ရုပ်သေးဇာတ်သဘင်ပွဲတော်
“In Between” မှ စမ်းသပ်လေ့လာနေဆဲအစီအစဉ်။

Franconia ဒေသရှိ မြို့လေးမြို့သည် အပြည်ပြည်ဆိုင်ရာ ရုပ်သေးဇာတ်သဘင်ပွဲတော်ကို နှစ်နှစ်တကြိမ် လက်ခံကျင်းပပေးကြသည်။ ၂၀၁၇ ခုနှစ် ပွဲတော် အစီအစဉ်ကို ကြည့်ရှုပါက - “ရုပ်သေးရုပ်များ”နှင့် “ဇာတ်သဘင်”တို့၏ အယူအဆသည် အလွန်ပင် ကျယ်ပြန့်သည်။
Erlangen မြို့၊ Nuremberg မြို့၊ Fürth မြို့နှင့်S chwabach မြို့တို့တွင် အပြည်ပြည်ဆိုင်ရာရုပ်သေးဇာတ်သဘင်ပွဲတော်သည် နှစ်နှစ်တစ်ကြိမ်ကျင်းပလာရာ ယခုဆိုလျှင်ဆယ်နှစ်တိုင်ပြီ။ ၎င်းပွဲတော်သည် ဥရောပတိုက်တွင် အရေးအပါဆုံး ဇာတ်သဘင်လောကတွေ့ဆုံမှုပွဲများအနက်တစ်ခုဖြစ်ပြီး၊ “ရုပ်သေးများ၊ အရာဝတ္ထုများ၊ ပုံရိပ်များ” ဟူသော ခေါင်းစဉ်ငယ်ကို တပ်ထားကြသည်။ ဤအချက်က “ရုပ်သေးဇာတ်သဘင်” ကို ဤနေရာတွင် “ရုပ်သေးရုပ်များ” နှင့် စပ်လျဉ်း၍ဖြစ်ဖြစ်၊ “ဇာတ်သဘင်”နှင့် စပ်လျဉ်း၍ဖြစ်ဖြစ် အဓိပ္ပါယ်ကျယ်ဝန်းစွာ နားလည်သဘောပေါက်ထားသည်မှာ ရှင်းလင်းထင်ရှားသည်။ သို့ဆိုသော် ဤအလွန်ကြီးမားသောပွဲတော်၏ အကြိမ်နှစ်ဆယ်မြောက်ပွဲအစီအစဉ်က ရသအရမတူကွဲပြားပြီး အထူးသဖြင့် Erlangen မြို့တွင် ဘာသာရပ် တစ်ခုမကပါဝင်အောင် တမင်ပြုလုပ်ထားသည်က သက်သေပြသနေသည်။
ရုပ်သေးရုပ်များ၊ ကချေသည်များနှင့်ပွေးများ
ပါဝင်သောမြို့တော်များ၏ စုစည်းရွေးချယ်မှုပိုင်းတွင် ထူးကဲမှုများကို ပွဲတော်အစ၌ အထင်အရှားပြသခဲ့ပြီးဖြစ်သည်။ Fürth မြို့တွင် အလွန်စိတ်ဝင်စားစရာဇာတ်လမ်းများကို ရုပ်သေးများ၊ လူများဖြင့် ပြောပြထားသော (ဇာတ်) ထုတ်လုပ်မှုများကို သိသာစွာအာရုံစိုက်ထားသည်။ မျက်စိပသာဒတင့်ဆန်းပြီး၊ ချီးမွှမ်းထောပနာပြုလောက်သော အဖွင့်ကပြဖျော်ဖြေမှုဖြစ်သည့် M – A City Seeks a Murderer (အမ်- မြို့တစ်မြို့က လူသတ်သမားတစ်ဦးကို ရှာဖွေသည်။) ဇာတ်သည် Magdeburg ရုပ်သေးဇာတ်အဖွဲ့က