အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

မြို့ပြလမ်းညွှန်။ ။Berlin
“ဘာလင်”ဟုဆိုသည်။

“ဘာလင်”(Berlin) သည် မျက်စိနောက်စရာကောင်းခြင်း၊ လမ်းရိုးကို မလိုက်ခြင်း နှင့် မဆိုစလောက် အရိုင်းဆန်ခြင်း စသည့် ဂုဏ်သတင်းတို့ကြောင့် ကျော်ဇောသည်။  ဂျာမနီနိုင်ငံ၏မြို့တော်သည် အမှန်တကယ် မည်သို့မည်ပုံဖြစ်သည်ကို တစ်ချက်မျှဝင်ကြည့်လှည့်ပါ။
“ဘာလင်”(Berlin) သည် မျက်စိနောက်စရာကောင်းခြင်း၊ လမ်းရိုးကို မလိုက်ခြင်း နှင့် မဆိုစလောက် အရိုင်းဆန်ခြင်း စသည့် ဂုဏ်သတင်းတို့ကြောင့် ကျော်ဇောသည်။ ဂျာမနီနိုင်ငံ၏မြို့တော်သည် အမှန်တကယ် မည်သို့မည်ပုံဖြစ်သည်ကို တစ်ချက်မျှဝင်ကြည့်လှည့်ပါ။ | ဓါတ်ပုံ : © picture alliance/Sabine Lubenow/DUMONT Bildarchiv

“ဘာလင်” (Berlin) သည် မျက်စိနောက်စရာကောင်းခြင်း၊ လမ်းရိုးကိုမလိုက်ခြင်းနှင့် မဆိုစလောက်အရိုင်းဆန်ခြင်း စသည့်ဂုဏ်သတင်းတို့ကြောင့်ကျော်ဇောသည်။  စာရေးသူ Nele Jensch က ဂျာမနီနိုင်ငံမြို့တော် ဘာလင်၏ပကတိအနှစ်သာရထဲသို့ ထိုးဖောက်ချဉ်းကပ်ကြည့်ရှုသည်နှင့်တစ်ပြိုင်နက် စာဖတ်သူများကိုလည်း သူမနှင့်အတူမြို့တစ်ပတ်အလည်ရီးစဉ်ကိုခေါ်ဆောင်ကာ အခြားသောတစ်နေရာတွင်တစ်နှစ်ပတ်လုံးအချိန် သွားရောက်ကုန်ဆုံးသည်ထက်ပိုသောအခြင်းအရာများကိုတစ်ချီတည်းဖြင့်မြင်တွေ့နိုင်သည့် အခွင့်ထူးကိုပေးစွမ်းထားသည်။

ရေးသားသူ​ Nele Jensch

ကောင်းကင်အမြင့်ဝယ်

Fernsehturm (ရုပ်မြင်သံကြားမျှော်စင်) သည် ဂျာမနီ၏အမြင့်ဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်ပြီး ဂျာမနီနိုင်ငံမြို့တော်၏ကောင်းကင်မြင်ကွင်းကျယ်ကို လွှမ်းမိုးထားသည်။ Fernsehturm (ရုပ်မြင်သံကြားမျှော်စင်) သည် ဂျာမနီ၏အမြင့်ဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်ပြီး ဂျာမနီနိုင်ငံမြို့တော်၏ကောင်းကင်မြင်ကွင်းကျယ်ကို လွှမ်းမိုးထားသည်။ | ဓါတ်ပုံ : © Adobe အလုံးစုံသောလမ်းမကြီးတို့သည် ၎င်းဆီသို့ဦးတည်သည် သို့တည်းမဟုတ် ပို၍တိတိပပဆိုရလျှင် ၎င်းသည် အရပ်မျက်နှာပေါင်းစုံမှလှမ်းမြင်သာသည့် လက်ညှိုးထိုးမလွဲနေရာတွင်တည်ရှိသည်။ ၎င်းသည်ကား ဘာလင်မြို့မိုးကုတ်စက်ဝိုင်းတစ်လျှောက် မျက်မှန်းတန်းမိရန်အလွယ်ကူဆုံးအရာဖြစ်သည့် Alexanderplatz ရင်ပြင်ရှိ ရုပ်မြင်သံကြားမျှော်စင်ကြီးပင်ဖြစ်သည်။ မျှော်စင်ကြီးသည် ဂျာမနီတွင်အမြင့်ဆုံးမျှော်စင်ဖြစ်ပြီး ၎င်း၏အလယ်နားတစ်ဝိုက်ရှိ ဘောလုံးသဏ္ဍာန်အခုံးက ၎င်းကို ဆင်တူယိုးမှားမရှိ အကြွင်းမဲ့ပြိုင်ဘက်ကင်းစေသည်။ မျှော်စင်ကို ၁၉၆၉ ခုနှစ်၌ “ဒီဒီအာ -DDR” နိုင်ငံတော် (Deutsche Demokratische Republik - German Democratic Republic - ဂျာမန် ဒီမိုကရက်တစ် ရီပက်ဘလစ်) နှစ် နှစ်ဆယ်ပြည့်နှစ် အထိန်းအမှတ်ကိုကျင်းပသည့်အခမ်းအနားတွင်ဖွင့်လှစ်ခဲ့ကာ နိုင်ငံ့အင်အားကိုစင်တင်ကြွားဝါပြသရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။ ယနေ့၌မူ ယင်းဘောလုံးသဏ္ဍာန်အခုံးအထဲရှိ မြင်ကွင်းကျယ်မှမြင်ကွင်းက အပေါ်စီးမှ မြို့ရှိထူးခြားအံ့ဖွယ်အသွင်ကိုတွေ့မြင်နိုင်ရန် ထောက်ပံ့ပေးထားသည်။ အပေါ်တစ်ထပ်မှ အလှည့်ကျဆုံလည်လှည့်နေသည့်စားသောက်ဆိုင်ထဲတွင်ကား ကြမ်းခင်းနှင့်အခိုင်အမာတွယ်ထားသည့်စားပွဲဝိုင်း ၄၀ က ဧည့်သည်ဆောင်သည်များ  စားဖွယ်သောက်ဖွယ်တို့ကိုနှစ်ခြိုက်သုံးဆောင်နေစဉ် မပြတ်တစေပြောင်းနေသောရှုခင်းများဖြင့် မငြီးငွေ့အောင်ဧည့်ခံတင်ဆက်ပေးပြန်သည်။ ထိုရုပ်သံမျှော်စင်ကြီးသည် ဘာလင်ရိုးရာအစဉ်အလာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်၏။ အဟုတ်ဖြစ်သည်။ ကလေးကစားစရာဂျောက်ဂျက်နှင့် ဘီစကွတ်ပုံသွင်းခွက်တို့သည်ပင် ထိုမျှော်စင်ကြီး၏ပုံစံလက္ခဏာအတိုင်း လိုက်လံပုံသွင်းထုတ်လုပ်ကြသည်။ သင်သည် မည်ကဲ့သို့သော ကောလဟာလပေါင်းသောင်းခြောက်ထောင်ကို ကြားကောင်းကြားဖူးစေကာမူ၊ ဘာလင်ဒေသခံတို့သည် ထိုမျှော်စင်အား နာမည်ပြောင်ပေးထားကြသည်ဆိုသည်မှာတော့ မဟုတ်ပါ။ “Telespargel” ဟူသည့် “ဒီဒီအာ” အစိုးရက  ခေါ်ဆိုကြရန်ကြိုးပမ်းတိုက်တွန်းသော  ထိုနာမည်ကိုလည်း မည်သူကမျှ တွင်တွင်ကျယ်ကျယ်ခေါ်ဝေါ်အသုံးပြခြင်းမရှိပေ။

