မြို့ပြလမ်းညွှန်။ ။Jena
Jene တွင်ဘဝသည် (bene) ကောင်းမွန်ပါ၏။

အရှေ့ဂျာမနီခေတ်က ကြီးမားသော ကွန်ကရစ် တိုက်ခန်းအဆောက်အဦးများကို အမြန်လမ်းမကြီးတစ်လျှောက် မောင်းနှင်ဖြတ်သန်းလာသော ယာဉ်မောင်းသူများက “Jena ဒါကတော့ အသင့်လုပ်ပစ္စည်းတွေနဲ့ ဆောက်ထားတဲ့မြို့လေးပါပဲ” ဟုဆိုသည်။ မည်သို့ဆိုစေ Saale မြစ်ကမ်းပေါ်က Thuringian မြို့တော်သို့ ခရီးထွက်ရန် သင်ရွေးချယ်မည်ဆိုလျှင် စိမ်းလန်းစိုပြည်သောသုခဘုံလေးတစ်ခု၏ အလယ်တွင် သင်ရောက်နေမည်ကို တွေ့နိုင်ပါသည်။ Jena သည် အကောင်းအဆိုးဒွန်တွဲနေပြီး အရာရာပြည့်စုံမနေပါ။ ဤသည်ကပင် ကျွန်ုပ်တို့၏ စာရေးသူ Nancy Droese အတွက် အလွန်နှစ်လိုဖွယ်ကောင်းသည်ဟု အတိအကျခံစားရပေသည်။
ရေးသားသူ Nancy Droese
ကျွန်ုပ်၏အဝေးကြည့်မှန်ပြောင်းသည် ထိုနေရာမှဖြစ်သည်။
၁၉၇၀ ပြည့်လွန်နှစ်များတွင် ZEISS ကုမ္ပဏီအတွက်တည်ဆောက်ခဲ့သော Jentower သည် ယနေ့တွင် ရုံးခန်းများ၏နေရာဖြစ်ပြီး အပေါ်ထပ်များတွင် အစားအသောက်ကောင်းသည့် စားသောက်ဆိုင်များဖြင့် ပြည့်နေသည့် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်လာသည်။
| ဓါတ်ပုံ။ ။ Adobe
Jena မှလူတိုင်းသည် ဤအခြေအနေကို ကောင်းကောင်းသိကြသည် - “မင်းဘယ်က လာတာလဲ” ဟု တစ်စုံတစ်ဦးကမေးလျှင် ပြန်ဖြေသည့်အဖြေ “Jena” က ပုံမှန်အားဖြင့် ဇဝေဇဝါဖြစ်သော တိတ်ဆိတ်မှု အခြေအနေကို ကျရောက်စေသည်။ ထို့နောက် သင်က “Zeiss ကုမ္ပဏီကိုကြားဖူးသလား” ဟု ရှင်းပြရန် ကြိုးစားလိုက်လျှင် အဖြေသည် “ဒါပေါ့ သူတို့က ငါ့ရဲ့ကင်မရာမှန်ဘီလူးတွေ လုပ်တယ်လေ” ဟုဖြစ်ပေလိမ့်မည်။ Jena သည် အမြင်နှင့်အလင်း ဆက်နွှယ်မှုကို သိပ္ပံနည်းကျလေ့လာမှုနှင့် စက်ပြင်စက်မှုလုပ်ငန်းတို့၏ တိကျမှုတို့အတွက် ဂျာမနီ၏ အချက်အခြာအဖြစ်သတ်မှတ်နိုင်သည်။ Carl Zeiss ၊ Ernst Abbe နှင့် Otto Schott တို့၏နေရပ်ဖြစ်ခဲ့ပြီး စက္ခုအာရုံနှင့်မျက်မှန်တို့၏ အဆုံးစွန်ပေါင်းစပ်မှုဖြစ်သည်။ ထို့အတူ ထိုမြို့လေးသည် ယနေ့တိုင် ဤစက်မှုလုပ်ငန်းနှင့် နီးကပ်စွာ ပတ်သက်ဆက်နွှယ်နေဆဲဖြစ်သည်။ Jena ၏ အမြင်သာဆုံးသော အထင်ကရ အဆောက်အဦးမှာ ၁၉၇၀ ပြည့်လွန်နှစ်များတွင် Zeiss ကုမ္ပဏီကဆောက်လုပ်ခဲ့သည့် ၁၁၄.၅ မီတာမြင့်သော အဝိုင်းပုံ Jentower ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ Zeiss သည် မည်သည့်အခါကမျှ မပြောင်းရွှေ့လာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မြင့်မားပြီး မှန်များဖြင့်ဆောက်ထားသော အနည်းငယ် လှိုင်းထနေသည့် တာဝါသည် တိကျမှုမြင့်မားသည့်နည်းပညာနှင့် အိမ်ရာလောက် သင့်လျှော်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ယနေ့အချိန်တွင် ကုမ္ပဏီအချို့၏ ရုံးခန်းများသည် ဤနေရာတွင်ရှိပြီး ဧည့်သည်များသည် အပေါ်ထပ်များတွင် အစားအသောက်ကောင်းသည့် စားသောက်ဆိုင်များနှင့် ပြည့်နေသည့် ဇိမ်ခံဟိုတယ်တွင် တည်းခိုနိုင်ပါသည်။ ၂၈ ထပ်ရှိ အများပြည်သူအတွက် ရှုခင်းကြည့်နေရာမှ ရင်သပ်ရှုမောဖွယ်ရှုခင်းကို ကြည့်နိုင်ပါသည်။ သင်က မြို့လယ်ရှိ “ဘီစကစ်လုံးကြီး” ဟုဆိုလိုက်လျှင် ဗဟုသုတကြွယ်ဝသည့် အတွင်းသိလူသဖွယ်ဖြစ်ပေလိမ့်မည်။ မိနစ်အနည်းငယ်လမ်းလျှောက်သည့်အကွာအဝေးမှာပင် အခြား အံ့ချီးဖွယ် ၃၆၀’ မြင်ကွင်းကျယ်မြင်နိုင်သည့် ဂျာမနီ၏ သက်တမ်းအကြာဆုံးသော နက္ခတာရာပြခန်းကို တွေ့နိုင်သည်။
Weimar ၏အိမ်နီးနားချင်းမြို့
Johann Wolfgang von Goethe ၏အမည်ကိုအစွဲပြုပေးထားသောကဗျာမှ Erl-King ရုပ်ထုပေါ်တွင် Jena က “O, who rides by night thro’ the woodland so wild?” ဟုအထိမ်းအမှတ်ပြုရေးထိုးထားသည်။
| ဓါတ်ပုံ။ ။Adobe
မြို့ထဲတစ်လျှောက် လမ်းလျှောက်ကြည့်လျှင် Jena သည် တစ်ချိန်က ကဗျာဆရာများနှင့် အတွေးအခေါ်ပညာရှင်များ၏ အခြေစိုက်ရာနေရာတစ်ခုဖြစ်ကြောင်း သင်္ကေတများကို ကျင့်သားရနေသော မျက်လုံးများဖြင့်မြင်နိုင်သည်။ အချိန်အတော်ကြာကပင် “ဂန္တဝင်များ၏မြို့တော်” အမည်ကို အိမ်နီးနားချင်းမြို့ Weimar ဆီသို့ လွှဲအပ်ခဲ့ရပြီးဖြစ်သည်။ သို့သော် ၁၈၀၀ ပြည့်လွန်နှစ်များတွင် “မည်သူက မည်သူဖြစ်သည်” ဟူသည့် အသိဉာဏ်ဆိုင်ရာအဖြစ်အပျက်သည် အမှန်အကန် ဤနေရာတွင် ဖြစ်ခဲ့ပြီး အထိမ်းအမှတ်ဂုဏ်ပြု မော်ကွန်းကျောက်ပြားပေါ်ရှိ စာရင်းမှာ ရှည်လျားနေဆဲဖြစ်သည်။ Goethe သည်လည်း Jena တွင် အားလပ်ချိန်များစွာကုန်ဆုံးလေ့ရှိခဲ့ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့မိန်းမနှင့် တည်တည်တံ့တံ့ငြီးငွေ့ဖွယ်ကောင်းသော Weimar မှလွတ်မြောက်ရန်ဖြစ်သည်ဟု မကောင်းပြောကြသည်။ သူက Schiller ကိုလည်းသူနှင့်အတူလိုက်ရန် ဖိတ်ခေါ်ခဲ့သေးသည်။ ယနေ့အချိန်တွင် Jena ၏အဆောက်အဦးများ၏ နံရံပေါ်ရှိ အဖြူရောင်ကြွေရည်သုတ်သင်္ကေတများက အခြားမည်သူတို့ ဤပတ်ဝန်းကျင်တွင်ကျင်လည်ခဲ့သေးကြောင်း ညွှန်ပြနေသည်။ ရိုမန်တစ်*စာရေးဆရာ Johann Gottlieb Fichte ၊ Georg Wilhelm Friedrich Hegel ၊ Ludwig Feuerbach ၊ Friedrich Wilhelm Joseph Schelling နှင့် Christoph Wilhelm Hufeland