မြို့ပြလမ်းညွှန်။ ။Hamburg
ခေတ်ဆန်ပြီးမိမိုက်ခြင်း၊ ကိုယ်ပိုင်မူရှိခြင်းနှင့် ဖော်ရွေခြင်းတို့နှင့်ပြည့်နှက်နေသည့် Hamburg

အရောင်စုံသော ဘိုဟီးမီးယန်း Sankt Pauli ရပ်ကွက်။
အရောင်စုံသော ဘိုဟီးမီးယန်း Sankt Pauli ရပ်ကွက်။ | ဓါတ်ပုံ : © picture alliance/Helmut Meyer zur Capellen/imageBROKER

ကောလဟလများအရ အယ်လ်စတာ (Alster) နှင့်အယ်ဘာ (Elbe) မြစ်များကြားရှိ ယခင်ဟန်ဇေယတစ်လိဂ် (Hanseatic League) မြို့တွင်နေထိုင်သူများသည် သင်္ဘောသားကြိုးငင်သီချင်းများကိုနားဆင်ပြီး “လပ်စခေါက်စ်” (Labskaus) ဟင်းပွဲကိုစားသုံးကာ အတော်အသင့်စကားနည်းကြသည်။ ထိုအချင်းအရာနှင့်ပတ်သတ်၍ အမှန်တရားအချို့လည်းရှိသည်။ သို့သော် ဟန်းဘုခ် (Hamburg) မြို့မှလူများသည်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဂီတအမျိုးမျိုးကိုပိုင်နိုင်သူများ၊ ကိုယ်ပိုင်အမြင်ရှိကြသူများဖြစ်ကြပြီး သူတို့၏သမိုင်းနှင့်ပတ်သက်၍ ချဲ့ကားထားခြင်းမရှိသောအမြင်လည်းရှိကြ၏။ စာရေးဆရာ အင်ဂို ရှီးလ် (Ingo Scheel) က ကျွန်ုပ်တို့ကို “Tor Zur Welt” (ထိုလ် စူဝါ ဗယ့်ထ်) (ကမ္ဘာကြီးသို့ အဝင်ဝတံခါး) ဆီသို့ အလည်အပတ်ခေါ်သွားမည်ဖြစ်သည်။
 

ရေးသားသူ​ Ingo Scheel

အမုန်းမှ အချစ်သို့ ပြောင်းသွားခြင်း။   ။အယ်လ်ဖီလ်ဟာမိုနီ (Elbphilharmonie)

The anger and frustration at the endless Elbphilharmonie project has turn into pride and pleasure.
The anger and frustration at the endless Elbphilharmonie project has turn into pride and pleasure. | Photo (detail): © picture alliance/Westend61/Kerstin Bittner
အယ်လ်ဖီလ်ဟာမိုနီ (Elbphilharmonie) သည် နှစ်ပေါင်းများစွာကြာအောင် အငြင်းပွားမှု၏အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။ ဆန်းစစ်ဝေဖန်သူများက အဆောက်အဦးသည်အလွန်ထုထည်ကြီးပြီး ဆောက်လုပ်ရေးကုန်ကျစရိတ်မှာအလွန်ဈေးကြီးကာ စီမံကိန်းသည်လည်းအလွန်ကြီးမားကြောင်း ပြောခဲ့ကြသည်။ သို့သော်လည်း ပြီးမြောက်သွားသည်နှင့် ဒေသခံများအခေါ်အဝေါ်အရ အယ်လ်ဖီ (Elphi) သည် ၎င်း၏ကိုယ်ပိုင်သမိုင်းကို စတင်ရေးထိုးခဲ့ပြီး ခမ်းနားထည်ဝါသောတေးဂီတဖျော်ဖြေခန်းမတံခါးများဖွင့်သည့်ခဏမှာပင် ဒေသခံများသဘောကျစပြုလာခဲ့ကြသည်။ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဂန္ဓဝင်တေးဂီတများနှင့်အတူ ထိုပွဲကျင်းပရာခန်းမကြီးသည် ၎င်း၏စင်မြင့်ထက်တွင် ရော့ခ်၊ ပေါ့ပ်နှင့် အင်ဒီးအနုပညာရှင်များကိုလည်း လှိုက်လှဲစွာ ကြိုဆိုသေးသည်။ ဖျော်ဖြေသူများတွင် ကျေးလက်ရိုးရာ တေးရေး၊ တေးဆို အန်နာ ထဲန်ဟိုင်းမ် (Anna Ternheim)၊ ဂျိန်းစ် ဘလန့် (James Blunt) နှင့် သူ၏ကိုရိုနာတေးဂီတဖျော်ဖြေပွဲနှင့် ဘာ့တ် ဘချာရာ့ (Burt Bacharach) နှင့်အတူ သူ၏ဘဝတစ်သက်တာလက်ရာများအထူးပွဲတို့ပါဝင်ကြသည်။  အယ်လ်ဖီ (Elphi) ၏အရွဲ့တိုက်သလိုဖြစ်ခဲ့သည့်မယုံနိုင်ဖွယ်ရာလှည့်ကွက်တစ်ခုတွင် “အဆောက်အုံအသစ်များ ပြိုကျသည်” ဟု အကြမ်းဖျဉ်းဘာသာပြန်နိုင်သည့် နာမည်ရသော အိုင်းရှထွတ်ဇန်ဒါ နွိုင်းဘောင်းတန်း (Einstürzende Neubauten) ခေတ်ပေါ်တေးဂီတအဖွဲ့ ဖျော်ဖြေရေးခန်းမကျယ်ကြီးထဲ၌ စတင်တီးခတ်ကြစဉ် အနောက်ဥရောပ၌အရှည်လျားဆုံး၊ အကောက်အကွေ့အများဆုံးစက်လှေကားကြီးမှာ စက်ရပ်သွားဖို့ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။
 

