ဂျာမန်လူငယ်ရုပ်ရှင်
ဂျာမနီ၏ပုံရိပ်ကိုပြောင်းလဲခြင်း
ဒါရိုက်တာများ၏မျိုးဆက်သစ်တစ်ခုသည် ယဉ်ကျေးမှုအချင်းချင်းကြားမှရှုထောင့်များ၊ တစ်မူထူးခြားသောဇာတ်လမ်းတင်ပြပုံများနှင့်ဝတ္ထု၏ရသဆိုင်ရာချဉ်းကပ်မှု့ပုံစံများနှင့်အတူ ဂျာမန်ရုပ်ရှင်လောကကိုဦးတည်ချက်အသစ်ဖြင့်ဦးဆောင်နေသည်။
Toni Erdmann သည် (၂၀၁၆) ခုနှစ်၊ ကိန်းရုပ်ရှင်ပွဲတော်တွင်အားပေးမှုများစွာကိုရရှိပြီးနောက် ထူးခြားသောဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ ၎င်း၏ဇာတ်ကြောင်းစုံသောရာဇဝင်ကြောင့် ကမ္ဘာတစ်လွှားရှိပရိသတ်များက ဂျာမန်ရုပ်ရှင်ကိုမြတ်နိုးကြသော်လည်း Weimar ရုပ်ရှင်ရုံနှင့် Rainer Werner Fassbinder နှင့် Wim Wenders ကဲ့သို့ ရုပ်ရှင်ရိုက်ကူးသူများ၏ရုပ်ရှင်များတွင် စစ်မှန်သောမြတ်နိုးမှုကိုတွေ့ကြုံရခဲသည်။ ဤသည်မှာ စိတ်အားတက်ကြွမှုလှိုင်းလုံးက Toni Erdmann ကို Cannes ရုပ်ရှင်ပွဲတော်တွင်ကမ္ဘာ့ပွဲဦးထွက်တင်ဆက်မှုမှ ဂျာမန်ရုပ်ရှင်ရုံများရှိသန်းချီသောကြည့်ရှုသူများဆီသို့ရောက်ရှိသွားပြီးနောက် Los Angeles မြို့မှ Oscars ဆုပေးပွဲဆီသို့ပျံ့နှံ့မသွားခင်အထိသာဖြစ်ပါလိမ့်မည်။ Maren Ade ၏ရုပ်ရှင်သည် ရှုထောင့်များစွာမှဂျာမန်ရုပ်ရှင်လုပ်ငန်းအတွက်ကံကောင်းမှုရိုက်ချက်တစ်ခုဖြစ်သည်။ ဤသည်မှာ Ade ကဲ့သို့ Berlin ကျောင်းထွက်ရုပ်ရှင်ရိုက်ကူးသူများသည် ရုပ်ရှင်ချစ်ပရိသတ်များအနက်အလားအလာကောင်းသည့် ပရိသတ်အနည်းစုအတွက်သာရုပ်ရှင်ရိုက်ကူးခြင်းဖြစ်သည်ဟူသောအဆိုပြုချက်ကို မှားယွင်းကြောင်းရှင်းလင်းစွာသက်သေပြလိုက်ခြင်းဖြစ်သည်။
များမကြာမီကဂျာမန်ရုပ်ရှင်သမိုင်းကို “Toni Erdmann မတိုင်ခင်” နှင့် “Toni Erdmann နောက်ပိုင်း” ကဏ္ဍများအဖြစ်ခွဲခြားရန်ကြိုးစားခြင်းသည် အနည်းငယ်တစ်ဖက်သတ်ဆန်သည်ဟုထင်ရလျှင်ပင် ပြီးခဲ့သောနှစ်များအတွင်း ပြောင်မြောက်သောပွဲဦးထွက်ဒါရိုက်တာအရေအတွက်မှာသိသိသာသာတိုးမြှင့်လာခဲ့သည်။ ရုပ်ရှင်သမိုင်းမှဝေါဟာရတစ်ခုကိုငှားသုံးရမည်ဆိုလျှင် ယနေ့ခေတ်၏ဂျာမန်လူငယ်ရုပ်ရှင်သည် အသွင်အမျိုးမျိုးအဖြစ်ဆင့်ကဲ့ပြောင်းလဲသွားသည်ဟုဆိုရပေမည်။ (၂၀၁၈) ခုနှစ်တွင် Eva Trobisch သည် မုဒိမ်းမှုဒရာမာရုပ်ရှင်ဖြစ်သည့် Alles ist gut, (All Is Well) ဖြင့် Locarno ရုပ်ရှင်ပွဲတော်တွင်အကောင်းဆုံးပွဲဦးထွက်ရုပ်ရှင်ဆုရရှိခဲ့ပြီး (၂၀၁၉) ခုနှစ် Berlinale တွင် Nora Fingscheidt ကလူငယ်ဒရာမာရုပ်ရှင်ဖြစ်သည့် Systemsprenger (System Crasher) ဖြင့် Silver Bear ဆုကိုရရှိခဲ့သည်။ (၁၉၈၃) ခုနှစ်တွင်မွေးဖွားခဲ့သည့် Trobisch နှင့် Fingscheidt နှစ်ဦးလုံး၏ရုပ်ရှင်ဇာတ်ကားပွဲဦးထွက်အချိန်အတော်လေးနောက်ကျခဲ့ရသည့်အကြောင်းရင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့်ဂျာမန်ရုပ်ရှင်လုပ်ငန်းကိုဖွဲ့စည်းထားပုံ၊ ဖက်ဒရယ်ပြည်နယ်များနှင့်ရုပ်သံလွှင့်သူများအကြားရှုပ်ထွေးပြီးအရာမရောက်သောငွေကြေးထောက်ပံ့မှုဆိုင်ရာစည်းကမ်းများကြောင့်ဖြစ်နိုင်ပါသည်။ ယခုထိပင် သူတို့သည် တစ်မူထူးခြားသောရှုထောင့်များ၊ ဇာတ်လမ်းတင်ပြပုံများနှင့်ရသဆိုင်ရာချဉ်းကပ်မှုများဖြင့် ဂျာမန်ရုပ်ရှင်လုပ်ငန်း၏တန်ဖိုးကိုတိုးတက်စေသည့်မျိုးဆက်သစ်ရုပ်ရှင်ရိုက်ကူးသူများ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေဆဲပင်ဖြစ်သည်။
ဂျာမန်ရုပ်ရှင်ကျောင်းများမှဘွဲ့ရခဲ့သည့် ကျောင်းသားများ၏အကောင်းဆုံးသောအတန်းတင်ပရော့ဂျက်များအတွက် First Steps Awards ကအဆိုပါဖွံ့ဖြိုးတိုးတက်မှုကိုအသားပေးဖော်ပြနေပါသည်။ (၁၉၉၉) ခုနှစ်တွင်ပထမဆုံးစတင်ချီးမြှင့်ခဲ့သည့်ဆုသည် လူငယ်ရုပ်ရှင်ရိုက်ကူးသူများအတွက်ဆုတစ်ဆုအဖြစ်ဂုဏ်သတင်းမွှေးလာခဲ့သည်။ ယခုနှစ်တွင် ထိုဆုကို ဩစတြီးယားလူမျိုး ဒါရိုက်တာ Sandra Wollner က ဝမ်းနည်းပူဆွေးရာတွင်ဉာဏ်ရည်တု (artificial intelligence) ၏ကဏ္ဍကိုဖော်ပြထားသည့်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်သော The Trouble with Being Born ဖြင့်ဆွတ်ခူးခဲ့သည်။ (၂၀၁၉) ခုနှစ်တွင်ရုပ်ရှင်ကျောင်းမှဘွဲ့ရပြီးနောက်ပိုင်းတွင်ရိုက်ကူးခဲ့သော ရွှေ့ပြောင်းအခြေချနေထိုင်သူ queer တစ်ယောက်၏အရွယ်ရောက်လာပုံပြရုပ်ရှင် Futur Drei (Future Three) ဖြင့်ပွဲဦးထွက်ခဲ့သည့် ဒါရိုက်တာ Faraz Shariat က First Steps Award ကိုပထမဆုံးဆွတ်ခူးခဲ့သူဖြစ်သည်။ ဟန်ပန်ရှုထောင့်အရဆိုရလျှင် ရုပ်ရှင်နှစ်ကားသည်ကွဲပြားမှုမရှိသလောက်ပင်ဖြစ်သည်။ Wollner ကဂရုတစိုက်ရေးဖွဲ့ထားသောအမိုက်စားရုပ်ပုံများနှင့်ဇာတ်ကြောင်းကိုဖော်ပြထားပြီး (၁၉၉၄) ခုနှစ်ဖွား Shariat ကသီချင်းဗီဒီယိုများ၏ရုပ်ပုံသင်္ကေတများအပြင် အမျိုးသမီးတန်းတူအခွင့်အရေးဝါဒီ queer နှင့် ကိုလိုနီပြီးခေတ်မှသီအိုရီတို့ကိုအသုံးချထားသည်။