တို့အပါအဝင်ဖြစ်ပြီး အစောပိုင်း ရိုမန်တစ်*စာရေးဆရာများ၏အသိုင်းအဝိုင်းမှ Ludwig Tieck ၊ the Schlegel brothers ၊ Caroline Schlegel ၊ Dorothea Veit နှင့်အခြားသူအများအပြားလည်းပါဝင်ခဲ့ကြသည်။ ကဗျာဆရာတို့၏ လက်ရာနှင့်ဘဝအကြောင်းကို မျက်မြင်သက်သေဖြစ်သည့် သူ၏အမည်ကို တက္ကသိုလ်အဖြစ်မှည့်ခေါ်ခဲ့သော Schiller ၏ဥယျာဉ်အိမ် “Romantikerhaus” တွင် ရိုမန်တစ်*များအတွက် ကိုယ်ပိုင်ပြတိုက်လည်းရှိလာခဲ့သည်။ အရှေ့ပိုင်းရှိ Ostviertel ၏အပြင်နားလောက်တွင် ကြည်နူးဖွယ်ရေကန်ငယ်၏ကန်ဘောင်စွန်းတွင် ခန့်ညားထည်ဝါသော “Erlkönig” ရုပ်ထုသည် ဆရာသခင် Goethe ၏အခြားအမှတ်ရဖွယ်တစ်ခုပင်ဖြစ်သည်။
*၁၈ နှင့် ၁၉ ရာစုနှစ်အတွင်း ဥရောပတွင်ရှိခဲ့သည့် အရိုင်းသဘာဝနှင့် ပုဂ္ဂလဆိုင်ရာ ဖော်ကျူးမှု အနုပညာနှင့်အသိပညာလှုပ်ရှားမှု
မှော်ဆန်ဆန်ကြည်နူးဖွယ်လမ်းကြားလေးတစ်ခု
သမိုင်းဝင်အဆောက်အဦးများအကြားမှ အဟောင်းဆိုင်တန်းနှင့် အစားအသောက် ယဉ်ကျေးမှု - Jena ရှိ Wagnergasse ။
| ဓါတ်ပုံ။ ။ © picture alliance/ZB/Jan-Peter Kasper
Jena ရှိ Wagnergasse သည် Harry Potter မှ Diagon Alley ကဲ့သို့ပင်ကျော်ကြားသည်။ အငြင်းပွားဖွယ်မရှိ Jena ၏ဘားဆိုင်လေးများရှိရာ အချက်အခြာပင်ဖြစ်သည်။ မီတာ ၃၀၀ ရှည်လျားသော ကျဉ်းမြောင်းသည့် ကျောက်ခင်းလမ်း သမိုင်းဝင်လမ်းကြားလေးသည် ပြန်လည်ပေါင်းစည်းပြီးနောက် ငြီးငွေ့ဖွယ် ပြုပြင်တည်ဆောက်မှုမှကင်းလွတ်ခဲ့သော သမိုင်းဝင်အဆောက်အဦးများ၊ အနီးဝန်းကျင်တွင် ဆိုင်ခန်းငယ်လေးများ၊ စားသောက်ဆိုင်၊ ကောဖီဆိုင်များနှင့် ဘားဆိုင်ငယ်လေးပေါင်း ၁၅ ဆိုင်ခန့်ဖြင့် ပြည့်နှက်နေသည်။ “Stilbruch” သည် အချက်အခြာအုတ်မြစ်ဖြစ်ပြီး Wagnergasse ကို ဘားဆိုင်လမ်းဖြစ်စေခဲ့သည့် အရင်းမြစ်လည်းဖြစ်သည်။ စစ်မှန်သော နေရာအံ့သြဖွယ်ရာတစ်ခုမှာ ၎င်း၏ကျဉ်းမြောင်းပြီး အနုပညာဆန်ဆန် ပုံသွင်းထားသော ကြောင်လိမ်လှေကားမှာ တတိယထပ်သို့ပင် ရောက်ရှိပေသည်။ စားသောက်ဖွယ်စာရင်းမှာလည်း အိမ်တွင်ပြုလုပ်သော လတ်ဆတ်သည့်ဖန်တီးမှုများဖြစ်ပြီး ထို့ကြောင့်ပင် နံနက်စာမှသည် ညနေခင်းညစာအထိ စားပွဲများလစ်လပ်သည်မရှိလု နီးပါးပင်ဖြစ်သည်။ လူပေါင်းများစွာတို့က ဘားဆိုင်ကို တွေ့ဆုံရာနေရာတစ်ခုအဖြစ် ရွေးချယ်သည်မှာ အံသြစရာမဟုတ်ပါ။ အခြားတစ်ဖက်တွင်လည်း တိုလီထွာလီစားလိုသူတို့အတွက် “Fritz Mitte” မုန့်ဆိုင်တွင်လည်း တထောက်ရပ်နားနိုင်သည်။ ကြိုတင်သတိပြုရန်မှာ အဌဂံပုံ kiosk ဆိုင်ရှေ့ရှိ လူတန်းရှည်ကြီးမှာ သတိပြုမိစရာပင်ဖြစ်သည်။