ညအချိန်သည်ထူးဆန်းထွေလာကမ္ဘာအဖြစ်ပြောင်းသွားသောအခါ။

See Venice in breath-taking detail on a visit to Minatur Wunderland.
See Venice in breath-taking detail on a visit to Minatur Wunderland. | Photo (detail): © picture alliance/dpa/Georg Wendt
မီနီရာထူရဲလ် ဗော့န်ဒါလန့် (Miniatur Wunderland) သည် စိတ်ကူးပုံကြမ်းတစ်ခုဖြစ်ခဲ့စဉ်ကပင် နောက်ကွယ်၌ပရိသတ်များရှိခဲ့သည်။ ယခင်က နိုက်ကလပ်နှင့်တေးဂီတထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်နှင့် ဗော့န်ဒါလန့် (Wunderland) တည်ထောင်သူ ဖရီးဒရစ်ခ် ဘရောင်း (Frederik Braun) တို့သည် ဟန်းဘုခ် (Hamburg) ၏သမိုင်းကြောင်းကြီးသောကုန်လှောင်ရုံခရိုင်ဖြစ်သည့် ရှပိုက်ချာရှတက်တ် (Speicherstadt) တွင် ကမ္ဘာ့အကြီးဆုံးမီးရထားလမ်းပုံစံ တည်ဆောက်ရန်စိတ်ကူးကို ၂၀၀၀ ခုနှစ်၌ ဇူးရစ်မြို့ (Zurich) ရှိ မီးရထားပုံစံငယ်စတိုးဆိုင်ကိုအလည်ရောက်ခဲ့ပြီးနောက် တွေးမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် အွန်လိုင်းစစ်တမ်းကောက်ယူချက်တစ်ခုကိုတင်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော်သည် အဆိုပြုထားသောရှုခင်းများထဲမှ ဟန်းဘုခ် (Hamburg) သို့ခရီးတစ်ခေါက်ရောက်ခဲ့လျှင် သူတို့အလည်သွားချင်ဆုံးဖြစ်သည့် စိတ်ကူးယဉ်ဆန်သောရှုခင်း ၄၅ ခုကို မှတ်ချက်ပြုခဲ့ကြသည်။ အဆိုပါ စိတ်ကူးယဉ်ဆန်သောနေရာများထဲမှတစ်နေရာဖြစ်သည့် မီနီရာထူရဲလ် ဗော့န်ဒါလန့် (Miniatur Wunderland) သည် လာရောက်လည်ပတ်မည့်အမျိုးသားခရီးသွားများအကြားတွင် တတိယနေရာထိရောက်ရှိခဲ့သည်။ ဖရီးဒရစ်ခ် (Frederik) နှင့် သူ့ညီ ဂေရစ်တ် (Gerrit) တို့က သူတို့အကြံအစည်အောင်မြင်ရန် အလားအလာရှိသောလက္ခဏာအဖြစ်မှတ်ယူခဲ့ကြသည်။ ဆယ်စုနှစ် နှစ်ခုမျှကြာပြီးနောက်တွင် အသက်အရွယ်မရွေးသောခရီးသည် ၁.၅ သန်းခန့်သည် ၁၆ ကီလိုမီတာအရှည်ရှိမီးရထားလမ်းကြောင်းပုံစံငယ်ဘေးတွင် စီးတန်းလျက်ရှိသည့်ရုပ်တုငယ်များ၊ အဆောက်အအုံများ၊ မီးရထားရုပ်များနှင့် လေယာဉ်ရုပ်များ နှစ်သိန်းခွဲခန့်ရှိသည့်နေရာကို အံ့ဩချီးဘနန်းဖြစ်ရန် နှစ်စဉ်နှစ်တိုင်းလာရောက်လေ့ရှိကြသည်။ ခရီးသည်များအနေဖြင့် နှစ်လိုဖွယ်ကောင်းစွာတီထွင်ဖန်တီးထားသည့် ခနူးဖင်းဂန်း (Knuffigen) မြို့ပုံစံငယ်အပြင် တကယ့်မြို့တော်များနှင့်တိုက်ကြီးများ၏ပုံတူငယ်လေးများ၌ ၁၅ မိနစ်တစ်ခါ နေ့တစ်လှည့် ညတစ်လှည့်ပြောင်းလဲမှုကိုလည်း တကယ့်ကမ္ဘာအစစ်အတိုင်း ကြည့်ရှုနိုင်မည်ဖြစ်၏။
 

