ဆန်းသစ်လာသောလုပ်ငန်းခွင်ယဥ်ကျေးမှု
မြို့ပြခေါ်သံ

ရုံးခန်းများသည်အတိတ်တွင်ကျန်ခဲ့ပြီဖြစ်သည်။     ။မျှဝေသုံးစွဲနိုင်သောလုပ်ငန်းခွင်နေရာများနှင့် လုပ်ငန်းသစ်တည်ထောင်မှု၏ဗဟိုချက်များသည် အမြဲတမ်းပိုမို၍အရေးပါလာသည်။
ရုံးခန်းများသည်အတိတ်တွင်ကျန်ခဲ့ပြီဖြစ်သည်။ ။မျှဝေသုံးစွဲနိုင်သောလုပ်ငန်းခွင်နေရာများနှင့် လုပ်ငန်းသစ်တည်ထောင်မှု၏ဗဟိုချက်များသည် အမြဲတမ်းပိုမို၍အရေးပါလာသည်။ | ဓါတ်ပုံ။ ။ © Adobe

ပိုမိုဆွဲဆောင်နိုင်သောဘဝနေထိုင်ရာအဖြစ်ကိုယ်စားပြုနိုင်ရန် ဂျာမနီနိုင်ငံ၏မြို့ပြအချက်အခြာနေရာများက ယနေ့ခေတ်လုပ်ငန်းခွင်အတွက် ဆန်းသစ်သောကမ်းလှမ်းချက်များကို ပေးလာသည်။

ကနဦးလုပ်ငန်းစတင်တည်ထောင်သူများ၊ အလွတ်တန်းပညာရှင်များ၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့်အသက်မွေးသူများဖြင့် လုပ်ငန်းခွင်ကို ဒစ်ဂျစ်တယ်စနစ်သို့အသက်သွင်းခြင်းက သမရိုးကျလုပ်ငန်းခွင်၏တောင်းဆိုချက်များကို ပြောင်းလဲစေခဲ့သည်။ ကော်ဇောခင်းထားသော လျှောက်လမ်းရှည်များနှင့်ရုံးအဆောက်အဦးအတွင်းရှိရုံးချိန်အတိအကျဖြင့်စတင်သောလုပ်ငန်းခွင်နေ့ရက်များက ဝန်ထမ်းအများအပြားအတွက် မည်သို့မျှဆွဲဆောင်နိုင်ခြင်းမရှိတော့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ကုမ္ပဏီတည်ထောင်သူများနှင့် မိမိကိုယ်ပိုင်ရပ်တည်သူများသည် ၄င်းတို့၏လုပ်ကိုင်နိုင်စွမ်းတိုးတက်စေသည့် သင့်လျော်သောပတ်ဝန်းကျင်ကို မြို့များတွင်ရှာဖွေကြပြီး အကျိုးတူစီးပွားရေးလုပ်ကိုင်နိုင်သောနေရာ၊ လုပ်ငန်းသစ်စတင်နိုင်သောနေရာများတွင်အခြေချရန်နှစ်သက်ကြသည်။ ၎င်းတို့၏ဆန္ဒများအမှန်တကယ်ဖြစ်လာနိုင်ရန် မြို့ပြဖွံ့ဖြိုးရေးနှင့်အစီအမံရေးဆွဲသူများက ကောင်းမွန်ဆန်းသစ်သောအကြံဉာဏ်များလိုအပ်သည်။ ဂျာမနီနိုင်ငံ၏မြို့ပြများသည် အဓိကအားဖြင့် အခြေခံအဆောက်အဦးတည်ဆောက်မှုနှင့် မိသားစုများအတွက်သဟဇာတဖြစ်စေသော အခွင့်အလမ်းများကို အဓိကထားသည်။ သို့သော် စိမ်းလန်းသောပတ်ဝန်းကျင်သည်လည်း မြို့ပြများကနေထိုင်သူများကို ပိုမိုဆွဲဆောင်နိုင်စေသည်။

