သက်ဝင်စီးမျောနားထောင်ခြင်း
တေးဂီတအားအပြည့်အဝခံစားခြင်း

သက်ဝင်စီးမျောနားထောင်ခြင်း
သက်ဝင်စီးမျောနားထောင်ခြင်း | ဓါတ်ပုံ။ © Adobe/Spectral-Design (63923914)

စားသုံးသူသာအဓိကဖြစ်သောယနေ့ကမ္ဘာကြီးတွင် အရာရာတိုင်းသည် အလွန်အကျွံပိုလျှံများပြားလွန်းနေတတ်သည်။ ထိုအရာများထဲတွင် တေးဂီတသီချင်းများသည်လည်းအပါအဝင်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဂီတသီချင်းသံများအား မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အလွယ်တကူကြားနိုင်ပါသည်။ သို့သော် ၎င်းသည်ဂီတသံစဉ်များတွင်သက်ဝင်စီးမျောကာနားထောင်ခြင်းနှင့်တော့မတူနိုင်ပေ။ ယနေ့တွင်မူ ကျွန်ုပ်တို့အားသက်ဝင်စီးမျောနားထောင်ခြင်း၏အလှတရားကို နားလည်သိရှိလာစေရန်ရည်ရွယ်ကူညီပေးမည့်ပဏာမခြေလှမ်းများရှိနေပါပြီ။
 

ဂန္ထဝင်ဂီတအား မည်ကဲ့သို့ပြန်လည်ဖော်ထုတ်ကြမည်နည်း။ Gebhard von Gültlinge တွင် အဖြေရှိပါသည်။ သူသည် ဂျာမနီနိုင်ငံ၊ Black Forest တောင်ပေါ်ဒေသရှိရွာငယ်လေးတစ်ခုမှ အလွန်ထူးခြားသောဂီတသင်တန်းကျောင်းဖြစ်သည့် Musicosophia ၏ဦးဆောင်သူဖြစ်သည်။ သူနှင့်သူ၏ဝန်ထမ်းများသည် ဂီတပညာရှင်များ၊ ဆရာဆရာမများနှင့် ဂီတမြတ်နိုးသူများအား သက်ဝင်စီးမျောနားထောင်ခြင်းဆိုင်ရာနည်းစနစ်များကိုကျွမ်းကျင်ပိုင်နိုင်လာစေရန်ကြိုးပမ်းကူညီနေကြသည်။ Musicosophia နည်းစနစ်သည် အပျော်တမ်းဂီတဝေဖန်သူများအတွက် အလေးပေးဖန်တီးထားသောနားထောင်ခြင်းနည်းစနစ်တစ်ခုဖြစ်သည်။ သင်တန်းကျောင်းမှဂီတမြတ်နိုးသူများအတွက် ဆွေးနွေးပွဲများကျင်းပပေးလေ့ရှိသည့်အပြင် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်ပြီးသော ပရော်ဖက်ရှင်နယ်ဂီတပညာရှင်များအား ပရိတ်သတ်၏ခံစားချက်ကို ပိုမိုအကျွမ်းဝင်နားလည်လာနိုင်စေရန်ကူညီပေးပါသည်။ “မည်မျှကြီးမားသည့်ပြဿနာဖြစ်စေ၊ စိတ်ရွှင်လန်းမှု၊ ပျော်ရွှင်မှုနှင့်အချစ်အားလုံးတို့အတွက် ဂီတတွင်အဖြေရှိသည်။” ဟု Von Gütlingen ကယုံကြည်သည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ဂီတအား နောက်ခံအသံအဖြစ်သာအများအားဖြင့်သဘောထားလေ့ရှိကာ အမှန်တကယ်စီးမျောနားထောင်ခြင်းမရှိသည့်အတွက် ရံဖန်ရံခါ၌ ဂီတ၏အနှစ်သာရအားနားလည်ခံစားရန် ကျွန်ုပ်တို့အနေဖြင့်ပျက်ကွက်မိလေ့ရှိသည်။