ခြံစည်းရိုးမဟုတ်သော အရံအတားက အိမ်နီးချင်းကောင်းကိုဖန်တီးပေးနိုင်သည်။


Even Lily Allen has taken the stage in Knust on Lattenplatz
Even Lily Allen has taken the stage in Knust on Lattenplatz | Photo (detail): © picture alliance/Jazzarchiv/Rainer Merkel
ဟန်းဘုခ် (Hamburg) ၏ညပွဲလမ်းသဘင်အသွင်အချို့ကိုခံစားရန်ရှာဖွေနေသူများအနေဖြင့် လတ်တန်းဖလာ့ဇ်ရင်ပြင် (Lattenplatz) (ဆန္ဒပြသူရင်ပြင်ဟု အကြမ်းဖျဉ်း ဘာသာပြန်၍ရသည်) တွင် အစပြုလျှင်ကောင်းမည်။ ရာသီဥတုကမည်သို့ပင်ဖြစ်နေပါစေ စနေနေ့တိုင်းဖွင့်သည့်ပစ္စည်းဟောင်းရောင်းသောလဟာပြင်ဈေးများကြောင့်နာမည်ကြီးသည့်ဖလောရှန်းဇာ (Floschanze) ခရိုင်၏ဘေးချင်းကပ်လျက်ရှိ ဟန်းဘုခ် (Hamburg) ၏အလယ်ဗဟိုမှ ကမ္ဘာနှင့်အဝန်းနာမည်ကြီးသော စန့်ခ် ပေါလိ (Sankt Pauli) ခရိုင်တွင် အိမ်ချက်အက်စတြာ (Astra) ဘီယာသည် တစ်နည်းနည်းနှင့်အရသာအကောင်းဆုံး ဖြစ်သည်။ ဟန်းဘုခ် (Hamburg) ၏လူကြိုက်များသောနေရာ ရှတဲန်ရှန်းဇာ (Sternschanze) ၊ မီလန်ထောရ် (Millerntor) အားကစားရုံနှင့် ကာရိုလင်းနန်းဖီးယားတယ် (Karolinenviertel) တို့သည် ကော်ဖီဆိုင်များနှင့်ဖက်ရှင်စတိုးဆိုင်ငယ်များကြောင့်လူသိများပြီး လတ်တန်းဖလာ့ဇ် (Lattenplatz) ရင်ပြင်တွင် စုဆုံနေကြသည်။ ထိုနေရာသည် ဟန်းဘုခ် (Hamburg) သံစဉ်၏ဗဟိုချက်ဖြစ်ပြီး လော်ရာ ကော့ (Laura Cox) နှင့် ဘီလီ ဘရက် (Billy Bragg) ကဲ့သို့ ကမ္ဘာကျော်ပုဂ္ဂိုလ်များနှင့်တန်းတူဖြစ်သည့် ဘန်း ဘယ့်ဂါမန်း (Bernd Begemann) နှင့် ဒီ လီဂါ ဒယ် ဂေ ဂေဗျုန်းနလစ်ချန်း ဂျန်းတဲလ်မန်း (Die Liga der ge gewöhnlichen Gentlemen) (အစဉ်အလာကြီးသည့် ဂုဏ်သရေရှိ လူကြီးမင်းများ အဖွဲ့) ကဲ့သို့သော ဒေသခံသူရဲကောင်းများက စိတ်လှုပ်ရှားဖွယ်ရာ ခနူစ် (Knust) ကလပ်တွင်သီဆိုဖျော်ဖြေကြသည့်နေရာလည်းဖြစ်သည်။ လမ်း၏တခြားတစ်ဖက်တွင် စမောဗီးလ် တေးထုတ်လုပ်ရေး (Smallville Records) နှင့် ဟာဇဲပလာတယ် (Hanseplatte) ဂီတအရောင်းဆိုင်တို့က ဂျူးလိယပ်စ် စတိန်းဟော့ဖ် (Julius Steinhoff) နှင့် အဲလစ် မာတွန် (Alice Merton) မှစ၍ ရော့ကိုရှမိုနီနှင့်ကောင်လေး (Rocko Schamoni and Boy) အထိ ဓာတ်ပြားအမျိုးမျိုးကိုရောင်းချပေးသည်။ အကယ်၍ သင့်အိတ်ထဲတွင် နောက်ထပ်ဓာတ်ပြား တစ်ခု၊ နှစ်ခုအတွက် နေရာလွတ်ရှိနေသေးပါက ဂရု (Groove) မြို့၊ ရက်ဖ် (Ruff) လုပ်ငန်းနှင့် ဇာဒိုဇ် အင်ဖယ်ရီယွန် (Zardoz Imperium) သို့သွားပြီး သစ်လွင်အလတ်ဆတ်ဆုံးသောသီချင်းများ၊ နားလည်တတ်ကျွမ်းသူတို့၏အကြံပေးချက်များ သို့မဟုတ် အထူးခြားအဆန်းပြားဆုံးဓာတ်ပြားတို့ကို နားဆင်လိုက်ပါ။
 

စတော်ဘယ်ရီကြိုက်သည့် နဂါး

In addition to contemporary art and photography, Hamburg’s Deichtorhallen also features culinary delights.
In addition to contemporary art and photography, Hamburg’s Deichtorhallen also features culinary delights. | Photo (detail): © Adobe

