အမျိုးသမီးဒီဂျေများ
ပိုမိုများပြားသောအမျိုးသမီးများဒီဂျေစင်မြင့်ဆီသို့ရောက်ရှိရေး

Gudrun Gut သည် (၁၉၈၀) စုနှစ်များကတည်းကဂီတလောကတွင်လှုပ်ရှားခဲ့သည်။
Gudrun Gut သည် (၁၉၈၀) စုနှစ်များကတည်းကဂီတလောကတွင်လှုပ်ရှားခဲ့သည်။ | ဓါတ်ပုံ။ ။GGut live Sonoras 2018 © Jose M. Pedrajas

female: pressure ကွန်ယက်မှ အမျိုးသမီးဒီဂျေများပိုမိုများပြားလာရေးကြိုးပမ်းနေပါသည်။

အီလက်ထရောနစ်ဂီတနယ်ပယ်တွင်အမျိုးသမီးပါဝင်မှုရာခိုင်နှုန်းသည် (၁၉၉၀) ခုနှစ်နှောင်းပိုင်းများထက်စာလျှင် ယနေ့ခေတ်တွင်ပိုမိုမြင့်တက်လာပါသည်။ သို့သော် ထိုအချက်မှာ၎င်းဂီတနယ်ပယ်တွင်အမျိုးသမီးများဖျော်ဖြေသူများအလွန်အမင်းများပြားနေသည်ဟုဆိုလိုခြင်းမဟုတ်ပါ။ Nadine Moser alias Resom, Susanne Kirchmayr alias Electric Indigo နှင့် Gudrun Gut တို့သည် အီလက်ထရောနစ်ဂီတလောကတွင်စံထားရသောပညာရှင်များဖြစ်သော်လည်း သူတို့၏ဂီတခရီးလမ်းမှာအမျိုးသားဖျော်ဖြေသူများထက်သိသိသာသာပို၍ခက်ခဲခဲ့သည်။ သူတို့သည်ယခုအခါနိုင်ငံတကာကွန်ယက် female:pressure နှင့်လက်တွဲ၍ အမျိုးသမီးများဒီဂျေလောကတွင်ပိုမိုဖျော်ဖြေခွင့်ရရှိရန်နှင့်အသိအမှတ်ပြုမှုရရှိစေရန်ကြိုးပမ်းဆောင်ရွက်နေပါသည်။

အတုအယောင်ချီးမွမ်းမှုများနှင့်ကြီးမားသောသံသယ

Susanne Kirchmayr သည်ဂီတပညာရှင်အဖြစ်အလုပ်လုပ်ကိုင်စဉ်၌ လိင်အခြေပြုဖိနှိပ်ခံရမှုများအကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပါသည်။ ဥပမာဆိုရလျှင် အမျိုးသမီးဂီတပညာရှင်အားလုံးကြားဖူးကြသော “အမျိုးသမီးတစ်ယောက်အနေနဲ့ နင်ကတော်ပါတယ်။” ဆိုသော နှိမ့်ချရာရောက်သည့်အတုအယောင်ချီးမွမ်းမှုများ သူမ မကြာခဏရခဲ့၏။ “အမျိုးသမီးဖြစ်နေခြင်းကမကောင်းတဲ့အချက်မဟုတ်ပါဘူး” ဟုသူမကဆိုသည်။ အမျိုးသမီး DJ အသစ်တွေအနေနဲ့နာမည်ရဖို့အရမ်းကြိုးစားရပါတယ်။ အမျိုးသမီး DJ တွေက အစမှာထူးထူးခြားခြားခြွင်းချက်အနေနဲ့ပေါ်လွင်နေတဲ့အတွက် ကောင်းကွက်တွေရှိခဲ့ပါတယ်။ သို့ရာတွင် Kirchmayr အတွက်နှိုင်းယှဥ်ဆိုရလျှင် ကောင်းကွက်ထက်ဆိုးကွက်ကပိုခဲ့ပေသည်။ "အမျိုးသမီးတစ်ယောက်အနေနဲ့ပုံမှန်ကြုံတွေ့ခဲ့ရတာတော့ အမျိုးသမီးဆိုရင်သံသယနဲ့အရင်ကြည့်ခံရတာပဲ။ အမျိုးသားတွေကိုတော့ လူတွေကအစကတည်းကယုံပြီးသားပဲလေ။ ဒီတော့ အမျိုးသမီးတွေအနေနဲ့ ကြံ့ခိုင်သန်မာတဲ့ကိုယ်ရည်ကိုယ်သွေးရှိဖို့လိုတယ်။ ခေါင်းမမာတဲ့သူဆိုရင်တော့ မြန်မြန်အရှုံးပေးလိုက်ရတော့တာပဲ။” ဟုသူမကဆိုသည်။ 
 
