အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

ပရော့ဂျက်ဆောင်းပါး
ကလေးများရဲ့ Classical ဂီတာတီးခတ်တင်ဆက်မှု

လွန်ခဲ့တဲ့အနှစ် (၃၀) ဝန်းကျင်လောက်အထိ ကျွန်တော်တို့ဆီမှာမိဘအများစုက ကိုယ့်သားသမီးကို ဂီတလုပ်မှာကို (အထူးသဖြင့် ဂစ်တာတီးမှာကို) မကြိုက်ကြ/မလိုလားကြပါဘူး။ အနုပညာကျောင်း (ဂီတကျောင်း) ရယ်လို့လဲ သေသေချာချာမရှိခဲ့ (ခုချိန်ထိလည်းမရှိ) ပါဘူး။ အဲ့ဒီကာလက ဂီတကိုဝါသနာပါ လေ့လာလိုက်စားခဲ့တဲ့လူငယ်တွေအတွက် အစစအရာရာဟာ ခက်ခဲခဲ့ပါတယ်။ အဲ့ဒီအချိန်ကလူငယ်တွေဟာ အခုအချိန်မှာမိဘနေရာကိုရောက်နေကြပါပြီ။

ရေးသားသူ​ မြင့်သန်းထွန်း

Children Classical Guitar Recital ©Goethe-Institut Myanmar သိမ့်အိန္ဒြေခင်က မကွေးမြို့ဇာတိဖြစ်ပြီး အခုအချိန်မှာ အသက် (၁၃) နှစ်ရှိပါပြီ။ သူမရဲ့အဖေကလည်း classical guitarist တစ်ယောက်ဖြစ်ပြီး မကွေးမြို့ကဂစ်တာသင်တန်းဆရာတစ်ဦးပါ။ သူမ အသက် (၉) နှစ်လောက်မှာ ဂစ်တာစပြီးတီးခဲ့ပါတယ် သူမရဲ့အဖေက အခြေခံတွေကိုသင်ကြားပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ကျနော်က အွန်လိုင်းကတစ်ဆင့်သင်ကြားပေးခဲ့ပါတယ်။ သိမ့်အိန္ဒြေခင် သိမ့်အိန္ဒြေခင် | ©မြင့်သန်းထွန်း
Helen က အသက် (၉) နှစ်ရှိပါပြီ။ သူမရဲ့မိဘတွေက သူမကို ဂီတဆရာတွေနဲ့စနစ်တကျသင်ကြားပေးခဲ့ပါတယ်။ သူမ ငယ်ငယ်ကတည်းက Piano ကို စတင်သင်ကြားခဲ့ရတဲ့အတွက် သူမ classical guitar စပြီးတော့တီးတဲ့အချိန်မှာ classical music က သူမအတွက်ရင်းနီးပြီးသားဖြစ်နေပါတယ်။ အခုဆိုရင် ကျွန်တော့်ဆီမှာ classical guitar ကိုသင်ကြားခဲ့တာ (၉) လလောက်ရှိနေပါပြီ။ ဟယ်လင် ဟယ်လင် | ©မြင့်သန်းထွန်း
ညီသုတကတော့ ကျွန်တော့်ရဲ့သားပါ။ ကျွန်တော် သူ့ကိုဘယ်အချိန်မှာဂစ်တာသင်ပေးခဲ့တယ်ဆိုတာ ကျနော်မပြောတတ်ပါဘူး။ ပြီးတော့ ကျွန်တော်သူ့ကိုဘယ်လိုသင်ပေးခဲ့တယ်ဆိုတာလည်း ကျွန်တော်မသိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေရဲ့ဗိုက်ထဲမှာကတည်းက ကျနော်ဂစ်တာတီးတာကို သူကြားရမှာပါ။ ပြီးတော့ သူစကားပီပီသသမပြောတတ်ခင်ကတည်းက guitalele တစ်လုံးကို သူ့ရဲ့ဆော့စရာအရုပ်တွေထဲမှာ ကျွန်တော်ထည့်ပေးထားခဲ့ပါတယ်။ ဂီတသင်္ကေတတွေကိုဖတ်တတ်အောင်နဲ့အခြေခံ technical approach တွေကို သူနဲ့ဆော့ရင်းပြောပြသင်ကြားပေးခဲ့ပါတယ်။ ညီသုတ ညီသုတ | ©မြင့်သန်းထွန်း
 