ပြဇာတ်ဒါရိုက်တာ Roscha Säidow ၏ ညွှန်ကြားမှုအောက်တွင် ကပြအသုံးတော်ခံသည်။ Nuremberg မြို့က Chris Haring အကဇာတ်အဖွဲ့၏ထုတ်လုပ်တင်ဆက်မှု (ဇာတ်) ဖြစ်သော Foreign Tongues (တိုင်းတပါး ဘာသာစကားများ) ဖြင့် စတင်ဖွင့်လှစ်သည်။ ဤဩစတီးယားထုတ်လုပ်မှု (ဇာတ်) တွင် ကချေသည်များသည် တိုင်းတပါးဘာသာစကားများကို ပြောရန်ဖိအားပေးခံရသော ရုပ်သေးရုပ်များကဲ့သို့ သရုပ်ဆောင်ကပြကြသည်။ ၎င်းမှာ Nuremberg မြို့နေရာဌာနတွင် ပြသသော ရုပ်သေးပွဲနှင့်ထိတွေ့မှု၌ ထူးခြားပြောင်မြောက်သော အကတင်ဆက်မှုတစ်ရပ်ဖြစ်သည်။
ထို့ပြင် Erlangen မြို့တွင် ပြင်သစ်ဒါရိုက်တာ Philipp Quesne က ပရိသတ်ကို နှစ်မျိုးပေါင်း ဇာတ်လောကဆီသို့ မရအရခေါ်ဆောင်သွားသည်။ ထိုကပြားဇာတ်တွင် လူအရွယ်အစားရှိ ပွေးများသည် ကမ္ဘာမြေဆွဲငင်မှုနှင့်မျောလွင့်အိပ်မက်တို့၏ ဆွဲဆောင်မှုအကြား၊ ကြမ်းတမ်းမှုနှင့်ကဗျာတို့အကြား၊ အနှစ်သာရမရှိခြင်းနှင့်လူ့ဘဝပဋိပက္ခတို့အကြားတွင် လူးလိုက်လှိမ့်လိုက်၊ ခလုတ်တိုက်လိုက်၊ သားဖွားလိုက်၊ သေဆုံးလိုက်၊ ကခုန်လိုက် နှင့် ဂီတကို ဖန်တီးကြသည်။ ဂီတသံက ကျယ်လောင်၍၊ ခေတ်လည်းဆန်သည်။ ကျွန်ုပ်တို့ လူသားဖြစ်တည်မှု၏ ရှင်းလင်းပြတ်သားလုလု ဇာတ်လမ်းပုံပြင်တစ်ခုမှာ ရယ်စရာလည်းဖြစ်၊ ခွတီးခွကျလည်းဖြစ်၊ စိတ်လှုပ်ရှားစရာလည်းဖြစ်သည်။ ဒါဟာ (ရုပ်သေး) ဇာတ်သဘင်လား။ သဘာဝပသာဒကို ထည့်သွင်းတည်ဆောက်ခြင်းလား။ အကလား။ လူကြိုက်များ တေးဂီတဖျော်ဖြေပွဲလား။ ပါဖောင်မန့်လား။ ဘယ်သို့ဖြစ်ဖြစ် Erlangen ပြဇာတ်ရုံမိုင်တစ်လျောက် ပျူငှာဖော်ရွှေသောအရက်ဆိုင်များတွင် ညနက်သည်အထိတိုင်အောင် အကြိတ်အနယ်ဆွေးနွေးမှုများအတွက် အခွင့်အခါတစ်ရပ်ဖြစ်ခဲ့သည်။ ညနေတိုင်းလည်း ထပ်ပြန်တလဲလဲ မြင်နေရသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။
စမ်းသပ်လက်ဟန်ခြေဟန်
