အပွင့်လင်းဆုံးဆိုရလျှင်… လူသားများလိုက်မမှီနိုင်လောက်အောင်ပင်
ကပ်ရောဂါကာလများအတွင်းနည်းပညာသည်ကျွန်ုပ်တို့အားမည်ကဲ့သို့အကျိုးပြုခဲ့သနည်း။

သတင်းအချက်အလက်နည်းပညာ
သတင်းအချက်အလက်နည်းပညာ | ဓါတ်ပုံ။ ။ Markus Spiske © Unsplash

လူအချင်းချင်းထိတွေ့ဆက်ဆံမှုသည် ကျန်းမာရေးဆိုင်ရာအန္တရာယ်တစ်ခုဖြစ်လာသည်နှင့်အမျှ ဒစ်ဂျစ်တယ်စနစ်သို့အသွင်ကူးပြောင်းရာတွင် သတင်းအချက်အလက်များတိုးတက်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကိုရင်ဆိုင်ဖြေရှင်းရာ၌ ကျွန်ုပ်တို့အားမည်ကဲ့သို့အကူအညီဖြစ်စေကြောင်းကို Liwen Qin ကထုတ်နှုတ်တင်ပြထားပါသည်။
 

 

တရုတ်နိုင်ငံမှ စတင်ခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတဝှမ်း၌ပျံ့နှံ့လျက်ရှိရာ အစိုးရများ၊ ကုမ္ပဏီများနှင့် လူတစ်ဦးချင်းစီတိုင်း အားလုံးတို့သည် သူတို့၏နေ့စဉ်ဘဝများတွင် ကြီးမားသောအခက်အခဲ၊ အနှောင့်အယှက်များကိုဖြေရှင်းနိုင်ရန်ရုန်းကန်ရလျက်ရှိသည်။ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများတွင် တရုတ်အစိုးရသည် ပြည်သူလူထု သန်း (၁၀၀) မှ သန်း (၅၀၀) တို့၏သွားလာလှုပ်ရှားများကိုကန့်သတ်ခဲ့သည်။ ဈေးဆိုင်များ၊ စက်ရုံများနှင့်ကျောင်းများသည်လည်း သီတင်းပတ်ခြောက်ပတ်မှ ခုနှစ်ပတ်ခန့်ပိတ်ခဲ့ရသည်။ လူအချင်းချင်းထိတွေ့ဆက်ဆံမှုသည် အန္တရာယ်များလာသောအချိန်ကာလတစ်ခုတွင် သတင်းအချက်အလက်နည်းပညာသည် မျှော်လင့်ထားခြင်းမရှိသော ဤအနှောင့်အယှက်၊ ပြဿနာကြီး၏သက်ရောက်မှုဆိုးကျိုးများကို များစွာလျှော့ချပေးနိုင်ခဲ့သည်။

ကွာရန်တင်းကာလအတွင်း၌အစားအသောက်နှင့်ကျန်းမာရေး

မြို့ပြလော့ခ်ဒေါင်း (သို့မဟုတ်) ကွာရန်တင်းကာလအတွင်း အိမ်တွင်း၌သာနေထိုင်ကြရသောလူထုအတွက် အကြီးမားဆုံးစိန်ခေါ်မှုသည် နေ့စဉ်ဘဝလိုအပ်ချက်များဖြစ်သော အစားအသောက်နှင့်သန့်စင်ခန်းသုံးပစ္စည်းများကိုဖြည့်တင်းရရှိနိုင်ရန်ဖြစ်သည်။ တရုတ်နိုင်ငံတွင် အလွန်ဖွံ့ဖြိုးပြီးဖြစ်သောအွန်လိုင်းစီးပွါးရေးများနှင့်ပစ္စည်းပို့ဝန်ဆောင်မှုများသည် အိမ်ထောင်စုများစွာတို့၏အသက်သွေးကြောဖြစ်လာခဲ့သည်။ အချို့နေရာများတွင် စက်ရုပ်များဖြင့်အထုတ်အပိုးစီစဉ်ထုတ်ပိုးခြင်း၊ အလိုအလျောက်မောင်းနှင်နိုင်သောကားများ၊ ဒရုန်းများနှင့်အထုတ်အပိုးစုရပ်ဌာနများ (စာတိုက်ပုံးများကဲ့သို့၊ သို့သော်အထုတ်အပိုးများအတွက်ဖြစ်သည်။) သည် အန္တရာယ်များသောလူအချင်းချင်းထိတွေ့ဆက်ဆံမှုကို အနည်းဆုံးပမာဏအထိလျှော့ချနိုင်ရန်ကူညီပေးခဲ့ကြသည်။

ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများအတွက် AI ဉာဏ်ရည်တု

အကန့်အသတ်ရှိသောဆေးဘက်ဆိုင်ရာအရင်းအမြစ်များသည် ဤပြည်သူ့ကျန်းမာရေးအကျပ်အတည်းကာလကြီးအတွင်း နောက်ထပ်စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏အစောပိုင်းအဆင့်ကာလများကတည်းကပင် တရုတ်နိုင်ငံရှိဆေးရုံများသည် အလုပ်လုပ်နိုင်စွမ်းများကုန်ဆုံးသွားခဲ့သည်။ နေမကောင်းဖြစ်နေသူအများအပြားသည် ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးမှု၊ ကုသမှုတို့မရရှိခဲ့ပေ။ အမျိုးမျိုးသောအင်တာနက်ကုမ္ပဏီများနှင့်ပြည်နယ်အစိုးရများသည် အွန်လိုင်းမှတဆင့် ကျန်းမာရေးဆိုင်ရာတိုင်ပင်ဆွေးနွေးနိုင်သောလမ်းကြောင်းများကို စီစဉ်ထူထောင်ခဲ့ကြသည်။ ဆေးရုံများသို့သွားရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့်ဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် ကူးစက်မခံရသေးသောလူများသည် ပုဂ္ဂလိကဆေးရုံများနှင့်ကိုယ်ပိုင်‌ဆေးခန်းများ၌ ကိုဗစ်-၁၉ ကူးစက်ခံရမည့်အရေးမှရှောင်လွှဲနိုင်ခဲ့ကြသည်။ အစုလိုက်အပြုံလိုက်ရောဂါကူးစက်ပြန့်ပွားမည့်အချိန်အား ပြည်နယ်အစိုးရများမှကြိုတင်ခန့်မှန်းနိုင်စေခဲ့သည့် AI ဉာဏ်ရည်တုဝန်ဆောင်မှုများကိုလည်း တရုတ်ကုမ္ပဏီအချို့ကတည်ထောင်ခဲ့ကြသည်။ အခြားသော AI ဉာဏ်ရည်တုနည်းပညာများကို ဆေးရုံများတွင်၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟုသံသယရှိသောလူနာများအားဓာတ်ခွဲအတည်ပြုရာ၌အသုံးပြုခဲ့ကြသည်။ အကန့်အသတ်ရှိသောဆေးဘက်ဆိုင်ရာအရင်းအမြစ်များကိုအစွမ်းကုန်တိုးချဲ့ခြင်းဖြင့် ဤနည်းပညာများသည် မနိုင်ဝန်ထမ်းနေရသောဆေးရုံများ၏ဖိအားကို သိသာစွာလျှော့ချပေးနိုင်ခဲ့သည်။ သတင်းအချက်အလက်နည်းပညာသည် မကြုံစဖူးအသစ်အဆန်းဖြစ်သော ကိုဗစ်-၁၉ ဗိုင်းရပ်စ်မှဖြစ်ပေါ်စေခဲ့သည့် ကြီးမားလှသောစိန်ခေါ်မှုကိုကိုင်တွယ်ဖြေရှင်းရာတွင်အလွန်အရေးပါခဲ့ပါသည်။

ဒစ်ဂျစ်တယ်ပညာရေး

အွန်လိုင်းထုတ်လွှင့်ခြင်းနှင့်သင်ကြားရေးဆော့ဖ်ဝဲလ်များသည် အိမ်၌သောင်တင်နေသောဆရာများနှင့်ကျောင်းသားများအတွက် သူတို့၏ပညာရေးလမ်းကြောင်းအားပုံမှန်နီးပါးကဲ့သို့ပင်ဆက်လက်လျှောက်လှမ်းနိုင်ရန်အကူအညီပေးခဲ့ပါသည်။ ယေဘုယျသင်ခန်းစာများဖြစ်သော သင်္ချာနှင့်ဘာသာစကားတို့ကိုသာမက လက်တွေ့အတန်းများဖြစ်သော လက်မှုအနုပညာ၊ ဂီတနှင့်ကာယပညာတို့ကိုပင် အွန်လိုင်းသင်ယူမှုပတ်ဝန်းကျင်တစ်ခု၌သင်ကြားပေးနိုင်ရန် ဆရာများအနေဖြင့် နည်းလမ်းများကိုတဖြည်းဖြည်းရှာဖွေလာခဲ့ကြသည်။ အပေါ်ထပ်ရှိကလေးတစ်ဦးမှ အွန်လိုင်းပေါ်၌ ဆရာနှင့် ကာယပညာအားသင်ယူကာခုန်ပေါက်နေပါက အိမ်နီးချင်းများအတွက်အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စေပါလိမ့်မည်။ သို့သော် ဤကာလသည် အပြန်အလှန်စိတ်ရှည်သည်းခံမှုနှင့်နားလည်ပေးမှုတို့ ရှိရမည့်ကာလတစ်ခုပင် မဟုတ်ပါလား။