အန္တရာယ်အောက်မှ လဟာပြင်များ

လူနေထိုင်သောအဆောက်အဦးများ ဘာလင်မြို့တွင် တည်ရှိနေဆဲဖြစ်ပြီး အနုပညာနှင့်သက်ဆိုင်သောလူအများက လက်ဝဲယိမ်းယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းရန် အကူအညီပေးနေဆဲဖြစ်သည်။ လူနေထိုင်သောအဆောက်အဦးများ ဘာလင်မြို့တွင် တည်ရှိနေဆဲဖြစ်ပြီး အနုပညာနှင့်သက်ဆိုင်သောလူအများက လက်ဝဲယိမ်းယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းရန် အကူအညီပေးနေဆဲဖြစ်သည်။ | ဓါတ်ပုံ : © picture alliance/Paul Zinken/dpa ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များတွင် ဘာလင်သည် “ကျူးကျော်နေထိုင်သူများလှုပ်ရှားမှု” ၏ အဓိကနေရာဖြစ်ခဲ့သည်။ ထိုစဉ်က အသက်သွင်းခဲ့သည့်အိမ်ယာစီမံကိန်းများသည် မျက်မှောက်ခေတ်ပတ်ပတ်လည်အထိ တည်ရှိနေသေးသည်။ လူသိအများဆုံးမှာ အမှတ် ၉၄၊ Rigaer လမ်း၊ Friedrichshain ခရိုင်ရှိ တိုက်ခန်းတွဲများဖြစ်သည်။ မြေညီထပ်မှ Kadterschiede ဘားသည်ပင် အငှားစာချုပ်မချုပ်ရသည်မှာ ကျူးကျော်နေထိုင်မှုများစတင်ခဲ့သည့်နေ့များကတည်းကဖြစ်သည်။ မည်သို့ပင်ဆိုစေ သည့်မတိုင်ခင်အထိ ထိုကျူးကျော်နေထိုင်သူများကိုဖယ်ရှားရန်ကြိုးပမ်းမှုတို့လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ ဘား၏အနီးတစ်ဖက်တွင် ဘာလင်လက်ဝဲနိုင်ငံရေးအခင်းအကျင်း၏အခြားသင်္ကေတတစ်ခုဖြစ်သည့် “မင်းမဲ့ဝါဒီသမား၊ လိင်တူနှစ်သက်သူ၊ ကျားမတန်းတူအခွင့်ရေးတက်ကြွလှုပ်ရှားသူ” တို့အဖို့ Liebig 34 အိမ်ယာစီမံကိန်းတည်ရှိသည်။ စီမံကိန်းများထဲမှအမြောက်အများကို စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း Liebig 34 အိမ်ယာစီမံကိန်းသည် ကျူးကျော်နေထိုင်မှုမှဖယ်ရှားပေးရန်အမိန့်နှင့် လတ်တလောရင်ဆိုင်နေရသည်။ လူသိထင်ရှားသည့်နာမည်ကျော်အများအပြားက ထို Bohemian အိမ်ယာနှင့် ယဉ်ကျေးမှုဆိုင်ရာစီမံကိန်းတို့ကို “Kein Haus weniger” (အိမ်တစ်လုံးမှ မလျော့နည်းစေရ) ပဏာမလှုပ်ရှားမှု၏တစ်စိတ်တစ်ဒေသအနေဖြင့် မျက်နှာသာပေးကာထောက်ခံထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ထိုစီမံကိန်းသည် ဘာလင်အတွက် အများပြည်သူအရေးအရ၊ လူမှုရေးအရနှင့် ယဉ်ကျေးမှုအရေးအရ အရေးပါသည်ဟုသဘောရခဲ့သူများထဲတွင် အနုပညာရှင်များဖြစ်သည့် နိုဗယ်ဆုရစာရေးဆရာမ Elfriede Jelinek၊ တေးရေး တေးဆို Nina Hagen နှင့် Element of Crime တေးဂီတဝိုင်းတို့အပါဝင်ဖြစ်သည်။ ကျူးကျော်နေထိုင်ခြင်းဖြစ်အင်သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရန် တိုက်ပွဲဝင်နေရချိန်တွင် ဘာလင်ဒေသခံများကလည်း အများပိုင်နေရာများကို နည်းလမ်းအထွေထွေဖြင့် တသဲ့သဲ့ပြန်လည်သိမ်းယူနေသည်။ ဥပမာအားဖြင့် Holzmarkt (သစ်သားဈေး) သည် Freidrichshain ခရိုင်၊ Spree မြစ်၏ မြစ်ကမ်းနားဘေးပေါ်ရှိ ဖန်တီးနိုင်စွမ်းသောရွာကလေးတစ်ရွာဖြစ်ပြီး အခြားသောဖြစ်နိုင်ခြေရှိသည့် မြို့ပြစီမံချက်၏နမူနာပုံစံတစ်ခုအဖြစ် ရှုမြင်ခြင်းကိုခံရသည်။ မည်သူမဆိုလာရောက်စိုက်ပျိုးနိုင်ပြီး ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များကိုပြန်လည်ရိတ်သိမ်းနိုင်ရာ Moritzplatz ရှိ  Prinzessinnengärten (မင်းသမီး ဥယျာဉ်) ကဲ့သို့ များစွာသောမြို့ပြဥယျာဉ်စုပေါင်းလုပ်ငန်းများကလည်း မြို့တော်ကိုစိမ်းစိုစေရန်ပြောင်းလဲပေးနေသည်။ ထို့အပြင် အပတ်စဉ်လူရာပေါင်းများစွာက Mauerpark (ဘာလင်တံတိုင်းပန်းခြံ) တွင် ကာရာအိုကေသီဆိုရန်နှင့်နားဆင်ရန်လာရောက်တတ်ကြသေးသည်။