ဤနှစ်၏ကျယ်ကျယ်ပြန့်ပြန့်အစီအစဉ်တွင် သင့်ကိုစိတ်ဝင်စားမှုဖြစ်စေသည့်အရာသည် (ဇာတ်) ထုတ်လုပ်မှုအတော်များများ၏ စမ်းသပ်လက်ဟန်ခြေဟန်ဖြစ်သည်။ ဥပမာ- အစ္စရေး ဒါရိုက်တာ Ariel Doron ၏ ထုတ်လုပ်မှုဖြစ်သော Visiting Hours Are Over (ဧည့်ချိန်ကုန်ပြီ) သည် စမ်းသပ်ဆဲအစီအစဉ်တစ်ရပ်ဖြစ်ကာ ပရိသတ်များထံမှ ဆုံးဖြတ်ချက်များကိုတောင်းဆိုသော အခြေအနေဆီသို့ရောက်အောင် ပရိသတ်များကိုခေါ်ဆောင်သွားသည်။ ရုပ်သေးရုပ်အများကြီးကို ကိုင်တွယ်လုပ်ကိုင်ပြသည်။ ပရိသတ်က အလွန်နီး ကပ်သည်။ လူတိုင်း အခန်းထဲတွင် ဟိုဒီရွှေ့နိုင်သည်။ ဝင်ရောက်ပါဝင်နိုင်သလို၊ စောင့်ကြည်သူအနေဖြင့်လည်း နေနိုင်သည်။ ဆိုးရွားသည်။ နေရခက်သည်။ သက်သောင့်သက်သာလည်းမရှိ။
တိရစ္ဆာန် စမ်းသပ်မှုများ
ဗြိတိသျှအမြင်ပိုင်းဆိုင်ရာအနုပညာရှင် Tim Spooner ၏ The Assembly of Animals (တိရစ္ဆာန်များစုဝေးမှု) သဘာဝပသာဒတပ်ဆင်ခြင်းကို စမ်းသပ်လက်ဟန်ခြေဟန်တစ်ရပ်က လွှမ်းမိုးထားသည်။ အနည်းငယ် ဖရိုဖရဲဖြစ်နေသော ဓာတ်ခွဲခန်းတစ်ခုထဲမှာလို စမ်းသပ်တည်ဆောက်မှုတို့ကို တင်ဆက်ခြင်းခံရသောကြောင့် အားလုံးတွင် တိရစ္ဆာန်များကိုပြန်လည်အမှတ်ရစေသော ထူးခြားပြီး၊ မတည်မငြိမ်စက်ယန္တရားဖွဲ့စည်းပုံများ ပါဝင်သည်။ ဤအရာများကို ဖြုတ်ယူ၍၊ ပြန်လည်စီရီပြီး၊ လည်ပတ်စေရာ ကိုးရိုးကားရားနိုင် သလို၊ ထိလည်းထိမိသည်။ တစ်ခုခု သို့မဟုတ် အခြားအရာသည် ဤစက်ပိုင်းဆိုင်ရာ တိရစ္ဆာန်စုတွင် ထပ်ခါထပ်ခါ ပြိုကွဲကုန်သည်။ တစ်ခါတစ်ရံယိုင်တိုင်တိုင်ဓာတ်ခွဲခန်းစားပွဲကိုယ်၌ကပင် ပြိုပျက်မှုအခိုက်အတန့်ခဏလေးတွင် တိရစ္ဆာန်ဆန်သောအရာကို ထုတ်သည်။ ၎င်းမှာ (အရာဝတ္ထုနှင့် လူသားတို့အကြား) ပြုတ်ထွက်လုလုမျှခြေနှင့် ရှုံးနိမ့်မှုနှင့်ကဗျာဆန်ဆန် လွမ်းဆွေးစရာကစားပွဲတစ်ရပ် ဖြစ်သည်။ ပွဲကြည့်ပရိသတ်ထဲမှ ကလေးငယ်များသည် အံ့အားသင့်လောက်စရာ ပျော်ရွှင်ကြရသည်။ လူကြီးများကမူ ဤအရာသည် ပြဇာတ်လားဟုငြင်းခုန်ကြသည်။ ဒါမှမဟုတ် အမြင်ပိုင်းဆိုင်ရာအနုပညာလား။ ဒါမှမဟုတ် နှစ်ခုအကြားကအရာလား။
