ဂီတလုပ်ငန်း
တေးဂီတတိုက်ရိုက်ဖျော်ဖြေပွဲများ၏စီးပွါးရေး

ကျွန်ုပ်တို့ “Wacken” ကိုဘယ်တော့မှပြန်သွားနိုင်မှာလဲ။   ။ကိုရိုနာကပ်ရောဂါကာလစတင်ကတည်းက မရှိတော့တဲ့ Wacken Open Air 2017 ကလိုမြင်ကွင်းမျိုး။
ကျွန်ုပ်တို့ “Wacken” ကိုဘယ်တော့မှပြန်သွားနိုင်မှာလဲ။ ။ကိုရိုနာကပ်ရောဂါကာလစတင်ကတည်းက မရှိတော့တဲ့ Wacken Open Air 2017 ကလိုမြင်ကွင်းမျိုး။ | ဓါတ်ပုံ။ © picture alliance/Geisler-Fotopress/Andre Havergo

ဂီတပွဲတော်များသည် ဂျာမန်ယဉ်ကျေးမှု၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုမျှသာမဟုတ်ပေ။ ၎င်းတို့သည် အဓိကစီးပွားရေးကဏ္ဍတစ်ခုလည်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွါးမီအထိ ဤလုပ်ငန်းသည် တဟုန်ထိုးဖွံ့ဖြိုးလာခဲ့သည်။
 

နှစ်စဉ်သြဂုတ်လတိုင်း၌ လာရောက်ကြည့်ရှုသူ (၈၅၀၀၀) ကျော်ရှိသည့်နာမည်တူ Wacken Open Air ဂီတပွဲတော်ကြောင့်သာမဟုတ်ပါက မြောက်ဂျာမနီမြို့ငယ်လေး Wacken အကြောင်းကို ယနေ့တွင်လူအနည်းငယ်သာကြားဖူးကြမည်ဖြစ်သည်။ Wacken Open Air ဂီတပွဲတော်ကို (၁၉၉၀) ခုနှစ်၊ Schleswig-Holstein ပြည်နယ်အတွင်းရှိ ကျောက်စရစ်ချိုင့်လွင်ပြင်တစ်ခုတွင်စတင်ကျင်းပခဲ့ပြီး ယခုအခါကမ္ဘာပေါ်၌အကြီးမားဆုံးသော metal ဂီတပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ ယခင်ကာလများတွင် ဒေသခံဂီတအဖွဲ့ (၆) ဖွဲ့မှ (၂) ရက်ကြာဖျော်ဖြေသည့်ပွဲသို့  လာရောက်ကြသူ (၈၀၀) တွင်ပါဝင်နိုင်ရန်အတွက် (၆) ယူရိုသာကုန်ကျခဲ့သည်။ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ၏ပထမဆုံး စနေနှင့်တနင်္ဂနွေနေ့များတွင်  Wacken ပွဲတော်၌ပါဝင်ဆင်နွှဲလိုလျှင်မူ ယူရို (၂၁၀) အကုန်ကျခံရမည့်အပြင် လက်သွက်ရန်လည်း လိုပေလိမ့်မည်။ (၇၅,၀၀၀) သောလက်မှတ်များသည် (၂၄) နာရီအတွင်းရောင်းကုန်သွားသောကြောင့်ဖြစ်သည်။

