အလုပ်ခေါ်စာ
ဘာသာစကားသင်တန်းများနှင့် စာမေးပွဲများ တာဝန်ခံ (ကျောင်းသားရေးရာဌာန) (M/F/D)
နေရာ။ ။ Goethe-Institut မြန်မာ
အလုပ်ချိန်။ ။ အချိန်ပြည့်
Goethe-Institut သည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၏ တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက်တည်ရှိနေသည့် ယဥ်ကျေးမှုအင်စတီကျုတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေနှင့် နိုင်ငံရပ်ခြားတွင် ဂျာမန်ဘာသာစကားတတ်ကျွမ်းမှုကို မြှင့်တင်ပေးပြီး၊ နိုင်ငံတကာ ယဥ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပါသည်။ ဂျာမနီနိုင်ငံက ယဥ်ကျေးမှု၊ လူမှုအသိုင်းအ၀ိုင်းနှင့် နိုင်ငံရေးဘ၀များအကြောင်း သတင်းအချက်အလက်များမှတဆင့် ဂျာမနီနိုင်ငံ၏ပုံရိပ်ကို ဘက်ပေါင်းစုံမှ ကျွန်ုပ်တို့ ထင်ဟပ်ပြသပါသည်။ ကျွန်ုပ်တို့၏ ယဥ်ကျေးမှုနှင့် ပညာရေးအစီအစဥ်များက ယဥ်ကျေးမှုစုံ ဒိုင်ယာလော့ဂ်နှင့် ယဥ်ကျေးမှုအရ ပါဝင်မှုကို အထောက်အကူပေးပါသည်။
၂၀၂၆ ခုနှစ်၊ မေလ (၁၅)ရက်နေ့ မှစတင်ကာ တာဝန်ထမ်းဆောင်နိုင်မည့် ဘာသာစကားသင်တန်းများနှင့် စာမေးပွဲများ တာဝန်ခံ (ကျောင်းသားရေးရာဌာန) ကို ကျွန်ုပ်တို့ ရှာဖွေနေပါသည်။
လုပ်ငန်းတာဝန်များ
- ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်လိုသူများကို အကြံပေးဆွေးနွေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း
- သင်တန်းသား၊ သင်တန်းသူဆိုင်ရာ စီမံခန့်ခွဲခြင်း
- ဘာသာစကားသင်တန်းများနှင့် စာမေးပွဲများ စီမံခန့်ခွဲရေး လုပ်ငန်းများ
- စာရင်းကိုင်လုပ်ငန်းများ − ငွေစာရင်းရှင်းတမ်းများ ဆောင်ရွက်ခြင်း၊ ဆရာ/ဆရာမများ၏ လစာတွက်ချက်ပေးချေခြင်း
- အခြားဌာနများနှင့်အပြန်အလှန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနများနှင့် ပုံမှန် ဆက်သွယ်ညှိနှိုင်းခြင်း
- ဘာသာစကားသင်တန်းများ၊ ဂျာမန်ဘာသာစကားအဆင့်စစ်ဆေးခြင်း စာမေးပွဲများ၊ ဂျာမန်ဘာသာစကားစာမေးပွဲများကို အချိန်ဇယားရေးဆွဲစီမံခန့်ခွဲခြင်း၊ စာရင်းသွင်းလက်ခံခြင်း၊ စာသင်ခန်းများ စီစဉ်ခြင်းနှင့် ဆရာ/ဆရာမ အချိန်ဇယား စီစဉ်ခြင်း
- ပရောဂျက်များပြုလုပ်ရာတွင် အကြောင်းအရာပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း၊ ပရောဂျက်ပြီးစီးသည့်နောက် လုပ်ငန်းစဉ်များကို ပြန်လည်စီစစ်ခြင်း၊ ကြော်ငြာလုပ်ငန်းများ ဆောင်ရွက်ခြင်း
- ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၊ ဘာသာစကားဌာန၏ လူမှုမီဒီယာ တည်ရှိမှုကို စီမံခန့်ခွဲခြင်း၊ ပြပွဲများနှင့် အခမ်းအနားများတွင် ထောက်ပံ့ကူညီခြင်း
- အထွေထွေ ရုံးလုပ်ငန်းများ
- လိပ်စာဒေတာဘေ့စ်ကို ထိန်းသိမ်းစီမံခန့်ခွဲခြင်းနှင့် ပရော့ဂျက်ရေးဆွဲရေး ဆော့ဖ်ဝဲများ (OSKA, PPS, Doxis) နှင့် အခြားစနစ်များကို အသုံးပြုလုပ်ကိုင်ခြင်း
အောက်ပါအရည်အချင်းများနှင့် ပြည့်မှီသူများ လျှောက်ထားနိုင်ပါသည်။
- တက္ကသိုလ်ဘွဲ့ ရရှိပြီး၊ သို့မဟုတ် ဤနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃–၅ နှစ် ရှိခြင်း
- ရုံးလုပ်ငန်းသုံး Software များဖြစ်သည့် Outlook, Word, Excel, PowerPoint နှင့် အင်တာနက်စသည်တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို စိတ်ဝင်စားနားလည်ခြင်း
- မြန်မာဘာသာစကားကို မိခင်ဘာသာစကားအဆင့်ဖြင့် အလွန်ကောင်းမွန်စွာ ပြောဆိုသိရှိနိုင်ခြင်း၊ ဂျာမန်နှင့် အင်္ဂလိပ်ဘာသာစကားတို့ကိုလည်း အနည်းဆုံး B1 အဆင့်ဖြင့် အလွန်ကောင်းမွန်စွာ ပြောဆိုသိရှိနိုင်ခြင်း
- Customer ဝန်ဆောင်မှုလုပ်ငန်းနှင့် customer အခြေပြု အလုပ်လုပ်ကိုင်ရခြင်းကို နှစ်သက်စိတ်ပါဝင်စားမှုရှိခြင်း
- လေ့လာသင်ယူလိုစိတ် မြင့်မားခြင်းနှင့် ကိုယ်တိုင် စတင်လုပ်ဆောင်နိုင်သော စိတ်ဓာတ်ရှိခြင်း
- စနစ်တကျ၊ ကိုယ်တိုင်တာဝန်ယူပြီး လွတ်လပ်စွာ အလုပ်လုပ်နိုင်ခြင်း
- အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သော စွမ်းရည်ကောင်းမွန်ခြင်းနှင့် ဆက်သွယ်ရေးစွမ်းရည် အားကောင်းခြင်း
- အလုပ်ချိန်ပြောင်းလဲနိုင်မှု၊ ဖိအားကို ခံနိုင်ရည်ရှိမှုနှင့် တာဝန်ယူဆောင်ရွက်လိုစိတ်ရှိခြင်း (ညနေခင်းများနှင့် စနေ၊ တနင်္ဂနွေများတွင်ပါ အလုပ်လုပ်နိုင်ရမည်)
အလုပ်လျှောက်ထားခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ
လျှောက်ထားလိုသူများသည် မိမိတို့၏ ကိုယ်ရေးအကျဉ်းနှင့် motivation letter ကို ဂျာမန်ဘာသာစကားဖြင့် ထောက်ခံစာ ၂ စောင်နှင့်အတူ hr-yangon@goethe.de သို့ အီးမေးလ်ဖြင့် ပေးပို့ရပါမည်။ ထို့အပြင် ထောက်ခံသူ ၂ ဦး၏ ဆက်သွယ်ရန်အချက်အလက်များနှင့် ၎င်းတို့၏ ထောက်ခံစာများကိုလည်း ထည့်သွင်းပေးပို့ပါ။ဤရာထူးအတွက် လျှောက်လွှာပေးပို့ရမည့် နောက်ဆုံးနေ့မှာ ၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက်၊ ည ၈ နာရီ ဖြစ်ပါသည်။ အချက်အလက်များ မပြည့်စုံသည့် လျှောက်လွှာများ သို့မဟုတ် သတ်မှတ်ရက်အပြီး ရောက်ရှိလာသော လျှောက်လွှာများကို စဉ်းစားမည် မဟုတ်ပါ။