ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပညာရေး
“စာသင်ကျောင်းဗဟုသုတကိုကျွန်ုပ်တို့မဝေငှပါ။”

မြူးနစ်မြို့ Mittelschule am Winthirplatz အလယ်တန်းကျောင်းမှ ကျောင်းသားများက “Politik im Freien Theater” ပွဲတော်၌ တင်ဆက်ခဲ့သော “Cinderella in a Box/သေတ္တာထဲရှိစင်ဒရဲလား” ပြဇာတ်
မြူးနစ်မြို့ Mittelschule am Winthirplatz အလယ်တန်းကျောင်းမှ ကျောင်းသားများက “Politik im Freien Theater” ပွဲတော်၌ တင်ဆက်ခဲ့သော “Cinderella in a Box/သေတ္တာထဲရှိစင်ဒရဲလား” ပြဇာတ် | Foto (Zuschnitt): ©Seitz/Bahro

“Politik im Freien Theater” ဟု သိရှိကြသော ဂျာမနီနိုင်ငံရှိ ပြဇာတ်ပွဲတော်သည် လူငယ်လူရွယ်များ နိုင်ငံရေးကိစ္စရပ်များကို ကိုင်တွယ်ပြသော အခမဲ့ဇာတ်သဘင်ပွဲတော်တစ်ခုဖြစ်သည်။ ကျောင်းကမလုပ်နိုင်ပဲ ဇာတ်သဘင်ကလုပ်ဆောင်နိုင်သောအရာက အဘယ်နည်း။ “ပြဇာတ်ရဲ့သဘောက ဆွေးနွေးဖို့ တွန်းအားပေးသလို၊ ဝင်ရောက်ဆွေးနွေးဖို့ကိုလည်းလမ်းဖောက်ပေးတယ်။” ဟု ပြဇာတ်ဆရာမ Anne Paffenholz က ပြောကြားသည်။

ဂျာမနီနိုင်ငံ၏ Federal Agency for Civic Education (နိုင်ငံသားနှင့်ဆိုင်သောပညာရေးဖက်ဒရယ်ဌာန(bpb))က စီစဉ်ကျင်းပသော “Politik im Freien Theater” ဇာတ်သဘင်ပွဲတော်ကို ကျင်းပလာသည်မှာ နှစ်ပေါင်း ၃၀ ရှိပါပြီ။ ၂၀၁၈ ခုနှစ်တွင် Munich မြို့၌ ၁၀ ကြိမ် မြောက်ပွဲတော်ကိုကျင်းပခဲ့ရာ ကလေးသူငယ်နှင့်လူငယ်လူရွယ် ၈၀၀ ကျော် တက်ရောက်ကာ နိုင်ငံရေးအကြောင်းအရာများကို အဓိကထားတင်ပြရန် အတူတကွလာရောက်ခဲ့ကြသည်။ အောက်ပါတွေ့ဆုံဆွေးနွေးမှုမှာ bpb အတိုင်ပင်ခံနှင့် ဇာတ်သဘင်ဆရာမ Anne Paffenholz နှင့် တွေ့ဆုံဆွေး နွေးမှုဖြစ်သည်။

Ms Paffenholz ရှင်က “Politik im Freien Theater” ဇာတ်သဘင်ပွဲတော်ရဲ့ လူငယ်နဲ့ကျောင်းအစီအစဉ်ကို ညွှန်ကြားခဲ့တယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေအတွက် အဲလိုကျယ်ပြန့်တဲ့အစီအစဉ်တစ်ခုကို ထည့်သွင်းကျင်းပတာပထမဆုံးပဲ။ ဘာဖြစ်လို့ ရှင့်က ကဏ္ဍတွေထပ်တိုးချဲ့ခဲ့တာလဲ။

၂၀၁၄ ခုနှစ်က Freiburg မြို့မှာ အရင်ကျင်းပတဲ့ပွဲတော်က ဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပွဲတော်တွေကျင်းပဖို့ တောင်းဆိုမှုမြင့်မားနေမှန်း တွေ့ လိုက်ရတယ်။ ဒီတစ်ကြိမ်မှာတော့ တွဲဖက်အဖွဲ့အစည်းတွေ၊ အနုပညာသည်အမြောက်အမြားနဲ့ တွဲဖက်လုပ်ကိုင်ပြီး နိုင်ငံရေးနဲ့ယဉ်ကျေးမှုပညာရေးကို ကျွန်မတို့ချိတ်ဆက်ခဲ့ကြတယ်။ ပွဲတော်ရဲ့အကြောင်းအရာက “ကြွယ်ဝမှု” ပါ။ အကြောင်းအရာကို သူ့ရဲ့ ပါဝင်အစိတ်အပိုင်းတွေအဖြစ် ကျွန်မတို့ကခွဲထုတ်လိုက်ပြီး၊ အားလပ်ရက်အလုပ်ရုံတွေနဲ့ စာသင်ကျောင်းပရောဂျက်တွေမှာ အဲဒီအကြောင်းအရာကို ပြန်လည်ပြီးတည်ဆောက်ခဲ့ကြပါတယ်။
 