ပိုင်းခြားခံရသော မြို့တော်တစ်ခု၏ ခြေရာများ

တစ်ချိန်ကပိုင်းခြားခံရသောနိုင်ငံတော်၏ခြေရာများကို ဘာလင်မြို့တွင် ယနေ့တိုင် နေရာတိုင်း၌တွေ့နေရဆဲဖြစ်သည်။ ဘာလင်တံတိုင်းကြီး၏ အပိုင်းအစများသည် ယနေ့ခရီးသွားများကို ဆွဲဆောင်ရာနေရာများဖြစ်သည်။ တစ်ချိန်ကပိုင်းခြားခံရသောနိုင်ငံတော်၏ခြေရာများကို ဘာလင်မြို့တွင် ယနေ့တိုင် နေရာတိုင်း၌တွေ့နေရဆဲဖြစ်သည်။ ဘာလင်တံတိုင်းကြီး၏ အပိုင်းအစများသည် ယနေ့ခရီးသွားများကို ဆွဲဆောင်ရာနေရာများဖြစ်သည်။ | ဓါတ်ပုံ : © Adobe တံတိုင်းများအကြောင်းပြောကြလျှင် ဘာလင်တံတိုင်းကြီးသည် ဘာလင်မြို့ပေါ်တွင် ဖျောက်ဖျက်၍မရသောမြင်သာသည့်အမှတ်အသားများချန်ထားရစ်ခဲ့သည်ဟု ဆိုရပေမည်။ ထိုတွင် ၁.၄ ကီလိုမီတာအရှည်ရှိသည့် ယခင်နယ်စပ်ဒေသတစ်လျှောက်လုံး အပြည့်ဆန့်တန်းထားသော Berlin Wall အထိမ်းအမှတ်အဆောက်အအုံရှိပြီး ၎င်းသည် အရှေ့ဂျာမနီမှနယ်စပ်ကိုဖြတ်၍ထွက်ပြေးရန်ကြိုးစားလာစဉ်အသက်ဆုံးရှုံးခဲ့ရသူများအတွက် အောက်မေ့သတိရစရာအဓိကနေရာဖြစ်သည်။ “ဒီဒီအာ” အစိုးရ၏လျှို့ဝှက်သူလျှို ရဲအရာရှိသည် Hochenschönhausen တွင် အကျဉ်းထောင်တစ်ခု ထားရှိခဲ့ပြီး ၎င်းသည်လည်း ယနေ့ခေတ်အရောက်တွင် အောက်မေ့ဖွယ်တစ်ခုဖြစ်လာသည်။ ပန်းချီပညာရှင်များ အရောင်သွေးစုံစွာလက်စွမ်းပြခြယ်မှုန်းထားသည့်ဘာလင်တံတိုင်း အပျက်အစီးအပိုင်းအစတစ်ခု၏ရှေ့တွင် ဆယ်လ်ဖီဓာတ်ပုံရိုက်ယူရခြင်းကိုသဘောတွေ့သည့် ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်ရာနေရာဖြစ်သော လူကြိုက်များသည့် “အရှေ့ခြမ်း ဓာတ်ပုံပြခန်း” (East Side Gallery) သည် ၂၄နာရီ၊ ၇ရက် ဖွင့်လှစ်၏။ ဤကဲ့သို့ နိုင်ငံ့အထင်ကရနေရာသည်ပင်လျှင် ဖွံဖြိုးရေးနှင့်ကော်ပိုရေးရှင်းလုပ်ငန်းကြီးများ၏မျက်စိကျရာဒဏ်မှ လွတ်ကင်းနိုင်စွမ်းမရှိဘဲ ဟော်တယ်နှင့်ဇိမ်ခံတိုက်ခန်းများဆောက်လုပ်ရေးအတွက်နေရာပေးရန်အလို့ငှာ အထိမ်းအမှတ်တံတိုင်းအပိုင်းအစတို့ကို Spree မြစ်ကမ်းနားဘေးသို့ တစ်ခဏအတွင်းပြောင်းရွေ့ပေးလိုက်ရလေသည်။ သင် မြို့တဖြတ်လမ်းလျှောက်နေစဉ် သေသေချာချာသတိထားကြည့်မည်ဆိုလျှင် ပိုင်းခြားခံရသောမြို့တော်တစ်ခုအဖြစ် ဘာလင်မြို့အတိတ်၏အခြားသဲလွန်စတို့ကို အောက်မေ့ဖွယ်အမှတ်တရများအနေဖြင့် ထပ်ပေါင်းတွေ့မြင်နိုင်သည်။ မြို့တော်တစ်ခုလုံးကိုထုတ်ချင်းပေါက်ဖြတ်သွားသော Mauerband (ဘာလင်တံတိုင်း ခါးပတ်ပြားလိုင်း) သည် တံတိုင်းဖြတ်သန်းရာလမ်းကို လမ်းခင်းကျောက်တုံးများဖြင့် အမာရွတ်အမှတ်သညာချန်ထားရစ်သည်။ အနောက်ဘာလင်ပတ်ဝန်းကျင် ထိုတံတိုင်းကြီး၏မူလလမ်းကြောင်းကို ဇာစ်မြစ်လိုက်ချင်သည့်လည်ပတ်သူတို့အဖို့ တစ်ချိန်က “ဒီဒီအာ” အစိုးရ နယ်ခြားစောင့်တပ်သားများတပ်စွဲခဲ့ရာလမ်းကြောင်းအတိုင်း တည်ဆောက်ထားသည့် အရှည် ၁၆၀ ကီလိုမီတာရှိ Mauerweg (ဘာလင်တံတိုင်းလမ်း) တောက်လျှောက် စက်ဘီးလမ်းကြောင်း၊ ခြေလျင်လမ်းကြောင်းတို့အတိုင်းလိုက်ပါ၍ စွန့်စားခန်းဖွင့်နိုင်ပေသည်။

ဘီဗွီဂျီ : ခေတ်ရေစီးကြောင်းပေါ်ကလူများနှင့် အများပြည်သူပို့ဆောင်ဆက်သွယ်ရေး

အမြဲခေတ်မီနေသောလိုင်းတစ်ခုအတွက် ဘယ်သောအခါမှအရှုံးမရှိ။    ။ ဘီဗွီဂျီ၏ ဆောင်ပုဒ်များနှင့်ကမ်ပိန်းများသည် ခေတ်ရေစီးကြောင်း၏ ခေါင်းစဉ်နှင့် လိုက်လျောညီထွေဖြစ်သည်။ အမြဲခေတ်မီနေသောလိုင်းတစ်ခုအတွက် ဘယ်သောအခါမှအရှုံးမရှိ။ ။ ဘီဗွီဂျီ၏ ဆောင်ပုဒ်များနှင့်ကမ်ပိန်းများသည် ခေတ်ရေစီးကြောင်း၏ ခေါင်းစဉ်နှင့် လိုက်လျောညီထွေဖြစ်သည်။ | ဓါတ်ပုံ : © picture alliance/Wolfram Steinberg/dpa လှေကြီးထိုးရိုးရိုးသွားသည့် အများပြည်သူပို့ဆောင်ဆက်သွယ်ရေးအာဏာပိုင်များအဖို့ ခေတ်ရေစီးကြောင်းပေါ်ကလူများကို မည်သို့မည်ဖုံ ဆွဲဆောင်သည်ကို သင်တအံတဩဖြစ်မိဖူးပါသလား။ အဖြေမှာအတန်သိသာလှပါသည်။ မှန်ကန်ဆီလျော်သည့် ဈေးကွက်ရှာဖွေမှုပင်ဖြစ်၏။ မြို့တော်၏  Berliner Verkehrsbetrieben အဖွဲ့ (ဘာလင် အများပြည်သူ့ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု-ဘီဗွီဂျီ- Berlin Public Transport Services, BVG) သည် အများကိုဆွဲဆောင်ရာတွင် ၎င်းတို့၏  “Weil wir dich lieben” (ငါတို့ကမင်းကို ချစ်ကို ချစ်တာကြောင့်) ဟုအမည်ရသည့် လူမှုကွန်ရက်ကမ်ပိန်းအားဖြင့် ဂုဏ်ထူးထွက်အောင်မြင်ခဲ့သည်။ ကိုယ်တိုင်အမြှီးအမောက်မတည့်မှုများတောင်ပုံရာပုံ၊ တစ်ယောက်နောက်တစ်ယောက် တန်းစီကြရင်း ဘတ်စ်ကားများအကြောင်းဝေဖန်ပြစ်တင်ရေးစကားသံများ၊ ပြည့်ကျပ်သိပ်ညစ်ပတ်နေသော မြေအောက်ရထားလမ်းများ၊ အချိန်မမှန် နောက်ကျသောဆိုက်ရောက်မှုများနှင့် ဘာလင်၏ဖန်တရာတေမွဲပြာပုဆိုးမှန်သမျှကို နေရောင်အောက်တွင်လှောင်ကြပြောင်ကြရင်းနှင့်ပင် ဘီဗွီဂျီဝန်ဆောင်မှုသည် ထိုဘာလင်ဒေသခံတို့၏ပြည့်သူ့ပို့ဆောင်ဆက်သွယ်ရေးနှင့်ပတ်သတ်သော အားမလိုအားမရခံစားရမှုတို့ကို ချစ်တစ်ဝက်၊ မုန်းတစ်တက်အခြေအနေသို့ အနည်းဆုံးပြောင်းလဲပေးနိင်ခဲ့သည်။ #weilwirdichlieben အဖွဲ့သည် ထိလွယ်ရှလွယ်ကိစ္စရပ်များဖြစ်သည့် ရာသီဥတုပြောင်းလဲလာမှု၊ လိင်တူစပ်ယှက်သူများကိုရွံမုန်းခြင်း၊ လူမျိုးရေးခွဲခြားခြင်း၊ ကျားမခွဲခြားခြင်း စသည်တို့ကို ဟာသနှောထားသည့်နိုင်ငံရေးပြောဆိုရေးသားမှုများကိုပါ ရဲရဲတင်းတင်းဖြန့်ဝေခဲ့သည်။ ၎င်းတို့သည် “ငါတို့မှာ တူတာတွေအများကြီးရှိတယ်။ အဲ့အထဲကမှ အသားညိုတာ၊ ဆန္ဒပြတာနဲ့ အခွန်ဆောင်ရတာတွေကတော့ ငါတို့အနှစ်သက်ဆုံးဟာတွေပေါ့ကွာ။” ဟူ၍ FDP နိုင်ငံရေးပါတီကိုပင် ဟာသလုပ်ကြသည်။ ဘီဗွီဂျီ ဝန်ဆောင်မှုက “မင်းဟာ busexual ပဲဖြစ်ဖြစ်၊ tramgender ပဲဖြစ်ဖြစ်၊ မင်းဟာမင်း ဘယ်သူ့ကို ချစ်ချစ် ဂရုမစိုက်ပါဘူး။ ငါတို့က မင်းကို ချစ်ကိုချစ်တာကြောင့်။” ဟူသည့် သူတို့၏ဆောင်ပုဒ်အပေါ်သစ္စာရှိရှိ မမှိတ်မသုန်ကြိုးပမ်းသည်။ ဘီဗွီဂျီကမ်ပိန်းလှုပ်ရှားမှုများထဲတွင် ၂၀၁၈ ခုနှစ်၌အားကစားဖိနပ်များကို မြေအောက်ရထား၊ ဘတ်စ်ကားနှင့် ဓာတ်ရထားများစီးရန်အတွက် တစ်နှစ်ပတ်လုံးယာဉ်စီးခွင့်ကတ်များအဖြစ်ရောင်းချခြင်း စသည့်ရယ်မောပျော်ရွှယ်ဖွယ် ဈေးကွက်ရှာဖွေမှုပုံစံများပါဝင်သည်။ မော်ကြွားလိုသောဘာလင်ဒေသခံအတော်များများသည် အရေအတွက်ကန့်သတ်ထုတ်လုပ်သည့်ဖိနပ်များကို ပထမဆုံးအမိအရဝယ်လိုက်နိုင်သူဖြစ်ရန် စတိုးဆိုင်များရှေ့အပြင်ဘက်တွင် ရွက်ဖျင်ထိုးစခန်းချပြီး (ဆောင်းတွင်းတွင်တော့ သတိထားရန်လို) ညလုံးပေါက်နေခဲ့ကြသည်။ နောက်ထပ်အောင်မြင်မှုတစ်ခုမှာ ဘီဗွီဂျီ၏ယူနက်စကို (UNESCO) ဆီသို့ ကမ္ဘာ့အမွေအနှစ်အဆင့်ဝင်ရန်တင်သွင်းလျှောက်ထားမှုဖြစ်သည်။ အဆုံးတွင်မူ ဘာလင်၏စိတ်ဆတ်သောယာဉ်မောင်းသူများနှင့်  အလိုအလျောက်လက်မှတ်ထုတ်စက်မှ ပြန်ကန်ထွက်လာသည့်အကြွေစေ့ကို ၎င်းစက်ဘေးဘက်အခြမ်းနှင့် ပြန်လည်ပွတ်တိုက်ခြင်းကဲ့သို့သော မသိသူကျော်သွား သိသူဖော်စား အကွက်များထက်ပို၍ မည့်သို့သောအရာကများ ဘာလင်ကို ဘာလင်ပီသစေအောင် စွမ်းနိုင်ပါအံ့သနည်း။

