မြို့ပြလမ်းညွှန်။ ။Dresden
ထည်ဝါမှုများမှအသင့်ထုတ်အစိတ်အပိုင်းများနှင့်ဆောက်လုပ်သောအဆောက်အဦးများသို့

ဒရက်စ်ဒန်မြို့  မြို့ဟောင်းလမ်းကြားများကိုတလျှောက် မြင်ကွင်းတစ်ခု။    ။သူ၏ဗိသုကာလက်ရာများကြောင့် မြို့တော်ကို အယ်လ်ဘီမြစ်ဝှမ်းပေါ်က ဖလောရင့်စ် သို့မဟုတ် မြောက်ပိုင်း၏ ဗင်းနစ် ဟူ၍လည်းလူသိများသည်။
ဒရက်စ်ဒန်မြို့ မြို့ဟောင်းလမ်းကြားများကိုတလျှောက် မြင်ကွင်းတစ်ခု။ ။သူ၏ဗိသုကာလက်ရာများကြောင့် မြို့တော်ကို အယ်လ်ဘီမြစ်ဝှမ်းပေါ်က ဖလောရင့်စ် သို့မဟုတ် မြောက်ပိုင်း၏ ဗင်းနစ် ဟူ၍လည်းလူသိများသည်။ | ဓါတ်ပုံ : © Adobe

ဒရက်စ်ဒန်မြို့သည် ဘာရော့အနုပညာလက်ရာများပေါကြွယ်ဝမှု၊ များပြားပြည့်ကျပ်မှုနှင့် ကောင်းစွာထိန်းသိမ်းထားနိုင်မှုစသည်ဖြင့်အစဉ်အလာကြီးလှပေသည်။ တစ်ဖက်တွင်လည်း ဆက်ဇွန်လူမျိုးတို့၏မြို့တော်သည် ခေတ်ဆန်ခြင်း၊ အရောင်အသွေးစုံခြင်းတို့ဖြင့် အံ့သြဖွယ်ကောင်းနေပြန်သည်။ ဆောင်းပါးရှင် ကာဒီကာ့ဇ် (Kaddi Cutz) သည် အယ်လ်ဘီ (Elbe) မြစ်ဝှမ်းပေါ်က ဖလောရင့်စ် (Florence) ဟူ၍တင်စားကြသော ဒရက်စ်ဒန်မြို့၏ရှုထောင့်အမျိုးမျိုးကိုတင်ပြထားပြီး  ဒရက်စ်ဒန်မြို့အပေါ် လူအများစုကထားရှိကြသည့်အမြင်တချို့ကိုလည်း ချေဖျက်ထားပါသည်။
 

ရေးသားသူ​ Kaddi Cutz

ရောင်စဉ်များ၏မှော်ဝင်အိုးတစ်လုံး

ဒရက်စ်ဒန်မြို့ ရှောင်းဘူဒန်နွေရာသီပွဲတော်၏ မှော်ဆန်သောအခိုက်အတန့်တစ်ခု။
ဒရက်စ်ဒန်မြို့ ရှောင်းဘူဒန်နွေရာသီပွဲတော်၏ မှော်ဆန်သောအခိုက်အတန့်တစ်ခု။ | ဓါတ်ပုံ : © picture alliance/ZB/Britta Pedersen
နှစ်စဉ်ဇူလိုင်လ၌ ခေတ်ဆန်သော နွိုင်းရှတက် (Neustadt) ရပ်ကွက်အတွင်းရှိ ရွှိင်းနာ (Scheune) ယဉ်ကျေးမှုစင်တာကြီး၏အနောက်ဘက်မြေကွက်လပ်တွင် တခါတရံအစစ်အမှန်ဟုမထင်ရအောင် အသွေးအရောင်စုံလင်လှသည့်ပဉ္စလက်ဆန်ဆန်အပြင်အဆင်များနှင့်ပွဲတော်ကြီးတစ်ခုကို ကျင်းပလေ့ရှိကြပြီး ထိုပွဲတော်သည် အံဖွယ်ထူခြားမှုများ၊ သကြားငှက်သိုက်မုန့်နှင့်မုန့်စျေးတန်းများ၊ မှော်ဆန်လှသောအချင်းအရာများနှင့် ပြည့်နှက်နေပေသည်။ စျေးဆစ်တတ်သောယဥ်ကျေးမှုအနုပညာပစ္စည်းဝါသနာအိုးများအတွက် အဆန်းတကြယ်နှစ်သက်ဖွယ်ရှိသည့်အပြင် အတိတ်သမိုင်းကိုအမှတ်ရစေသော ထူးခြား၍လှပသည့်ယဉ်ကျေးမှုအနုပညာပစ္စည်းများကိုရောင်းချသောစျေးဆိုင်တန်းများရှိသည့်အပြင် ထိုဆိုင်တန်းများကြား၌ လက်လှည့်ဆရာများ၊ အကအဖွဲ့များ၊ ဂီတဖျော်ဖြေသူများ၊ လူရွှင်တော်များတို့သည်လည်း လှည့်လည်သွားလာလျက်ရှိသည်။ ကမ္ဘာအရပ်ရပ်မှလာကြသောဖျော်ဖြေရေးအဖွဲ့များသည်လည်း ရွှေပွဲလာဧည့်ပရိတ်သတ်များအတွက်  ဆွဲဆောင်မှုရှိ၍အမြဲတစေပြောင်းလဲသစ်ဆန်းနေသောအထူးတင်ဆက်မှုများဖြင့် ဆယ့်တစ်ညတိုင်တိုင်ဖြေဖျော်လေ့ရှိသည်။ ကိန်းခန်းကြီးလှသည်ဟု အများကမှတ်ချက်ပြုစေလောက်သောဒရက်ဆန်မြို့ခံများအနေနှင့်လည်း  ဤပွဲတော်၌ ၎င်းတို့မြို့၏အခြားတစ်ဖက်ကို တွေ့ရှိနိုင်ပေသည်။ "သန်းခေါင်ယံအံ့ဖွယ်" ဟုအမည်တွင်သည့် တေးဂီတစင်တင်ဖျော်ဖြေပွဲများ၊ ပန်းခြံများအတွင်း၌ရုံသွင်းကြသောရုပ်သေးပွဲများနှင့် အခြားသောဖျော်ဖြေပွဲများသည် ရှောင်းဘူဒန် (Schaubuden) ၏နွေညနေခင်းများကို အနားသတ်လျက်ရှိသည်။ ရှောင်းဘူဒန် (Schaubuden) ၏နွေရာသီသည် ဆပ်ကပ်ပွဲများနှင့်ပြဇာတ်သရုပ်ဆောင်များ၏မိတ်ကပ်များများမှ ပြိုးပြိုးပျက်ပျက်နှင့်စွဲမက်ဖွယ်ကောင်းသောအရောင်များ၊ အံ့သြဖွယ်ရာများနှင့် လျောက်ပတ်သင့်တင့်ခြင်းများစွဲမက်ဖွယ်ရောနှောလျက်ရှိရာ အိပ်စက်အနားယူခြင်းငှာ နှမျောဖွယ်ကောင်းလှသည့် ထူးခြားသည့်နွေညအိမ်မက်တစ်ခုပင်ဖြစ်လေသည်။

အများပြည်သူအတွက်ဝင့်ကြွားသောအလှမြင်ကွင်း

ည၏ထူးခြားမှု။   ။ရဲတိုက်ည (Castle Night) တွင် အနုပညာရှင်များက အယ်လ်ဘရက်စ်ဘက် (Albrechtsberg)၊ အက်ဘက် (Eckberg) နှင့် လင်္ဂနာ (Lingner) ရဲတိုက်များ၏ပန်းခြံများတွင် ဖျော်ဖြေနေကြပုံ။