Kirchmayr သည် Electric Indigo အမည်ဖြင့် (၁၉၈၀) ခုနှစ်နှောင်းပိုင်းများမှစ၍ ဂီတလှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ (၁၉၉၈) တွင်အီလက်ထရောနစ်ဂီတနှင့်ဒစ်ဂျစ်တယ်အနုပညာလောကမှအမျိုးသမီးအနုပညာရှင်များအတွက် female:pressure နိုင်ငံတကာကွန်ယက်ကိုတည်ထောင်ခဲ့သည်။ စာအဆက်အသွယ်များကိုကြည့်ပါက ဂီတဖန်တီးမှုဆိုင်ရာအတွေးအခေါ်များဖလှယ်ရန်၊ လိင်အခြေပြုဖိနှိပ်မှုအတွေးအခေါ်ရှိသောပွဲကျင်းပသူများကိုသတိပေးရန် သို့မဟုတ် ပူးတွဲလှုပ်ရှားမှုများနှင့် podcasts များကိုစီစဉ်ရန်အသုံးပြုထားကြောင်းတွေ့ရမည်ဖြစ်သည်။ ယနေ့အချိန်တွင် female:pressure သည်နိုင်ငံပေါင်း (၇၅) နိုင်ငံမှ အသင်းဝင် (၂၃၇၀) အထိရှိနေပြီဖြစ်ပြီး ၎င်းတို့အထဲတွင် အမျိုးသား သို့မဟုတ် အမျိုးသမီးအဖြစ်လိင်အမျိုးအစားသတ်မှတ်ခံယူလိုစိတ်မရှိသူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်အဖြစ်အသွင်ပြောင်းလဲနေထိုင်သူအရေအတွက်မှာလည်းတဖြေးဖြေးတိုးလာလျက်ရှိသည်။ “ကျွန်မတို့တသွေးတသားတည်းရှိမှုကို တန်ဖိုးထားပါတယ်" ဟုတည်ထောင်သူမှအလေးပေးပြောကြားခဲ့သည်။ “တက်သစ်စကနေပညာရှင်အထိ အားလုံးကိုကြိုဆိုပါတယ်” ဟုလည်းသူမကဆိုခဲ့သည်။

  • Nadine Moser alias Resom သည်အမျိုးသမီးများအတွက် DJ အလုပ်ရုံဆွေးနွေးပွဲများကို turntables တွင်ဖျော်ဖြေသူအမျိုးသမီးများပိုမိုများပြားလာစေရန်ရည်ရွယ်၍ပြုလုပ်ပေး၏။ အီလက်ထရောနစ်ဂီတလောကတွင်အမျိုးသမီးသည် အမျိုးသားလုပ်ဖော်ကိုင်ဖက်များထက်ပိုမိုရုန်းကန်ရမည်ကို သူမအသေအချာသိရှိပါသည်။ ဓါတ်ပုံ။ ။Resom @ Camille Blake
    Nadine Moser alias Resom သည်အမျိုးသမီးများအတွက် DJ အလုပ်ရုံဆွေးနွေးပွဲများကို turntables တွင်ဖျော်ဖြေသူအမျိုးသမီးများပိုမိုများပြားလာစေရန်ရည်ရွယ်၍ပြုလုပ်ပေး၏။ အီလက်ထရောနစ်ဂီတလောကတွင်အမျိုးသမီးသည် အမျိုးသားလုပ်ဖော်ကိုင်ဖက်များထက်ပိုမိုရုန်းကန်ရမည်ကို သူမအသေအချာသိရှိပါသည်။
  • female:pressure ကွန်ယက်ကိုတည်ထောင်သူ Susanne Kirchmayr သည်ဂီတပညာရှင်အဖြစ်အလုပ်လုပ်ကိုင်စဉ်၌ လိင်အခြေပြုဖိနှိပ်ခံရမှုများအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရ၏။ ဓါတ်ပုံ။ ။Electric Indigo © StefanFuhrer/WienModern
    female:pressure ကွန်ယက်ကိုတည်ထောင်သူ Susanne Kirchmayr သည်ဂီတပညာရှင်အဖြစ်အလုပ်လုပ်ကိုင်စဉ်၌ လိင်အခြေပြုဖိနှိပ်ခံရမှုများအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရ၏။
  • Gudrun Gut သည် (၁၉၈၀) စုနှစ်များတွင် Malaria ဂီတအဖွဲ့ကိုစတင်တည်ထောင်သူထဲမှတစ်ဦးဖြစ်သည်။ ယနေ့ခေတ်တွင်အမျိုးသမီးအနုပညာရှင်များအသိအမှတ်ပြုခံရသောကြောင့် သူမပျော်ရွှင်ရ၏။ ဓါတ်ပုံ။ ။GGut Moment 2018 © Mara von Kummer
    Gudrun Gut သည် (၁၉၈၀) စုနှစ်များတွင် Malaria ဂီတအဖွဲ့ကိုစတင်တည်ထောင်သူထဲမှတစ်ဦးဖြစ်သည်။ ယနေ့ခေတ်တွင်အမျိုးသမီးအနုပညာရှင်များအသိအမှတ်ပြုခံရသောကြောင့် သူမပျော်ရွှင်ရ၏။