NEUKÖLLN အမိုးများအပေါ်မှ အစိမ်းရောင်အိုအေစစ်

မြင်ကွင်းတစ်ခုနှင့်ဘား။      ။ Klunkerkranich မှ မြို့တော်တစ်ခုလုံးပေါ်သို့မြင်ရသော မြင်ကွင်းကျယ်တစ်ခုကို ခံစားကြည့်ပါ။ မြင်ကွင်းတစ်ခုနှင့်ဘား။ ။ Klunkerkranich မှ မြို့တော်တစ်ခုလုံးပေါ်သို့မြင်ရသော မြင်ကွင်းကျယ်တစ်ခုကို ခံစားကြည့်ပါ။ | ဓါတ်ပုံ : © picture alliance/Sabine Lubenow/DUMONT Bildarchiv ထိပ်ဖျားတွင် အစိမ်းရောင်အိုအေစစ်ရှိသော ပုံမှန်ဈေးဝယ်စင်တာတစ်ခု - အမိုးပွင့်ဥယျာဉ်နှင့်ပွဲစီစဉ်ရာနေရာတစ်ခုဖြစ်သည့် Klunkerkranich သည် Neukölln ဈေးရုံတန်းအပေါ်တွင်ရှိသည်။ ထိုခေါင်မိုးပေါ်မှဘားကို သက်တောင့်သက်သာရှိသောသစ်သားပရိဘောဂများ၊ ရောင်စုံအဝတ်စအလံများနှင့်  အစိမ်းရောင်အပြောက်ပင်ပန်းအိုးများ၊ မြေမြင့်စိုက်ပျိုးရေးပန်းမန်များနှင့် ပြန်လည်အသုံးပြုနိုင်သောရေချိုးကန်များ စသည်တို့ဖြင့် အထင်ကရဖြစ်ဖွယ်တန်ဆာဆင်ထားသည်။ ယခုဆိုလျှင် Klunkerkranich ၏ဂုဏ်သတင်းသည် Neukölln ဈေးရုံးတန်းတစ်လွှားကိုလွန်၍ပင် နာမည်ရနေပြီဖြစ်သည်။ Lonely Planet မဂ္ဂဇင်းတွင်ဖော်ပြခံရသည်ကို ကျေးဇူးတင်ရမည်ဖြစ်၏။ ယင်းအကျိုးဆက်ကြောင့်သာ ဆိုင်ကလေးတွင် သာ၍လူစည်ကားပြည့်ကျပ်လာခြင်းဖြစ်သည်။ အထူးသဖြင့်နွေခေါင်ခေါင်အချိန်မျိုးတွင်ပင် ထိုဆိုင်သို့အလည်အပတ်ပြုရန် အကောင်းဆုံးအခါသမယဖြစ်ဆဲဖြစ်သည်။ အလင်းရောင်၏အေးဆေးငြိမ်သက်မှုအလယ် နေဝင်ချိန်ကိုငေးမောခံစားရင်း သင်၏ခြေထောက်များကြား ဖြန့်ကျက်တိုးဝှေ့သွားမည့် ဘာလင်၏ညနေခင်းလေပြေညှင်းတို့သည် ထိုအပေါ်ထပ်အမိုးပွင့်ဆိုင်လေးအထိ တခုတ်တရတက်လာသည့်သင့်ကို ပြန်လည်ချီးမြှင့်သည့်ဆုလာဘ်တစ်ပါးအလား မှတ်ယူစရာရှိတော့သည်။ 

