ကျား/မ လိင်အင်္ဂါမကွဲပြားမှု
လိင်မတူကွဲပြားစုံလင်မှု

ဂျာမနီတွင် တတိယမြောက်လိင်အမျိုးအစားဖြစ်တဲ့ "ထွေပြား" ( divers ) ကို  ယခု ရွေးချယ်နိုင်ပါပြီ။
ဂျာမနီတွင် တတိယမြောက်လိင်အမျိုးအစားဖြစ်တဲ့ "ထွေပြား" ( divers ) ကို ယခု ရွေးချယ်နိုင်ပါပြီ။ | Photo (detail): © Adobe / Stockwerk-Fotodesign

(၂၀၁၉) ခုနှစ် နှစ်ဆန်းမှစ၍ ဂျာမန်နိုင်ငံသားမှတ်ပုံတင်ရာတွင် တတိယမြောက်လိင်အမျိုးအစားဖြစ်သော "ထွေပြား" (divers) ကိုရွေးချယ်နိုင်ပြီဖြစ်သည်။ ထိုရွေးချယ်မှုက (ကျား) သို့မဟုတ် (မ) ဖြစ်ကြောင်း အတိအကျခွဲခြားမသတ်မှတ်နိုင်ဘဲ မွေးဖွားလာသည့်ကလေးများ၏မိခင်ဖခင်များအနေဖြင့် လိင်ထွေပြားသူ ကလေးငယ်၏အနာဂတ်အပေါ် ဆုံးဖြတ်ချက်ချရာတွင် ကြုံတွေ့ရသည့်ဝန်ထုပ်ဝန်ပိုးကိုဖယ်ရှားရန်နှင့် မတူကွဲပြားခြင်းသည်လည်း ပုံမှန်သာဖြစ်ကြောင်းပြသရန် ရည်ရွယ်ချက်နှစ်ချက်ရှိသည်။
 

အားကစားခန်းမရှိအဝတ်လဲခန်းတွင်ဖြစ်စေ၊ အများသုံးအိမ်သာတွင်ဖြစ်‌စေ၊ ချွေးထုတ်ခန်းတွင်ဖြစ်စေ နေ့စဥ်ဘဝတွင် အမျိုးသားအခန်းနှင့်အမျိုးသမီးအခန်း တစ်ခုခုကိုရွေးချယ်ကြရသည့်နေ့စဥ်ဘဝထဲကအခြေအနေများစွာရှိပါသည်။ ကျွန်ုပ်တို့အများစုက ဒါကိုရှည်ရှည်ဝေးဝေးစဥ်းစားမနေကြသော်လည်း လူအချို့အတွက် ဒါက သာမန်ရွေးချယ်မှုတစ်ခု မဟုတ်ဘဲ နာနာကျင်ကျင်အရှက်ရစရာဖြစ်နေတတ်ပါသည်။ (ကျား) သို့မဟုတ် (မ) ဟူ၍ တိတိပပခွဲခြားသတ်မှတ်ရန် မဖြစ်နိုင်သူများရှိပါသည်။ (ကျား) (မ) လိင်အင်္ဂါမကွဲပြားမှု (ဆိုလိုသည်မှာ (ကျား) (မ) လိင်အင်္ဂါနှစ်မျိုးလုံးပါရှိခြင်း) က ပုံသဏ္ဍာန်ကွဲမျိုးစုံရှိနိုင်ပါသည်။ 
လူတစ်ယောက်သည် ဝှေးစေ့များနှင့်သားအိမ်တစ်ရှူးပါ ပါရှိမွေးဖွားလာပြီး (ကျား) ဟော်မုန်းရော (မ) ဟော်မုန်းပါ ထုတ်လုပ်ကောင်း ထုတ်လုပ်နိုင်ပါသည်။ အခြားတစ်ယောက်သည် အချို့ဆဲလ်များတွင် (မ) ခရိုမိုဇုန်း XX  ပါရှိပြီး အချို့ဆဲလ်များတွင် (ကျား) ခရိုမိုဇုန်း XY ပါရှိသည့် ရောထွေးမျိုးဗီဇတစ်မျိုးဖြစ်သည့် (mosaic genetics) ဖြင့်မွေးဖွားလာနိုင်သည်။ နောက်တစ်ယောက်တွင်မူ လိင်ဟော်မုန်းများကိုတုန့်ပြန်ခြင်းငှာမစွမ်းသည့် ဆဲလ်လက်ခံဓာတုပုံစံများ သို့မဟုတ် အပြည့်အဝမဖွံ့ဖြိုးသည့်လိင်အင်္ဂါများပါရှိတတ်ပါသည်။
ဂျာမနီနိုင်ငံတွင် လိင်ထွေပြားသူဦးရေမည်မျှရှိသည်ဟူသည့်အချက်အလက် အတိအကျမရှိသေးပါ။ ကိုယ်ထူကိုယ်ထအဖွဲ့အစည်းများ၏ခန့်မှန်းချက်အရ တစ်သိန်းခြောက်သောင်းခန့်ဟုမှန်းဆကြသည်။ (၂၀၁၉) ဇန်နဝါရီလ၌ လူဦးရေစာရင်းမှတ်ပုံတင်ရာတွင် လိင်အမျိုးအစားသစ်တစ်ခု ဖန်တီးထည့်သွင်းစေသည့်ဥပဒေပြဌာန်းလိုက်သည်။ (ကျား) နှင့် (မ) အကွက်များအပြင် ၄င်းတို့ကိုမရွေးချယ်လိုပါက (ထွေပြား) ဆိုသည့်အခြားတစ်ကွက်ကိုရွေးချယ်နိုင်သည်။ ဘာကြောင့်ဒါကလိုအပ်ပါသလဲ။

