ငွေရောင်ဖန်သားပြင်ပေါ်မှ Generation Z များ
လူငယ်များ၏မှော်ဆန်သောလောက

ငယ်ရွယ်မှု၏စွန့်စားမှု။   ။“Es war einmal Indianerland” (Once upon a Time in Indian Country) သည်ငယ်ရွယ်မှု၏ပုံတူကားချပ်တစ်ခုဖြစ်သည်။ သို့သော်လည်း Generation Z ၏သရုပ်ကိုတော့အပြည့်အဝမဖော်ပြနိုင်ပေ။
ငယ်ရွယ်မှု၏စွန့်စားမှု။ ။“Es war einmal Indianerland” (Once upon a Time in Indian Country) သည်ငယ်ရွယ်မှု၏ပုံတူကားချပ်တစ်ခုဖြစ်သည်။ သို့သော်လည်း Generation Z ၏သရုပ်ကိုတော့အပြည့်အဝမဖော်ပြနိုင်ပေ။ | ဓါတ်ပုံ။ ။© picture alliance/Camino-film/dpa

သူတို့သည်မည်သူနည်း။ မည်သို့နေထိုင်ကြသနည်း။ ကြော်ငြာနှင့်မီဒီယာလောကသည် Generation Z ဟုခေါ်သည့်ပစ်မှတ်အသစ်ကိုတွေ့ရှိခဲ့ကြသည်။ မွေးဖွားစဉ်ကတည်းကဒစ်ဂျစ်တယ်စနစ်ဖြင့်ရင်းနှီးကြသော Generation Z များသည် အရွယ်ရောက်လာကြပြီဖြစ်သည်။ သို့သော် ဖန်သားပြင်ပေါ်တွင် သူတို့သည် Millennials များ၏ဘဝကိုကိုယ်စားပြုဖော်ပြနေဆဲဖြစ်သည်။
 

ဂျာနယ်လစ်များ၊ လူမှုဗေဒပညာရှင်များနှင့်ဈေးကွက်ပညာရှင်များသည် ၎င်းတို့၏ဘုံလူ့တန်ဖိုးများနှင့်ဘုံရည်မှန်းချက်များကိုအခြေခံပြီး မျိုးဆက်အဆက်ဆက်ကိုသတ်မှတ်ရန်အားထုတ်ကြိုးပမ်းရာတွင် သူတို့ချည်းသာမဟုတ်ပေ။ ရုပ်ရှင်လုပ်ငန်းသည် လူငယ်များ၏ဘဝအတွေ့အကြုံများကိုထင်ဟပ်စေသည့်ရုပ်ပုံအသစ်များနှင့်ဇာတ်လမ်းအသစ်များကိုလည်းအမြဲရှာဖွေလျက်ရှိသည်။ အလွန်မကြာသေးသောအချိန်ကာလတွင် (၁၉၈၀) ခုနှစ်နှင့် (၁၉၉၅) ခုနှစ်ကြားမွေးဖွားသော Millennials များပေါ်အာရုံစိုက်ခဲ့ကြသည်။ ယခုအခါ ကျော်ကြားမှုကိုလက်လွဲယူသောသူတို့၏အလုပ်ဈေးကွက်ဆက်ခံသူများကြောင့် သူတို့သည်ပရိတ်သတ်အာရုံထားခံရခြင်းမှဖယ်ရှားခံနေရပြီဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဂျာမန်ဘာသာစကားသုံးရုပ်ရှင်လုပ်ငန်းသည် ၎င်းတို့၏ကင်မရာများကို မူလတန်းအရွယ်မှအသက် (၂၀) အရွယ်ရှိလူငယ်များအထိပါဝင်သော “Generation Z” များထံသို့ ပို၍ပို၍လှည့်လာကြသည်။ ဤသို့ဆိုလျှင် ရုပ်ရှင်လုပ်ငန်းအနေဖြင့် သူတို့နှင့်ပတ်သက်၍ မည်သည့်အကြောင်းများကိုပြောဆိုကြမည်နည်း။