သတ္တုတူးဖေါ်‌ရေးနယ်မြေရှိ စိမ်းလန်းသောမြို့ပြများ

ဂျာမနီနိုင်ငံရှိမည်သို့သော‌‌ဒေသများကမျှ ဆင်ခြေဖုံးနယ်မြေများကဲ့သို့ အလုပ်သမားစျေးကွက်၏အပြောင်းအလဲကို သိသိသာသာနားလည်နိုင်စေခြင်းမရှိခဲ့ပေ။ ယခင်က စက်မှုလုပ်ငန်းများနှင့်သတ္တုတူးဖေါ်ရေးလုပ်ငန်းများလွှမ်းမိုးခဲ့သောနေရာများတွင် ယခုအခါ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများက တရှိန်ထိုးဖွံ့ဖြိုးလာခဲ့သည်။ မြို့တော် Essen သည် စက်မှုလုပ်ငန်းနယ်မြေအဖြစ်မှ ဆန်းသစ်သောတည်ထွင်မှုများရှိသည့်နေရာအဖြစ်သို့ အောင်မြင်စွာကူးပြောင်းခဲ့သည်။ စီးပွားရေးလုပ်ငန်းများ၏တိုးတက်မှုသည် (၂၀၀၅) မှ (၂၀၁၅) ခုနှစ်အတွင်း ၃၀% နီးပါးအထိ မြင့်တက်ခဲ့သည်။ ၄င်းသည် တစ်ပြည်လုံးအတိုင်းအတာအားဖြင့် သိသိသာသာပိုမိုမြင့်မားခြင်းဖြစ်သည်။ ထိုမျှသာမက တစ်ဦးခြင်းဝင်ငွေသည်လည်း ဆင်ခြေဖုန်းဒေသများ၌အမြင့်ဆုံးဖြစ်သည်။ ထို့အပြင် မြို့တော် Essen သည် ၄င်း၏ပုံရိပ်အား မီးခိုးလွှမ်းသောမြို့တော်အဖြစ်မှ စိမ်းလန်းသောမြို့တော်အဖြစ်သို့ ပြောင်းလဲရာတွင်အောင်မြင်ခဲ့သည်။ (၂၀၁၇) ခုနှစ်၌ မြို့တော် Essen သည် “ဥရောပ၏စိမ်းလန်းသောမြို့တော်” အဖြစ် ကြေညာခြင်းခံခဲ့ရသည်။ များပြားလှသောစီမံချက်များက မြို့တော် Essen ကိုစိမ်းလန်းသောမြို့တော်အဖြစ်သာမက နေထိုင်သူများအတွက် အားလပ်ချိန်အပန်းဖြေလှုပ်ရှားမှုတွင် အခွင့်အလမ်းသစ်များကိုလည်းဖန်တီးပေးနေသည်။ Baldeney ကမ်းခြေကြောင့်လည်း နှစ်ပေါင်း (၄၀) နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်၍ ဆင်ခြေဖုံးဒေသအတွင်းရေကစားနိုင်သောနေရာအဖြစ်ရပ်တည်နိုင်ခဲ့သည်။Baldeney ရေကန်ကို လှည့်ပတ်၍ရစ်ခွေနေသော ကီလိုမီတာ (၃၀) နီးပါးရှည်လျားသော တောင်တက်လမ်းလည်းရှိနေသည်။ ထို့အပြင် မြို့တော်အတွင်း၌လည်း စိမ်းလန်းစိုပြေရေးကနဦးလှုပ်ရှားမှုများရှိသည်။  ထိုအထဲမှ ၄၂% သည် မြို့ပြစိမ်းလန်းရေးဖြစ်ပြီး ၁၂% သည် အပန်းဖြေအနားယူနိုင်ရန်ဖြစ်သည်။ ၎င်းသည် မြို့ခံများသာမက ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးအမြတ်ရနေသည်။ မြို့တော် Essen သည် (၂၀၁၇) ခုနှစ်တွင် ယခင်နှစ်များထက် ခရီးသွား ၇.၅% တိုးတက်လာခဲ့သည်။