ည၏ထူးခြားမှု။ ။ရဲတိုက်ည (Castle Night) တွင် အနုပညာရှင်များက အယ်လ်ဘရက်စ်ဘက် (Albrechtsberg)၊ အက်ဘက် (Eckberg) နှင့် လင်္ဂနာ (Lingner) ရဲတိုက်များ၏ပန်းခြံများတွင် ဖျော်ဖြေနေကြပုံ။ | ဓါတ်ပုံ : © picture alliance/dpa/dpa-Zentralbild/Sebastian Kahnert
လင်္ဂနာ (Lingner) ရဲတိုက်ဆီမှလှမ်းမျှော်ကြည့်လိုက်လျှင် အယ်လ်ဘီ (Elbe) မြစ်ဝှမ်း၏အလှပဆုံးရှုခင်းများနှင့် ထိုမြစ်ဝှမ်းပေါ်ရှိဒရက်စ်ဒန်တစ်မြို့လုံးကို တွေ့မြင်နိုင်ပေသည်။ အက်ဘက် (Eckberg) နှင့်အယ်လ်ဘရက်စ်ဘက် (Albrechtsberg) စသည့် ညီနောင်ရဲတိုက်များပါဝင်သည့် ခမ်းနားလှသောခေတ်နှောင်းဂန္တဝင်လက်ရာအဆောက်အဦးဖြစ်သော ရဲတိုက်သုံးခုအစုသည် "အယ်လ်ဘီရဲတိုက်များ" (The Elbe Castles) အဖြစ်ထင်ရှားသည်။ ဒရက်စ်ဒန်မြို့ရှိအခြားသောဘာရော့ဗိသုကာလက်ရာအဆောက်အဦးများမှာ  ဒုတိယကမ္ဘာစစ်၏ဗုံးဒဏ်ကိုခံစားခဲ့ရသော်လည်း ထိုညီနောင်ရဲတိုက်သုံးခုသည် အံ့သြဖွယ်ရာရှောင်လွှဲနိုင်ခဲ့ပေသည်။ အက်ဘက် (Eckberg) နှင့်အယ်လ်ဘရက်စ်ဘက် (Albrechtsberg) ရဲတိုက်နှစ်ခုမှာ အများပြည်သူနှင့်သိပ်၍အကျွမ်းတဝင်မဖြစ်ဟုဆိုရပေမည်။ အက်ဘက် (Eckberg) ရဲတိုက်မှာ ယခုအခါတွင်ဟိုတယ်အဖြစ်သို့ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး အယ်လ်ဘရက်စ်ဘက် (Albrechtsberg) ရဲတိုက်သည်လည်း လူကြိုက်များလှသောမင်္ဂလာခန်းမအဖြစ်တစ်မျိုး "ဒရက်စ်ဒန် လက်ဆန်" (Dresden (Er)Lesen) နှစ်ပတ်လည်စာအုပ်ပွဲတော်ကျင်းပရာနေရာအဖြစ်တစ်ဖုံအသုံးတော်ခံနေလေသည်။ သို့ငြားလည်း လင်္ဂနာ (Lingner) ရဲတိုက်၏ကြမ္မာမှာမူတစ်မျိုးတစ်မည်ဖြစ်ခဲ့လေသည်။ ကနဦးတွင် ပရပ်ရှားမင်သားအယ်လ်ဘရ်ချ် (Albrecht) အတွက်ဆောက်လုပ်ခဲ့သော်လည်း ရဲတိုက်ကြီး၏အမည်မှာ ၎င်းကို ၁၉၀၆ ခုနှစ်၌ဝယ်ယူခဲ့သောစွန့်ဦးလုပ်ငန်းရှင်လည်းဖြစ် အနုပညာလက်ရာများကိုတန်ဖိုးထားသူလည်းဖြစ်သည့် "အော်ဒေါလ်" (Odol) အမှတ်တံဆိပ်ခံတွင်းသန့်ဆေးရည်၏ပိုင်ရှင်နှင့်တည်ထောင်သူလည်းဖြစ်သော ကားလ်ဪဂတ်စ်လင်္ဂနာ (Karl-August