အောက်ခြေမှ ဘာလင်

“အောက်ခြေမှ” ဘာလင်သို့လှည့်လည်ကြည့်ရှု့ခြင်း။ ဗုံးခိုကျင်းတစ်ခု၏အတွင်းထဲ၌ မည်သို့ရှိသည်ကို ကြည့်လှည့်ပါ။ “အောက်ခြေမှ” ဘာလင်သို့လှည့်လည်ကြည့်ရှု့ခြင်း။ ဗုံးခိုကျင်းတစ်ခု၏အတွင်းထဲ၌ မည်သို့ရှိသည်ကို ကြည့်လှည့်ပါ။ | ဓါတ်ပုံ : © picture alliance/Bernd Settnilk/ZB ဘာလင်သည် ၎င်း၏မြေအောက်ပါတီပွဲများကြောင့် နာမည်ကြီးသည်။ မြေအောက်ပါတီပွဲတော်တော်များများကို ယခင်ဒုတိယကမ္ဘာစစ်၌ လေကြောင်းတိုက်ခိုက်မှုမှကာကွယ်ရန်အသုံးပြုခဲ့သည့် လှိုဏ်ခေါင်းများအထဲတွင်ကျင်းပကြသည်။ ထိုလှိုဏ်ခေါင်းများကို နေ့ဘက်အချိန်တွင်ဝင်ရောက်လေ့လာနိုင်ပြီး အလည်အပတ်လာသူတို့အဖို့ မြို့၏သမိုင်းကို အတိုချုပ်သဘောပေါက်နားနိုင်မည့်အခွင့်အရေးဖြစ်သည်။ ထို Berlin Unterwelten (ဘာလင်မြေအောက်ကမ္ဘာ)  သည် မရေတွက်နိုင်‌အောင်များသော ဒုတိယကမ္ဘာစစ်မြေအောက်ဗုံးခိုကျင်းများတလျှောက် စိတ်ဝင်စားဖွယ်ခရီးစဉ်တို့ကိုဖန်တီးပေးစွမ်းနိုင်ပြီး ယင်းအနောက်ဘာလင်မှ “ပြည့်သူ့ကာကွယ်ရေးစံနှုန်း” ဖြစ်သည့် မြေအောက်ဗုံးခိုကျင်းဟောင်းများသည် စစ်အေးကာလအတွင်း ဒေသခံများကိုနျူကလိယဗုံးတိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်မည့်နေရာများအဖြစ် ပြောင်းလဲခဲ့ရသည်။ အားလုံးထဲမှ အထူးခြားဆုံးလှိုဏ်ခေါင်းတစ်ခုသည်ကား Anhalter ဘူတာရုံ အနီးတွင်တည်ရှိသည်။ “ဘာလင် လှိုဏ်ခေါင်းဇာတ်ကြောင်း” ပြတိုက် အဝင်အဝတွင် ချိတ်ဆွဲထားသည့်ဆိုင်းဘုတ်က ခရီးလာသူအားလုံးကို “ဗုံးခိုကျင်းလှိုဏ်ခေါင်းတို့ကို ဆောက်လုပ်ခဲ့သူများသည်ပင် ဗုံးတွေကျဲလိမ့်ဦးမည်”  ဟု သတိပေးနေသည်။ ပြတိုက်အထဲ၌မူ သို့မဟုတ် ပို၍အတိအကျပြောရမည်ဆိုလျှင်၊ ပြတိုက်အောက်တစ်ဖက်၌ “ဘာကြောင့်များ ဟစ်တလာဆိုပြီး ဖြစ်လာရတာလဲ” စသဖြင့် အတောမသတ်နိင်သောမေးခွန်းများကို အဖြေပေးရန်အတွက် Führerbunker ပုံစံတူတစ်ခုပါဝင်သောအထူးသီးသန့် စုဆောင်းမှုတစ်ခုကို စာရေးဆရာ Wieland Giebel နှင့် Enno Lenze တို့က စုဆောင်းပြုစုခဲ့ကြသည်။ ကနဦးတွင် ဝေဖန်ရေးဆရာများက အလှဆင်ဒီဇိုင်နာများအနေဖြင့် လူကြီးလူငယ်မရွေးကိုလှိုဏ်ခေါင်းဆီသို့ ဆွဲဆောင်နိုင်ရန် မဖြစ်နိုင်ဟု ခန့်မှန်းသုံးသပ်ခဲ့ကြသည်။ သို့သော် ယနေ့တွင်မူ နှစ်စဉ် ကမ္ဘာအရပ်ရပ်မှ ၂၀၀,၀၀၀ ထက်မကသောဧည့်သည်တို့သည် လှိုဏ်ခေါင်းကိုကြည့်ရှုလေ့လာရန် တဖွဲဖွဲရောက်ရှိလာကြပြီး အစ္စရေးသံမတ်သည်ပင် ပြတိုက်နှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါကချီးမွမ်းစကားပြောခဲ့ဖူးသည်။ ထိုလှိုဏ်ခေါင်းသည် ဒီမိုကရေစီနှင့် လူအခွင့်အရေးတို့၏ သင်္ကေတလည်း ဖြစ်သည်ကို Lenze နှင့်အဖွဲ့က ဂျာမနီတွင်အကြီးဆုံးအလံဟုဆိုနိုင်သည့် သက်တန့်ရောင်အလံကြီးကို  Berlin Pride ရက်သတ္တပတ်နှင့်အချိန်ကိုက်  လွှင့်တင်လိုက်သည့်အခါ သက်သေသာဓကပြပြီးသားဖြစ်သွားသည်။ Berlin Mitte မြေပေါ်ရှိ နောက်ထပ်လှိုဏ်ခေါင်းတစ်ခု၌မူ သမိုင်းကြောင်းများမဟုတ်ဘဲ အနုပညာလက်ရာများခင်းကျင်းပြသမှုကို တွေ့မြင်နိုင်သည်။ ထိုအနုပညာခင်းကျင်းပြသမှုသည် ခေတ်ပြိုင်အနုပညာများအထူးသီးသန့်စုစည်းမှုတစ်ခုဖြစ်သောအိမ်ကြီးဖြစ်သည့်  Boros Collection နှင့် တသီးပုဂ္ဂလပုဂ္ဂိုလ်တစ်ဦးမှ ဝယ်ယူစုဆောင်းထားခြင်းဖြစ်သည်။

KREUZBERG မှ ညတာရှည်များ....

Kottbusser Tor နှင့် Schlesisches Tor ဘူတာရုံနှစ်ခုကြားသည် ပါတီဆင်နွှဲရန် မြို့တော်တစ်ခုလုံးရှိအကောင်းဆုံးနေရာများဖြစ်သည်။ Kottbusser Tor နှင့် Schlesisches Tor ဘူတာရုံနှစ်ခုကြားသည် ပါတီဆင်နွှဲရန် မြို့တော်တစ်ခုလုံးရှိအကောင်းဆုံးနေရာများဖြစ်သည်။ | ဓါတ်ပုံ : © picture alliance/Stefan Jaitner/dpa ...၁၉၇၀ ခုနှစ်များ၌ Blattschuss ညီအစ်ကို သီချင်းထဲထည့်ဆိုခဲ့သည့်အတိုင်းပင်ဖြစ်သည်။ ကြားကာလနှစ်များအတွင်းလည်း ကြီးကြီးမားမား အပြောင်းအလဲမရှိခဲ့ပါ။ Kottbuser Tor နှင့် Schlesisches Tor ဘူတာရုံကြားရှိဧရိယာသည် ပါတီပေးရန်အကောင်းဆုံးနေရာဖြစ်သည်။ Lohmühlen ကျွန်းပေါ်တွင်မူ ဥပမာ ဟေးလားဝါးလားကြိုက်သူတို့ ချားရဟတ်များနှင့်စကူတာများအကြား ကခုန်မြူးတူးရာ Birgit&Bier ဘီယာဥယျာဉ် သို့မဟုတ် IPSE နှင့် Burg Schnabel ရှိ ကလပ်များတွင်ပါတီပေးရန်သင့်တော်သည်။ အလည်အပတ်လာသူများ သစ်သားဆိပ်ခံတံတားပေါင်ကထိုင်လျက် Landwehr တူးမြောင်းထဲသို့ ခြေချောင်းကလေးများနှစ်၍ဆော့ကစားနိုင်ရာ နာမည်ကြီး Visionäre ကလပ်သည် ၂၀၁၉ ခုနှစ် နွေရာသီ၌ အနည်းငယ် မီးဘေးသင့်ခဲ့သည်။ သို့သော် ကံအားလျော်စွာ ထိုဆုံးရှုံးလိုက်ရမှုကို Festsaal Kreuzberg နှင့် Hoppetosse ပါတီသင်္ဘောများဖြင့် အစားထိုးဖြေဆည်နိုင်သေးသည်။ ဘာလင်၏တခြားသောနေရာများကလည်း နေချင့်စဖွယ်ဘာလင်ည၏အရသာကို ပေးစွမ်းပါသည်။ ဘာလင်၏မြူးမြုးကြွကြွပါတီပေးရာအထူးနေရာတစ်ခုဖြစ်သည့် Berghain သည် ကလပ်များစွာပါဝင်သော RAW compound ဖြစ်သည့် Friederichshain ခရိုင်ထဲတွင် တည်ရှိသည်။ သို့သော်ငြားလည်း တစ်ဖက်တွင် Neukölln ရှိ တက်ကနိုကလပ်တစ်ခုဖြစ်သည့် Griessmühle  ကလပ်သည် ပိုင်ရှင်က အဆောက်အအုံကိုဖြိုချရန်စီစဉ်နေပြီဖြစ်သဖြင့် ၎င်းနေရာမှပြောင်းရွေ့ပိတ်သိမ်းပေးလိုက်ရသည်။ ထို့ကြောင့် Griessmühle ကလပ်သည် Berlin ရှိ Mitte နှင့် Lichtenberg ရပ်ကွက်တို့တွင် ခေတ္တနေရာခွင့်ပြုပေးထားခြင်းကိုခံရသည်။ ကလပ်များခြေကုပ်ယူရာအဆောက်အဦးတို့သည် နေ့ရှိသ၍ရောင်းထွက်နေခြင်း၊ အဆောက်အအုံအသစ်များတဟုန်ထိုးများလာခြင်းနှင့် အငှားသက်တမ်းများထပ်တိုးမချုပ်ရခြင်းတို့ကြောင့် ဘာလင်ရှိကလပ်များ တစ်ခုပြီးတစ်ခုမြို့ကိုစွန့်ခွာနေရသော်လည်း အပျော်အပါးလိုက်စားကြသောဓလေ့သည် ဘာလင်မြေပေါ်တွင် အမြဲနေရာရှိနေဦးမည်သာ။ အနည်းဆုံး ယခုအချိန်ထိတော့ ရှိနေဆဲ ရှိနေမြဲဖြစ်၏။ တက်ကနိုယဉ်ကျေးမှုကပင် လူငယ်များ၊ ခေတ်ရေစီးအလိုက်ပျော်တတ်ပါးတတ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို ညီတူညီမျှဆွဲဆောင်ခဲ့ခြင်းဖြစ်သည့်အတွက် ကလပ်များအဖို့ ကိုယ့်အတက်နှင့်ကိုယ်စူးသည်ဟု ဆိုရပေမည်။ မျက်မှောက်နေ့များ၌ ဘာလင်၏ ယင်းသူမတူသည့်ယဉ်ကျေးမှုအမွေအနှစ်တို့ကိုထိန်းသိမ်းရန်မှာ တာဝန်တစ်ရပ်ဖြစ်သည့်အားလျော်စွာ မြို့သူမြို့သားတို့က ဘာလင်၏ညကလပ်များကို ပြန်လည်ကယ်တင်ရန်တိုက်ပွဲဝင်နေမှုကို အစိုးရဘက်မှလည်း အထောက်အပံ့အချို့ပေးအပ်လျက်ရှိသည်။ 