အစားအသောက်နှင့်ပတ်သက်လာလျှင် ဟန်းဘုခ် (Hamburg) ၏ဟန်ဇေယတစ် (Hanseatic) မြို့သည် သွားရင်းလာရင်းစားနိုင်သည့်ငါးအသားလိပ်မှသည် ဖယောင်တိုင်မီးရောင်ညစာစားပွဲမှ ကာဗီးယားငါးဥဆားနယ်အထိ ငါးကိုပုံစံအမျိုးမျိုးဖြင့်တည်ခင်းမှုကြောင့်အထူးနာမည်ကြီးသည်။ မြစ်ကမ်းခြေမြို့အနေဖြင့်ပေးနိုင်စွမ်းရှိသည့်အရာများစွာရှိနေသည်။ နိုင်ငံတကာအဆင့်မီစားသောက်ဆိုင်များက အာဖရိကအနောက်ပိုင်းက ဖူဖူ၊ တိဘတ်က မိုမိုနှင့် “ပီကင်းဘဲသားအစစ်”ကို စားပွဲတွင်တည်ခင်းပေးကြသည်။ အကောင်းကြိုက်စားသောက်ဆိုင်အများအပြားထဲတွင် ကောင်းမွန်သည့်စားကောင်းသောက်ဖွယ်ရာများကို လိုက်လျောညီထွေရှိသည့်ပတ်ဝန်းကျင်တွင်တည်ခင်းပေးသော မီချယ်လင်း (Michelin) ကြယ်ပွင့်ရ စားသောက်ဆိုင် တစ်ဒါဇင်ခန့်ပါဝင်ပါသည်။ ဥပမာအားဖြင့် အဲဖ်ဘီယာဖရဲစန်းဒယ် ဒရာခယ် (erdbeerfressende Drache) (စတော်ဘယ်ရီစားသည့် နဂါး) သည် ၂၀၁၉ ခုနှစ်တွင် ဟန်းဘုခ် (Hamburg) ၏ ဒိုက်ခ်ထောလ်ဟလန် (Deichtorhallen) ပြတိုက်၌ တည်ထောင်ခဲ့သည့် အဆင့်မြင့်စားသောက်ဆိုင်အဆောက်အအုံဖြစ်သည်။ ၎င်း၏ဆောင်ပုဒ်သည် “အနုပညာမြောက်သော ဝန်းကျင်တွင် အနုပညာမြောက်စွာ ပြင်ဆင်ထားသော အစားအသောက်” ဟူ၍ ဖြစ်နိုင်ပါသည်။ ခေတ်ပြိုင်အနုပညာလက်ရာများအတွက်ပြသသည့်နေရာဖြစ်သော ဤသမိုင်းဝင်ခန်းမများတွင် စားသုံးသူများသည် “မှိုနှင့် ဖရဲသီး” သို့မဟုတ် “ဆာဒင်းငါးနှင့် မြက်ခြောက်” တို့ကဲ့သို့သော မမျှော်လင့်ထားသည့်အမယ်များကိုပေါင်းစပ်ပြီးဖန်တီးထားသည့် တစ်မူထူးခြားသောဟင်းလက်ရာများကို သုံးဆောင်နိုင်ကြသည်။ ကောင်တာတွင် ဟင်းအမျိုးမျိုးကို နည်းနည်းစီတည်ခင်းပေးထားသောကြောင့် ဧည်သည်တိုင်းက ဟင်းပွဲများကို မြည်းစမ်းကြည့်နိုင်ပါသည်။ ၎င်းသည် ဟန်းဘုခ် (Hamburg) ၏ နာမည်ကြီး စားဖိုမှူး ထောလ်ရှတန် ဂီလတ် (Thorsten Gillert) ထံမှ အဆင့်မြင့်ချက်ပြုတ်နည်းများနှင့်မွမ်းမံလိုက်သည့်အထူးဟင်းလျာတစ်ခုသည် စပိန် ထာပါ့စ် (Tapas) ဟင်းပွဲနှင့် အနည်းငယ်တူသည်။ စားဖိုမှုးကြီးသည် MS Europa အပန်းဖြေသင်္ဘောပေါ်တွင်အလုပ်မလုပ်ခင် ရှန်းဇယ် (Schanze) ရပ်ကွက်၌ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ခဲ့သူဖြစ်သည်။

နီးကပ်နေသော နိပွန်

Asian flair in the Japanese Garden.
Asian flair in the Japanese Garden. | Photo (detail): © picture alliance/Westend61/Kerstin Bittner
“ပလန့်တန်း အွန် ဘလွန်းမန်း” (Planten un Blomen) ပန်းခြံသည် ဂျာမနီမြောက်ပိုင်း၏ဇိမ်ရှိသောပြည်သူပိုင်ဥယျာဉ်စစ်စစ်နှင့် အနည်းငယ်တူသော်လည်း အမှန်တကယ်တွင် ချောင်းငယ်များ၊ ကျယ်ပြန့်သော မြက်ခင်းပြင်များနှင့်ရောင်စုံပန်းခင်းများရှိသော အထင်ကြီးမက်ဖွယ်ရာဟက်တာ၅၀ အကျယ်ရှိ သစ်ပင်အုပ်နှင့်ကွင်းပြင်နှောသောလွင်ပြင်ကြီးဖြစ်သည်။ ဆောင်းရာသီသည် ငယ်ဘဝကိုလွမ်းဆွတ်ဖွယ်အသွင်ရှိသောရေခဲပြင်စကိတ်ကွင်းကိုတွေ့ရှိရန်အတွက် အချိန်ကောင်းဖြစ်သည်။ ထိုနေရာသည် နွေရာသီရောက်လာပြီးခဏတာအချိန်လေးအတွင်း၌ ဂေါက်သီးကစားရန်လက်သွေးကြည့်နိုင်သောနေရာဖြစ်သွားပါသည်။ အကယ်၍ သင်သည် ခပ်ဖြည်းဖြည်းလမ်းလျှောက်ရန်အတွက်နေရာရှာနေသည်ဆိုပါက ဂျပန်ဥယျာဉ်သည် အပန်းဖြေရန်အတွက်အသင့်တော်ဆုံးပင်ဖြစ်သည်။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် ဥယျာဉ်ဗိသုကာပညာရှင် ယိုရှိခုနိ အရခိ (Yoshikuni Araki) သည် အာရှအရှေ့ပိုင်းသုခုမမူဟန်နှင့်အတွေးအခေါ်တို့ကိုထိန်းသိမ်းထားရင်း ၎င်းကို ဒီဇိုင်းရေးဆွဲခဲ့သည်။ ထိုစဉ်ကတည်းက လက်ဖက်ရည်အခမ်းအနားများနှင့်များစွာသောယဉ်ကျေးမှုဆိုင်ရာပွဲစဉ်များကို ဤနေရာတွင်ကျင်းပခဲ့ကြသည်။ ဧည့်သည်များက သမားရိုးကျဆန်ဆန်ခြိုးခြံချွေတာမှု၊ အပင်နှင့်ကျောက်တုံးအခင်းများ၊ သန့်ရှင်းသောလမ်းများနှင့် ဇရပ်များအားလုံးရှိနေသည့်ဥယျာဉ်ထဲသို့ဝင်လိုက်သည်နှင့် ငြိမ်သက်အေးချမ်းမှုအရသာကလွှမ်းခြုံသွားသည်ဟု ပြောစမှတ်ပြုကြ၏။
 