Full Metal Village မှတ်တမ်းရုပ်ရှင်တွင် အမှတ်တရထည့်သွင်းရိုက်ကူးခြင်းခံရသည့်နည်းတူ ဤဂီတပွဲတော်သည် နိုင်ငံတကာ၌လေးစားခြင်းခံရ၍ အလွန်ရေပန်းစားထင်ရှားပါသည်။ ထိုမျှမက (၂၂၀) ဟက်တာဧရိယာရှိသည့်ကွင်းပြင်အား ကီလိုမီတာ (၄၀) ရှည်သောခြံစည်းရိုးခတ်ထားပြီး ဂီတအဖွဲ့ပေါင်း (၁၅၀) ဝန်းကျင်အတွက် စင်မြင့် (၈) ခုအထိ တည်ဆောက်ထားသော ကြီးမားလှသည့်၎င်း၏အရွယ်အစားကြောင့် Wacken ဒေသနှင့်ပွဲစီစဉ်သူများအတွက် စီးပွါးရေးအရ အရေးကြီးသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။ မကြာသေးမီအထိ အမှတ်တရပစ္စည်းရောင်းသည့်ကုန်သည်များ၊ စပွန်ဆာများနှင့်ပါတနာများသည် Wacken အမှတ်တံဆိပ်မှ အမြတ်အစွန်းများစွာရှာဖွေနိုင်ခဲ့ကြသည်။ Wacken တီရှပ်များ၊ Wacken ဘီယာ၊ အခြားသော Wacken ပွဲတော်များနှင့် Wacken အပျော်စီးသင်္ဘော၊ Wacken နှင်းလျှောစီးခရီးစဉ်များပင်ရှိခဲ့ကြသည်။ (၂၀၀၈) ခုနှစ်တွင် Sparkasse Westholstein ဘဏ္ဍာရေးအဖွဲ့အစည်းမှ ပွဲတော်အတွက်သီးသန့်ထုတ်ပေးသည့် prepaid card အားမိတ်ဆက်ကာ ငွေကြေးသုံးစွဲမှုပိုမိုများပြားလာစေရန်ဆွဲဆောင်ခဲ့သည်။ ပွဲတော်ကာလရက်သတ္တပတ်များအတွင်း ATM များမှ ယူရိုငွေတစ်သန်းကျော်ထုတ်ယူခဲ့ကြကြောင်း အကျိုးအမြတ်မယူသည့် ဤဘဏ္ဍာရေးအဖွဲ့အစည်းကသတင်းထုတ်ပြန်ခဲ့ပါသည်။
Schleswig-Holstein သို့လာရောက်သူ (၈၅၀၀၀) ကျော်ရှိသည့် (၂၀၁၉) ခုနှစ်က အကြိမ် (၃၀) မြောက် Wacken Open Air ဂီတပွဲတော်။ Schleswig-Holstein သို့လာရောက်သူ (၈၅၀၀၀) ကျော်ရှိသည့် (၂၀၁၉) ခုနှစ်က အကြိမ် (၃၀) မြောက် Wacken Open Air ဂီတပွဲတော်။ | ဓါတ်ပုံ။ © picture alliance/dpa/Axel Heimken