Lingner) ၏အမည်ကိုအစွဲပြု၍ နာမည်ပေးထားခြင်းဖြစ်လေသည်။ ကားလ်ဩဂတ်စ်လင်္ဂနာ (Karl-August Lingner) သည် ခံတွင်းကင်ဆာနှင့်မကွယ်လွန်ခင် ၂၀၁၆ ခုနစ်အထိဆယ်နှစ်တိုင်တိုင် ထိုရဲတိုက်တွင်နေထိုင်ခဲ့လေသည်။ လင်္ဂနာ (Lingner) ၏သေတမ်းစာတွင် ရဲတိုက်ကြီးကို ရေပေါ်ဆီလူတန်းစားအတွက်သာမဟုတ်ဘဲ လူတန်းစားပေါင်းစုံလာ‌ရောက်လေ့လာနိုင်ရန်၊ အဖိုးသင့်နှုန်းထားများဖြင့်ရောင်းချသောစားသောက်ဆိုင်ခန်းများပါဝင်ရန်ဟူသောကန့်သတ်ချက်များဖြင့် ရဲတိုက်ကြီးကိုဒရက်စ်ဒန်မြို့သို့ပြန်လည်အပ်နှင်းခဲ့လေသည်။ ယခုအခါတွင်မူ ရဲတိုက်ကြီးရှိဘီယာဥယျာဥ်များ၊ စားသောက်ခန်းမများသို့ လာရောက်ကျသောဧည့်သည်များအနေဖြင့် ရာသီဥတုကောင်းသောအချိန်များတွင် ချက်သမ္မတနိုင်ငံကိုလှမ်းမြင်နိုင်သည်အထိ တစ်မျှော်တစ်ခေါ်သွယ်တန်းနေသောစပျစ်ခင်းများကိုကြည့်ရှုခံစားရင်း သင့်တင့်သောနှုန်းထားဖြစ်သည့် ၀.၇၅ယူရိုမျှဖြင့် အဖျော်ယမကာဘူဖေးများကိုသုံးဆောင်နိုင်ပေသည်။ ၂၀၀၂ ခုနစ်မှစ၍ ဖောဒီဗေရီယန် လင်္ဂနာရှလော့ (Förderverein Lingnerschloss) အဖွဲ့အစည်းအနေဖြင့် ရဲတိုက်ကြီးကို မွမ်းမံမှုများလုပ်ဆောင်လျက်ရှိပြီး အနုပညာလက်ရာများကိုပြသရန်အတွက်ပါ နေရာပေးလျက်ရှိသည်။ ရဲ့တိုက်၏အချို့သောအခန်းများကိုလည်း ပြပွဲများ၊ ရုပ်ရှင်ပြပွဲများ၊ မင်္ဂလာပွဲအခမ်းအနားများနှင့်ယဉ်ကျေးမှုပွဲတော်များအတွက် ပြန်လည်ဖွင့်လှစ်အသုံးချလျက်ရှိသည်။ သူ‌ဌေးကြီးလင်္ဂနာ  (Lingner) အနေနှင့်လည်း ဤအချင်းအရာများကို ကောင်းကင်ဘုံမှလှမ်းမျှော်ကြည့်ရင်းကျေနပ်နေပေလိမ့်မည်။

ဒရက်စ်ဒန်၏ကျော်ကြားလှသောပုံစံတူအိမ်ရာများ

ဒရက်စ်ဒန်မြို့သည် သူ၏ အသင့်ထုတ်အစိတ်အပိုင်းများဖြင့်ဆောက်လုပ်ထားသော လူနေအိမ်ရာများကို အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေသည်။
ဒရက်စ်ဒန်မြို့သည် သူ၏ အသင့်ထုတ်အစိတ်အပိုင်းများဖြင့်ဆောက်လုပ်ထားသော လူနေအိမ်ရာများကို အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေသည်။ | ဓါတ်ပုံ : © picture alliance/dpa-Zentralbild/Monika Skolimowska