ကျွန်တော်ကလေးတွေကိုဂစ်တာသင်ပေးတဲ့အခါ ဂီတကိုခံစားတတ်ဖို့နဲ့ ဂီတရဲ့အရသာကိုထိတွေ့နိုင်ဖို့ ဦးစားပေးပြီးသင်ပါတယ်။ ဂစ်တာတီးတာဟာ ဒုက္ခခံပြီးလေ့ကျင့်ဖို့ဆိုတာထက် ဂီတဆိုတာ ခံစားစရာ၊ ချစ်စရာ၊ စိတ်ကျေနပ်စရာလို့ ကလေးတွေကိုနားလည်စေချင်ပါတယ်။ ဂီတတူရိယာတစ်ခုခုကို တီးခတ်တာ ဒါမှမဟုတ် အနုပညာပစ္စည်းတစ်ခုခုကိုသင်ယူလေ့လာတာကို ကလေးတိုင်းလုပ်စေချင်ပါတယ်။ ကလေးတိုင်း အနုပညာကို ချစ်တတ်/ခံစားတတ်စေချင်ပါတယ်။ ကလေးတွေအကုန်လုံး အနုပညာကိုချစ်တတ်/ခံစားတတ်စေချင်ပါတယ်။ ဒါဟာကလေးတွေအကုန်လုံး အနုပညာရှင်တွေ၊ အနုပညာသမားတွေဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ကလေးတိုင်းဟာ အနုပညာနဲ့ဆက်နွယ်ပြီး အလှတရားကိုခံစားတတ်မယ်ဆိုရင် လူ့လောကရဲ့အကျည်းတန်မှု၊ ရိုင်းစိုင်းရက်စက်မှု၊ နာကျင်ခံစားမှုတွေ အထိုက်အလျောက်တော့သက်သာရာရနိုင်မယ်လို့မျှော်လင့်မိလို့ပါ။

(၂၆.၁၁.၂၀၂၂) နေ့မှာ သိမ့်အိန္ဒြေခင်၊ ညီသုတနဲ့ Helen တို့ သုံးယောက်တင်ဆက်တဲ့ Children Classical Guitar Recital ကို Goethe-Institut မြန်မာပွဲခန်းမမှာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကနေပြီး ကလေးတွေရဲ့ရင်ထဲကအလှတရားတစ်ခုခုကို ကျွန်တော်တို့ဖမ်းဆုပ်ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
 