ဂီတပွဲတော်များကျင်းပခြင်းမှ မည်သူတွေစီးပွါးဖြစ်ကြသနည်း။

ကြီးမားလှသည့်အရွယ်အစားတစ်ခုတည်းကိုသာကြည့်ခြင်းဖြင့် ဂျာမန်ဂီတလုပ်ငန်း၏စျေးကွက်သည် အဘယ်ကြောင့် ယူရိုငွေဘီယီယံနှင့်ချီတန်ကြေးရှိကြောင်း အလွယ်တကူမြင်နိုင်ပါသည်။ ကိန်းဂဏန်းများဖြင့်ဆိုရပါက (၂၀၁၉) ခုနှစ် တစ်နှစ်တည်း၌ပင် ဤဂီတလုပ်ငန်း၏စုစုပေါင်းဝင်ငွေသည် ယူရို (၁၃.၆) ဘီလီယံအထိ (၁၈) ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု  ဘာလင်အခြေစိုက်အတိုင်ပင်ခံကုမ္ပဏီ “DIW Econ” ၏ “Music Industry in Germany” သုတေသနစာတမ်း   ဒုတိယအကြိမ်ထုတ်ဝေမှုတွင်ဖော်ပြထားသည်။ ဤဝင်ငွေပမာဏသည် ဂီတလုပ်ငန်းကိုဂျာမနီရှိမီဒီယာလုပ်ငန်းများအားလုံးတွင် စီးပွါးရေးအရဒုတိယအကြီးဆုံးကဏ္ဍတစ်ခုဖြစ်လာစေခဲ့ပြီး ၎င်းဝင်ငွေ၏သုံးပုံတစ်ပုံခန့်ကို တိုက်ရိုက်ဖျော်ဖြေပွဲများကျင်းပမှုမှရရှိခြင်းဖြစ်သည်။ ဂီတအားအလေးအနက်ချစ်မြတ်နိုးသူတို့သည် တိုက်ရိုက်ဖျော်ဖြေပွဲများသို့သွားရောက်နားဆင်နိုင်ရန် ထိုက်တန်သည့်ငွေကြေးတန်ဖိုးကိုပေးချေရန်အသင့်ရှိကြသည်။ ဥပမာ (၂၀၁၇) ခုနှစ်တွင် သာမန်အိမ်ထောင်စုများသည် ဂီတပွဲတော်နှင့်ဖျော်ဖြေပွဲများအတွက် ယူရို (၃.၁) ဘီလီယံဝန်းကျင်အထိသုံးစွဲခဲ့ကြသည်။

ဤတိုက်ရိုက်ဖျော်ဖြေပွဲများ၏အများစုကို ဂျာမနီရှိဖျော်ဖြေပွဲစီစဉ်သူ (၁,၃၀၀) နီးပါးတို့က ဦးဆောင်ကျင်းပလေ့ရှိပါသည်။ ထို (၁,၃၀၀) နီးပါးတွင် ဂီတပွဲတော်နှင့်နယ်လှည့်ဖျော်ဖြေပွဲစီစဉ်သူများလည်းပါဝင်ပြီး ထိုသူတို့မှလည်း နိုက်ကလပ်နှင့်အခြားဆက်စပ်နေရာများ၏ပိုင်ရှင်အော်ပရေတာများနှင့် ပြန်လည်လက်တွဲကာအလုပ်လုပ်ကြသည်။ ဖက်ဒရယ်စာရင်းအင်းဌာနအရ (၂၀၁၈) ခုနှစ်တွင် ဖျော်ဖြေပွဲစီစဉ်သူများသည် ဝင်ငွေ ယူရို (၂) ဘီလီယံကျော်ရှာဖွေနိုင်ခဲ့ပြီး ၎င်းဝင်ငွေ၏ (၇၇) ရာခိုင်နှုန်းကို လက်မှတ်ရောင်းချမှုတစ်ခုတည်းမှရရှိခြင်းဖြစ်သည်။ နိုက်ကလပ်နှင့်အခြားဆက်စပ်နေရာများ၏ပိုင်ရှင်အော်ပရေတာများအတွက်မူ အစားအစာနှင့်သောက်စရာအစရှိသည်တို့ကိုရောင်းချခြင်းမှ ဝင်ငွေအဓိက​ရရှိသည်။ နည်းပညာ၊ ဝန်ထမ်းများငှါးရမ်းခြင်းနှင့် ကုန်ပစ္စည်းများတင်သွင်းပို့ဆောင်ခြင်းတို့သည်လည်း ပွဲကျင်းပသည့်စီးပွါးရေး၏အဓိကကဏ္ဍများပင် ဖြစ်သည်။