အဲဒါက ဘယ်လို ပုံသဏ္ဌာန်မျိုးတွေရှိသလဲ။

ရုပ်ရှင်တွေရိုက်တယ်။ လူသားဇာတ်ဆောင်တွေ၊ ရုပ်သေးရုပ်တွေနဲ့ စင်တင်ပြဇာတ်တစ်ခုကို ဖန်တီးတယ်။ နဂိုကထက်အရည်အသွေးမြင့်ထားတဲ့ဇာတ်လမ်းတွေကို စင်မြင့်တွေမှာပြောပြတယ်။ သီချင်းစာသားတွေကို ရေးတယ်။ ပရိသတ်ရှေ့ တင်ဆက်တယ်။ အသံသွင်းတယ်။ အဲဒါတွေအားလုံးကို အနုပညာသည်တွေရဲ့ လမ်းညွှန်ချက်အတိုင်းလုပ်တယ်။ လူငယ်တွေက ကိုယ်ထူကိုယ်ထဌာနတွေ၊ အစားအသောက်ဘဏ်တွေ ဒါမှမဟုတ် စွပ်ပြုတ်မီးဖိုချောင်တွေကို သွားကြည့်ကြဖို့ ဧည့်လမ်းညွှန်ထည့်ပေးထားတဲ့ခရီးစဉ်အစီအစဉ်လည်းရှိတယ်။
 
စာသင်ကျောင်းမှာ မလုပ်ပေးနိုင်တဲ့ နိုင်ငံရေးဆိုင်ရာပညာရေးအတွက် ဇာတ်သဘင်က ဘာကိုလုပ်ပေးနိုင်သလဲ။

ဇာတ်သဘင်မှာ အကြောင်းအရာတွေကို လုံးဝဥဿုံယုတ္တိတန်တဲ့ ပုံစံမျိုးနဲ့ မကိုင်တွယ်ဘူး။ ဇာတ်သဘင်ဆိုတာ ရုပ်ပိုင်းပိုဆန်တယ်၊ စိတ်လှုပ်ရှားမှုပိုပြင်းထန်တဲ့ ကြားခံနယ်တစ်ခုပါ။ အထူးသဖြင့်တော့ လူငယ်တွေအတွက် ဆွေးနွေးချက်ကို ချက်ချင်းဖြစ်စေတယ်။ ပါဝင်ဆွေးနွေးဖို့ရအောင်လည်း ဖန်တီးပေးတယ်။ ကျွန်မတို့က စာသင်ကျောင်းဗဟုသုတကို မဖြန့်ဝေဘူး၊ နောက်ပိုင်းမှာ သူတို့ကို အဲဒါနဲ့ပတ်သက်ပြီး စာမေးပွဲစစ်ဆေးမှာမဟုတ်ဘူး။ ပုံမှန်ဖြေနေကျကျောင်းအဖြေတွေကို ကျွန်မတို့ကမျှော်လင့်မထားဘူးလို့ ကလေး တွေကို ကျွန်မတို့က ရှင်းလင်းအောင်ပြောပြထားတယ်။ သူတို့ကို ကျွန်မတို့ ဖြစ်စေချင်တာက သူတို့ကိုယ်ပိုင်အယူအဆကို ထူထောင်ဖို့၊ အခြားသူတွေရဲ့အယူအဆတွေကို အသိမှတ်ပြုစေဖို့ပါ။ အဲဒါက အဆင်ပြေတယ်။ ကျွန်မတို့ တုန့်ပြန်မှုကောင်းတွေ အများကြီးပဲ ရတယ်။
 
bpb အကြံပေး Anne Paffenholz နှင့် ပူးပေါင်းကျင်းပခဲ့သည့် “မနက်ဖြန်၏သန်းကြွယ်သူဌေးများ” ဆွေးနွေးပွဲ။  bpb အကြံပေး Anne Paffenholz နှင့် ပူးပေါင်းကျင်းပခဲ့သည့် “မနက်ဖြန်၏သန်းကြွယ်သူဌေးများ” ဆွေးနွေးပွဲ။ | Foto: © Gianmarco Bresadola ရှင့်ရဲ့ကိုယ်ပိုင်ပွဲတော်လက်ရာ နမူနာတစ်ခုလောက် ပြောပြနိုင်မလား။ 

လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့အတူ “မနက်ဖြန်၏ သန်းကြွယ်သူဌေးများ”ဆိုတဲ့ အကြောင်းပေါ်မှာ ကျွန်မအလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်တယ်။ အဲဒီမှာကျောင်းသူ ကျောင်းသားတွေက ချမ်းသာခြင်းရဲ့အဓိပ္ပါယ်ကို အနီးကပ်ကြည့်ရှုနိုင်မယ်။ စာသားဖြတ်ညှပ်ကပ်ပုံဖော်မှုတွေ၊ ဂီတ၊ ရုပ်သေးနဲ့ အရာဝတ္ထုပြဇာတ်တွေနဲ့ တိုက်ရိုက်အနီးကပ်သင်ပြပေးမှုတစ်မျိုးကို ထုတ်လုပ်ခဲ့တယ်။ ကျောင်းသူတစ်ယောက်က “ကျွန်မ မချမ်းသာချင်ဘူး။ လူချမ်းသာတွေက မကောင်းကြဘူး” လို့ ပြောတယ်။ အဲဒီလိုဝေဖန်ချက်တွေက ကနဦး စတင်မှတ်ပဲ။ ဒီလိုမှတ်ချက်မျိုးတွေဟာ (တနည်းပြောရရင်) အကြောင်းအရာနဲ့ပတ်သက်ပြီး ရှင်းလင်းလာအောင် ပိုမိုကြာမြင့်တဲ့ဆွေးနွေးပြောဆိုမှုတွေရဲ့ နိဒါန်းပဲ။
 
အစောပိုင်းတုန်းက တုံ့ပြန်မှုအကြောင်း ရှင်ပြောပြထားတယ်။ ဘယ်လိုမှတ်ချက်စကားမျိုးတွေကို ရှင်ရခဲ့သလဲ။

ကျွန်မတို့ တကယ့်ကိုပဲ ကျွန်မတို့ရဲ့ချဉ်းကပ်ပုံကို အသုံးပြုပြီး သူရဲကျောင်းသူကျောင်းသား တွေဆီကိုရောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆရာတစ်ယောက်ကပြောတယ်။ ကျွန်မတို့က ပုံမှန်ဆိုဖြစ်လာမှာမဟုတ်တဲ့ ဆွေးနွေးမှုတွေဖြစ်လာအောင်လုပ်နိုင်ခဲ့တယ်လို့ သူကပြောတယ်။ ကလေးတွေဆီကနေလည်း ကျွန်မတို့ ဒီလိုစကားမျိုး ကြားတယ်။ “ဒီလိုနေရာမျိုးမှာသင်ရတာ ပျော်စရာကောင်းတယ်။”
 
 
ပွဲတော်ရဲ့အစီအစဉ်ထဲမှာ “ယဉ်ကျေးမှုကမ္ဘာဆန်လာခြင်းအချိန်အခါ၌ ယဉ်ကျေးမှုတစ်ခုမကပါဝင်သောပညာရေး” အကြောင်း လူငယ်အလုပ်ရုံတစ်ခုပါပြီး၊ အဲဒါကို ရှင်က Goethe-Institut နဲ့ ပူးပေါင်းပြီး စင်တင်တယ်။ စိတ်ကူးက “အနာဂတ်ရဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းများ” ဆိုတဲ့အကြောင်းအရာကို ဆွေးနွေးဖို့ပါ။ ဒါပေမဲ့ “ယဉ်ကျေးမှုတစ်ခုမကပါဝင် ယှက်နွယ်မှု”လို သဘောတရားမျိုးတစ်ခုက အမှန်တကယ်ပဲ ဆယ်ကျော်သက်တွေအတွက် တစ်စုံတစ်ရာအဓိပ္ပါယ်ရှိနေလား။ 