 

ထိုးထွင်းတီထွင်ဉာဏ်ရှိသော အနုပညာလက်ရာများအတွက်နေရာ

The Schierspassage in the Gängeviertel.
The Schierspassage in the Gängeviertel. | Photo (detail): © picture alliance/dpa/Christophe Gateau
ဟန်းဘုခ် (Hamburg) တွင် နေထိုင်ရာအဆောက်အုံအတွက်ရုန်းကန်ရခြင်းသည် ရှည်ကြာနေပြီဖြစ်သောစိတ်မချမ်းမြေ့စရာအစဉ်အလာတစ်ခု ဖြစ်သည်။ ကျူးကျော်နေထိုင်သူများနှင့်ရဲများကြား ခိုက်ရန်ဖြစ်ပွားမှုမှာ ၁၉၈၇ ခုနှစ်၌ အဆုံးစွန်ဆုံးဖြစ်မလာခင်အထိ ကာလရှည်ကြာတအုံနွေးနွေးဖြစ်ခဲ့သော နာမည်ဆိုးဖြင့်ကျော်စောသည့် ဟာဖန်း ရှထရာဇာ (Hafenstraße) အပြင် ဂဲန်ဂေဖီးယားတဲ (Gängeviertel) (တိုက်ရိုက်ပြန်ဆိုရလျှင် လမ်းကြိုလမ်းကြားနေရာ) သည် ယနေ့ခေတ်တွင် ဒေသခံများအနေဖြင့် သမားရိုးကျမဟုတ်သောနေထိုင်မှုပုံစံများကိုပြောင်းလဲခဲ့သည့်နောက်နေရာတစ်ခု ဖြစ်သည်။ ၁၈ ရာစုနှစ်အထိ သမိုင်းကြောင်းကိုပြန်ကြည့်ပါက ပြွတ်သိပ်ကျပ်ညပ်နေသောထိုအဆောက်အအုံအစုအဝေးသည် တစ်ချိန်က ဟန်းဘုခ် (Hamburg) ၏အလုပ်သမားများနေထိုင်ရာဖြစ်ခဲ့ပြီး ဆိပ်ကမ်းမှမြို့တော်အလယ်အထိရှည်လျားခဲ့၏။ ဖြိုချခံရခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းနှင့် အုတ်ကျိုးအုတ်ပဲ့များဖြစ်သည်အထိဗုံးဒဏ်ခံရခြင်းများပြီးနောက် ၂၀၀၀ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း၌ ဘယ့်ခါဘရိုက်တာဂန်း (Bäckerbreitergang) ၊ ကာဖယ်မာ့ခ်အယ်ရိုက်ဟဲ (Caffamacherreihe) ၊ ဖယ်လန်တင်းစ်ခမ့် အွန် ရှပက်ခ်ရှထရာဇာ (Valentinskamp und Speckstraße) (တိုက်ရိုက်ပြန်ဆိုရလျှင် ကျယ်ပြန့်သော ပေါင်မုန့်ဖုတ်သူလမ်းကြား၊ ကော်ဖီဖျော်သမားအတန်း၊ ဗယ်လင်တိုင်းကွင်းပြင်နှင့် ဝက်ဆားနယ်ခြောက်လမ်း) လမ်းများတွင် ကျန်ရှိနေသေးသောအဆောက်အအုံများမှာ ခြိမ်းခြောက်ခံလာရသည်။ သမိုင်းဝင်အဆောက်အအုံများကို ရင်းနှီးမြှုပ်နှံသူတစ်ယောက်ထံ ရောင်းချလိုက်ပြီး အများစုမှာ ဖြိုချပစ်ရန်ရွေးချယ်ခံထားရသည်။ ခွန်းမ် အင် ဒီ ဂယ်န်ဂယ် (Komm in die Gänge) ပဏာမခြေလှမ်း (တိုက်ရိုက်ပြန်ဆိုရလျှင် “လမ်းကြားများဆီသို့လာ” ပြီး “စွမ်းအင်အပြည့်နှင့် အလုပ်လုပ်လှဲ့ပါ”) နှင့် ဂေနိုးဆန်းရှဖ်တ် ဂဲန်ဂေဖီးယားတဲ အီးဂျီ (Genossenschaft Gängeviertel eG) တို့က ၎င်းတို့ကို အဆောက်အဦးဖျက်သံလုံးကြီးလက်မှကာကွယ်နိုင်ခဲ့၏။ ယနေ့ခေတ်တွင် ထိုနေရာသည် လူမှုရေးစီမံကိန်းများ၊ တေးဂီတဖျော်ဖြေပွဲများ၊ အနုပညာအလုပ်ရုံဆွေးနွေးပွဲများနှင့် ညနေခင်းဆွေးနွေးဝိုင်းများကို လက်ခံဆောင်ရွက်ပေးနေပြီဖြစ်သည်။ ဂဲန်ဂေဖီးယားတဲ (Gängeviertel) အသစ်၊ အဟောင်းတို့က ၂၀၁၉ ခုနှစ် နွေရာသီတွင် ၎င်း၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်ကိုကျင်းပခဲ့ကြ၏။ 
 