ဒရက်စ်ဒန်မြို့သည် ဘာရော့ဗိသုကာလက်ရာများပေါကြွယ်ဝမှုအတွက် အစဥ်အလာကြီးခြင်းအပြင် ထိုထက်ပိုသောအချင်းအရာများလည်းရှိနေသေးသည်။ အသင့်ထုတ်ပြီးအစိတ်အပိုင်းများဖြင့်ဆောက်လုပ်သောအိမ်ရာများမှာ ၁၉၆၀ ပြည့်လွန်နှစ်များတွင်ခေတ်စားခဲ့လေသည်။ ဤသို့ဖြင့် မြင့်မားလှသောဘလောက်တုံးသဏ္ဍာန်တိုက်ခန်းများမှာ အရှေ့ဂျာမနီ၏ခေတ်မှီတိုးတက်မှုများကိုပြသောစံနမူနာဖြစ်လာခဲ့သည်။ သို့ငြားလည်း အဆောက်အဦးများမှာ စတုရန်းခပ်ကျကျများသာဖြစ်ပြီး ဆန်းသစ်သည့်ဟန်များတော့မပါဝင်ခဲ့ပေ။ ဘာလင်တံတိုင်းကြီးပြိုပျက်ပြီးနောက်တွင် ထိုကဲ့သို့သောအိမ်ရာအဆောက်အဦးများမှာလူကြိုက်နည်းလာခဲ့ပြီး တစ်ခေတ်တစ်ခါကလူကြိုက်များလှသော၎င်းနေရာများသည် လူမှုရေးအထိကရုန်းများစတင်ရာနေရာများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှစ၍ အသင့်ထုတ်ပြီးအစိတ်အပိုင်းများဖြင့်ဆောက်လုပ်သောအိမ်ရာများကို "ပလပ်တီ" (Platte) ဟူ၍ခေါ်ဆိုခဲ့လေသည်။ ထိုစကားလုံးမှာ ဂျာမန်စကားလုံး "ပလတ်တန်ဗျူး" သို့မဟုတ် "လေးထောင့်စပ်စပ်အဆောက်အဦးများ" မှဆင်းသက်လာခြင်းဖြစ်လေသည်။ ထို့နောက်တွင်တော့ "ပလပ်တီ"(Platte) ဟူသောစကားလုံးသည်လူမှုအဆင့်အတန်းနိမ့်ကျမှူကိုလည်းကောင်း၊ လူနေမှုအဆင့်အတန်းဆိုးရွားလှသည့်ပတ်ဝန်းကျင်များကိုလည်းကောင်း ညွှန်းဆိုရာတွင်သုံးလာခဲ့သည်။ သို့သော်လည်း ‌ဂေါဘစ် (Gorbitz) ၌ရှိသော ခရောတာစီဒလင်း (Kräutersiedlung) အနေဖြင့် အထက်ပါအချင်းအရာများသည် မမှန်ကန်ကြောင်းငြင်းဆိုလျက်ရှိသည်။ တစ်ချိန်က စိုက်ပျိုးမွေးမြူရေးခြံများ၊ အုတ်ညှပ်အိမ်များနှင့်လယ်ကွင်းများသာရှိခဲ့သော်လည်း နိုင်ငံပြန်လည်ပေါင်းစည်းခြင်းများဖြစ်လာပြီးသည့်နောက်တွင်မူ ဒရက်စ်ဒန်မြို့၊ ဂေါဘစ် (Gorbitz) နယ်သည် အခြားနယ်များရှိကွန်ကရစ်အဆောက်အဦးများအတွက်ပါ စံပြဖြစ်လာခဲ့သည်။ အက်စ်အီးဒီ ပေါလစ်ဗျူရို (SED politburo) အဖွဲ့ကထိုနေရာကို အသင့်ထုတ်ပြီးအစိတ်အပိုင်းများဖြင့်ဆောက်လုပ်သော အိမ်ရာထောင်ပေါင်းများစွာဆောက်လုပ်ရန်ရွေးချယ်ခဲ့လေသည်။ ထိုအချိန်မှစတင်၍ ဒရက်စဒန်မြို့တော် အီးဒဗလ်ယူဂျီ Dresdner Eisenbahner Wohnungsgenossenschaft (EWG) အိမ်ရာကော်ပိုရေးရှင်းကြီးမှဦးစီးကာ ထိုနေရာကို မြို့၏အကြီးမားဆုံးသောအိမ်ရာတိုက်ခန်းတွဲများအဖြစ် အဆင့်မြှင့်တင်ခဲ့လေသည်။ ၂၀၀၂ ခုနစ်အရောက်တွင်မူ အီးဒဗလ်ယူဂျီ (EWG) မှယခင်ခြောက်ထပ်တိုက်ခန်းများမှ အပေါ်ဆုံးအလွှာတစ်ခုမဟုတ်နှစ်ခုကို စနစ်တကျဖျက်သိမ်းခြင်း၊ ရေချိုးခန်းနှင့်မီးဖိုချောင်ခန်းများကိုထပ်ချဲ့ခြင်း၊ ပြတင်းများတပ်ဆင်ခြင်းတို့အပြင် လေသာဆောင်များကိုပါအသစ်ထည့်သွင်းတိုးချဲ့ခဲ့သည်။ အိမ်ရာများကို ခေတ်နှင့်အညီမွမ်းမံခဲ့ပြီး ဆေးအသစ်သုတ်ခြင်း၊ အလှစိုက်ပန်းပင်များထပ်ဖြည့်ခြင်းများကိုပါ ပြုလုပ်ခဲ့လေသည်။ ယနေ့ခေတ်တွင်မူ ကမ်မီလီဝဂ် (Kamillenweg) နှင့် သိုင်မီရန်ဝဂ် (Thymianweg) လမ်းများရှိလူနေမှုအဆင့်အတန်းသည် ခေတ်မှီ၍လှပနေသည်ကိုတွေ့နိုင်ပေသည်။ ထို့ကြောင့် အဆင့်မြင့်အိမ်ရာများအဖြစ်ပြောင်းလဲသည့် နောက်ထပ်ပရောဂျက်အသစ်တစ်ခုကိုလည်း ဂေါဘစ် (Gorbitz) တွင် စတင်လျက်ရှိသည်။

အေးမြမြဘီယာမဟုတ်သည့် ဂန္တဝင်တစ်ခု

ဆမ်ပါအောပရာပြဇာတ်ရုံ (Semper Opera House) ၏အတွင်းပိုင်း။
ဆမ်ပါအောပရာပြဇာတ်ရုံ (Semper Opera House) ၏အတွင်းပိုင်း။ | ဓါတ်ပုံ : © picture alliance/dpa/dpa-Zentralbild/Robert Michael
ဆမ်ပါအောပရာပြဇာတ်ရုံ၏ပုံကို ရာတာဘာဂါတံဆိပ်ဘီယာ၏ကြော်ငြာတစ်ခုတွင် အသားပေးဖော်ပြဖူးလေသည်။ သို့သော်လည်း  ‌ဂေါ(တ်)ဖရိဆမ်ပါ (Gottfried Semper) ၏လက်ရာဖြစ်သောခန့်ထည်လှသည့် ပြဇာတ်ရုံကြီးသည်  လူကြိုက်များသည့်ဖျော်ဖြေမှုမျိုးထက် အနုပညာအဆင့်အတန်းပါမြင့်လှသောကြောင့် အချို့သောကမ္ဘာလှည့်ခရီးသွားများကိုပင်အံ့သြသင့်စေခဲ့၏။ ဆမ်ပါအောပရာပြဇာတ်ရုံကြီးသည် ဘီယာချက်စက်ရုံမဟုတ်ပါ။ ကမ္ဘာကျော်ဂီတပွဲများကျင်းပရာနေရာသာဖြစ်၏။ ထိုကမ္ဘာကျော်ဂီတပွဲများသည် နှစ်စဉ်ကျင်းပသောဆမ်ပါအောပရာကပွဲထက်လည်း  ပို၍များသောလူပရိသတ်ကို ဆွဲဆောင်နိုင်လေသည်။ သီရေတာပလာ့ဇ် (Theaterplatz) ရင်ပြင်၌တည်ရှိသော ထိုအော်ပရာပြဇာတ်ရုံကြီးကို တတိယအကြိမ်မြောက်ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်လေသည်။ မူလအဆောက်အဦးကြီးသည် ၁၈၆၉ ခုနစ်တွင်မီးဘေးသင့်ခဲ့ရသဖြင့် ပြန်လည်တည်ဆောက်ခဲ့ရပြီးနောက် ၁၉၄၅ တွင်ဗုံးဒဏ်သင့်ခဲ့လေသည်။ ထို့နောက် နှစ်ပေါင်း ၄၀ ကြာသည့်နောက်တွင် လက်ရှိဆမ်ပါအော်ပရာဇာတ်ရုံကြီးသည် တံခါးများကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်နှစ်လျှင်ခန့်မှန်းချေဖျော်ဖြေပွဲ၂၅၀ ကျော်မျှတင်ဆက်ရာဖြစ်လာခဲ့လေသည်။ ဂီတသံစဉ်များထက် ဗိသုကာလက်ရာကိုစိတ်ပါဝင်စားသူများအနေနှင့် ခမ်နားလှသည့်အတွင်းပိုင်းဖွဲ့စည်းပုံများကိုရှင်းပြသောလမ်းပြအဖွဲ့များနှင့်လိုက်ပါနားထောင်နိုင်ပြီး ပြဇာတ်ရုံကြီးပြန်လည်တည်ဆောက်ရာ၌ ဘီယာကိုမည်သို့မည်ပုံအသုံးပြုထားပုံကိုပါ သိရှိနိုင်ပေသည်။ ပြဇာတ်ရုံကြီး၏ခန်းမရှိ သစ်သားချပ်အတုများ၏အသွင်အပြင်သည် သဘာဝအသွေးအရောင်ကဲ့သို့ဖြစ်နေခြင်းမှာ အေးစိမ့်သောဘီယာထဲ၌ စိမ်ထားသောကြောင့်ပင်ဖြစ်သည်။

ကြောင်ကလေး၏တိုင်းပြည်

ဒရက်စ်ဒန်မြို့မှနာမည်ကြီးစာအုပ်ဆိုင်တစ်ခုဖြစ်သည့် "Bücher’s Best" ဆိုင်လေး၏ကန့်လန့်ကာနောက်ကွယ်မှပိုင်ရှင်အစစ်မှာ ကြောင်လေးတစ်ကောင် ဖြစ်လေသည်။     ။ဆိုင်ပိုင်ရှင်ကြောင်လေး Myamoto Musashi နှင့် Jörg Stübing သို့မဟုတ် “Stü”
ဒရက်စ်ဒန်မြို့မှနာမည်ကြီးစာအုပ်ဆိုင်တစ်ခုဖြစ်သည့် "Bücher’s Best" ဆိုင်လေး၏ကန့်လန့်ကာနောက်ကွယ်မှပိုင်ရှင်အစစ်မှာ ကြောင်လေးတစ်ကောင် ဖြစ်လေသည်။ ။ဆိုင်ပိုင်ရှင်ကြောင်လေး Myamoto Musashi နှင့် Jörg Stübing သို့မဟုတ် “Stü” | ဓါတ်ပုံ : © Kaddi Cutz