DIY ဓာတ်ခွဲခန်း
ခရိုအေးရှန်းလူမျိုး သရုပ်ဖော်တင်ဆက်သူ Barbara Matijević သည် သူ၏ I‘ve Never Done It Before (အရင်ကကျွန်မ ဒါကိုမလုပ်ဖူးဘူး) တွင် သူ့ဇာတ်ကို စကားပြောသောစက္ကူခေါက်ကွန်ပြူတာအရုပ်တစ်ရုပ်၊ လှိုင်းပုံကြည့်ကိရိယာ၊ ကင်မရာများ၊ အသံညှိကိရိယာ၊ စက္ကူကတ္ထူသေတ္တာများ၊ LED မီးလုံးများနှင့်အခြားထူးမခြားနားအရာဝတ္ထုမှသည် ဝိုးတဝါးအရာဝတ္ထုများနှင့် ပြည့်နှက်နေသော စမ်းသပ်မီဒီယာဓာတ်ခွဲခန်းတစ်ခု အနေအထားဖြင့်တင်ဆက်သည်။ ပြိုးပြိုးပျက်ပျက်တင်ဆက်မှုဖြင့် သူက ယူကျူ့ပ်ပေါ် တွင် ကိုယ်တိုင်လုပ်ဗီဒီယိုပုံစံ အတုအယောင်ကိုယ်တိုင်စမ်းသပ်မှုများကတဆင့် ဤအရာဝတ္ထုများဖြင့် ဇာတ်လမ်းများကို ဖန်တီးသည်။ တိုတိုတုတ်တုတ်ပြောရသော် ဓလေ့ထူးပြီး လူစိတ်ဝင်စားမှုရအောင်လုပ်တတ်သော DIY အင်တာနက်ယဉ်ကျေးမှုနှင့် ဆင်တူသမျှကို စိတ်နှစ်ထားသော အနုပညာဖန်တီးမှုဖြစ်စဉ်အဖြစ် ညှိနှိုင်းပြုပြင်ကြသည်။ ကပြတင်ဆက်သူ၏ကိုယ်ခန္ဓာနှင့် ကပြတင်ဆက်သူ ကိုယ်တိုင်တို့ကြားမှ ဆက်နွှယ်မှုတွင် ကပြတင်ဆက်နေသူ၏ကိုယ်ခန္ဓာကို မှုန်ဝါးသွားအောင်၊ အကန့်အသတ်ထားရှိအောင်နှင့် နှစ်မျိုးစပ်စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုအဖြစ် အခါခါအလီလီ ပြောင်းလဲသွားစေသည်။
ကြားခံကိုယ်ထည်များ၊ စက်ရုပ်များ
ဘယ်လ်ဂျီယန် ကချေသည်နှင့်ကပြတင်ဆက်သူ Pieter Ampe ၏ ဒေါသမာန်ပါသော တကိုယ်ရေ ကပြတင်ဆက်မှုဖြစ်သော So You Can Feel (မင်းလည်း ခံစားလို့ရနိုင်တယ်) တွင် ခန္ဓာကိုယ် ကိုယ်၌နှင့် ၎င်း၏အာရုံခံမှုစနစ်များသည် ဇာတ်သဘင်စမ်းသပ်မှု၏ အဓိကအကြောင်းအရာဖြစ်သည်။ Ampe က ပုံသေကားကျ၊ လိင်စိတ်ဆွပေးသောခန္ဓာကိုယ်ဟန်ပန်များ၊ တဖြည်းဖြည်းအဝတ်များနည်းလာပြီး၊ နောက်ဆုံး