လေ့လာလိုက်စားရန် စာအုပ်စာပေ

There are other little libraries in other places, but they are more imaginative in Hamburg
There are other little libraries in other places, but they are more imaginative in Hamburg | Photo (detail): © Wikipedia/Vitavia CC BY-SA 4.0 and Wikipedia/Finte CC BY 3.0
အကြံဉာဏ်ဆိုသည်မှာ အကြံအဖန်ကောင်းရင်ကောင်းသလောက် ရိုးရှင်းပါသည်။ အများပြည်သူတို့ မည်သည့်အချိန်တွင်မဆိုယူဆောင်သွားရန်အတွက် မည်သည့်လမ်းထောင့်တွင်မဆိုဗီရိုတစ်လုံးထားလိုက်ပြီး စာအုပ်များဖြည့်ထားလိုက်ပါ။ အခြားနေရာများတွင် အခမဲ့စာကြည့်တိုက်လေးများရှိနေမည်မှာ သေချာပါသည်။ သို့သော် ဟန်းဘုခ် (Hamburg) ကတော့ အလွန်စိတ်ကူးဉာဏ်ကောင်းသောလက်ရာအချို့ကိုပါ ပေါင်းထည့်ထားသေးသည်။ လွန်ခဲ့သော ၁၀ နှစ်ဝန်းကျင်က လက်တစ်ဆုပ်စာခန့်ဗီရိုအနည်းငယ်နှင့်စတင်ခဲ့ရာမှ ယနေ့တွင် ဟန်ဇေယတစ် (Hanseatic) တစ်မြို့လုံးတွင် အခမဲ့စာကြည့်တိုက်ငယ်များ ၁၆၀ ခန့်ထိ တိုးပွားလာခဲ့ပြီဖြစ်ပြီး အရေအတွက်မှာလည်းမြင့်တက်နေဆဲပင်ဖြစ်သည်။ ဤကဲ့သို့ စာအုပ်ဖလှယ်မှုပုံစံမျိုးကို ထောက်ခံအားပေးသူများမှာ ဗီရိုများမှာတင်ရပ်မသွားဘဲ ငှက်အိမ်များနှင့်စွန့်ပစ်ထားသောတယ်လီဖုန်းရုံငယ်များအပြင် အနီရောင်အင်္ဂလိပ်တယ်လီဖုန်းရုံအချို့ကိုပင် စာအုပ်ကမ္ဘာအဖြစ်ပြောင်းလဲလိုက်ကြသည်။ အချို့ဆိုလျှင် အလှအပမီးရောင်နှင့်လှပသောစင်များကိုပင် တပ်ဆင်ထားကြသည်။ ဂရင်းပိ (Greenpeace) အဖွဲ့အစည်း၊ ကျွမ်းကျင်သောအသေးစားသက်မွေးလုပ်ငန်းများနှင့် ခရိုင်ပဏာမခြေလှမ်းများအပြင် စာကြည့်တိုက်များနှင့်စီမံကိန်း အုပ်စုများအပါအဝင် စာအုပ်ချစ်သူအမျိုးမျိုးက စာအုပ်များကို အဆက်မပြတ်ဖြည့်ပေးထားကြသည်။ ယခုအခါတွင် အကြံဉာဏ်သည် လမ်းများပေါ်သို့ စတင်ရောက်ရှိသွားပြီး များစွာသောအများပြည်သူသယ်ယူပို့ဆောင်ရေး မြို့ပြဘတ်စ်ကားများတွင်ပါ ယာဉ်မောင်းထိုင်ခုံ၏အနောက်တည့်တည့်တွင် ကောင်းမွန်စွာဖြည့်တင်းထားသောစာအုပ်စင်များကို တပ်ဆင်ပေးထားကြ၏။ 
 