စမတ်ဖုန်းတစ်လုံးကိုမြင်ရရန်ခဲယဉ်းသည်။ 

ငယ်နုသေးသူများအားကြီးမားသောထုတ်လုပ်မှုများကိုရိုက်ကူးရန်အခွင့်အရေးမပေးသောကြောင့် Generation Z များအနေဖြင့် ရုပ်ရှင်ရိုက်ကူးသူအများအပြားဖြစ်လာနိုင်ခြင်းမရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။ ထို့ကြောင့် သူတို့ထံမှရုပ်ရှင်အရေအတွက်အနည်းငယ်သာရှိသော်လည်း သူတို့နှင့်ပတ်သက်သောရုပ်ရှင်များမှာများစွာရှိနေသည်။ Generation X နှင့် Y တို့၏ရုပ်ရှင်ကားများမှသူတို့ပြောင်းရွှေ့လာသော်လည်း Generation Z သရုပ်ဆောင်များသည် ငွေရောင်ဖန်သားပြင်ကိုတန်ဆာဆင်နေကြပြီဖြစ်သည်။

ဈေးကွက်လေ့လာမှုများသည် Generation Z များအကြား ဖွံ့ဖြိုးလာနေသောလူမှုရေးရေပန်းစားမှုအမျိုးမျိုးကို ထက်သန်စွာစောင့်ကြည့်နေကြပြီဖြစ်သည်။ ဘဏ္ဍာရေးအကြပ်အတည်းနှင့်ရာသီဥတုကပ်ဘေးဖြစ်ပွားနေသည့် ရုန်းရင်းဆန်ခတ်ကာလများတွင်ကြီးပြင်းလာကြသောကြောင့် Generation Z များကို အသိအမြင်ကြွယ်ပြီးရည်မွန်မှုရှိသည်ဟုမြင်ကြသည်။ အမြဲမပြတ်ပြောင်းလဲမှုသည် သူတို့၏သတ်မှတ်ချက်ဖြစ်ပြီး အထူးသဖြင့် မျက်မှောက်ခေတ်မီဒီယာများနှင့်ကြားခံဆက်သွယ်ရာတွင်ဖြစ်သည်။ Millennials များသည် နည်းပညာအတွက်စိတ်အားထက်သန်ကြသောပထမဆုံး “ဒစ်ဂျစ်တယ်ရင်းနှီးသူများ” ဖြစ်ကောင်းဖြစ်နိုင်ခဲ့ကြသော်လည်း Generation Z တို့သည် အင်တာနက်ကိုကျော်လွန်၍ တစ်ကမ္ဘာလုံးကိုလူမှုရေးအရချိတ်ဆက်ထားသည့်ကမ္ဘာတွင်ကြီးပြင်းလာခဲ့ကြသည်။ ပုံရိပ်ယောင်နှင့်လက်တွေ့ကမ္ဘာအကြားခွဲခြားမှုက ဖြစ်နိုင်ခြေမရှိလုနီးပါးဟုထင်ရသောကမ္ဘာမျိုးဖြစ်သည်။

Gen Z များနှင့်ပတ်သက်သောရုပ်ရှင်များတွင် အဆိုပါကိစ္စရပ်များကိုဖော်ပြလာမှုနည်းနေသေးသည်။ Rückenwind von vorn (Away You Go) ကဲ့သို့ Millennial ဒရမ်မာရုပ်ရှင်တွင် စမတ်ဖုန်းများပေါများပြီး ဇာတ်ဆောင်များက ၎င်းတို့၏တစ်ကမ္ဘာလုံးပေါ်အမြင်ကိုသက်သေပြရန် ကမ္ဘာအနှံ့ခရီးသွားနေသောသူငယ်ချင်းများနှင့်  Videochat ကြသည်။ သို့သော်လည်း Anatol Schuster ရိုက်ကူးထားသည့် ကဗျာဆန်သောဒရမ်မာရုပ်ရှင် Luft (Air) နှင့် İlker Çatak ရိုက်ကူးထားသည့် Es war einmal Indianerland (Once upon a Time in Indian Country) တို့ကဲ့သို့ အရွယ်ရောက်လာခြင်းပြဇာတ်လမ်းများတွင် သေးငယ်သောကွန်ပျူတာများ၏အလွန့်အလွန်ပျံ့နှံ့နေမှုအခြေအနေတို့မှာ လုံးဝနီးပါးပျောက်ဆုံးနေပြီး Lisa Brühlman ၏ စိတ်ကူးယဉ်ရေသူမဇာတ်လမ်းဖြစ်သည့် Blue My Mind နှင့် Ekrem Ergün ၏မြင်းစီးစွန့်စားခန်းဖြစ်သည့် Hördur – Zwischen Welten (Hördur – Between Worlds) တို့တွင်ထည့်သွင်းထားခြင်းမရှိပေ။ အဆိုပါရုပ်ရှင်များသည်အချိန်ကာလတစ်ခုကိုပြသခြင်းထက် ဇာတ်လမ်းပါလူငယ်ဇာတ်ဆောင်များ၏လက်ငင်းအတွေ့အကြုံကိုသာ ပို၍ အာရုံစိုက်ထားကြသည်။ ဖန်သားပြင်ပေါ်မှလူငယ်များ၏မှော်ဆန်သောအတွေ့အကြုံကို နည်းပညာကနှောင့်ယှက်နေသည့်အလားထင်ရလုနီးပါးပင်ဖြစ်နေသည်။ အွန်လိုင်းတိုက်ခိုက်မှုအကြောင်းဗီဒီယိုခွေမျိုးတွင် အင်တာနက်ကဇာတ်လမ်းအတွက်အဓိကကျနေမှသာလျှင် ၎င်းကိုနောက်ခံအကြောင်းအရာအဖြစ်တင်ဆက်ကြသည်။ ဒစ်ဂျစ်တယ်ကမ္ဘာနှင့်နေ့စဉ်အပြန်အလှန်သက်ရောက်မှုကိုရုပ်ရှင်တွင်သရုပ်ဖော်ခြင်းသည် စည်းကမ်းဟူသည်ထက် ခြွင်းချက်တစ်ခုဖြစ်နေပါသည်။