ဝတ်လစ်စားလစ်နီးပါးဖြစ်လာကာ၊ တစ်ကိုယ်လုံးဆေးအဖြူတွေသုတ်ထား၍ ကျွန်ုပ်တို့ထံသို အန္တရာယ်ရှိသည့် အကွာအဝေးအထိ ချဉ်းကပ်လာသည်။ အရေးစိုက်ခံချင်ပြီး၊ ရဲရင့်ကာ အထိအခိုက်လွယ်လွန်း၍ ကျွန်ုပ်တို့၏ မျက်လုံးရှေ့တည့်တည့်တွင် သူ့ကိုသူ အသွင်ပြောင်းလိုက်သည်။ ဆိုကြပါစို့- သူ့ကိုယ်ပိုင်ကိုယ်ခန္ဓာကို စိတ်ခံစားမှုများကိုလှုံဆော်ရန် အနုပညာ ပစ္စည်းတစ်ခုအဖြစ် သက်ဝင်လှုပ်ရှားစေသည်။ ဤသည်မှာအပြည့်အဝပြင်းထန်သည်။ ဤချည်းကပ်မှုတွင် သူက Erlangen ပွဲတော် တွင် နှစ်ပေါင်းများစွာ ကိုယ်စားပြုခဲ့သော ရုရှားအုပ်စု AKHE ၏ “ဇာတ်သဘင်အင်ဂျင်နီယာများ”ကို စုစည်းသည်။ သူတို့၏ လေးပိုင်းဇာတ် Between Two (နှစ်ခုအကြား) တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်း ကြားနေရာတစ်ခုအကြောင်းကို The Tibetan Book of the Dead (တိဗက် မရဏကျမ်း) ကိုအခြေခံ၍ သူတို့က စူးစမ်းရှာဖွေထားသည်။ ထုံးစံအတိုင်း မင်းမဲ့ဆန်ဆန်၊ စွမ်းအားမြင့်မြင့်ဖြင့် တစ်ချိန်တည်းတွင်လည်း ရုပ်ပုံ၊ အသံနှင့် ပစ္စည်းတို့ကို စည်းကိုက်ဝါးကိုက် တင်းကြပ်စွာ ဘောင်အတွင်းသွင်းလျက် ကပြတင်ဆက်သူ နှစ်ဦးတို့သည် သူတို့ကိုသူတို့လည်းမညှာ၊ ပရိသတ်ကိုလည်းမညှာတာ။ ဘဝနှင့်သေဆုံးခြင်းကို ရိုင်းစိုင်းနာကျင်စွာ ဆင်နွဲခြင်းတစ်ရပ်ဖြစ်သည်။ စိတ်ခံစားမှု စွမ်းရည်အတိုင်းအတာ၏အဆုံးတစ်ဖက်တွင် Ulrike Quade (Maniacs) (အရူး) ၏လက်ရာများ သို့မဟုတ် O-Team (Singularity) (ထူးခြားသောလက္ခဏာ) ၏ လက်ရာတို့တွင် လူကိုယ်ခန္ဓာနှင့် ဖန်တီးကိုယ်ခန္ဓာများအကြား၊ လူသားအသိဉာဏ်နှင့် ဉာဏ်ရည်တုတို့အကြား တရင်းတနှီးတွေ့ဆုံမှုများ၏ အတော်လေးကောင်းမွန်သော သဘာဝပသာဒလေ့လာမှုများရှိသည်။ ဤနေရာတွင် ရုပ်သေးဇာတ်သဘင်သည် လက်ရှိ ကျွန်ုပ်တို့၏ဒီဂျစ်တယ်ခေတ်ကြောင့် ခက်ခဲနေသည်။ (Nuremberg မြို့တွင်) လည်း Meinhardt/Krauss/ Feigl အဖွဲ့၏ Zweite Realität (Second Reality) (ဒုတိယအစစ် အမှန်တရား) သည် နည်းပညာပိုင်းနှင့် ကကြိုးကကွက် ကျင့်သုံးနိုင်မှုတို့အကြား နယ်သတ်မျဉ်းတွင် မီးပွားမီးပွင့်များကို ဖြစ်ပေါ်စေသည်။