မွေးဖွားစာရင်းတွင်ကွက်လပ်ချန်ထားခြင်း နောက်ထပ်မရှိတော့ပါ။ 

(၁၉၈၁) ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ၏လိင်ပြောင်းလဲမှုဥပဒေအရ လူဦးရေမှတ်ပုံတင်ရှိ လိင်အမျိုးအစားဖော်ပြချက်ကို ပြန်လည်ပြောင်းလဲခွင့်ရခဲ့ကြသည်။ (၂၀၁၃) ခုနှစ်မှစ၍ မွေးစာရင်းတွင် လိင်အမျိုးအစားကိုလုံးဝဖော်ပြစရာမလိုသော ရွေးချယ်မှုလည်းပါရှိလာပါတယ်။ မွေးစာရင်းတွင် လိင်အမျိုးအစားကိုရွေးချယ်ဖော်ပြခြင်းမပြုဘဲ ထားခဲ့နိုင်သည်။ (ကျား) သို့မဟုတ် (မ) ဟူသည့်နှစ်ခုအနက် တစ်ခုခုလိင်ရွေးချယ်မှုက ထိုသို့မရွေးချယ်နိုင်သူအပေါ် ခွဲခြားဆက်ဆံရာရောက်ပြီး အထွေထွေပုဂ္ဂိုလ်ရေးဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်ရာရောက်သည်ဟု (၂၀၁၇) ဆောင်းဦးရာသီတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်ချက်ချခဲ့သည်။ လိင်အမျိုးအစားအချက်အလက်ကို ချန်လပ်ထားခြင်းက မျှတသောရွေးချယ်မှုတစ်ခုမဟုတ်ကြောင်းနှင့် ထပ်ဆောင်းရွေးချယ်စရာတစ်ခုခုရှိသင့်ကြောင်း တရားသူကြီးများကမှတ်ယူခဲ့ကြသည်။ (၂၀၁၈) ခုနှစ်အကုန်တွင် ဂျာမနီလွှတ်တော် Bundestag က မွေးစာရင်းမှတ်ပုံတင်တွင် လိင်အမျိုးအစား (ထွေပြား) ကိုထပ်မံထည့်သွင်းဖို့ဆုံးဖြတ်ခဲ့ပါခဲ့သည်။ လိင်ဖွံဖြိုးမှုဆိုင်ရာကွဲပြားမှုများကြောင့် (ကျား) သို့မဟုတ် (မ) ဟူ၍မခွဲခြားနိုင်သူများအတွက်ရည်ရွယ်သည့် ရွေးချယ်ရန်လိင်အမျိုးအစားကိုဆိုလိုကြောင်း ဥပဒေအရေးအသားကဖော်ပြထားသည်။ ဤဥပဒေအရ မွေးကင်းစကလေးတွေသာမက အရွယ်ရောက်ပြီးသည့်လိင်ထွေပြားသူများသည် ၄င်းတို့စာရင်းသွင်းခဲ့စဥ်က လိင်အမျိုးအစားနှင့်ပထမနာမည်များကို ပြန်လည်ပြင်ဆင်ရန်တောင်းဆိုနိုင်ပါပြီ။ ထို့အတွက် ဆေးဖက်ဆိုင်ရာထောက်ခံချက်လက်မှတ်ကိုတင်ပြရသော်လည်း ချွင်းချက်ကိစ္စများတွင်တော့ ကျမ်းကျိန်လွှာတစ်စောင်မျှဖြင့်လုံလောက်ပါတယ်။
 