တချိန်တည်းမှာပင် ဂီတလုပ်ငန်းသည် ခရီးသွားလုပ်ငန်းကဲ့သို့ အခြားသောကဏ္ဍများအတွက်လည်း တဖက်တလမ်းမှ ဝင်ငွေရှာဖွေပေးသည်။ (၂၀၁၉) ခုနှစ်တွင် ဂျာမန်လူမျိုးများသည် သီချင်းနားထောင်ရန်အတွက် ညအိပ်ခရီးပေါင်း (၆.၅) သန်းဝန်းကျင်သွားခဲ့ကြပြီး (၉၀) ရာခိုင်နှုန်းနီးပါးမှာ အပန်းဖြေခရီးတိုများဖြစ်သည်။ ၎င်းသည် ဂီတခရီးသွားလုပ်ငန်း၏ဝင်ငွေကို ယူရို (၃) ဘီလီယံတိုးစေခဲ့ပြီး (၂၀၁၉) ခုနှစ်တွင်ဝင်ငွေစုစုပေါင်း ယူရို (၁၃) ဘီလီယံအထိရရှိစေခဲ့သည်။ ပိတ်ရက်တွင် ဂီတပွဲတော်တစ်ခုသို့ခရီးတစ်ခါထွက်ခြင်းသည် ဝင်ခွင့်လက်မှတ်ဝယ်ယူရုံသာမဟုတ်ဘဲ သွားလာရေး၊ နေထိုင်ရေး၊ အစားအသောက်နှင့်အမှတ်တရပစ္စည်းများအတွက်လည်းငွေကြေးသုံးစွဲရခြင်းတို့ပါဝင်ပါသည်။ ဤအကြောင်းအရင်းများကြောင့် မြို့များအနေဖြင့် ၎င်းတို့၏ခရီးသွားလုပ်ငန်းအားကြော်ငြာရာတွင် ဂီတဖျော်ဖြေပွဲများနှင့်နေရာများအား အဓိကအဖြစ်ဦးစားပေးဖော်ပြေလေ့ရှိခြင်းဖြစ်ပါသည်။

ဗိုင်းရပ်စ်ပိုးမှဂီတပွဲတော်လောကအားထိုးနှက်ခြင်း

(၂၀၂၀) ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် လတ်တလောနှစ်များအတွင်း အရှိန်အဟုန်ဖြင့်တိုးတက်နေသည့်ဂီတလုပ်ငန်း၏အလားအလာကို ရုတ်တရက်ဆိုးဆိုးရွားရွားရပ်တန့်စေခဲ့သည်။ (၂၀၂၁) ခုနှစ်တွင်လည်း မရောရာမှုများနှင့်ဝင်ငွေဆုံးရှုံးမှုများက ဒုက္ခပေးနေဆဲဖြစ်သည်။ ဤကပ်ရောဂါအားကာကွယ်ရန် တားမြစ်ကန့်သတ်မှုများသည် အနုပညာရှင်များ၊ ဖျော်ဖြေပွဲစီစဉ်သူများ၊ နိုက်ကလပ်နှင့်နေရာခန်းမပိုင်ရှင်အော်ပရေတာများ၊ အေဂျင်စီများ၊ လက်မှတ်ဝန်ဆောင်မှုပေးသူများနှင့် အခြားဆက်စပ်ဝန်ဆောင်မှုပေးသူများအား ဝင်​ငွေသိသိသာသာဆုံးရှုံးစေခြင်းဖြင့် စီးပွါးရေးအကျပ်အတည်းသို့တွန်းပို့ခဲ့သည်။ ဂီတလုပ်ငန်း၏ကဏ္ဍအသီးသီးနှင့်ဆက်စပ်လျက်ရှိသည့်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများသည် အချင်းချင်းအလွန်နီးကပ်စွာမှီခိုဆက်နွှယ်လျက်ရှိရာ ထောင်ချီသောအလုပ်အကိုင်များသည်လည်း ဆုံးရှုံးကွယ်ပျောက်သွားနိုင်သည့်အန္တရာယ်ရှိနေပါသည်။ (၂၀၂၁) ခုနှစ်သို့ရောက်လာသော်လည်း ပြန်လည်နာလန်ထူနိုင်မည့်အရိပ်အယောင်အား ယခုအချိန်အထိမတွေ့ရသေးပေ။