အနောက်ဘာလင်မှ စိမ်းရောင်လွင်ပြင်နှင့် ယဉ်ကျေးမှုအသိုက်မြုံများ

ဘာလင်မြို့လည်ရှိ အရိုင်းဆန်ဆန်သဘာဝတရားထဲမှ လင်းလက်တောက်ပနေသော ဒေါင်းများ။    ။ Wannsee ရှိ Peacock Island (ဒေါင်းကျွန်း)။ ဘာလင်မြို့လည်ရှိ အရိုင်းဆန်ဆန်သဘာဝတရားထဲမှ လင်းလက်တောက်ပနေသော ဒေါင်းများ။ ။ Wannsee ရှိ Peacock Island (ဒေါင်းကျွန်း)။ | ဓါတ်ပုံ : © Adobe ဘာလင်သည် ကွန်ကရိတောကြီးဖြစ်သည်ဟု စွပ်စွဲချက်သည် Alexanderplatz နှင့် Potsdamerplatz တို့က ယင်းဆိုကိုထောက်ခံနေလျှင်ပင် မှားယွင်းသောစွပ်စွဲချက်သာဖြစ်ပါသည်။ မြို့တော်ဘာလင်တွင် စင်စစ် ၁ သန်းသောသစ်ပင်များနှင့် ပန်းခြံပေါင်း ၂၅,၀၀ မျှ ရှိသည်။ Tiergarten ပန်းခြံသည် အကြီးဆုံးနှင့်လူသိအများဆုံးဖြစ်၏။ မြို့၏အနောက်ဘက်တောင်ခြေတစ်လျှောက်သည် လည်ပတ်ကြည့်ရှု့ရန် အံ့ဖွယ်နေရာတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ဂျာမနီနိုင်ငံတဝှန်းအကြီးဆုံးမြို့သစ်တောဖြစ်သည်သာမက မျိုးတုန်းလုနီးဖြစ်နေသောတိရစ္ဆာန်များနှင့်အပင်မျိုးစိတ်ကို အကာအကွယ်ပေးရာဘူမိနက်သန်လည်းဖြစ်သည့်  Grunewald သစ်တောတစ်လျှောက်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဟိုမှသည်မှ ပုံနေသည့် အပျက်အစီးအပုံများမှ ဆောက်လုပ်ထားသော မြို့ရှိဒုတိယအကြီးဆုံးတောင်ဖြစ်သည့် Teufelsberg လူလုပ်တောင်မှတစ်ဆင့်လည်း သဘာဝကသိုမှီးထားသမျှတို့၏ထည်ဝါခမ်းနားသောမြင်ကွင်းကို ခံစားကြည့်ရှုနိုင်သည်။ တောင်ဘက်ခပ်လှမ်းလှမ်းကိုဆက်သွားလျှင် Havel မြစ်က ဒဏ္ဏာရီလာ Pfaueninsel (ဥဒေါင်းကျွန်း) ကိုရစ်ခွေလျက် အလည်လာသူများ ယဉ်ကျေးမှုနှင့်ဒေသန္တရပညာရေးဗဟုသုတတို့ကိုသင်ယူရင်း အပန်းလည်းဖြေရေပေါ်အားကစားတို့ကိုပါဆော့ကစားနိုင်သည့် ချစ်စဖွယ် Wannsee ရေကန်ကလေးကိုဖြစ်ပေါ်စေသည်ကိုတွေ့ရမည်။ ရေကန်၏ကမ်းစပ်တွင် Haus der Wannseekonferenz (Wannsee ညီလာခံအိမ်) ဟုအမည်ရသည့် အိမ်ကြီးရခိုင်တစ်လုံးသည် ဆိတ်ငြိမ်အေးချမ်းစွားတည်ရှိနေသည်။  တစ်ချိန်တစ်ခါက နာဇီတို့ Holocaust (ဂျူးများကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှု) လုပ်ရန်အစီအစဉ်ဆွဲခဲ့ရာ ထိုစံအိမ်ကြီးသည် ယနေ့ခေတ်ရောက်သော် အထိမ်းအမှတ်ပြတိုက်တစ်ခုဖြစ်လာသည်။ ရေအိုင်နှင့်မနီးမဝေးတွင် Literarische Colloquium အိမ်တော်ကြီး (စာပေနှီးနှောဖလှယ်ရာအိမ်တော်) ရှိပြီး လွန်ခဲ့သည့် အနှစ် ၅၀ လုံးလုံးအဖို့ ထွန်းသစ်စစာပေလက်ရာကောင်းများ မွေးထုတ်ပေးရာနယ်မြေဖြစ်ခဲ့သည်။ အိမ်ကြီးကို Wilhelminian (၁၉ရာစုအကုန်နှင့် ၂၀ရာစုအစောပိုင်း ဝီလ်ဟန်ခေတ်လက်ရာဟန်) ဆောက်လုပ်ထားကာ စံအိမ်တော်ကြီးဆိုသည်ထက် ရဲတိုက်ကြီးတစ်ခုနှင့်ပင် ပို၍တူနေသယောင်ရှိတော့သည်။ ကမ္ဘာအရပ်ရပ်မှစာရေးဆရာများအတွက် နွေရာသီလများအတွင်း လဟာပြင်ခြံဝန်းထဲတွင် စာပေလာရောက်ဖတ်ရှု၊ ဖတ်ကြားနိုင်သည့်နေရာလည်းဖြစ်သည်။