ဥပဒေသစ်က မိဘများအတွက်လည်းရည်ရွယ်ပါတယ်။ ကလေးတစ်ယောက်က (ကျား) (မ) လိင်အင်္ဂါမကွဲပြားသော လက္ခဏာများဖြင့်မွေးဖွားလာသည့်အခါ မိဘများအနေနှင့် ကလေးအတွက်ရေရှည်ထိရောက်သည့်အကျိုးဆက်များရရှိနိုင်ရန် ဆုံးဖြတ်ချက်များချရပါသည်။ (၁၉၇၀) လွန်နှစ်များတွင် မွေးရာပါလိင်ကိုပြုပြင်ပြောင်းလဲနိုင်သောခွဲစိတ်ကုသမှုကို ကလေးအရွယ်ကတည်းကဆောင်ရွက်နိုင်ကြာင်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံခဲ့ကြပါတယ်။ ခွဲစိတ်ပြုပြင်ခြင်းအားဖြင့် ထင်ရှားသည့်လိင်အင်္ဂါကိုဖန်တီးပေးခြင်း၊ လိင်ထွေပြားနေသောကလေးငယ်အဖို့ရှက်ကြောက်မှု၊ အရှက်ခွဲခံရသည်များမှ ကင်းဝေးစေပါလိမ့်မည်။ လိင်သွင်ပြင်လက္ခဏာကိုဖော်ဆောင်ပေးသောခွဲစိတ်မှု‌လုပ်ငန်းစဉ်မှာ ဥပမာအားဖြင့် အပြင်ပိုင်းအမျိုးသမီးအင်္ဂါအတုဖန်တီးပေးခြင်း မိန်းမကိုယ်အပြင်ပိုင်းကိုပြုပြင်ပြီး ကြည့်ကောင်းအောင်ဖန်တီးပုံဖော်ပေးခြင်း၊ အာရုံခံစေ့ (clitoris) ကိုဖြတ်တောက်‌‌ခြင်း၊ လိင်ဟော်မုန်းများကိုထုတ်ပေးသောမျိုးပွားအင်္ဂါများ (gonads) အားဖယ်ရှားဖြတ်ထုတ်ခြင်းများပါဝင်ပါသည်။ (၂၀၀၀) ပြည့်နှစ်လွန်ကာလများတွင် လိင်မှုလက္ခဏာများသည် လိင်အင်္ဂါပေါ်တွင်သာလုံးဝဥဿုံမူတည်နေခြင်းမဟုတ်ကြောင်း သိမြင်မှုအသစ်တစ်ခုပေါ်ထွက်လာပြီး ပြန်လည်သုံးသပ်လာကြသည်။ (၂၀၀၇) ခုနှစ်တွင် ဂျာမန်ကလေးနှင့်အရွယ်ရောက်ကာစလူငယ်ဆေးပညာအသင်းက  လိင်သွင်ပြင်လက္ခဏာ ဖော်ဆောင်ပေးသောခွဲစိတ်မှုများကိုရှောင်ရှားခဲ့ပြီး လုပ်ဆောင်ပေးရာမှခွဲထွက်လိုက်ပြီး (၂၀၁၂) ခုနှစ်မှစတင်ကာ ဂျာမန်ကျင့်ဝတ်ထိန်းသိမ်းရေးကောင်စီကလည်း ထိန်းချုပ်ကန့်သတ်ရေးကိုအကြံပေးခဲ့ပါတယ်။ ကုလသမဂ္ဂညှင်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးကော်မတီက ကလေးငယ်များအတွက် လိင်အင်္ဂါအပြင်ပန်းကြည့်ကောင်းစေရန်ခွဲစိတ်ကုသမှုများကို လုံးဝပိတ်ပင်ရန်ပင်တောင်းဆိုထားပါသည်။ အကြောင်းမှာ လိင်အင်္ဂါမကွဲပြားသောကလေးငယ်များသည် ပုံမှန်အားဖြင့်ကျန်းမာကြသောကြောင့်ဖြစ်သည်။