မျှဝေသုံးစွဲသောအလုပ်နေရာမှ လုပ်ငန်းခွင်နေ့စဉ်ဘဝ

လက်ရှိအချိန်တွင် Berlin မြို့သည် ဂျာမနီနိုင်ငံ၏လုပ်ငန်းသစ်စတင်နိုင်ရာမြို့တော်အဖြစ်ရပ်တည်နေသည်။ အကျိုးတူရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းနှင့် နည်းပါးသောရုံးခန်းငှားရမ်းခများကြောင့် လူငယ်စွန့်ဦးတီထွင်သူများသည် မြို့တော်၌ စုဝေးများပြားလာကြသည်။ နှစ်စဉ် နည်းပညာနယ်ပယ်၌ ကုမ္ပဏီအသစ် (၅၀၀) နီးပါးခန့် ရှိနေသည်။ ထို့အတွက် အားလုံးနေရာအလုံအလောက်ရရှိရန် အိုဟောင်းနေသောစက်ရုံအလုပ်ရုံများသည် ပရိုဂရမ်မာများကဲ့သို့သော အနုပညာရှင်များကိုဆွဲဆောင်နိုင်သော ခေတ်မှီဆန်းသစ်သော ရုံးခန်းများနှင့်တီထွင်ဖန်တီးမှုခန်းမများအဖြစ် ပြောင်းလဲခြင်းခံရသည်။ ဥပမာအားဖြင့် (ယခင်က ဓာတ်အားပေးစက်ရုံများရှိခဲ့သော) KAOS ကဲ့သို့သော နေရာမျှဝေသုံးစွဲနိုင်သော လုပ်ငန်းခွင်နေရာ၌ ဂရပ်ဖစ်ဒီဇိုင်နာနှင့်ဆော့ဖ်ဝဲလ်နည်းပညာရှင်များသည် ဘီယာချက်လုပ်ငန်းလုပ်ကိုင်သူများ၊ ပန်းပဲဆရာများနှင့် အတူယှဉ်တွဲနေထိုင်ကြသည်။ မိမိကိုယ်ပိုင်ရပ်တည်သူများသည် ထိုနေရာ၌ ရုံးခန်းငှားရမ်းခတစ်လလျှင် (၁၂၅) ယူရိုသာကုန်ကျသည်။ ထိုကုန်ကျစရိတ်သည် ဥရောပမြို့များတွင်ပေးဆောင်ရသောဂိုထောင်ငှားရမ်းခထက်ပင် သက်သာနေသည်။ ပြောင်းလွယ်ပြင်လွယ်မှုကိုလိုလားသောသူများအနေနှင့်လည်း အခြားသောအလုပ်နေရာမျှဝေသုံးစွဲသောနေရာများတွင် တစ်ရက်လျှင် (၁၅) ယူရိုသာ အကုန်ကျခံကာနေနိုင်သည်။ ဥပမာအားဖြင့် Ahoy ၏ဆန်းသစ်တီထွင်သောနေရာကဲ့သို့ဖြစ်သည်။ Berlin တွင် လုပ်ငန်းသစ်စတင်လုပ်ကိုင်လိုသူများနှင့်အလွတ်တန်းပညာရှင်များအတွက်ကုန်ကျစရိတ်သင့်လျော်သောရုံးခန်းနေရာအများအပြားရှိနေသည်။ ဤနေရာတွင် မြို့တော်အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုနှင့်အခြေခံအဆောက်အဦးများကိုလည်း ထည့်သွင်းစဉ်းစားသည်။ Economist သတင်းစာ၏ကမ္ဘာလုံးဆိုင်ရာနေထိုင်ရန်သင့်လျော်မှု (၂၀၁၈) ခုနှစ် အညွှန်းကိန်းများအရ Berlin မြို့သည် Frankfurt, Hamburg, München, Düsseldorf တို့နှင့်အတူ ကမ္ဘာ့နေထိုင်ရန်အသင့်လျော်ဆုံးသောမြို့ (၃၀) တွင်တစ်ခုအပါအဝင်ဖြစ်နေသည်။