ယနေ့တွင်ကျွန်ုပ်တို့အများစုသည် အမှတ်တမဲ့နားထောင်သူများသာ။

အနာဂတ်တွင်ဂီတအားမည်ကဲ့သို့အသုံးချနိုင်မှုများအပေါ်  Hamburg တက္ကသိုလ်၏လေ့လာမှုတစ်ခုအရ လူအများစုသည် စိုးရိမ်ဖွယ်ကောင်းလောက်အောင်ဂီတကို အမှတ်တမဲ့သာနားထောင်နေကြပြီး စမတ်ဖုန်းနှင့်လက်ပ်တော့များတွင်ဒီတိုင်းဖွင့်ထားကာ အလုပ် သို့မဟုတ် အားကစားစသည့်အခြားအလုပ်များလုပ်နေလေ့ရှိကြသည်။ လေ့လာမှုတွင်ပါဝင်ဖြေဆိုသူသုံးပုံတစ်ပုံသည် သူတို့အနေဖြင့် ကားမောင်းနေသည့်အချိန်၌သာ ဂီတကိုသေသေချာချာစီးမျောနားထောင်ဖြစ်သည်ဟု စစ်တမ်းကောက်သူများအားပြောခဲ့ကြသည်။ အနည်းငယ်သောလူနည်းစုကသာ လက်တင်ပါသောထိုင်ခုံ၌သက်တောင့်သက်သာထိုင်ကာ ဝိုင်လေးတစ်ခွက်သောက်လျက် ဂီတလက်ရာတစ်ခုအားအပြည့်အဝစီးမျောခံစားရန်စိတ်ကူးရှိတော့သည်။ ၎င်းတို့သည် Musicosophia ဝန်ထမ်းများနှင့်အခြားသူများအတွက် စီးမျောခံစားနားထောင်ခြင်းအတွေ့အကြုံများပြန်လည်ထွန်းကားလာရေးကြိုးပမ်းရန်အတွက် လုံလောက်သည့်အကြောင်းပြချက် အတိုင်းအတာများပင် ဖြစ်သည်။
 
(၂၀၀၅) ခုနှစ်တွင် “ဂီတနတ္ထိနေ့”  အားမိတ်ဆက်ခဲ့ပြီး နှစ်စဉ်နိုဝင်ဘာလ (၂၁) ရက်နေ့အဖြစ်သတ်မှတ်ခဲ့သည်။ ဗြိတိန်လူမျိုး၊ ဂီတပညာရှင်နှင့်စိတ်ကူးယဉ်အနုပညာရှင် Bill Drummond ၏စိတ်ကူးဖြစ်ပြီး ၎င်း၏မိတ်ဆက်စာတမ်းတွင် “ဓမ္မတေးများမသီဆိုရ၊ ရေဒီယိုများမှတေးသီချင်းများမထုတ်လွှင့်ရ” ဟူ၍ကြေညာခဲ့သည်။ သဘောတရားမှာ ဂီတကင်းမဲ့သောနေ့တစ်နေ့အားဖြတ်သန်းစေခြင်းဖြင့် လူများအနေဖြင့်ဂီတထံမှရလိုသောအရာများအပေါ် အာရုံစိုက်မိစေပါလိမ့်မည်။ တခါတရံ၌ အရာတစ်ခုသည် ကျွန်ုပ်တို့အတွက် မည်မျှအဓိပ္ပါယ်ရှိကြောင်းနားလည်စေရန်တစ်ခုတည်းသောနည်းလမ်းမှာ ထိုအရာကိုကျွန်ုပ်တို့ထံမှလုယူခြင်းပင်ဖြစ်သည်။ (၂၀၁၈) ခုနှစ်နှောင်းပိုင်းတွင် ဂျာမန်ဘာသာဖြင့်ထုတ်ဝေသော Rolling Stone မဂ္ဂဇင်းသည် အရဲစွန့်ကာဟောကိန်းတစ်ခုထုတ်ခဲ့သည်။ “ကျွန်ုပ်တို့အနေဖြင့် ယခင်ကဲ့သို့ ဂီတအား ပိုမိုအလေးပေးအာရုံစိုက်ကာနားထောင်ပါလျှင်မူ တစ်နေ့နေ့တွင် ဂီတသည်ကမ္ဘာကြီးအား ထပ်မံ၍ပြောင်းလဲကောင်း ပြောင်းလဲစေနိုင်လိမ့်မည်။” ဟူ၍ဖြစ်သည်။