ခွဲစိတ်ကုသမှုက ကျန်းမာတဲ့ကလေးတစ်ယောက်ကို ပိုမိုပျော်ရွင်စေနိုင်ပါသလား။

ကလေးဘဝကပင် လိင်ပြုပြင်ပြောင်းလဲမှုကိုခံယူခဲ့ကြသူများကိုကူညီပံ့ပိုးနေသည့်အဖွဲ့အစည်းကြီးငယ်များက ထိုခွဲစိတ်ကုသမှုကြောင့် ပြင်းထန်စွာစိတ်ဒဏ်ရာရခဲ့သည်များကိုလေ့လာဖော်ပြကြသည်။ တစ်ချို့သောသူများက ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင် ကလေးမွေးဖွားနိုင်ခြင်းမရှိတော့ဘဲ လိင်မှုကိစ္စစွမ်းဆောင်နိုင်စွမ်းမရှိသလောက်ဖြစ်သွားနိုင်ပါသည်။ တိကျသောလိင်အမျိုးအစားသတ်မှတ်ရန်ဆုံးဖြတ်ချက်ချသည့်အခါ သို့မဟုတ် ခွဲစိတ်ကုသမှုပြုလုပ်သည့်အခါ ကာယကံရှင်ကိုယ်တိုင်ကသာရွေးချယ်ခွင့်ပေးရန် အဖွဲ့အစည်းများကတိုက်တွန်းကြပါသည်။ သို့သော် အချို့သောဆရာဝန်များက ထိုခွဲစိတ်ကုသမှုများကို အကြံပေးထောက်ခံနေဆဲဖြစ်ပါသည်။ (၂၀၁၆) ခုနှစ်တွင် ဂျာမနီ၌ ဆယ်နှစ်အောက်ကလေးငယ်နှစ်ထောင်ကျော်က လိင်သွင်ပြင်လက္ခဏာဖော်ဆောင်ပေးရန်ခွဲစိတ်မှုခံယူခဲ့ကြရပါသည်။ ဤခွဲစိတ်မှုအရေအတွက်ကအမြဲလိုလိုပုံမှန်ဖြစ်သည်။
 
မော်လ်တာနိုင်ငံက ကလေးငယ်များကို လိင်အင်္ဂါဖော်ဆောင်ပေးသည့်ခွဲစိတ်ကုသမှုကို ရာဇဝတ်မှုဟုသတ်မှတ်ထားသည့် ဥ‌ရောပရှိတစ်ခုတည်းသောနိုင်ငံဖြစ်ပါသည်။ ဂျာမန်ဥပဒေအသစ်ကိုလည်းပဲနှိုင်းယှဉ်ကြည့်ပါက တိုးတက်မှုရှိပါသည်။  မွေးဖွားစာရင်းတွင် တတိယမြောက်လိင်အမျိုးအစားကိုရွေးချယ်နိုင်ရန်ထည့်သွင်းထားမှုကို ကမ္ဘာနှင့်အဝှမ်းကြည့်ပါက နိုင်ငံအချို့ -  သြစတြေးလျ၊ နယူးဇီလန်နှင့် အာဂျင်တီးနားတို့အပြင်  အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံ- များတွင်တွေ့ရပါသည်။ တရားဝင်အသိအမှတ်ပြုလိင်အမျိုးအစားတစ်မျိုးထပ်မံ ရှိနေ‌သည့်အချက်က အားကစားအသင်း‌အဖွဲ့ဝင်စည်းကမ်းသတ်မှတ်တွေမှစပြီး အမျိုးသမီးများ၏ပါဝင်ကိုယ်စားပြုမှုအခန်းကဏ္ဍများအထိ ဥပဒေရေးရာအရမေးခွန်းထုတ်စရာများထပ်မံပေါ်ပေါက်လာပါလိမ့်မည်။ ထို့ကြောင့် ဥပဒေပြဌာန်းခြင်းက ကနဦးအစသာဖြစ်ပါသည်။

လိင်အမျိုးအစား “ထွေပြား” (divers) ကို အသိအမှတ်ပြုခြင်းက ဤဥပဒေသည် လိင်မတူကွဲပြားစုံလင်မှုကို ပိုမိုနားလည်လက်ခံလာရန် ဗျူရိုကရေစီအရကြိုးပမ်းခြင်းဖြစ်စေသည်ဟု သိသာစေသည်။ ကွဲပြားခြင်းသည်လည်းသာမန်သာဖြစ်သည်ဟုရှင်းလင်းစေသည်။