မိသားစုဘဝသဟဇာတဖြစ်မှုအတွက် အတည်ပြုမှုအမှတ်အသား

မြို့တော် Hamburg (တစ်နည်းအားဖြင့် လုပ်ငန်းသစ်စတင်ရန်ကောင်းမွန်သောနေရာသည်) အရာအားလုံးထက် လူငယ်မိသားစုများအတွက် သက်တောင့်သက်သာဖြစ်စေသောလုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုပေးစွမ်းလိုသည်။ မိသားစုများအတွက်ဆွဲဆောင်မှုရှိသောဘဝနေထိုင်မှုသည် ကျွမ်းကျင်ပညာရှင်များအတွက် အခြေချရန်နေရာရွေးရာတွင် အရေးကြီးသောအချက်ဖြစ်သည်ဟု Hamburg မိသားစုရေးရာဝန်ကြီး Melanie Leonhard ကပြောကြားခဲ့သည်။ ကုမ္ပဏီပိုင်ရှင်များက မိသားစုဘဝသဟဇာတဖြစ်သောလုပ်ငန်းခွင်ဦးဆောင်မှု၏ကောင်းကျိုးများကို ကုမ္ပဏီများကသတိပြုလာစေရန်  မြို့တော်သည် (၂၀၁၇) ခုနှစ်ကတည်းက မိသားစုအမှတ်တံဆိပ် (Family Seal) ကို ချီးမြှင့်ခဲ့သည်။ ၎င်းသည် ဝန်ထမ်းများအား အလုပ်အကိုင်နှင့်အောင်မြင်ပြည့်စုံသောမိသားစုဘဝသဟဇာတဖြစ်စေရန်အထောက်အပံ့ပေးသော ကုမ္ပဏီများအား ချီးမြှင့်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြို့တော်သည် မိသားစုဘဝသာယာအဆင်ပြေစေရန် အများအပြားရင်းနှီးမြှုပ်နှံခဲ့သည်။ (၂၀၁၈) ခုနှစ်တွင် မြို့တော် Hamburg သည် ပညာရေးနှင့်ကလေးသူငယ်ပြုစုပျိုးထောင်ရေးအသိပညာအတွက် သိပ္ပံပညာနှင့်ဆန်းသစ်တီထွင်မှုများကဲ့သို့ပင် ယူရိုသန်းဝက်ခန့်သုံးစွဲခဲ့သည်။ ၎င်းတို့မှ သန်း (၁၆၀) သည် တစ်နေကုန်တက်ရောက်ရသောကျောင်းကဲ့သို့ ရွေးစရာအများအပြားပါဝင်သောနေ့ကလေးထိန်း‌ကျောင်းများအတွက်ပင်ဖြစ်သည်။ (၂၀၁၇) ခုနှစ်ကတည်းကပင် မြို့တော်သည် ကုန်သွယ်ရေးမြို့တော်မှ ဂျာမနီနိုင်ငံ၏မိသားစုဘဝသဟဇာတဖြစ်သောမြို့တော်အဖြစ်ပြောင်းလဲခဲ့သည်။
အကောင်းဆုံးဟုဆိုနိုင်သော လူဦးရေသန်းချီမြို့ကြီးများသည် နေထိုင်သူများ၏အလုပ်နှင့်ဘဝသဟဇာတဖြစ်မှု (Work-Life Balance) ကိုပေးစွမ်းရာတွင် မည်သို့မျှမတတ်နိုင်ပါ။ လုပ်ငန်းရှင်များ၏မဲပေးရွေးချယ်မှု Kununu အရ Karlsruhe သည်ဇယား၏ထိပ်ဆုံးနေရာတွင်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ကျောင်းသားမြို့တော် Münster မြို့ဖြစ်သည်။ ထိုနေရာတွင် ဝန်ထမ်းများသည် ပြောင်းလွယ်ပြင်လွယ်သော (သို့) ညှိနှိုင်းနိုင်သောအလုပ်ချိန် နှင့် အိမ်မှအလုပ်လုပ်နိုင်သော (Work From Home) အခွင့်အရေးကိုပါရရှိနိုင်မည်။ ထို့ကြောင့် မိမိကိုယ်ပိုင်အလုပ်ထက် အတည်တကျအလုပ်အကိုင်ရှာဖွေနေသူများအဖို့ Hamburg နှင့် Berlin သည် သာမဖြစ်မနေတစ်ခုတည်းသောရွေးချယ်စရာမဟုတ်ပါ။