က စီးပွားရေးကပ်ကြောင့် ကုမ္ပဏီကြီးအချို့ဒေဝါလီခံခဲ့ရသည့်အတွက် ထိုစွန့်ပစ်ခံစက်ရုံဟောင်းများတွင် တီထွင်ဖန်တီးရှင်များကနေရာယူလိုက်ကြသည်။ ဥပမာအားဖြင့် အေအီးဂျီ လျှပ်စစ်ကုမ္ပဏီကို အလုပ်သမားများက နှစ်ပေါင်းများစွာဆန္ဒဖော်ထုတ်ခဲ့သော်လည်း (၂၀၀၆) ခုနှစ်တွင် အလုပ်သမား (၁,၇၀၀) ရှိသောစက်ရုံကို ပိတ်လိုက်သည့်အတွက် မြို့ကိုအထိနာစေခဲ့သည်။ သို့သော် ဖက်ရှင်ဒီဇိုင်နာများ၊ ပန်းပုဆရာများနှင့် အခြားသောအနုပညာရှင်များသည် အေဂျီအီး အဆောက်အအုံဟောင်းကို ဈေးသက်သက်သာသာဖြင့်ငှားရမ်းပြီး “အေဂျီအီး” တွင်၎င်းတို့၏အနုပညာပြသရန် တံခါးများဖွင့်လှစ်ခဲ့သည်။ ထိုအချိန်မှစ၍ ယင်းနေရာတွင် နည်းပညာတက္ကသိုလ်တစ်ခုတည်ထောင်လိုသော မြို့၏စီမံကိန်းမှာ အလျှော့ပေးလိုက်ရသည်။ စနစ်တကျထိန်းသိမ်းထားသည့် စက်ရုံဟောင်း၏အသွင်အပြင်ကို ခဏတာဖြစ်ဖြစ်သွားကြည့်သင့်ပါသည်။ စာတိုက်မှတစ်ဆင့် ရောင်းချသော ခလဲလာ (Quelle) ကုမ္ပဏီသည် (၂၀၀၉) ခုနှစ်တွင်ဒေဝါလီခံခဲ့ပြီး ယခုအခါ၌ တီထွင်ဖန်တီးသူတစ်စုသည် “Quell-Kollektiv” ဟူသောအမည်ဖြင့် ပို့ချချက်များ၊ ဆွေးနွေးပွဲညများစီစဉ်၍ ခလဲလာပန်းခြံရှိဘွိုင်လာအိမ်တွင် တွေ့ဆုံကြသည်။ နျူရွန်ဘတ်တွင် အခြားယဉ်ကျေးမှုထွန်းကားရာနေရာများရှိပါသေးသည်။ ဂိုရို မွန်တဲရို (Goyo Montero) ၏ ခေတ်မီကကွက်ဆန်းများကိုကြည့်ပြီးလျှင် ထူးခြားဆန်းပြားသောခေတ်ပြိုင်အနုပညာကို ကြည့်ရှုခံစားရန် မြူးနစ်ချ်မြို့သို့သွားလိုစိတ်ပင် ဖြစ်တော့မည်မဟုတ်ပါ။ ဂမားနစ်ရှက်စ် အမျိုးသားပြတိုက် (Germanisches Nationalmuseum) သည် ဂျာမန်စကားပြောနိုင်ငံများအနက် အကြီးဆုံးယဉ်ကျေးမှုသမိုင်းပြတိုက်ဖြစ်ပါသည်။ ဗော်ကာစတပ်ဘ် (Volker Stabb)  ဒီဇိုင်းဆွဲထားသည့်မှန်အဆောက်အအုံကြီးတွင် မော်ဒန်အနုပညာလက်ရာများခင်းကျင်းပြသထားသည့် နောအက်စ်ပြတိုက် (Neues Museum) မှာ မဖြစ်မနေသွားရောက်လေ့လာသင့်သော ဗိသုကာလက်ရာဖြစ်ပါသည်။ “အနာဂတ်ပြတိုက်” (Future Museum) မှာဆောက်လုပ်ဆဲဖြစ်ပြီး မြူးနစ်ချ်ရှိ ဒွိုင်းချက်စ်ပြတိုက် (Deutsches Museum) ၏အခွဲ ဖြစ်ပါသည်။ ထိုအချက်ကိုတော့ ပြည်နယ်မြို့တော်နှင့်ယှဉ်လျှင် အရေးနိမ့်ကြောင်းဝန်ခံရပေမည်။ ပြတိုက်နှင့်ပတ်သက်၍ အငြင်းပွားမှုလုံးလုံးမရှိသည်တော့မဟုတ်ချေ။ လွတ်လပ်သောပြည်နယ်တစ်ခုဖြစ်သော်လည်း ထိုမြေအတွက်ငှားရမ်းခမှာ အလွန်ဈေးကြီးနေသည်ဟုအပြစ်တင်ဝေဖန်ကြသည်။ ထိုအချက်မှလွဲ၍ ယဉ်ကျေးမှုပိုင်းနှင့်ပတ်သက်လျှင် နျူရွန်ဘတ်သို့ မဖြစ်မနေသွားသင့်ပါသည်။ 

တံတားများ၊ တံတားများနှင့် နောက်ထပ်တံတားများ

ကက်တန်တံတား (Kettensteg) သည်ပင်မဥရောပတိုက်တွင် လက်ရှိ သက်တမ်းအရင့်ဆုံး ကြိုးတံတားဖြစ်သည်ဟုဆိုနိုင်၍ ဆွတ်ပျံ့ကြည်နူးဖွယ်အကောင်းဆုံးဖြစ်နိုင်ပါသည်။ ကက်တန်တံတား (Kettensteg) သည်ပင်မဥရောပတိုက်တွင် လက်ရှိ သက်တမ်းအရင့်ဆုံး ကြိုးတံတားဖြစ်သည်ဟုဆိုနိုင်၍ ဆွတ်ပျံ့ကြည်နူးဖွယ်အကောင်းဆုံးဖြစ်နိုင်ပါသည်။ | ဓါတ်ပုံ။ ။ © Adobe ပစ်ဂနစ်မြစ် (Pegnitz) သည် သမိုင်းဝင်မြို့လယ်တစ်ခွင်ကွေ့ကောက်စီးဆင်းလျှက်ရှိပြီး နျူရွန်ဘတ်မြို့ခံများသည် မြစ်ကမ်းပါးတစ်လျှောက်ရှိနေရာများတွင် အရက်၊ ဘီယာသောက်ရင်းအချိန်ဖြုန်းလေ့ရှိကြသည်။ တစ်ခါတစ်ရံတွင် အလွန်လှပသောတံတားများပေါ်တွင်စည်းကားနေတတ်သလို တစ်ခါတစ်ရံတွင်သိပ်မလှသည့်သာမန်တံတားများပေါ်တွင်လည်းစည်ကားနေတတ်ပါသည်။ ဥပမာပြရလျှင် တိုဒယ်မက်ကျွန်း (Trödelmarkt) သည် ရေထဲတွင်ခြေထောက်တွဲလောင်းချရင်း အပန်းဖြေသင့်သောနေရာတစ်ခုဖြစ်ပါသည်။ ဟန်ကာတံတား (Henkersteg) သို့မဟုတ် ဟန်းမန်းတံတား (Hangman’s Bridge) သည်အထင်ရှားဆုံးဖြစ်ပြီး ကက်တန်တံတား (Kettensteg) မှာမူ ပင်မဥရောပတိုက်တွင် လက်ရှိ သက်တမ်းအရင့်ဆုံးကြိုးတံတားဖြစ်၍ ဆွတ်ပျံ့ကြည်နူးဖွယ်ပိုဆန်ပါသည်။ ညနေခင်းတွင်မီးများထွန်းလေ့ရှိသဖြင့် မြစ်ရေပြင်နှင့်မြစ်ကမ်းပါးတစ်လျှောက်မှ သမိုင်းဝင်အိမ်ဟောင်းများမှာတလက်လက်တောက်ပနေပေသည်။

မြို့လယ်ခေါင်မှကမ်းခြေနှင့် အခြားထူးခြားချက်များ