ရုပ်သေးရုပ်တွေဟေ့။
လတ်တလောပြဿနာရပ်များကို အတိဿရဝုတ္တိမြောက်သည်အထိပုံဆိုးပန်းဆိုးအဖြစ်တင်ပြသောအခါ ရုပ်သေးဇာတ်သဘင်၏ “ဂန္ထဝင်” ပုံစံများသည် ပြန်လည်၍အထင်အမြင်ကြီးစရာ ဖြစ်လာကြပြန်သည်။ ဥပမာ - Neville Tranter ၏ Babylon ဇာတ်။ ယင်းဇာတ်တွင် ဘုရားသခင်က သူ၏ သိုးတစ်ကောင်ပမာ နူးညံသိမ်မွေ့သော သားတော်အား ဒုက္ခသည်လှေတစ်စီးဖြင့် မြေထဲပင်လယ်ကို ဖြတ်သန်းခိုင်းပြီး စိတ်မချမ်းမြေ့စရာ ရှုံးနိမ့်ခဲ့ရသည့်အဖြစ် ဇာတ်လမ်းလိုမျိုး။ သို့မဟုတ်ပါက Stuttgart Materialtheater ၏ အံဩစရာ ကလေးပြဇာတ်ဖြစ်သည့် Traumkreuzung (Dream Crossing) (အိပ်မက်ဖြတ်ကူးခြင်း) ကဲ့သို့ ကျွန်ုပ်တို့ ကိုယ်ပိုင်ဖြစ်သော ဆန်းကျယ်ကမ္ဘာများကို သူတို့ကအိပ်မက်ဆန်ဆန် မန်းမှုတ်သောအခါမျိုးမှာပေါ့။
ဒီဂျစ်တယ်အဖြစ်သို့ပြောင်းလဲခြင်း သို့မဟုတ် ကပြတင်ဆက်မှုဆိုင်ရာ မတည်ငြိမ်မှုတို့ရှိလင့်ကစား သူတို့ဖာသာသူတို့ အားထုတ်ကြိုးစားနေကြဆဲ ဖြစ်ကြသည်။ ဆိုလိုသည်က ညှင်းဆဲလုနီးနီး ပြင်းထန်မှုတစ်ရပ်ဖြင့် အသက်သွင်းထားသော ရိုးရှင်းတဲ့အဝတ်ဗလာရုပ်သေးတစ်ရုပ်က လှုံ့ဆော်ပေးသော ပဥ္စလက်ဆန်သောအခိုက်အတန့်များက ကျွန်ုပ်တို့၏မျက်စေ့ရှေ့တွင် ၎င်းရုပ်သေးနှင့် သူ့ ကံကြမ္မာထံမှ လွတ်မြောက်ဖို့ရှာဖွေသည်။ ရုပ်သေးဆရာ Renaud Herbin (Strasbourg)က ၎င်းရုပ်သေးအထက်မှ သရုပ်ဆောင်ပြသည်။ အနီးကပ်တရင်းတနှီးအခန်းအဆုံးတွင် ရုပ်သေးသည် စိမ့်နွံအိုင်တစ်အိုင်ထဲသို့ နစ်မြုပ်သွားသည်။အချည်းနှီးဖြစ်ခြင်း၏ ခိုင်းနှိုင်းပုံပြင်တစ်ပုဒ်နှင့် ကျွန်ုပ်တို့၏ အတွင်းဆုံးဗဟိုချက်ကိုထိမိသော တုန့်ပြန်ဆန့်ကျင်မှု၏အလှတရား။