ခေါင်းစဉ်အသစ်များ၊ ပုံစံအသစ်များ
ဂျာမနီနိုင်ငံ၏ရုပ်ရှင်အမြင်သည်လည်း (၁၉၈၀) ခုနှစ်ဖွားများဖြစ်သော Faraz Shariat, Uisenma Borchu, Soleen Yusef နှင့် Burhan Qurbani တို့ကဲ့သို့ ဒါရိုက်တာများ၏ကျေးဇူးကြောင့်ပြောင်းလဲလျက်ရှိသည်။ Shariat ၏ Futur Drei ရုပ်ရှင်ကားတွင် Lower Saxony ၏ဝေးလံခေါင်ဖျားအရပ်၌မွေးဖွားသောအဓိကဇာတ်ကောင်နှင့် အီရန်သို့ထွက်ပြေးသွားသောမိဘဖြစ်သူများအကြားဆက်ဆံရေးအကြောင်းဖော်ပြထားပြီး Borchu နှင့် Yusef တို့၏ရုပ်ရှင်များသည် ၎င်းတို့မိဘများ၏မွေးရပ်မြေသို့အပြန်ကို ရိုက်ကူးထားခြင်းဖြစ်သည်။ (၂၀၁၆) ခုနှစ်တွင် ငိုအားထက်ရယ်အားသန်ရသောအိမ်ပြေးရုပ်ရှင် Haus ohne Dach (House without a Roof) ၌ Kurdistan ရှိ အမျိုးသားဖြစ်သူ၏အုတ်ဂူဘေးတွင်အတူမြှုပ်နှံစေလိုသည့် ကွယ်လွန်သူမိခင်ကြီး၏နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးကြမည့်ကွဲကွာနေသောမောင်နှမသုံးယောက်၏ဇာတ်ကြောင်းကို Yusef ကရိုက်ပြထားသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် Mongolia ရှိအစ်မဖြစ်သူထံသို့အလည်ပတ်သွားပြီး ထိုနေရာရှိအစဉ်အလာအရ စံနမူနာထားထိုက်သူများကလက်ခံလာစေရန်အပြင်းအထန် ကြိုးစားရသူကြောင်းကိုရိုက်ကူးထားသည့် Borchu ၏ပြသချိန်ကြာသော ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်သည့် Schwarze Milch (Black Milk, 2020) တွင်လည်း Borchu ကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သည်။ Berlin Alexanderplatz (2020) တွင် ဂျာမနီ၌ခြေကုပ်မိရန်ကြိုးစားနေသည့်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အာဖရိကန်တစ်ယောက်၏ဇာတ်လမ်းကို Qurbani ကရိုက်ကူးထားသည်။ အဆိုပါရုပ်ရှင်အားလုံးသည် ယဉ်ကျေးမှုဆိုင်ရာအတွေ့အကြုံများပေါင်းစပ်နေမှုကိုသရုပ်ဖော်ထားကြပြီး ဂျာမနီတွင်မွေးဖွားလာခြင်းသည် မည်သည့်အဓိပ္ပာယ်မျိုးရှိမည်နည်းဟူသော ချဲ့ကားထားသည့်ပုံစံကားကျမေးခွန်းမျိုးကိုကျော်လွန်သွားစေပါသည်။ ထို့ကြောင့် ဂျာမန်ရုပ်ရှင်ကို အကြောင်းအရာအစုံအလင်သို့တိုးချဲ့သွားစေခဲ့သည်။