၎င်းသည်ဖျော်ဖြေမှုပုံစံအသစ်တစ်မျိုးအားဖန်တီးခဲ့သည့် မြူးနစ်မြို့အခြေစိုက်ဂီတပညာရှင်နှင့်အနုပညာပွဲများစီစဉ်သူ Federico Sánchez ၏မျှော်လင့်ချက်လည်းဖြစ်သည်။ “အခြေခံစိတ်ကူးကတော့ ဂီတကိုရုပ်ရှင်လိုတင်ဆက်ဖို့ဖြစ်တယ်။” ဟူ၍ သူကပြန်ပြောင်းပြောဆိုသည်။​ ရလဒ်မှာ ပရိသတ်များ “နားထောင်ခွင့်ရခြင်း” ဖြစ်သည်။ (၂၀၁၆) ခုနှစ်၊ အောက်တိုဘာလတွင် Sánchez သည် မြူးနစ်ဂီတအသိုင်းအဝိုင်းမှအနုပညာရှင်များမှ သူတို့၏အယ်လ်ဘမ်အသစ်များအားမိတ်ဆက်နိုင်ရန်အတွက် ကျပန်းကာလအပိုင်းအခြားနှင့် မတူညီသောနေရာများတွင် ပွဲများစီစဉ်ခြင်းကိုစတင်ခဲ့သည်။ ပွဲများသည် အများအားဖြင့်ဈေးကွက်သို့မဖြန့်ချီမီပြုလုပ်သည့် အထူးပွဲများဖြစ်ပြီး အယ်လ်ဘမ်အား အစမအဆုံးဖျော်ဖြေမှု၊ ပရိသတ်နှင့်အနုပညာရှင်များအကြား အမေးအဖြေဆွေးနွေးမှုတို့ပါဝင်သည်။ “ဒါက အယ်လ်ဘမ်တစ်ခုလုံးရဲ့အနှစ်သာရဆက်စပ်ပြည့်စုံနေမှုကို ထိန်းသိမ်းတာဖြစ်တယ်။” ဟု Sánchez မှရှင်းပြကာ ရေဒီယိုအသံလွှင့်ဌာနများသည် ယေဘုယျအားဖြင့် သီချင်းတစ်ပုဒ်ချင်းအလိုက်သာထုတ်လွှင့်လေ့ရှိပြီး လက်ရာတစ်ခု၏အနှစ်သာရအပြည့်အစုံအားလွှမ်းခြုံဖော်ပြရန် ပျက်ကွက်လေ့ရှိကြောင်းထောက်ပြခဲ့ပါသည်။
  

ပိုမိုထိရောက်ကောင်းမွန်လာသည့် ဂီတလောကပတ်ဝန်းကျင်များ

ခေတ်စမ်းဂီတ သို့မဟုတ် ခေတ်ပြိုင်ဂန္ထဝင်ဂီတဟူ၍သိကြသော ရှုပ်ထွေးနက်နဲသည့်မော်ဒန်ဂီတသည် အဓိကအခန်းကဏ္ဍတွင်ရှိနေပါသည်။ သမားရိုးကျသံစဉ်များနှင့်ဂီတဖွဲ့စည်းပုံများမှဖောက်ထွက်ထားသည့်အတွက် ၎င်းအား သာမန်ကာလျှံကာ သို့မဟုတ် နောက်ခံအသံအဖြစ်သာနားထောင်ခြင်းကိုခွင့်မပြုပေ။ လူအများအပြားကမူ ဤဂီတကို ခံစား၍မရဟု ဆိုကြသည်။ Mecklenburg-Vorpommern ဂီတပွဲတော်၏ဒါရိုက်တာ Markus Fein သည် ဤသို့သော​ဂီတအမျိုးအစားအတွက် သီးသန့်ပုံစံတစ်မျိုးဖန်တီးရန် Körber ဖောင်ဒေးရှင်းမှ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရသည်။ “2 x hören" ("Hear Twice") ဟု ခေါ်တွင်ပြီး ဂန္ထဝင်လက်ရာတစ်ခုတည်းအား တိုက်ရိုက်ဖျော်ဖြေမှု ၂ ကြိမ်တိုင် ပါဝင်ကာ ဖျော်ဖြေသူပညာရှင်များနှင့် အမေးအဖြေ မဆွေးနွေးမီ (၁) ကြိမ်နှင့် ဆွေးနွေးပြီး (၁) ကြိမ်တို့ ဖြစ်သည်။ ရည်ရွယ်ချက်မှာ ခေတ်ပြိုင်ဂန္ထဝင်ဂီတအပေါ် ပုံစံခွက်အမြင်များအား တိုက်ဖျက်ပြောင်းလဲရန်ဖြစ်သည်။ ဤပုံစံအား the Berliner Konzerthaus နှင့် Mozarteum Salzburg တို့အပါအဝင် ဂျာမနီနှင့်နိုင်ငံတကာရှိ ဂီတပွဲဖျော်ဖြေခန်းမအတော်များများတွင် လက်ခံကျင့်သုံးလျက်ရှိပြီး ပရိသတ်များအား မိမိတို့၏သောတအာရုံများအပေါ် ပြန်လည်အားထားရန်ဖိတ်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။