စိန့် ပေါလီ (ST. PAULI) ၏ မျက်စိ

Günter Zint in his St. Pauli Museum
Günter Zint in his St. Pauli Museum | Photo (detail): © picture alliance /Angelika Warmuth/dpa
မိမိစုဆောင်းသိမ်းဆည်းထားသည့် ဓာတ်ပုံများ၊ ရှေးဟောင်းပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို အသားပေးပြသရန် စိန့် ပေါလိ (St. Pauli) ပြတိုက်ကိုဖွင့်လှစ်ခဲ့သူ ဓာတ်ပုံဆရာ ဂရွန်းတယ် ဇင့်တ် (Günter Zint) ကဲ့သို့ပင် မျက်မှောက်ခေတ်သက်သေအထောက်အထားအနည်းငယ်က ဟန်းဘုခ် (Hamburg) ၏သမိုင်းကြောင်းကို စေ့စေ့စပ်စပ်နှင့်ကျကျနန မှတ်တမ်းတင်ထားသည်။ သူ့ကို ၁၉၄၁ ခုနှစ်တွင် ဖူလ်ဒါ (Fulda) ၌ မွေးဖွားခဲ့ပြီး ၁၉၆၀ ခုနှစ်များတွင် စစ်မှုထမ်းရန်နှင့် dpa သတင်းအေဂျင်စီနှင့်လေ့ကျင့်ရန် ဟန်းဘုခ် (Hamburg) သို့ ပြောင်းခဲ့သည်။ ဇင့်တ် (Zint) သည် သူသွားသည့် နေရာတိုင်းတွင် ဓာတ်ပုံရိုက်လေ့ရှိသည်။ စတားကလပ်တွင်ဖျော်ဖြေခဲ့သည့်တေးဂီတအဖွဲ့များကိုဓာတ်ပုံရိုက်ခဲ့ပြီး အရက်ဆိုင်မှဖြစ်ရပ်များနှင့် စိန့် ပေါလိ (St. Pauli) အနီးဝန်းကျင်ရှိအထင်ကရနေရာများကို မှတ်တမ်းတင်ခဲ့သည်။ သူ၏မှန်ဘီလူးများကို the Beatles ကဲ့သို့ နာမည်ကျော်များ၊ Jimmy Hendricks နှင့် ဟန်းဘုခ် (Hamburg) မိန်းမရွှင်များနှင့် St. Pauli ၏ အထင်ကရ Domenica တို့တွင် လက်ရည်သွေးလေ့ကျင့်ပေးခဲ့သည်။ ဇင့်တ် (Zint) သည် နျူးကလီးယားဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သော ထူးထူးခြားခြားအဖြစ်အပျက်များဖြင့်ပြည့်နေသည့်နှစ်များ၊ USA မှ ရော့ဘာ့ ကနေဒီ (Robert Kennedy) ၏မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတွင်လည်းအတူလိုက်ပါခဲ့ပြီး လန်ဒန်ဒယ်ရီ (Londonderry) ရှိ လမ်းဘေးတိုက်ပွဲများသို့လည်းပါဝင်သွားရောက်မှတ်တမ်းတင်ခဲ့သည်။ ဟန်းဘုခ် (Hamburg) တွင် ရှိစဉ်က သူသည် ရုပ်ရှင်ဓာတ်ပုံရိုက်ကူးသူ၊ မျက်နှာဖုံးပန်းချီအနုပညာရှင်နှင့် စာရေးဆရာအဖြစ် အလုပ်လုပ်ခဲ့သည်။ များမကြာမီက စိန့် ပေါလိ (St. Pauli) ပြတိုက်သည် သေရေးရှင်ရေးတမျှဖြစ်သောဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယခုအခါတွင် ထိုအကျပ်အတည်းမှကင်းလွတ်သွားပြီဖြစ်ကာ တစ်ချိန်ကမြို့သို့သွားသည့်တံခါးပေါက်တည်ရှိခဲ့ရာနေရာဖြစ်သည့် နိုဘီစထောလ် (Nobistor) ၏ ရီအေပါဘာန်း (Reeperbahn) အောက်ပိုင်းစွန်းတွင်တည်ရှိနေပါသည်။