ပျံနှံ့ရောက်ရှိလာသော ကလပ်ယဉ်ကျေးမှု
ရောင်စုံဂရာဖီတီများဖြင့်အလှဆင်ထားသော Jena ရှိအကောင်းဆုံး နာမည်အကြီးဆုံးကလပ် Kassablanca
| ဓါတ်ပုံ။ ။ © Kassablanca Jena
Jena ရှိနာမည်အကြီးဆုံးကလပ် Kassablanca (သို့) အတိုကောက်ဆိုရလျှင် Kassa သည်ယခင်မီးရထားစက်ခေါင်းတစ်ခုနှင့် ရထားတွဲများစွာကို ရောင်စုံဂရာဖီတီများနှင့်အလှဆင်ကာ အနုပညာလက်ရာတစ်ခုပြုလုပ်ပြီး ရေစင်အဟောင်းကြီးတစ်ခုနှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ Westbahnhof ဘူတာရုံအနီးတွင် ထိုကလပ်သည် ဆယ်စုနှစ်သုံးခုစာ Jena ရှိ ယဉ်ကျေးမှုခွဲတစ်ခု၏အချက်အခြာဖြစ်ခဲ့ပြီး အနုပညာရှင်များအတွက် စတင်ရာနေရာနှင့် များစွာသောဖန်တီးမှုများ၏ စိတ်ပိုင်းဆိုင်ရာမွေးရပ်မြေဖြစ်သည်။ မျိုးဆက်များသည် ဂီတနှင့်အတူ သူတို့၏ဘဝအမြင်သဘောထားကို ဂုဏ်ယူဆင်နွှဲကြကာ သူတို့၏ရှပ်အင်္ကျီများကို ချွေးများစိုစေခဲ့သည်။ လက်ရှိခေတ်စားနေသော ရေဒီယိုပေါက်သီချင်းများအပြင် ဂီတအမျိုးအစားအားလုံးနီးပါးသည် ဤနေရာတွင်တင်ဆက်ကြသည်။ ယနေ့ထိတိုင်အောင် အီလက်ထရောနစ်ဂီတသည် Kassa တွင်ဂုဏ်ပြုနေရာရှိနေသေးသည်။ Thomas Sperling သည် စတင်စဉ်ကတည်းကပင် ပါဝင်ခဲ့သည့် ဝါသနာအိုးတစ်ယောက်ဖြစ်သည်။ အပေါင်းအသင်းများက “Sparrow” ဟုသိကြပြီး Jena တွင်နာမည်ကြီးသော “Freude Am Tanzen” နှင့် “Musik Krause” အမှတ်တံဆိပ်များကိုလည်းတည်ထောင်ခဲ့သည်။ Schillergäßchen ကောင်းမွန်စွာပြင်ဆင်ထားသော “Fatplastics” ကဲ့သို့သော အသံသွင်းစတိုးနောက်ကွယ်ကအင်အားသည် Jena ကို အီလက်ထရောနစ်ဂီတမြေပုံပေါ်တွင် နေရာတစ်နေရာအဖြစ် ရှိစေခဲ့သည်။
အားကစားကွင်းစင်မြင့်တစ်ခုအမှန်တကယ်ရှိနေသည်
ရှေးခေတ်အမိုးဖွင့်ပွဲကြည့်စင်တစ်ခုမဟုတ် သို့သော် ပြိုင်ကွင်းစင်မြင့် သို့ဆိုစေကာမူ Jena ရှိ Kulturarena (ယဉ်ကျေးမှုပြိုင်ကွင်းစင်မြင့်)
| ဓါတ်ပုံ။ ။ © picture alliance/ZB/euroluftbild.de/Karina Hessland
Jena သည် ရှေးခေတ်အမိုးဖွင့်ပွဲကြည့်စင်အခန်းကဏ္ဍတွင် ပြိုင်ကွင်းစင်မြင့်တစ်ခုမရှိခဲ့သော်လည်း ဤအသုံးအနှုန်းကို သင်အဆက်မပြတ်နေရာတိုင်းတွင် ကြားနေရပေလိမ့်မည်။ မြို့တော်အလယ်ရှိ ရုပ်ရှင်၊ ဂီတနှင့် ပြဇာတ်အတွက် ရက်သတ္တ ၇ ပတ်အကြာ နိုင်ငံတကာအမိုးဖွင့်စင်မြင့်ပွဲတော် တစ်ခုဖြစ်သည့် Kulturarena (ယဉ်ကျေးမှုပြိုင်ကွင်းစင်မြင့်) သည် နွေရာသီအတွက်သတ်မှတ်ရက်တစ်ခုဖြစ်သည်။ Kulturarena (ယဉ်ကျေးမှုပြိုင်ကွင်းစင်မြင့်) သည် သင့်တင့်လျောက်ပတ်စွာ သူ၏တည်နေရာအတွက် ကျေးဇူးတင်ရှိရန်ရှိသည်။ သူ၏ပြဇာတ်ရုံအတွက် ပွဲခန်းမအသစ်တစ်ခု ဆောက်လုပ်ရေးကို တွန်းအားပေးရန် မျှော်လင့်လျှက် Jena မြို့တော်ကောင်စီက Bauhaus ဆရာသခင် Walter Gropius တည်ဆောက်ခဲ့သောလက်ရာဖြစ်သည့် အလယ်ခန်းမကျယ်ကို ၁၉၈၇ တွင်အလုံးစုံဖြိုချက်ဖျက်စီးရန် အမိန့်ပေးခဲ့သည်။ ထိုအကြံအစည်သည် ကျရှုံးခဲ့သော်လည်း ထိုအချိန်မှစ၍ ပြဇာတ်ရုံ၏ ကျန်တစ်ဝက်တွင် သိသာထင်ရှားသည့် ဒါဏ်ရာဒါဏ်ချက်ကိုမြင်နိုင်သည်။ သို့သော် ဘာလင်တံတိုင်းပြိုကျပြီးနောက် ထင်ရှားသော ကြုံရာကျပန်းဖန်တီးနိုင်စွမ်းသည် နိုးထလာပြီး သုံးနှစ်ကြာပြီးနောက် လစ်လပ်နေသော ဖြိုဖျက်ထားသည့်နေရာသည် ယနေ့အချိန်တွင် ပွဲခန်းမနေရာအတွက် မည်သူမျှ မလဲလှယ်လိုသော Kulturarena ပွဲတော်၏ အဓိကပြခန်းနေရာဖြစ်လာခဲ့သည်။ အကြောင်းတိုက်ဆိုင်စွာဖြင့် Udo Lindenberg သည် သူ၏သီချင်း “Rock ‘n’ Roll Arena in Jena” ဖြင့် ဤနေရာ၏ ခေါင်းကိုင်ဖခင်ဖြစ်လာခဲ့သည်။
“ငါ့နာမည်က Hase ငါဘာမှမသိဘူး။”
Jena မြို့ ဈေးရင်ပြင်ရှိ “Hanfried” ရုပ်ထု။ PhD ဘွဲ့ရအသစ်များသည် သစ်သားပန်းခွေထဲသို့ အကြွေစေ့ပစ်ရန်နေရာအဖြစ် သုံးလေ့ရှိကြသည်။
| ဓါတ်ပုံ။ ။ © picture alliance/Bildagentur-online/Schoening
Jena ဒေသခံ ကျော်ကြားသည့်ဆိုရိုးကို ပြန်ကြည့်လျှင် ၁၉ ရာစုနှစ်က ဂျာမန်တရားသူကြီးတစ်ဦးဖြစ်သည့် Karl Victor von Hase ၏ရယ်စရာဖြစ်ရပ်က နောက်ခံအကြောင်းအရင်းဖြစ်သည်။ တရားရုံးကြားနာမှုတစ်ခုတွင် သူ၏ထွက်ဆိုချက်က နှစ်ဦးချိန်းဆိုတိုက်ပွဲတွင် တစ်စုံတစ်ဦးကိုသတ်ပြီး ထွက်ပြေးနိုင်ရန် သူငယ်ချင်းတစ်ဦးကို ကူညီပေးခဲ့ကြောင်း Jena တွင်တီထွင်ဖန်တီးမှုများ အများအပြားရှိခဲ့သည်ဟု ဆိုသည်။ ကင်မရာမှန်ဘီလူးများမှသည် ဂျာမန်အလံအထိ လူသိများသော နည်းပညာဖန်တီးမှုများအားလုံး၏ နည်းနည်းချင်းစီသည် Jena မှ ထွက်ပေါ်ခဲ့သည်။ ဤသည်ကပင် ၎င်းကို ရာစုနှစ်အတော်ကြာ တက္ကသိုလ်မြို့တော်တစ်ခုဖြစ်စေခဲ့သော အကြောင်းရင်းတစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါသည်။ ကျောင်းသား/သူ နှစ်သောင်းနီးပါးက မြို့၏ လူငယ်ဦးရေနှင့် များပြားလာသော နိုင်ငံတကာသွင်ပြင်လည်းဖြစ်ပါသည်။ ဤအရာအားလုံးအတွက် Johann Friedrich I of Saxony ခေါ် the Magnanimous နှင့် “Hanfried” တို့ကို ကျေးဇူးတင်ရမည်ဖြစ်သည်။ Wittenberg တွင် သူ၏တက္ကသိုလ်ဟောင်းကို စစ်အတွင်းဆုံးရှုံးပြီးနောက် အစားထိုးအနေနှင့် ၁၅၄၈ တွင် အထက်တန်းကျောင်းတစ်ခုကို တည်ထောင်ပြီးနောက် နှစ်အနည်းငယ်အကြာ ၁၅၅၈ တွင် တက္ကသိုလ်တစ်ခုဖြစ်လာခဲ့သည်။ သူ၏ပုံတူကြေးရုပ်ကြီးသည် ယခုအခါ Jena မြို့ ဈေးရင်ပြင်တွင် ခန့်ခန့်ထည်ထည်ရပ်တည်နေပြီး PhD ဘွဲ့ရအသစ်များအတွက် သစ်သားပန်းခွေထဲသို့ အကြွေစေ့ပစ်ရန်နေရာအဖြစ် ရိုးရာဟောင်းကို ဆက်လက်ထိန်းသိမ်းဆဲဖြစ်သည်။
အံ့သြဖွယ်များမကုန်နိုင်ပါ
သူကဘောလုံးကိုဖမ်းနိုင်ပါက ကမ္ဘာကြီးအဆုံးဖြစ်လိမ့်မည်။ မြို့တော်ခန်းမနာရီစင်အထက်ရှိ Schnapphans သည် Jena ၏ အံ့ဖွယ် (၇) ခုမှတစ်ခုဖြစ်သည်။
| ဓါတ်ပုံ။ ။ © picture alliance/Uwe Gerig
မှန်ကန်သော ကြော်ငြာမှုဖြင့် သေးငယ်သည့်အရာတစ်ခုကို ကြီးကြီးမားမားပြောင်းလဲနိုင်ပါသည်။ ဤသည်က ၁၇ ရာစုက ရုပ်ထု၊ အဆောက်အဦးများနှင့်တံတားတစ်စင်းကပင် Jena ၏အံ့ဖွယ် ၇ ခုဖြစ်လာသောအခါ မြို့တော်ဈေးကွက်ရှာဖွေရေးဌာန၏ လက်စွဲဆောင်ပုဒ်ဖြစ်ဟန်တူပါသည်။ ထိုအချိန်မှစ၍ Jena ၏ကျောင်းသားလူငယ်မျိုးဆက်များသည် “Ara, Caput, Draco, Mons, Pons, Vulpecula Turris နှင့် Weigeliana Domus, septem miracula Jenae” အစရှိသော မှတ်ဉာဏ်ကူဆောင်ပုဒ် လင်္ကာများကို သင်ယူခဲ့ကြသည်။ Weigel ၏အိမ် ပျက်သုန်းပြီးနောက် မြို့တော်ဘုရားကျောင်း၏ဝင်ပေါက် (သို့) ကျောင်းသားများပြုလုပ်ထားသော ခေါင်းအများအပြားနှင့်နဂါး စသည့်အခြားအံ့ဖွယ်တို့သည် လူငယ်များကို မဆွဲဆောင်နိုင်တော့ပေ။ မည်သို့ဆိုစေ မြို့တော်ခန်းမနာရီစင် အထက်ညာဘက်ရှိ ယိုင်နဲ့နဲ့ သစ်သားဦးခေါင်းက ရွှေရောင်ဘောလုံးကို ဆွဲယူရန် ကြိုးစားသည့်အခါ “Schnapphans” (Caput သို့မဟုတ် Snatching Hans) သည် တစ်နာရီတိုင်းတွင် ဈေးသို့လာရောက်လည်ပတ်သူ ဧည့်သည်များကို လည်ဆန့်ကြည့်စေသည်။ ညာဘက်တွင် ဘုရားဖူးက တုတ်ချောင်းရှည်ဖြင့် ဘောလုံးကိုကိုင်ထားပြီး လက်ဝဲဘက်တွင် နတ်သမီးငယ်လေးက ခေါင်းလောင်းတစ်ခုကိုတီးနေသည်။ Schnapphan (ဖမ်းယူသူ) များက ဘောလုံးကို အမြဲအောင်အောင်မြင်မြင်ဖမ်းနိုင်ပါက ကမ္ဘာကြီးကောင်းကောင်းမွန်မွန်အဆုံးသတ်ပေလိမ့်မည်။ အနည်းဆုံးတော့ ဤအရပ်ပြောစကားက ကျွန်ုပ်တို့ကို ယုံကြည်စေပြီး Schnapphans ပုံစံတစ်ခုကို “Göhre” မြို့တော်ပြတိုက်၏ဝင်ပေါက်တွင် မြင်နိုင်၍ အကြွေစေ့တစ်စေ့ (သို့) နှစ်စေ့ဖြင့် လှုပ်ရှားစေနိုင်သည်။
Zitterbacke နှင့်အရှေ့ဂျာမနီဗုံးခိုကျင်းများ
Damenviertel ရှိ Willhelminian နှင့် Art Deco အဆောက်အဦးများသည် Jena မြောက်ဘက်ရှိ အသင့်ထုတ်အစိတ်အပိုင်းများဖြင့်ဆောက်လုပ်ထားသော အဆောက်အဦးများအဖို့ သိသိသာသာဆန့်ကျင်ဘက်ဖြစ်နေသည်။