သို့ဖြစ်ရာ (၂၀၂၀) ခုနှစ်ကဲ့သို့အစောပိုင်းကာလများကတည်းကပင် နိုင်ငံတဝှမ်းရှိဂီတဖျော်ဖြေပွဲစုစုပေါင်း (၆၀၀) အား ကိုယ်စားပြုသော ဂျာမန်ဂီတပွဲတော် (၄၀) တို့သည် နိုင်ငံရေးသမားများအား အကူအညီပေးရန်မေတ္တာရပ်ခံခဲ့သည်။ သို့သော် (၂၀၂၁) ခုနှစ် နွေ၏ပွဲတော်ရာသီသည်လည်း စိတ်ပျက်စရာသာဖြစ်ခဲ့ရသည်။ Hamburg မြို့မှ Hurricane ဂီတပွဲတော်၊ Baden-Wuerttemberg ပြည်နယ်မှ Southside ဂီတပွဲတော်၊ Hunsrück တောင်ပေါ်ဒေသမှ Natur One ဂီတပွဲတော်၊ Mecklenburg-Western Pomerania ပြည်နယ်မှ Fusion ဂီတပွဲတော်၊ Lollapalooza Berlin ဂီတပွဲတော်နှင့် Wacken ဂီတပွဲတော်တို့အပါအဝင် နာမည်ကျော်ဂီတပွဲတော်အားလုံးအားဆိုင်းငံ့ဖျက်သိမ်းခဲ့ရသည်။ Strandkorb Open Air ပွဲတော်များကဲ့သို့ ကျင်းပမှုပုံစံအသစ်များလည်းပေါ်ထွက်လာခဲ့ပြီး ဧည့်သည်များနှင့်အနုပညာရှင်များထံမှ အကောင်းအဆိုးအမျိုးမျိုးသောတုံ့ပြန်မှုများရရှိခဲ့သည်။ လေဟာပြင်ရုံအတွင်းကြည့်ရှုသူများသည် သက်တောင့်သက်သာဖြင့်ပိတ်ရက်ခံစားချက်အားရရှိနိုင်ရန်အတွက်ရည်ရွယ်ဖန်တီးထားသော အမိုးပါကမ်းခြေသုံးကြိမ်ခုံများတွင်ထိုင်ကာ တချိန်တည်းမှာပင် လူတိုင်းအတွက်လုံခြုံစိတ်ချရသောအကွာအဝေး၌ရှိနေနိုင်ရန်စီစဉ်ခဲ့ကြသည်။ ဧည့်သည်များသည် တစ်လမ်းသွားစနစ်ဖြင့် ပွဲတော်နေရာအတွင်းလှည့်လည်သွားလာနိုင်ပြီး  အစားအသောက်များအတွက်မူ အွန်လိုင်းမှတဆင့်ဘွတ်ကင်တင်ခဲ့ရသည်။ ပွဲတော်များအတွက် မျှော်လင့်ချက်ရောင်နီဟုပင်ဆိုရမည်ဖြစ်သည်။ ဂီတလုပ်ငန်းအနေဖြင့် မကြာမီတွင် အခြားသောရွေးချယ်စရာများရှိလာလိမ့်မည်ဟုမျှော်လင့်နေကြပါသည်။
ပွဲတော်မှမီးရောင်များ။   ။ကျန်းမာရေးစည်းမျဉ်းလိုအပ်ချက်များအားလုံးနှင့်ကိုက်ညီသော အမိုးပါကမ်းခြေသုံးကြိမ်ခုံများနှင့် လဟာပြင်ပွဲ။ ပွဲတော်မှမီးရောင်များ။ ။ကျန်းမာရေးစည်းမျဉ်းလိုအပ်ချက်များအားလုံးနှင့်ကိုက်ညီသော အမိုးပါကမ်းခြေသုံးကြိမ်ခုံများနှင့် လဟာပြင်ပွဲ။ | ဓါတ်ပုံ။ © Gerd Wiggers/Strandkorb Open Air