  • ပွဲစီစဉ်သူ ဆရာမြင့်သန်းထွန်းနှင့်ကိုကိုင်ဇာတင်မုံ ©Goethe-Institut Myanmar

    ပွဲစီစဉ်သူ ဆရာမြင့်သန်းထွန်းနှင့်ကိုကိုင်ဇာတင်မုံ

  • သိမ့်အိန္ဒြေခင် ©Goethe-Institut Myanmar

    သိမ့်အိန္ဒြေခင်

  • ဟယ်လင် ©Goethe-Institut Myanmar

    ဟယ်လင်

  • ညီသုတ ©Goethe-Institut Myanmar

    ညီသုတ

ဒေါ်နယ်ဖြိုး၏ ပွဲအပေါ်အမြင်

နိုဝင်ဘာ (၂၆) ရက်နေ့နေ့လည်ပိုင်းကမိုးရွာနေသဖြင့် ပွဲကိုမသွားတော့ဘူးဟုစဥ်းစားမိသေးသည်။ သို့သော် ယခုလိုကာလတွင် ကလေးတွေတီးမည့်ပွဲဖြစ်သဖြင့် Children Classical Guitar Recital သို့ရောက်ခဲ့ပါသည်။ ယခင်နှစ်များက တစ်ချို့ဂီတသင်တန်းကျောင်းများတွင်အခါအားလျော်စွာကျင်းပပေးလေ့ရှိသည့် student recital လောက်ဖြစ်လိမ့်မည်ဟု ခပ်ဖေါ့ဖေါ့အတွေးဖြင့် Goethe-Institut သို့ရောက်ခဲ့ပါသည်။ Goethe-Institut ၏ concert hall ထဲသို့ရောက်သောအခါ ရိုးရိုးရှင်းရှင်းသေသေသပ်သပ်ပြင်ဆင်ထားမှုကြောင့် တခြား student recital များနှင့် အနည်းငယ်ကွာခြားမှုရှိနေသည်ဟု စိတ်ထဲမှထင်မိသည်။ မိဘများက သူတို့၏သားသမီးများကိုခေါ်လာကြသဖြင့် ခုံထက်ဝက်ခန့်မှာ ကလေးများဖြစ်နေပြီး ကလေးများကောင်းစွာကြည့်ရှုနိုင်ရန် ကလေးများကိုအရှေပိုင်းခုံတန်းများတွင်သပ်သပ်စီစဥ်ထားပေးသဖြင့် ကလေးများစုဝေးပြီး ဆော့ကြ၊ အော်ကြ၊ ဝရုန်းသုန်းကားများဖြစ်တော့မည်ဟုထင်လိုက်မိသေးသည်။ သို့သော် ပွဲစချိန်တွင်ကလေးများထိုင်နေသောနေရာမှ ပွဲကိုအနှောက်အယှက်ဖြစ်စေသော အရာများတစ်ခုမျှမပေါ်ပေါက်ခဲ့ပေ။ ပွဲစီစဥ်သူတို့၏စိတ်ကူးဖြစ်သော ကလေးများအတွက် ကလေးများက Classical Guitar ကိုတီးပြစေခြင်းဆိုသောရည်ရွယ်ချက်မှာ လုံးဝအောင်မြင်သည်ဟုပြောနိုင်ပါသည်။ ပွဲကိုလာသော ပရိတ်သတ်ထဲတွင် လူငယ်အရေအတွက်ပိုများသည်ဟုထင်ပါသည်။ ထိုအချက်သည် လူငယ်များ classical music ကို အရင်ထက်ပိုပြီးစိတ်ဝင်စားလာသည်ဟုပြောနိုင်သောအချက်ဖြစ်ပါသည်။ ကိုနေဝင်း(မောင့်လပြည့်ဝန်း)၊ ကိုမြင့်မိုးအောင်ကဲ့သို့ ပညာရှင်များက ကလေးများတီးခတ်သည့်ပွဲသို့လာရောက်အားပေးသည်မှာ ကလေးများဆက်လက်ကြိုးစားနိုင်ရန် စိတ်ခွန်အားပေးမှုမျိုးဖြစ်ပြီး တနည်းအားဖြင့်လက်ဆင့်ကမ်းလိုစိတ်ရှိသော လူကြီးလူကောင်းတို့၏အပြုအမူဟုထင်ပါသည်။ ထိုနေ့ကတီးခတ်ဖျော်ဖြေမှုမှာ ထင်ထားတာထက်ပိုပြီး ကောင်းမွန်ခဲ့ပါသည်။ ထိုနေ့က ကလေးများ၏တီးခတ်မှုမှာ လူကြီးများကဲ့သို့ ထယ်ဝါမှုမရှိသော်လည်း ဖြူစင်ရိုးသားမှုကိုမြင်တွေ့ခံစားရပါသည်။ ကလေးများ၏ရင်ထဲမှသန့်စင်မှုကို ပရိတ်သတ်များ ကလေးများ၏ဂစ်တာသံမှတစ်ဆင့်ကြားသိခဲ့ရပါသည်။ အနာဂါတ်လူ့ဘောင်လှပနိုင်ရန် လက်ရှိကလေးများအားလုံး အသိပညာ၊ အတတ်ပညာရှိဖို့အပြင် ကလေးများ၏နှလုံးသားများဖြူစင်ရန်လိုအပ်ပါသည်။ အနုပညာဖြင့် ကလေးများ၏စိတ်နှလုံးသားကိုသန့်စင်ပေးရန်ရည်ရွယ်ကာ Children Classical Guitar Recital ကိုအောင်အောင်မြင်မြင်စီစဥ်တင်ဆက်ပေးခဲ့သော အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်များအားကျေးဇူးတင်ပါသည်။