ဂျာမန်ရုပ်ရှင်သည်ဟန်ပန်သဘောအရလည်းပွင့်လင်းမှုရှိသည်။ Selbstkritik eines bürgerlichen Hundes (Self-criticism of a Bourgeoisie Dog, 2017) ရုပ်ရှင်ဖြင့် Julian Radlmaier ၊ Ich will mich nicht künstlich aufregen (Asta Upset, 2014) ရုပ်ရှင်ဖြင့် Max Linz နှင့် ပွဲဦးထွက်ရုပ်ရှင်ဖြစ်သည့် Das melancholische Mädchen (The Melancholy Girl, 2019) ဖြင့် Susanne Heinrich တို့ကဲ့သို့ရုပ်ရှင်ရိုက်ကူးသူများသည် ဤပြောင်းလဲမှုတွင်အရေးပါသူများဖြစ်ကြသည်။ ဒါရိုက်တာသုံးဦးသည် ယဉ်ကျေးမှုဆိုင်ရာသီအိုရီမကျ၊ ပေါ့ပ်သီချင်းစာသားမကျသော စတိုင်ကျကျစာစီစာကုံးကဲ့သို့ပုံစံမျိုးကိုအသုံးပြုကြသည်။ (၁၉၇၀) ခုနှစ်များတွင် ဂျာမန်ရုပ်ရှင်လောကသစ်၏ရှေ့ဆောင်သူများကဲ့သို့ပင် သူတို့သည် ရုပ်ရှင်လောကရောင်စဉ်တန်း၏ဘယ်ဘက်အစွန်းတွင် သူတို့ကိုယ်သူတို့နေရာပေးထားပြီး တစ်ချိန်တည်းမှာပင် အရင်းရှင်ဝါဒအပေါ် ဝေဖန်အကဲဖြတ်ရေး၌ အမြစ်တွယ်နေသည့်အတိုက်အခံပြောဆိုချက်များကို တိုပြတ်ပြတ်ပြက်လုံးများနှင့်ဖြည့်စွမ်းကြသည်။ Sophie Kluge ၏ပွဲဦးထွက်ရုပ်ရှင်ဖြစ်သည့် Golden Twenties (2019) သည်လည်း ဂျာမန်ရုပ်ရှင်သစ်များ၏ခေတ်သို့ ပြန်လည်အောက်မေ့သတိရစေသည်။ ထိုရုပ်ရှင်သည် ပြဇာတ်ရုံအလုပ်သင်ဘဝ၊ မိဘများ၏ရန်ပွဲများနှင့် ကတိကဝတ်ပြုဆောင်ရွက်ရန်အကြောက်တရားများကိုရင်ဆိုင်ရင်း ဘဝကိုရည်မှန်းချက်မဲ့စွာဖြတ်သန်းနေသည့် အမျိုးသမီးငယ်တစ်ဦး၏ဇာတ်လမ်းကို ဘဝင်ခိုက်စေပြီးကဗျာဆန်သောပုံစံဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ Mein Ende. Dein Anfang (Relativity, also 2019) တွင် နောက်ထပ်မျက်နှာသစ်ဖြစ်သည့် Mariko Minoguchi သည် ကွမ်တမ်ရူပဗေဒ၏နိယာမများကိုလိုက်နာပုံပေါ်သော ဝမ်းနည်းဖွယ်ရာသေဆုံးမှုတစ်ခုဖြစ်ပွားပြီးနောက် ကြမ္မာငင်သောအနှောင်အဖွဲ့အတွင်းမှ အဓိကဇာတ်ကောင်နှစ်ဦး၏ပတ်သက်မှုကိုရိုက်ကူးထားသည်။
Shariat ကဲ့သို့ပင် Minoguchi သည်လည်း ရုပ်ရှင်ပညာကိုကိုယ်တိုင်လေ့လာတတ်မြောက်သူတစ်ဦးဖြစ်ပြီး သူ၏ပွဲဦးထွက်ရုပ်ရှင်သည် ယခုနှစ်၏ German Film Award အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ဂျာမန်ရုပ်ရှင်လုပ်ငန်းသည် အကြောင်းအရာအစုံအလင်နှင့် ဟန်ပန်ကျကျပွင့်လင်းရုံသာမက ယခုအခါတွင် သက်မွေးဝမ်းကြောင်းပြောင်းလဲမှုအတွက် ပိုမိုများပြားသောအခွင့်အလမ်းများကိုပေးစွမ်းနေပြီဖြစ်သည်။