ထိုအချက်သည်စိတ်ဝင်စားဖွယ်ကောင်းသောချန်လှပ်မှုတစ်ခုဖြစ်သည်။ ရုပ်ရှင်မီဒီယာ “အဟောင်း“ သည် ယနေ့ခေတ်လူငယ်မျိုးဆက်များနေထိုင်နေကြသည့်တစ်ပိုင်းတစ်စစီဖြစ်နေသောကမ္ဘာကိုသရုပ်ဖော်ပြနိုင်ခြင်းမရှိဟူသော အကြောင်းပြချက်မှာမဖြစ်နိုင်ပေ။ ကမ္ဘာတစ်လွှားရှိသာဓကများစွာက ထိုသို့မဟုတ်နေကြောင်းသက်သေပြထားပြီးဖြစ်သည်။ ဤအချက်သည် ရုပ်ရှင်ရိုက်ကူးသူများက (စမတ်ဖုန်း မရှိဘဲ) ကြီးပြင်းလာခဲ့ရသည့် သူတို့၏ကိုယ်ပိုင်အတွေ့အကြုံများကို ဖန်သားပြင်ပေါ်သို့သယ်ဆောင်လာကြသည့်အတိုင်းပင် သူတို့၏သုခုမမူဟန်ကိုတမင်ရွေးချယ်မှုမျိုးပိုဖြစ်နိုင်သည်။ သူတို့သည် မျက်မှောက်ခေတ်၏ထူးခြားသောလက္ခဏာများကိုနားလည်သဘောပေါက်ပြီး ဖော်ပြနိုင်ရန်လည်းလိုကောင်းလိုနေနိုင်သည်။ လူငယ်ယဉ်ကျေးမှုဆိုင်ရာလေ့လာမှုများက “ဒစ်ဂျစ်တယ်နှင့်ပြည့်နှက်နေသော“ အခြေအနေတစ်ရပ်ကို ထပ်တလဲလဲဖော်ပြနေသည်။ ဒစ်ဂျစ်တယ်ကမ္ဘာတွင်ကြီးပြင်းလာခဲ့သည့်လူများသည် အခြားနည်းလမ်းများကိုရှာဖွေရန် ပို၍ပင်လိုလားနေနိုင်ပါသည်။  