Markus Söder က ကမ်းခြေတစ်ခုကို အလိုရှိပြီး ကမ်းခြေတစ်ခုရရှိခဲ့တယ်။ ထို့အပြင် ဖလင်မင်းဂိုး ခြေနင်းလှေတစ်အုပ်ကြီးရောပဲ။ Markus Söder က ကမ်းခြေတစ်ခုကို အလိုရှိပြီး ကမ်းခြေတစ်ခုရရှိခဲ့တယ်။ ထို့အပြင် ဖလင်မင်းဂိုး ခြေနင်းလှေတစ်အုပ်ကြီးရောပဲ။ | Photo (detail): © Adobe ဘာဗေးရီးယန်းဝန်ကြီးချုပ် မားကတ်စ်ဆိုဒါ (Markus Söder) သည် Wöhrde ကန်အကြောင်းစပြောလိုက်တိုင်း “ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့စီမံကိန်းတစ်ခု” ဟု အသားပေးပြောရသည်ကိုနှစ်သက်ပါသည်။ စီအက်စ်ယူနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လူသိများသောနျူရွန်ဘတ်မြို့ခံတစ်ဦးဖြစ်သော ဝန်ကြီးချုပ်သည် ရေကန်ကိုပိုမိုလှပအောင်ဆောင်ရွက်ခဲ့သူဖြစ်သည့်အတွက် ချီးကျူးထိုက်သူဖြစ်ပါသည်။ ယခင်ကသမိုင်းဝင်မြို့လယ်တွင် ရေမလျှံစေရန်အတွက် ပစ်ဂနစ်မြစ်ကိုတမံတုတ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ ရေကူးရန်နေရာကောင်းတစ်ခုဖြစ်နေပါသည်။ မားကစ်ဆိုဒါသည် ထိုနေရာတွင် ကမ်းခြေတစ်ခုဖြစ်စေလိုသည့်အတွက်ဖြစ်အောင်ဖန်တီးခဲ့ပါသည်။ နျူရွန်ဘတ်အတွက် သူလုပ်ဆောင်ခဲ့သမျှကို မမောနိုင်မပန်းနိုင်ပြောလေ့ရှိပါသည်(ဘာဗေးရီးယန်းဝန်ကြီးများကို မြို့ဆီသို့ ခေါ်ဆောင်လာခြင်း၊ အနာဂတ်ပြတိုက်မှာလည်း သူ၏ ကြိုးစားမှုဖြစ်သည်)။ ရေကန်ပြန်လည်မွမ်းမံရန်၊ မတ်စောက်သော ကမ်းပါးများပြေပြန့်သွားအောင်ညှိရန်နှင့် မီးထိန်ထိန်ထွန်းထားသည့်မြင်ကွင်းကျယ်တံတားတို့ တည်ဆောက်ရန်အတွက် ယူရို သန်း (၃၀) ကုန်ကျခဲ့ပါသည်။ ထို့နောက် ဆိုဒါက သူ၏ပါဝင်ဆောင်ရွက်မှုများကို အင်စတာဂရမ်ပိုစ့် သို့မဟုတ် တွစ်များတင်သည့်အခါတွင်လည်း နျူရွန်ဘတ်မြို့ခံများက ဖရန်ကိုနီယန်တို့ထုံးစံအတိုင်း အေးအေးဆေးဆေးသာတုံ့ပြန်ကြပါသည်။ နျူရွန်ဘတ်မြို့တွင် ဝက်အူချောင်းကြော် (bratwurst) ၊ ဂျင်းပေါင်မုန့်၊ အာဘတ်ဒူအာ (Albrecht Dürer) ကဲ့သို့ ကျော်ကြားမှုများစွာရှိပြီး ယခုအခါတွင်တစ်မူထူးခြားသော (weng eigen) သို့မဟုတ် အနည်းငယ်ထူးထူးဆန်းဆန်းနိုင်သောဝန်ကြီးချုပ်ကြောင့်လည်းကျော်ကြားနေပေသည်။