Hells bells သို့မဟုတ် နောက်ဆုံးတွင် အဆုံးသတ် ခေါင်းလောင်းသံကို ကြားခဲ့ရသူများ

FC St Pauli is the coolest club in the Bundesliga with a cult following that extends beyond the borders of Hamburg.
FC St Pauli is the coolest club in the Bundesliga with a cult following that extends beyond the borders of Hamburg. | Photo (detail): © picture alliance/Christian Charisius/dpa
ဟန်းဘုခ် (Hamburg) သည် အားကစားသမိုင်းကြောင်းကိုဖန်တီးခဲ့သည့်ဘွန်းဒက်စ်လီဂါ (Bundesliga) ဘောလုံးအသင်း တစ်ဖွဲ့တည်းတင် မဟုတ်ဘဲ နှစ်ဖွဲ့ ရှိနေခြင်းအတွက် ဂုဏ်ယူကြရသည်။ စတင်တည်ထောင်ချိန်ကစ၍ ဘောလုံးလိဂ်ပထမတန်းအဆင့်တွင် မယုံကြည်နိုင်စရာကောင်းအောင် ၅၅ နှစ်ကြာ ရှည်ကြာခဲ့သည့် ဟန်ဘာဂါ အက်စ်ဗွီ (Hamburger SV) ရှိသည်။ အသင်းသည် ဆက်လက်တည်မြဲနေမည့်မှတ်တမ်းနှစ်များအတွက်မိနစ်များကိုရေတွက်ရန် အားကစားရုံထဲတွင် နာရီတစ်လုံးတပ်ဆင်ထားသည်အထိ အောင်မြင်ခဲ့မှုအတွက်အလွန်ဂုဏ်ယူကြသည်။ သို့သော်လည်း အသင်းသည် ဘောလုံးလိဂ် ဒုတိယတန်းအဆင့်သို့ဝင်လာသည့်အခါ နှစ်များစွာဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်၌ HSV အတွက် နောက်ဆုံးခေါင်းလောင်းသံထိုးသွားခဲ့ပြီ ဖြစ်သည်။ ဤနေရာသည် ဟန်းဘုခ် (Hamburg) ၏ဒုတိယမြောက်အရေးပါသော Bundesliga အသင်း ၁၀ နှစ်ခန့် ကစားခဲ့သည့်နေရာလည်းဖြစ်သည်။ FC St. Pauli သည် ၎င်းတို့အားလုံးထဲတွင် ဒေါ့မွန်းဒ် (Dortmund) နှင့် ကိုလုံး (Cologne) ပရိသတ်များပင် ဝန်မခံဘဲမနေနိုင်လောက်သည်အထိ အပြတ်အသတ်သာသောအမိအမိုက်ဆုံးအသင်းဖြစ်သည်။ ၎င်း၏ကိုယ်ပိုင်လိဂ်ဖလားပြိုင်ပွဲတစ်ခုတွင် မိမိုက်မှုစစ်စစ်အဖြစ် ဂိုးသွင်းလိုက်တိုင်း ကစားသမားများသည် ကွင်းထဲသို့ပြေးဝင်လာပြီး AC/DC ၏ Hells Bells သီချင်းနှင့် Blur ၏ Song 2 သီချင်းများထဲမှအတိုင်း “ဝိုး ဟိုး” ဟု အော်ဆိုကြသည်မှာ ဘောလုံးကွင်းတစ်ခုလုံးဟိန်းထွက်သွားသည်။ ထို့ကြောင့် အနည်းဆုံးအနေနှင့် ယခုအချိန်တွင် ဟန်းဘုခ် (Hamburg) မှ ဘောလုံးပရိသတ်များသည် ဒေသတွင်းအသင်းများ ထိပ်တိုက်တွေ့သည်ကို စောင့်မျှော်နိုင်ကြသည်။
 

 

ဟေဒီ (Hedi) အမည်ရသည့် မိန်းမပျို

A weekday ride on a normal tourist barge is enjoyable, but on the weekend this ship turns into “Frau Hedis Tanzkaffee”, a nightclub that sails around the harbour and the illuminated Speicherstadt.
A weekday ride on a normal tourist barge is enjoyable, but on the weekend this ship turns into “Frau Hedis Tanzkaffee”, a nightclub that sails around the harbour and the illuminated Speicherstadt. | Photo (detail): © picture-alliance/Isabel Schiffler/Jazzarchiv
လှည့်ကွက်တစ်ခုနှင့်အတူ အချိန်အကြာကြီးတည်ရှိခဲ့သော ဟန်းဘုခ် (Hamburg) အစဉ်အလာတစ်ခုဖြစ်သည့် အယ်ဘာ (Elbe) မြစ်ပေါ်တွင် အလည်ခရီးသွားခြင်းသည် ဟန်ဇေယတစ် (Hanseatic)မြို့သို့လာရောက်သည့် မည်သည့်ခရီးသွားမဆို ပြုလုပ်သင့်သည့်ခရီးတစ်ခုဖြစ်သည်။ ဟေဒီ (Hedi) ဝမ်းပြားသဗ္ဗာန်ပေါ်ရှိသင်္ဘောသားများသည် ဒီဂျေများနှင့်တိုက်ရိုက်နားသောတဆင်နိုင်သည့်တေးဂီတအဖွဲ့များပါရှိသော ဤရေပေါ်နိုက်ကလပ်ကြီးတွင် တစ်မူထူးခြားသော အထူးသီးသန့်ဂီတတစ်ခုကိုစောင့်စားနိုင်သည်။ ပွဲစဉ်ပေါ်မူတည်၍ သင်္ဘောပေါ်ရှိဂီတသည် ဟန်းဘုခ် (Hamburg) ၏ အထင်ကရပုဂ္ဂိုလ် အန်းထရက်စ် ဒိုရောင်း (Andreas Dorau) နှင့် ရော့ခ်ဂီတအဖွဲ့ Devil’s Day Off မှစ၍ မြို့၏အတော်ဆုံး ဒီဂျေပညာရှင်များနှင့် ဖရန့် တာနာ (Frank Turner) ကဲ့သို့သော ကမ္ဘာကျော်အနုပညာရှင်များအထိ အမျိုးမျိုးရှိပါသည်။ သူတို့သည် ဟန်းဘုခ် (Hamburg) ဆိပ်ကမ်း၏ဇိမ်ခံခရီးတွင် အဖော်ပြုနိုင်ရန် အကောင်းဆုံးသောနောက်ခံဂီတတို့ကို ပေးစွမ်းကြသည်။ သင့်အနေဖြင့် ပင်လယ်လှိုင်းမူးဒဏ်ကိုခံနိုင်ရန်မလိုသော်လည်း သက်လုံကောင်းရန်အတွက်ကိုတော့ အမှန်ပင်အကြံပြုလိုပါသည်။
 
 

မြို့ပြလမ်းညွှန်မြေပုံ

 
ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေးကူးခြင်း။    ။ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကို မြို့တော်၏ကောက်ကြောင်းထက်မှအစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့် ဂန္တဝင်နေရာများ၏အဓိကအချက်ကို ပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်သမားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။