အိမ်ပြေးရုပ်ရှင်များနှင့်အတွင်းစိတ်သို့ခရီးများ

ပေါ့ပ်ဂီတကဲ့သို့ပင်ရုပ်ရှင်လုပ်ငန်းသည်လည်း လူငယ်များ၏ဆန့်ကျင်လိုမှု၊ ထွက်ခွာလိုမှုတို့နှင့် အမြဲလိုလိုဆက်စပ်နေခဲ့သည်။ လူငယ်များသည်နေရာအသစ်များနှင့်အတွေးအခေါ်အသစ်များကိုတွေ့ကြုံရန် သူတို့၏မွေးရပ်ဇာတိမှထွက်ခွာကြသည်။ ရုပ်ရှင်လုပ်ငန်းသည်အတွင်းစိတ်မှဖြစ်ရပ်များကိုကိုယ်စားပြုဖော်ပြရန် ပြင်ပရုပ်ပုံများကိုအသုံးပြုကြသည်။ ထို့ကြောင့် အတွင်းစိတ်သို့ခရီးများသည် အမှန်တကယ်ခရီးသွားခြင်းနှင့်ဆက်စပ်နေသည်။ သူတို့၏မိဘများနှင့်ဝေးရာသို့သွားနေရသ၍ မည်သည့်နေရာသို့ခရီးသွားရသွားရ ကိစ္စမရှိကြပေ။ Hans Weingartner ၏အချစ်ဇာတ်လမ်းဖြစ်သည့် 303 တွင် ကျောင်းသားနှစ်ယောက်သည် ကားအိမ်တစ်စီးကို Portugal အထိမောင်းနှင်လာကြောင်းပြသထားပြီး Rückenwind von vorn ရုပ်ရှင်မှဇာတ်ဆောင်များကမူ Czech Republic အထိကောက်ခါငင်ခါထွက်လာသောခရီးကိုပြသထားသည်။ Es war einmal Indianerland ရုပ်ရှင်မှနောက်ဆုံးဇာတ်ဝင်ခန်းသည် German နယ်စပ်တစ်နေရာရှိဂီတပွဲတော်တွင်ရိုက်ကူးထားခြင်းဖြစ်ပြီး Luft နှင့် Blue my Mind တွင်ဆယ်ကျော်သက်များကိုဆွဲဆောင်ထားသောပင်လယ်ကမ်းခြေကိုရိုက်ကူးထားသည်။ နောက်ဆုံးရုပ်ရှင်နှစ်ခုသည် LGBTQ အတွေ့အကြုံများကိုလည်းပြသထားသည်။ ထိုရုပ်ရှင်များတွင် လိင်ကွဲစိတ်ဝင်စားသည့်လူ့အဖွဲ့အစည်းမှခွဲထွက်ရန် ထွက်လာခဲ့သည့်ခရီးလမ်းရှည်များကိုပြသထားသည်။ Generation Z များသည် လူမှုရေးဆိုင်ရာပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည်မှာအတော်ကြာပြီဖြစ်သောကာလတွင် ကြီးပြင်းလာကြသည်။ ထိုအချက်သည် Gen Z များကို သည်းခံနိုင်ပြီးပွင့်လင်းကြသူများအဖြစ် မကြာခဏဖော်ပြရသည့်အကြောင်းပြချက်တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ရုပ်ရှင်လုပ်ငန်းသည် Generation Z များ၏တိကျသောအသေးစိတ်အချက်အလက်များနှင့်ယေဘုယျယိမ်းယိုင်မှုများကို ပွင့်လင်းစွာဖော်ပြမည့်အစား ထည့်သွင်းစဉ်းစားရုံမျှသာစဉ်းစားထားသည်။ ၎င်းတို့သည် Gen Z များအနေဖြင့် နောက်မျိုးဆက်မှသရုပ်ဆောင်များကိုအသုံးပြုပြီး သူတို့၏ဘဝအတွေ့အကြုံများကိုလက်ဆင့်ကမ်းပေးနိုင်သည့်အသက်အရွယ်သို့မရောက်မချင်း ရှေ့တန်းရောက်လာနိုင်မည်မဟုတ်ပေ။ ဤကိစ္စသည်ပြဿနာအစစ်အမှန်မဟုတ်သလို ရုပ်ရှင်များ၏အရည်အသွေးကိုနိမ့်ကျသွားစေခြင်းလည်းမရှိပေ။ ယနေ့ခေတ်၏ရုပ်ရှင်လုပ်ငန်းသည် လူငယ်များ၏တွေးခေါ်ပုံနှင့်ခံစားပုံတို့အား တိတိကျကျထင်ဟပ်နေမှုများကိုပေးစွမ်းနေဆဲပင်ဖြစ်သည်။ အတွေ့အကြုံအသစ်များရလိုစိတ်နှင့်ကိုယ်ပိုင် ဆုံးဖြတ်ထားသောသရုပ်လက္ခဏာတို့သည် အားလုံးနှင့်သက်ဆိုင်နေသကဲ့သို့ပင် ပို၍ကောင်းမွန်သောကမ္ဘာကြီးအတွက် အိပ်မက်လည်းဖြစ်နိုင်သည်။ လူငယ်များအကြောင်းရိုက်ကူးထားသောရုပ်ရှင်များသည် မျိုးဆက်အားလုံးကိုထည့်သွင်းစဉ်းစားထားပြီးချိတ်ဆက်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့ငယ်ဘဝ၏ဝရုန်းသုန်းကား အခြေအနေများကိုနေထိုင်ဖြတ်သန်းခဲ့ရသောကြောင့်ပင်ဖြစ်သည်။ 