အမျိုးသမီးအနုပညာရှင်များအတွက်ပိုမိုအသိအမှတ်ပြုခံရမှု
 

Gudrun Gut သည် (၁၉၈၀) စုနှစ်များဆီကတည်းက DJ ပညာရှင်၊ အစီအစဥ်တင်ဆက်သူနှင့် Monika Enterprise ဂီတတံဆိပ်၏ထုတ်လုပ်သူအဖြစ် ဂီတလောကတွင်ကျင်လည်ခဲ့ပါသည်။ Malaria ဂီတအဖွဲ့ကိုစတင်တည်ထောင်သူတစ်ယောက်အနေနှင့် သူမက “အီလက်ထရောနစ်ဂီတလောကတွင်အမျိုးသမီးများတွေ့ကြုံရသည်များမှာ အခြားဂီတအမျိုးအစားနယ်ပယ်များထက်ပိုမိုခက်ခဲသည် သို့မဟုတ် ပိုမိုလွယ်ကူသည်ဟုမထင်ကြောင်းနှင့် အခြေအနေမှာနေရာတိုင်းတွင် အတူတူသာဖြစ်ကြောင်း” ဆိုခဲ့သည်။ “ဂီတလောကမှာအမျိုးသားတွေကလွှမ်းမိုးနေတာပဲ၊ အခြားမကြည့်နဲ့ ကျွန်မစုဆောင်းထားတဲ့ဓာတ်ပြားတွေကိုပဲကြည့်ပါ” ဟုသူမကဆိုသည်။ female:pressure ကွန်ယက်စတင်တည်ထောင်ကာစအချိန်များကိုသတိတရဆိုရာတွင် “မှတ်မှတ်ရရတခုကတော့ ကျွန်မတို့ပွဲစဥ်တွေစပြီးရေတွက်ကြတဲ့အချိန်ပဲ။ အမျိုးသားဘယ်နှစ်ယောက်ကိုကြိုတင်စာရင်းပေးငှားရမ်းထားပြီး အမျိုးသမီးဘယ်နှစ်ယောက်လဲပေါ့။ အဲဒီတုန်းကအမျိုးသားတွေချည်းပဲ (၁၀၀) ရာခိုင်နှုန်းပါတဲ့ပွဲတော်တချို့ ရှိခဲ့တယ်။ ဒါကိုကြည့်ပြီး ကျွန်မတို့အားလုံးလန့်သွားခဲ့မိတာပေါ့။”

ဂီတလောကတွင် “အမျိုးသားများ၏လွှမ်းမိုးမှု” မည်မျှကြီးမားကြောင်းကိုလည်း (၂၀၁၅) ခုနှစ်မှ ဗြိတိသျှဂါးဒီးယန်း၏ဆန်းစစ်မှုတစ်ခုကပြသခဲ့သည်။ သတင်းစာမှ၎င်း၏ ၀က်ဘ်ဆိုက် တွင် ဂီတပွဲတော်များ၏လက်ကမ်းကြော်ငြာများကိုဖော်ပြခဲ့သည်။ ထို့နောက်အမျိုးသားများ၏ပွဲစဥ်များကိုဖျက်လိုက်ရာတွင် ရလာဒ်မှာမည်သူမျှမကျန်ရစ်ခဲ့သလောက်နီးပါးဖြစ်ပေသည်။

ယနေ့ခေတ်တွင်အမျိုးသမီး DJ ပညာရှင်များဖျော်ဖြေခွင့်ရမှုမှာ ထောင်စုနှစ်အချိန်ကာလများထက် ပို၍လွယ်ကူလာခြင်းကြောင့်သူမတို့ပျော်ရွှင်ရကြောင်း Kirchmayr နှင့် Gut ကဆိုပါသည်။ “အီလက်ထရောနစ်ဂီတလောကမှာ လတ်တလောအမျိုးသမီးအရေအတွက်ပိုများလာပါတယ်။ ဒါ့အပြင်လွန်ခဲ့တဲ့နှစ်‌တွေမှာလဲ အမျိုးသမီးအ‌ရေးနဲ့ပတ်သက်တဲ့ အားကောင်းတဲ့ဆွေးနွေးမှုတွေလည်းပေါ်ပေါက်လာပါတယ်။” ဟု Kirchmayr  မှကွန်ရက်တည်ထောင်ချိန်မှစ၍အနှစ် (၂၀) အတွင်း တိုးတက်မှုများအားအကျဉ်းချုပ်ပြောကြားခဲ့သည်။ Gut မှလဲ အမျိုးသမီးအနုပညာရှင်များယခင်ထက်ပိုမို၍အသိအမှတ်ပြုခံရကြောင်းပြောပြခဲ့သည်။ ယခုအခါဂီတပွဲတော်များတွင် အမျိုးသားပွဲစဥ်များကိုသာကြိုတင်စာရင်းပေးငှားရမ်းရတာမျိုး မဟုတ်ကြောင်းတဖြည်းဖြည်းသိလာသည်ကိုတွေ့ရ၍ ၀မ်းသာမိကြောင်းသူမကဆိုပါသည်။