| ဓါတ်ပုံ။ ။ © picture alliance/ZB/Universität Jena
အရှေ့ဂျာမနီတွင်ကြီးပြင်းခဲ့သောလူအချို့သည် ကလေးစာပေ၏ ဂန္တဝင်သူရဲကောင်း Alfons Zitterbacke (သို့) “Little Nick” of the East ကိုမသိကြချေ။ ထိုနှစ်သက်စရာစာအုပ်ကိုအခြေခံထားသောရုပ်ရှင်၏ အများစုကို ၁၉၆၆ ခုနှစ်တွင် Jena ၏နွေရာသီတွင်ရိုက်ကူးခဲ့သည်။ ထိုရုပ်ရှင်သည် ဒုတိယကမ္ဘာစစ်ပြီးခါနီးတွင် အမေရိကန်တို့၏လေကြောင်းတိုက်ခိုက်မှုကြောင့် သမိုင်းဝင်မြို့လယ်နေရာအများစု မည်သို့ပျက်စီးခဲ့ကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။ အခြားတစ်ဝက်မှာမူ နောက်ပိုင်းတွင် ဆိုရှယ်လစ်ပြန်လည်တည်ဆောက်ရေးအစီအစဉ်ကြောင့် ပျက်သုန်းခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်တွင် Jena ၏မြို့လယ်အရပ်သည် ဗိသုကာအရ ဆိုရှယ်လစ်၊ သမိုင်းဝင်နှင့် ခေတ်သစ်အဆောက်အဦးများ အရောင်အသွေးစုံပေါင်းစပ်မှုတစ်ခုဖြစ်ကာ ထိုလှပသောပေါင်းစပ်မှုကပင် မြို့လေးကိုတစ်မျိုးတစ်ဖုံလှပနေစေပြန်သည်။ Jena Nord နှင့် Lobeda ကဲ့သို့သော အရှေ့ဂျာမနီ အသင့်ထုတ်အစိတ်အပိုင်းများဖြင့် ဆောက်လုပ်သော အိမ်ယာရပ်ကွက်များသည် စစ်ပွဲမတိုင်မီ အလုပ်သမားအိမ်ယာများနှင့် စပ်ဆက်၍သော်လည်းကောင်း Wilhelminian နှင့် Art Nouveau စတိုင်ကျကျပေါင်းစပ်နေသော ရပ်ကွက်တစ်ခုဖြစ်သည့် Damenviertel တို့တွင်ရှိနေသည်။ ဤနေရာသည် ဗိသုကာလက်ရာ စိတ်ဝင်စားဖွယ် နေရာငယ်လေးများအများအပြား ရှာဖွေနိုင်ပြီး အော်ဂဲနစ်ဈေးဝယ်နိုင်ကာ Prinzessinnengarten (မင်းသမီးဥယျာဉ်) တွင်နေစာလှုံနိုင်သည့် အခမဲ့ပက်ကေ့ချ်လည်းရှိသည်။
အောင်မြင်မှုဆုတံဆိပ်အိမ်မက်
FF USV Jena အမျိုးသမီးအသင်းက ၂၀၁၉ တွင် ပြိုင်ဘက်နံပါတ်တစ် FFC Frankfurt ကို အနိုင်ဂိုးတစ်ခုရခဲ့စဉ်က ပျော်ရွှင်နေကြပုံ။
| ဓါတ်ပုံ။ ။ © picture alliance/Carlotta Erler
တစ်ချိန်တုန်းက ၁၉၈၀ အောင်မြင်မှုနှစ်တွင် ခမ်းနားသည့် AS Rome ဘောလုံးအသင်းက Carl Zeiss Jena တွင် လာရောက်ကစားခဲ့ပြီး ၀ - ၄ ဖြင့်ရှုံးနိမ့်ခဲ့သည်။ Carl Zeiss Jena ဘောလုံးအသင်းသည် ဥရောပဖလားဘောလုံးပြိုင်ပွဲတွင် ပထမဆုံးခြေချရုံဖြင့် ၀ -၃ ဖြင့် အောင်နိုင်သော ပထမဆုံးအသင်းဖြစ်သည်။ ထိုကစားပွဲဖြင့်ပင် အသင်းသည် အထင်ကရအဖြစ် ပြောင်းလဲခဲ့သည်။ ထိုသို့ဆိုလျှင် နောက်ဆုံးအောင်မြင်မှုမရရှိဘဲဖြင့်ပင် ကိစ္စတော့သိပ်မရှိပါ။ ယနေ့တွင် ကျော်ကြားသော