  • ငယ်ရွယ်မှု၏စွန့်စားမှု။   ။“Es war einmal Indianerland” (Once upon a Time in Indian Country) သည်ငယ်ရွယ်မှု၏ပုံတူကားချပ်တစ်ခုဖြစ်သည်။ သို့သော်လည်း Generation Z ၏သရုပ်ကိုတော့အပြည့်အဝမဖော်ပြနိုင်ပေ။ ဓါတ်ပုံ။ ။ © picture alliance/Camino-film/dpa
    ငယ်ရွယ်မှု၏စွန့်စားမှု။ ။“Es war einmal Indianerland” (Once upon a Time in Indian Country) သည်ငယ်ရွယ်မှု၏ပုံတူကားချပ်တစ်ခုဖြစ်သည်။ သို့သော်လည်း Generation Z ၏သရုပ်ကိုတော့အပြည့်အဝမဖော်ပြနိုင်ပေ။
  • „303“ တွင်အဓိကဇာတ်ဆောင်က မိမိကိုယ်ကိုရှာဖွေသောခရီးတစ်ခုအဖြစ်ခရီးတပတ်ထွက်ပြီး နောက်တွဲလူနေယာဉ်တစ်စီးနှင့်ခရီးထွက်စဉ် ကျောင်းသားနှစ်ယောက်ကြားချစ်ပန်းကလေးများဖူးပွင့်လာသည်။ ဓါတ်ပုံ။ ။ © Alamode Film
    „303“ တွင်အဓိကဇာတ်ဆောင်က မိမိကိုယ်ကိုရှာဖွေသောခရီးတစ်ခုအဖြစ်ခရီးတပတ်ထွက်ပြီး နောက်တွဲလူနေယာဉ်တစ်စီးနှင့်ခရီးထွက်စဉ် ကျောင်းသားနှစ်ယောက်ကြားချစ်ပန်းကလေးများဖူးပွင့်လာသည်။
  • အချစ်တွင်ပျော်ဝင်နေသောမိန်းခလေးများ။    ။„Blue my Mind“ တွင်ဆယ်ကျော်သက်ကလေးများက လိင်ကွဲစိတ်ဝင်စားသည့်လူ့အဖွဲ့အစည်းမှခွဲထွက်ရန်ထွက်လာခဲ့သည့် ခရီးလမ်းရှည်တစ်ခုကိုပြသထားသည်။ ဓါတ်ပုံ။ ။ © tellfilm
    အချစ်တွင်ပျော်ဝင်နေသောမိန်းခလေးများ။ ။„Blue my Mind“ တွင်ဆယ်ကျော်သက်ကလေးများက လိင်ကွဲစိတ်ဝင်စားသည့်လူ့အဖွဲ့အစည်းမှခွဲထွက်ရန်ထွက်လာခဲ့သည့် ခရီးလမ်းရှည်တစ်ခုကိုပြသထားသည်။
  • ချာလီကလူလားမြောက်ရန်အတွက်ရုန်းကန်နေရသည်။ သို့သော် “Rückenwind von vorn” (Away You Go) တွင် Czech Republic သို့ သူကကောက်ခါငင်ခါခရီးထွက်ခဲ့သည်။ ဓါတ်ပုံ။ ။© UCM.ONE GmbH / DARLING BERLIN
    ချာလီကလူလားမြောက်ရန်အတွက်ရုန်းကန်နေရသည်။ သို့သော် “Rückenwind von vorn” (Away You Go) တွင် Czech Republic သို့ သူကကောက်ခါငင်ခါခရီးထွက်ခဲ့သည်။
  • “Luft” (Air) သည် ပင်လယ်ကမ်းခြေနှင့်ငယ်ရွယ်သောအချစ်ဆီသို့ခရီးရှည်တစ်ခုဖြစ်သည်။ ဓါတ်ပုံ။ ။© wirFILM/JulianKrubasik
    “Luft” (Air) သည် ပင်လယ်ကမ်းခြေနှင့်ငယ်ရွယ်သောအချစ်ဆီသို့ခရီးရှည်တစ်ခုဖြစ်သည်။