TEMPELHOFER ကွင်းပြင်ပေါ်မှ အဆုံးအစမဲ့ လွတ်လပ်ခြင်း

ဘာလင်မြို့ရှိ ယခင်လေဆိပ်ဟောင်းမြေနေရာ Tempelhof သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြို့တွင်းလဟာပြင်နေရာဖြစ်သည်။ ဘာလင်မြို့ရှိ ယခင်လေဆိပ်ဟောင်းမြေနေရာ Tempelhof သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြို့တွင်းလဟာပြင်နေရာဖြစ်သည်။ | ဓါတ်ပုံ : © Adobe မျက်စိတစ်ဆုံးတွင် အဆောက်အဦးဟူ၍စိုးစဉ်းမျှမရှိဘဲ အပင်အနည်းငယ်ဖြင့်သာအတိပြီးသည့် Tempelhof လေဆိပ်ဟောင်းအပေါ်တွင် မိုးသားကောင်းကင်နှင့်လွတ်လပ်မှုတို့မှာ အဆုံးအစမရှိအကန့်အသတ်မဲ့နေဟန်ရှိသည်။ အမြဲတစေထိုကဲ့သို့ဖြစ်ခဲ့သည်တော့မဟုတ်။ နာဇီခေတ်တွင် ၎င်းနေရာ၌ များစွားသောအလုပ်သမားတို့သည် အဓမ္မခိုင်းစေမှုကိုခံခဲ့ရပြီး Columbia ချွေးတပ်စခန်းသည်လည်း လေဆိပ်မြေပေါ်တွင်တည်ရှိခဲ့သည်။ နောက်ဆုံးလေယာဉ်ပျံသန်းခဲ့ချိန် ၂၀၀၈ခုနှစ် ဆောင်းဦးရာသီကတည်းကစ၍ Tempelhofer ကွင်းပြင်သည် ကမ္ဘာပေါ်တွင်အကြီးဆုံးမြို့တွင်းပိုင်းလဟာပြင်ဖြစ်လာခဲ့သည်။ စက်ဘီးစီးသူများ၊ စွန်လွှတ်သူများနှင့် မူလလေယာဉ်ပြေးလမ်းပေါ်တွင် ဟိုဟိုသည်သည်လမ်းလျှောက်ကြသူများကို ထည့်သွင်းမစဉ်းစားလျှင် ခွေးပန်းခြံ၊ ပန်းစိုက်ပျိုးထားသည့် Wellington ဘွတ်ဖိနပ်များရှိရာ ရောင်စုံ “ပန်းမန်ဟင်းရွက်ဟင်းသီးဥယျာဉ်အစု”၊ ဘီယာဥယျာဉ်နှင့် လေ့လာရေးမျှော်စင်အနည်းငယ်တို့သည် ၎င်းကွင်းပြင်၌ရှိသမျှအကုန်ဖြစ်၏။ ဧရာမမြို့ကြီးပြကြီးအလယ်မှ ငြိမ်သက်အေးချမ်းရာ အိုအေစစ်လေးပင်ဖြစ်သည်။ သို့သော် အိမ်ယာမလုံလောက်မှုပြဿနာကိုဖြေရှင်းရန်အတွက် Tempelhofer ကွင်းပြင်အစွန်အဖျားနေရာများကို ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်တောင်းဆိုသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည့်အတွက် ၎င်းချမ်းမြေ့ဖွယ်ကျေးလက်နေရာလေးသည် အန္တရာယ်အောက်သို့တစစကျရောက်လာပြီဟုဆိုရမည်။ အလားတူ စီမံကိန်းမျိုးသည် ၂၀၁၄ လူထုဆန္ဒခံယူပွဲပြုလုပ်စဉ်က မအောင်မြင်ခဲ့သော်လည်း ထိုအချိန်မှစ၍ ဒေသခံအသစ်များနှင့် အိမ်အငှားအရမ်းများအောတိုက်ဝင်လာခြင်း မြင့်တက်လာသည့်အတွက် သဘောထားတို့ တစ်မျိုးပြောင်းကောင်းပြောင်းသွားနှင့်ပြီး ဖြစ်နိုင်သည်။ ထိုလေဆိပ်ဟောင်းအဆောက်အဦးအတွင်းတွင်လည်း အကြောင်းအရာအတော်များများ ပြောင်းလဲဖြစ်ပေါ်နေသည်။ လာမည့်ဆယ်စုနှစ်အတွင်း အနုပညာ၊ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှု စက်မှုလုပ်ငန်းများအတွက် မြို့တော်ခရိုင်အသစ် ဖြစ်လာစေရန် လျာထားခြင်းခံရသည်။ လည်ပတ်သူများအတွက်စင်တာတစ်ခု ဆောက်လုပ်ပြီးစီးထားပြီး မူလလေကြောင်းထိန်းချုပ်ရေးတာဝါအပေါ်၌ အနားယူစရာဆင်ဝင်တစ်ခုနှင့် ၁.၂ ကီလိုမီတာရှည်သည့်အမိုးပေါ်တွင် သမိုင်းဓာတ်ပုံပြခန်းတစ်ခုထားရှိရန် စီစဉ်နေကြသည်။ လာရောက်သူများသည် ဥရောပရှိ အကြီးဆုံးပြတိုက်ကို လေ့လာကြည့်ရှုခွင့်ရမည်ဖြစ်ကာ ပြီးနောက် မူလကအမေရိကန်လေတပ်စားရိပ်သာဖြစ်ခဲ့သည့်နေရာတွင်တည်ရှိသော Café Orville's ဆိုင်၌ ဒေသထွက်ပစ္စည်းများပါဝင်သည့် တာရှည်ခံစားဖွယ်သောက်ဖွယ်တို့ကို သုံးဆောင်နိုင်ဦးမည်ဖြစ်သည်။  

ချုံကြားမှ ဘုံဖျားသို့

Markthalle Neun (ဈေးရုံအမှတ် ၉) မှ လမ်းဘေးအစားအစာ။     ။ဤနေရာတွင် အားရပါးရမစားနိုင်လျှင် မိမိကိုယ်ကိုသာ အပြစ်တင်ပါ။ Markthalle Neun (ဈေးရုံအမှတ် ၉) မှ လမ်းဘေးအစားအစာ။ ။ဤနေရာတွင် အားရပါးရမစားနိုင်လျှင် မိမိကိုယ်ကိုသာ အပြစ်တင်ပါ။ | ဓါတ်ပုံ : © picture alliance4/Paul Zinken/dpa သင့်အနေဖြင့် ဝက်အူချောင်းမဆလာနှင့်သိုးသားကဘတ်ကို ဘာလင်၏နေရာတိုင်းတွင်ရနိုင်ပါသေးသည်။ (တစ်ခုကို တစ်ယူရို မဟုတ်တော့သော်ငြားလည်း) တခြားသရေစာများဖြစ်သည့် Mehringdamm လမ်းရှိ Mustafa မှ နာမည်ကျော်ဟင်းရွက်စုံကဘတ် သို့မဟုတ် Kottbusser Damm ရှိ Gel Gör မှ “köfteci” ခေါ် အသားစဉ်းလုံးကင်များသည်လည်း အတော်လေးရေပန်းစားသည်။ ဂျာမနီ၏တစ်ခြားနေရာများနှင့်မတူဘဲ ဘာလင်သည် နိုင်ငံတကာအစားအစာရေးရာမျက်နှာစာတွင် အကျော်ဇေယျနေရာတစ်ခုအဖြစ် အချိန်ကြာမြင့်စွာရပ်တည်ခဲ့၊ ရပ်တည်ဆဲဖြစ်သည်။ နာမည်ကြီး စားဖိုမှုးများဖြစ်သည့် Tim Raue၊ Marco Müller၊ Heindrik Otto နှင့် Sonja Frühsammer တို့က မြို့၏ဂုဏ်သတင်းကို အထွတ်အထိပ်သို့ရောက်အောင်ပို့ဆောင်ပေးခဲ့သည်။ အချက်အပြုတ်ဆိုင်ရာစမ်းသပ်မှုများဖြစ်သည့် Supra နှင့် Peruvian ပင်လယ်စာ (ငါးအစိမ်းတစ်မျိုး) ဟု လူသိများကြသောထုံးစံလာ Georgian စားပွဲသောက်ပွဲကြီးသည် ဆန်းသစ်စွန့်စားလိုသောအငမ်းမရဖြစ်နေသည့်ဘာလင်သားများနှင့်ပြည့်လျှမ်းကာ ဟိန်းလျက်နေလေ့ရှိသည်။ မြို့ဈေးဆိုင်တန်းများဖြစ်သည့် Markthalle Neun၊ Marheineke နှင့် Arminius Markthalle တို့တွင်ကား လတ်လတ်ဆတ်ဆတ် သစ်သီးဝလံများ၊ ဟင်းသီးအရွက်များ၊ ပေါင်မုန့်များနှင့်အတူ ဆန်းသစ်သောစိတ်ဝင်စားဖွယ် လမ်းဘေးမုန့်ပဲသရေစာတို့ကိုပါရောင်းချသည်။ ယင်းသည် ဘာလင်တလွှားဖြစ်ပွားနေသည့် ဆင်ခြေဖုံးရပ်ကွပ်များထဲသို့ လူလတ်တန်းစားနှင့်လူချမ်းသာများအစုအပြုံတိုးဝင်နေထိုင်လာမှုက ပဋိပက္ခများကို မည်သို့မည်ပုံဖန်တီးသည်ကိုလည်း သာဓကအနေဖြင့်တွေ့မြင်ရခြင်းလည်းဖြစ်၏။ လုပ်ငန်းရှင်များက ခန်းမကြီးရှိ Aldi စူပါမားကတ်ကို ပိတ်သိမ်းမည်ဟူသောသတင်းများ ထွက်ပေါ်လာသောကြောင့် ကန့်ကွက်သူတို့သည် Kreuzberg ရှိ Markthalle Neun ရှေ့တွင် နေ့စဉ်အချိန်မှန် စုဝေးဆန္ဒပြကြသည်။ ဒေသခံများက နောက်ပိုင်းတွင် ထိုဈေးကြီး၌ ၎င်းတို့အားထားနေရသည့် နေ့စဉ်အရေးပါသောအခြေခံကုန်ပစ္စည်းများမဟုတ်ဘဲ “ဇိမ်ခံ အစားအသောက်” တို့ကိုသာလျှင် ရောင်းချလာမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။