Leipzig မြို့ရှိ ဂီတပိုင်းဆိုင်ရာ hardware ကုန်စည်ပြပွဲ Mitteldeutsche HIFI-Tage သည် သက်ဝင်စီးမျောနားထောင်ခြင်း၏နည်းပညာကဏ္ဍအား အဓိကအလေးပေးသောပွဲဖြစ်သည်။ (၂၀၁၇) ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ နှစ်စဉ်ကျင်းပသော ဤပွဲသည် အရည်အသွေးမြင့်မားသောအသံအတွက် ထိရောက်ကောင်းမွန်သည့်စနစ်အစရှိသည့်တေးဂီတထုတ်လုပ်ရာတွင် အကောင်းဆုံးဖြစ်နိုင်သည့်နည်းလမ်းများအားရှာဖွေနိုင်ရန်လေ့ကျင့်ပေးပါသည်။ ကုန်စည်ပြပွဲသည် ထုံးစံအတိုင်း ထုတ်လုပ်သူကုန်သည်များ၏စီးပွါးရေးအကျိုးအမြတ်များကြောင့်လည်ပတ်တည်ရှိနေခြင်းဖြစ်သော်လည်း နေရာတကာ၌တွေ့နိုင်သည့် အရည်အသွေးလျှော့ချထားသောသံစဉ်များအားနားထောင်ခြင်းခြင်းအစား အရည်အသွေးမြင့်မားသည့်ဂီတခံစားမှု၊ သက်ဝင်စီးမျောနားထောင်ခြင်းကိုထောက်ခံအားပေးမှုအဖြစ်လည်းယူဆနိုင်ပေသည်။
သက်ဝင်စီးမျောကာခံစားနားထောင်ခြင်းအား ပိုမိုစိတ်ဝင်စားလာကြခြင်းကိုသက်သေပြနေသည့်နောက်ဆုံးအချက်မှာ ဂီတဓာတ်ပြားရောင်းအားများတိုးတက်လာခြင်းပင်ဖြစ်သည်။ (၂၀၀၇) ခုနှစ်တွင် ဓာတ်ပြားအယ်လ်ဘမ် (၈) သန်း ရောင်းချနိုင်ခဲ့ရာမှ (၂၀၁၇) ခုနှစ်တွင် ရောင်းအားသည် (၇၄) သန်းအထိထိုးတက်သွားခဲ့သည်။ (၁၉၉၀) ခုနှစ်များကတည်းက ဓာတ်ပြားခေတ်သည်ကုန်ဆုံးသွားပြီဟုကြေညာယူဆထားကြရာ အလွန်အံ့အားသင့်ဖွယ်ပြန်လည်တိုးတက်လာမှုပင်ဖြစ်သည်။ အယ်လ်ဘမ်ဓာတ်ပြားကို ဓာတ်ပြားစက်ပေါ်တွင်တင်၊ ကပ်နေသည့်ဖုန်များကိုဖယ်၊​ ဓာတ်စက်အပ်အားဘရွတ်ကောင်းကောင်းနှင့်သန့်ရှင်း၊ မောင်းတံကိုရှိရမည့်နေရာသို့ဂရုတစိုက်နှိမ့်၊ နောက်ထပ် မိနစ် (၃၀) ကြာလျှင် ဤလုပ်ရိုးလုပ်စဉ်အစအဆုံးအတိုင်းပြန်လုပ်ရန်အချိန်ပေးနိုင်သူများသည် ဂီတသံစဉ်များအပေါ် အပြည့်အဝအာရုံစိုက်နှစ်နားထောင်ရန်လည်း အသင့်ရှိသူများဖြစ်ပါသည်။ ဖျော်ဖြေပွဲတစ်ခုအတွက် အချိန်ကြာမြင့်စွာစိတ်ရှည်သည်းခံ၍စောင့်စားရသည့် ဂီတဖျော်ဖြေပွဲမြတ်နိုးသူများအတွက်လည်း ဤကရိကထများသည်အတူတူပင်ဖြစ်သည်။