အဲဒါကို ချက်ချင်းကြီးတော့ နားလည်သဘောပေါက်မှာ မဟုတ်မှန်း သေချာတယ်။ ဒါပေမဲ့ ရှင်းလင်းပြောပြမယ်ဆိုရင် လွယ်လင့်တကူနားလည်နိုင်တယ်။ လူငယ်တွေက သူတို့ဘေးဝန်းကျင်ကို ကြည့်ဖို့ပဲလိုတာ။ ဆိုလိုတာက - ကျောင်းမှာရှိတဲ့ လူတိုင်းက နောက်ခံအကြောင်းအရာအတူတူရှိကြလား၊ လူမှုပေါင်းသင်းဆက်ဆံရေးအစွမ်းတွေရော အတူတူပဲလား။ အထူးသဖြင့် ယဉ်ကျေးမှုနဲ့ ပြဇာတ်ပိုင်းဆိုင်ရာမှာ - သူတို့ဘယ်လိုခြားနားသလဲ။ ဘယ်လိုခြားနားတဲ့လိုအပ်မှုတွေ သူတို့လိုအပ်သလဲ။ ကျွန်မတို့အတွက်တော့ အဓိကအချက်က လူငယ်တွေဟာ ဘဝနေထိုင်မှုအမျိုးမျိုးနဲ့ အတ္ထုပ္ပတ္တိတွေအများကြီးရှိတယ်ဆိုတာနဲ့ ဒီလိုမတူကွဲပြားမှုကို ယဉ်ကျေးမှုဘဝမှာ ထင်ဟပ်ပြထားတယ်ဆိုတာ လေ့လာသင့်ပါတယ်။ 
“မနက်ဖြန်၏သန်းကြွယ်သူဌေးများ” နောက်ဆုံးတင်ဆက်မှုမှ ကျောင်းသားများ။ “မနက်ဖြန်၏သန်းကြွယ်သူဌေးများ” နောက်ဆုံးတင်ဆက်မှုမှ ကျောင်းသားများ။ | Foto: © Gianmarco Bresadola ဒါဆို သူတို့အဲဒါကို တန်ဖိုးထားတတ်ဖို့ သင်ယူသင့်တာပေါ့။
 
အဲဒါလည်းဟုတ်တယ်။ ကျွန်မလုပ်နေတဲ့အလုပ်မှာလည်း ယဉ်ကျေးမှုတစ်ခုမကပါဝင်ယှက်နွယ်မှုကို ကျွန်မတွေ့ ကြုံဖူးပါတယ်။ အနုပညာပရောဂျက်တွေနဲ့ bpb မှာ နိုင်ငံအသီးသီးက ရှေ့နေတွေ၊ အနုပညာပိုင်းအဆင့်မြင့်ပညာရှင်တွေ၊ ဂီတပညာရှင်တွေနဲ့ ကျွန်မ အလုပ်တွဲလုပ်ပါတယ်။ အဲဒါ တကယ့်ကို ရလဒ်ကောင်းပါတယ်။ ယဉ်ကျေးမှုတစ်ခုမကပါဝင်ပတ်သက်တဲ့အလုပ်ဆိုတာ တကယ်တော့ ပဋိပက္ခတွေရှိနိုင်တာပေါ့။ တစ်ခါတလေဆို ရှင်က ရှင့်ရဲ့ဉာဏ်ပညာပိုင်းအထီးကျန်မှုထဲမှာ ပိတ်မိနေမယ်ဆိုရင် ပိုပြီးခက်ခဲတာပေါ့။ ဒါပေမဲ့ လူအဖွဲ့အစည်းက ရောနှောမှုကိုလိုအပ်တာ။ အမြင်တွေဖလှယ်မှု၊ အကျယ်တဝင့်ရေးသားချက်တွေနဲ့ မတူကွဲပြားမှုကို လိုအပ်တာ။ ကျွန်မရဲ့ရည်ရွယ်ချက်က ဒီအားသာချက်တွေကို ကလေးတွေနဲ့လူငယ်လူရွယ်တွေဆီ ဇာတ်သဘင်လက်ရာကနေ ကူးလူးဆက်ဆံပေးချင်တာပါ။ ဒါမှလည်း သူတို့အမြင်ရှုထောင့်အမျိုးမျိုးကိုရဖို့ အထောက်အကူဖြစ်မယ်။ ယဉ်ကျေးမှုတွေအပြန်အလှန်ထိစပ်ပြီး လူတိုင်းအတွက် အကျိုးအမြတ်တွေရှိတာကိုလည်း သိနိုင်မယ်လေ။