ထပ်လောင်းဖြည့်စွက်ချက်

“Och dit is Berlin” (ဘာလင်ဒေသိယစကားဖြင့် “ဒီဟာက ဘာလင်ပဲ”) ရှေးရိုးတရုတ်နားနေဆောင်တစ်ခုနှင့် Marzahn ရှိ ကမ္ဘာ့ဥယျာဉ်များထဲမှ ဆွဲဆောင်မှုများကို ခံစားကြည့်ပါ။ “Och dit is Berlin” (ဘာလင်ဒေသိယစကားဖြင့် “ဒီဟာက ဘာလင်ပဲ”) ရှေးရိုးတရုတ်နားနေဆောင်တစ်ခုနှင့် Marzahn ရှိ ကမ္ဘာ့ဥယျာဉ်များထဲမှ ဆွဲဆောင်မှုများကို ခံစားကြည့်ပါ။ | ဓါတ်ပုံ : © picture alliance/Rainer F. Steussloff/imageBROKER ဘာလင်၏ ထုံးစံဓလေ့နှင့်အံ့အားသင့်စရာတို့ကို အချက်ဆယ်ချက်တည်းဖြင့်ချုံပြောရန်မှာ လုံးဝနီးပါးမဖြစ်နိုင်စရာကိစ္စရပ်တစ်ရပ်ဖြစ်ကာ များစွာသောအရာများကိုဖော်ပြရန် ကျန်ရှိပါသေးသည်။ ဥပမာ နိုင်ငံတကာအနုပညာရှင်များအားဖြင့်တိုးတက်စည်ပင်စေခဲ့သော မြို့၏သက်ဝင်လှုပ်ရှားနေသည့် ဂီတနှင့်အနုပညာအခင်းအကျင်းများဖြစ်သည်။ သို့မဟုတ် အစိုးရစီရင်စု - ဘာလင်သည် ကြွားဝါစရာမှင်သက်ဖွယ်ဗိသုကာလက်ရာများ၊ Chancellery (အဓိပတိရုံးထိုင်ရာအဆောက်အဦး) ရှိ မိုးကာတဲများကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာအကျော်ဇေယျနေရာများနှင့် အစိမ်းရောင်မြက်ခင်းပြင်ကျယ်ကြီးများစသည်တို့တည်ရှိရာ နှလုံးသားထဲမှမြို့တော်တစ်ခုဆိုသည်ထက်ပိုပါသည်။ ဘာလင်အခမဲ့တက္ကသိုလ်မှကျောင်းသားကျောင်းသူများ အပန်းဖြေလမ်းလျှောက်ရာနှင့် နွေရာသီတွင်ရံဖန်ရံခါလမ်းလွှဲမှတကူးတကလာ၍ခံစားကြည့်ရှုရာ လှပရှည်လျားသော Krummesee သစ်တောရေအိုင်ကြီးရှိသည့် Dahlem မှ ဂုဏ်သရေနှင့်ပြည့်စုံသောအစိုးရအိမ်တော်များလည်းရှိသေးသည်။ အနောက်ဘက်သို့သွားလေလေ ဇိမ်ခံပစ္စည်းများ များများတွေ့မြင်နိုင်ရာ ဘာလင်၏ထိပ်တန်းအရောင်းဈေးတန်းတစ်ခုဖြစ်သည့် အထင်ကရ Kurfürstendamm ခေါ် Ku’damm ဈေးတန်း၊ ဘေး၌ Kaufhaus des Westens ကုန်တိုက် (အတိုကောက်အားဖြင့် KaDeWe) နှင့် Remembrance Church (အောက်မေ့ရာ ဘုရားရှိခိုးကျောင်း) စသည်တို့သည့်လည်း မေ့မထားသင့်ခဲ့သော အရာများဖြစ်သည်။ Prezlauer Berg သည် လမ်းခင်းကျောက်တုံးများခင်းထားသောခြံဝင်းကျယ်ကြီးနှင့် အဆောက်အဦးများကို ဂီတဖျော်ဖြေပွဲများမှရုပ်ရှင်ရုံများအထိ နေ့စဉ်ယဉ်ကျေးမှုဆိုင်ရာအစီအစဉ်အများကျင်းပရာနေရာအဖြစ်ထောက်ပံ့ပေးသော ယဉ်ကျေးမှုဆိုင်ရာ ဘီယာချက်စက်ရုံတို့၏ ဇာတိချက်ကြွေပင်ဖြစ်သည်။ ထိုတွင် ဗိသုကာလက်ရာတစ်ခုတည်းအားဖြင့် ကြည့်ရှုသူတို့ကို Holocaust ၏ထိတ်လန့်ဖွယ် အနိဌာရုံတို့ကို ခံစားရစေနိုင်သည့် Jewish Museum ပြတိုက် (ဂျူးပြတိုက်) ရှိပြီး Marzahn တွင်မူ ကေဘယ်ယာဉ်ကို သက်တောင့်သက်သာစီးရင်း နိုင်ငံတကာသစ်သီးဝလံပန်းမန်ဥယာဉ်စိုက်ပျိုးခြင်းအတတ်ပညာတို့ကို အားကျရှုစားနိုင်သည့် Gardens of the World ပန်းခြံကြီး (ကမ္ဘာ့ဥယာဉ်များ ပန်းခြံ) ရှိသည်။ ဘာလင်သည် ဘီယာတစ်ခွက်ကို ၂.၅ ယူရိုငွေ ဖြင့်ရနိုင်သေးသည့် မရေတွက်နိုင်သောဘုံဆိုင်တို့၏မြို့တော်လည်းဖြစ်ပြီး ဆေးလိပ်မသောက်ရနေရာတွင် အလိမ္မာနည်းဖြင့်တစ်ပတ်ရိုက်ပြီး ဗရုတ်ကျပျော်ပါးနိုင်သေးသည်။ နောက်ဆုံးအနေဖြင့် Kreuzberg ၏ အရောင်အသွေးစုံဂုဏ်သတင်းကို နှစ်ဆတက်စေသော Carnival of Cultures ဂီတပွဲတော်သည်လည်း ဤတွင် ဖော်ပြဖို့ထိုက်ပါသည်။ ဆောင်းပါးပါ အရာများထက်ပိုသော အတွေ့အကြုံခံစားမှုရသအသစ်များမှာမူ သင်၏ထပ်လောင်းတူးဆွရှာဖွေခြင်းကိုသာ စောင့်စားနေလျက်ရှိတော့သည်။