အိမ်မှရုံးတက်ခြင်း။   ။နှစ်ခြိုက်ဖွယ် ရွေးချယ်စရာတစ်ခုပင်

ကုန်ထုတ်လုပ်ခြင်း၊ ပွဲစီစဥ်ခြင်းစသည့်မြေပြင်လုပ်ငန်းလည်ပတ်မှုကိုအားကိုးအားထားပြုရသောကုမ္ပဏီများအနေဖြင့် ဤကာလတွင် သိသိသာသာထိခိုက်ခံစားခဲ့ရပေမည်။ သို့ရာတွင် လုပ်ငန်းဆောင်တာအတော်များများကို ဒစ်ဂျစ်တယ်စနစ်ဖြင့်ဆောင်ရွက်နိုင်သောကုမ္ပဏီများကမူ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကောင်းမွန်စွာရင်ဆိုင်ကိုင်တွယ်နိုင်လျက်ရှိသည်။ အွန်လိုင်းအစည်းအဝေးစနစ်များ၊ တိုက်ရိုက်စာပို့သည့်ဆော့ဖ်ဝဲလ်များနှင့်် ဖိုင်မျှဝေသည့်ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများသည် ကုမ္ပဏီများကိုချောမွေ့စွာလည်ပတ်စေနိုင်ခဲ့သည်။ တစ်ခုတည်းသောခြားနားချက်မှာ သူတို့၏ရုံးခန်းများသည် မိသားစုနေအိမ်များရှိ အိပ်ခန်းများ၊ စာဖတ်ခန်းများသို့ ရွှေ့ပြောင်းပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဝန်ထမ်းများသည် သူတို့အနေဖြင့် အလုပ်ချိန်ပိုမိုရှည်လျားစွာလုပ်ကိုင်နေရပြီး ကိုယ်၊ စိတ်အနားယူအပန်းဖြေရာ “အိမ်” မရှိတော့ကြောင်းနားလည်လာခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့၏အလုပ်နေရာရုံးခန်းများအား မည်မျှတောင့်တလွမ်းဆွတ်မိလျက်ရှိကြောင်းကို လူအများအပြားကသဘောပေါက်လျက်ရှိလောက်ပြီဖြစ်သည်။

လူသားဆန်ဆန် နေကြရ‌အောင်

နောက်ထပ် တစ်နှစ်၊ နှစ်နှစ် ကြာမြင့်နိုင်သည့်၊ ကိုဗစ်-၁၉ အတွက် ထိရောက်သည့် ကုသဆေး သို့မဟုတ် ကာကွယ်ဆေး တီထွင်ထုတ်လုပ်နိုင်ခြင်းမရှိခင်အထိ ကမ္ဘာကြီး၏ နေရာအများအပြားတွင် ဤသို့သော အစီအစဥ်နှင့် လူနေမှုပုံစံအသစ်များသည် နေ့တဓူဝ လုပ်ရိုးလုပ်စဥ်များ ဖြစ်လာနိုင်ပါသည်။ သို့သော် သတင်းအချက်အလက်နည်းပညာမှ ကျွန်ုပ်တို့အား ပံ့ပိုးပေးသည့် အရေးကြီးဆုံးအရာသည် အစားအသောက်၊ ပညာရေး သို့မဟုတ် ဝင်ငွေတို့ မဟုတ်ဘဲ နည်းပညာမှတစ်ဆင့် တစ်ဦးနှင့် တစ်ဦး စိတ်ပိုင်းဆိုင်ရာအားဖြင့် ဆက်သွယ်နိုင်ခြင်းဖြစ်သည်။ ဤအရာသည် အခြားသောအရာများ အားလုံးကဲ့သို့ပင် မရှိမဖြစ် လိုအပ်လှသော အရာတစ်ခု ဖြစ်ပေသည်။

 

“Frankly …”

On an alternating basis each week, our “Frankly …” column series is written by Liwen Qin, Maximilian Buddenbohm, Dominic Otiang’a and Gerasimos Bekas. In “Frankly … posthuman”, Liwen Qin takes a look at technical advances and how they affect our lives and our society: in the car, in the office, and at the supermarket checkout.