Podolski ၏စကားတစ်ခွန်းဖြစ်သည့် “ဒါက ဘောလုံးပွဲပဲ။ တစ်ခါတစ်လေမှာ ပိုကောင်းတဲ့အသင်းက အနိုင်ရတာပဲ။” ဟူသည့် စကားက အသင်းအတွက် ရံဖန်ရံခါ သုံးနိုင်ပါသေးသည်။ ထို့အတွက် ထပ်ဆောင်းဆွဲဆောင်မှုကတော့ အနည်းဆုံး ကျွန်ုပ်တို့ ဆက်ပြီးအိမ်မက် မက်နိုင်ပါသေးသည်။ လက်ရှိနှစ်များအတွင်း အမျိုးသမီးအသင်း FF USV Jena သည် Jena ရှိလူအများ၏ အိမ်မက်ကိုအကောင်အထည်ပေါ်လာစေရန် ပိုမိုလုပ်ဆောင်လာနိုင်ခဲ့သည်။ ထိုဘောလုံးအသင်းသည် ဂျာမနီတွင် အကောင်းဆုံးအသင်းများမှ တစ်ခုဖြစ်သည်။ ပိုမို၍လက်ရှိဖြစ်သောအောင်မြင်မှုများမှာ Science City Jena မှ အမျိုးသားအသင်းက အကောင်ထည်ဖော်ခဲ့သည်။ ၂၀၀၇ တွင် ဂျာမန်ဘတ်စ်ကတ်ဘောအသင်းသည် ဖက်ဒရယ်ပြည်နယ် ဒုတိယအဆင့်အသင်းမှသည် ဘတ်စ်ကတ်ဘော ဘွန်းဒက်စ်လီဂါ (သို့) နိုင်ငံအဆင့်ပြိုင်ပွဲများသို့ တိုးတက်လာခဲ့သည်။
သုခဘုံကဲ့သို့ပင်
သုခဘုံ - အမည်က ပြောနေသကဲ့သို့ပင် ထပ်တူဖြစ်သည်။
| ဓါတ်ပုံ။ ။ © picture alliance/zb/Universität Jena
Jena တွင် ရထားသည် သုခဘုံတွင် ရပ်နားသည်။ ရေဘုယျအားဖြင့် ICE တစ်စီးရပ်နားခဲသော်လည်း သတိပြုရန်မှာ ထိုသို့ဆိုက်ရောက်ရန် အမှန်တကယ်ပင်နှစ်လိုဖွယ်ကောင်းသည်။ သုခဘုံဆိုသည်မှာ ရထားဘူတာ၏အမည်မျှသာမဟုတ်ပဲ မြို့တော်၏အစိတ်အပိုင်းများနှင့် ပန်းဥယျာဉ်တလျှောက် ဖဲကြိုးကဲ့သို့ ဖြတ်သန်းနေသော Saale မြစ်ကမ်းပေါ်ရှိ ဘေးချင်းကပ်လျှက် ပန်းဥယျာဉ်လည်းဖြစ်သည်။ ဤနေရာတွင် ထိုသုခဘုံလေးသည် အင်္ဂလိပ်ဂေါက်ရိုက် မြက်ခင်း (သို့) ဂျပန်အလှဆင်အပင်ငယ်လေးများဖြင့် ခေတ်ဆန်ကြော့မော့နေသော ပန်းခြံများနှင့် ဆင်ဆင်တူနေပါသည်။ Jena ၏သုခဘုံလေးသည် စိမ်းလန်းနေကာ တစ်မျိုးတစ်ဖုံ ရှင်သန်ကြီးထွားနေပြီး ဘဝ၏နှစ်လိုဖွယ်အခြမ်းကို လာရောက်ရှာဖွေနေသူများနှင့် ပြည့်နှက်နေပါသည်။ ထိုနေရာလေးသည် Jena ၏စိမ်းလန်းစိုပြည်သော သုခဘုံလေးမျှသာမဟုတ်ပါ။ မြို့တော်၏ မြို့စွန်မြို့ဖျားရှိ မတ်စောက်သော အခွံမာ ထုံးကျောက်ဆင်ခြေလျှောများသည် ပုံမှန်အားဖြင့် အဆောက်အဦးတည်ဆောက်ရန် မဖြစ်နိုင်သောကြောင့် Jena ၏မည်သည့်နေရာကမဆို ၁၅ မိနစ်မျှလမ်းလျှောက်ရုံဖြင့် သဘာဝကိုခံစားနိုင်သော နေရာလေးတစ်ခုအဖြစ် အမြဲရှိနေပါသည်။ ထို့ကြောင့် Jena ကို တစ်နှစ်ပတ်လုံးနီးပါး မယုံနိုင်ဖွယ်စိမ်းလန်းနေစေရုံသာမက “Tuscany of the East” ဟု လူအချို့က အူလှိုက်သည်းလှိုက် ထောက်ခံရလောက်သည်အထိ မပြင်းထန်ပဲ နှစ်လိုဖွယ်ရာသီဥတုလေးဖြင့် မြို့တော်ဖြစ်လာစေပါသည်။