ဒရက်စ်ဒန်မြို့မှ နာမည်ကြီးစာအုပ်ဆိုင်တစ်ခုဖြစ်သည့် "ဗျူးရှား ဘက်စ်" (Bücher’s Best) ဆိုသည့်ဆိုင်လေး၏ကန့်လန့်ကာနောက်ကွယ်မှပိုင်ရှင်အစစ်မှာ ကြောင်လေးတစ်ကောင်ဖြစ်လေသည်။ မြောင်မိုတိုမူဆာရှီ (Myamoto Musashi) ဟုခေါ်သည့်ထိုကြောင်လေးသည် စာအုပ်ဆိုင်အတွင်း၌ဖြစ်ပျက်သမျှကို အမြဲမပြတ်မျက်စိဒေါက်ထောက်လိုက်ကြည့်နေတတ်သလို ရံဖန်ရံခါ၌လည်းစာအုပ်ရွေးရန်အခက်ကြုံနေသည့်စာဂျပိုးများကို ကူညီ၍စာအုပ်ကောင်းများရွေးပေးတတ်သေးသည်။ ဒဿနိကဗေဒကိုလေ့လာရင်းစာအုပ်လုပ်ငန်းကိုအမှတ်မထင်ဝင်မိသွားသူ ရှတူး (Stü) ဟုလူသိများသော ရော့ဂ်ရှတူးဘင်း (Jörg Stübing) ၏စာအုပ်ဆိုင်လေးမှာ တကယ့်စာပေရတနာသိုက်လေးပင်ဖြစ်လေသည်။ အပြင်၌ပုံမှန်ဆုံခဲလှသောသူတို့ ထိုဆိုင်လေး၌ဆုံတတ်ကြသလို ထွေရာလေးပါးပြောကြရင်းဖတ်ပြီးသောစာအုပ်များအကြောင်းစားမြုံ့ပြန်ကြလေသည်။ ဤနေရာ၌ စကားနည်း၍ခပ်အေးအေးနေတတ်သောဒရက်စ်ဒန်မြို့ခံများကို
တွေ့ရမည်မဟုတ်သော်လည်း စနစ်တကျစီစဉ်ထားသည့်အမျိုးအစားစုံလင်လှသောလက်ရွေးစင်စာအုပ်ကောင်းများကို အံ့သြဖွယ်ရာတွေ့မြင်နိင်ပေသည်။ ဆိုင်၌တင်ထားသောစာတစ်အုပ်ချင်းစီတိုင်းသည် သူ့အကြောင်းအရာနှင့်သူကောင်းသည်ချည်းဖြစ်၍ ညွှန်းဆိုခံရသောစာအုပ်များမှာ ပေးရသောငွေနှင့်တန်သည်ချည်းသာဖြစ်သည်။ ‌နယ်ခံစာရေးဆရာများနှင့် တစ်နိုင်ထုတ်‌‌ဝေသူများ၏စာအုပ်များကိုလည်း စင်တစ်ခုဖြင့်သီးခြားထားရှိသဖြင့် ထိုသူတို့အဖို့ ဤနေရာသို့လာရင်း စကားစမြည်ပြောကြ၊ ကြောင်လေးကိုပွတ်သပ်ချော့မြူရင်း စာဖတ်သူဖတ် သို့မဟုတ်လည်း အချင်းချင်းကျီစယ်၍ကဗျာများစောင်းထေ့ကာစပ်ဆိုကြသည်မှာ ထုံးစံလိုပင်ဖြစ်သည်။ ပုံမှန်စာအုပ်ဆိုင်ဖွင့်သည့်အချိန်များမှအပ ကျန်အချိန်များ၌ ရှတူး (Stü) အနေနှင့်  လူဝီစန်ရှထျားဇာ (Louisenstraße) စတိုးကို ပြပွဲများ၊ ဂီတပွဲများနှင့်စာအုပ်ဖတ်ပွဲများအတွက်ဖွင့်လှစ်လေ့ရှိပြီး နွေရာသီတွင်မူဆိုင်အပြင်ဘက်မြက်ခင်းပြင်၌ကျင်းပလေ့ရှိသည်။

ရုပ်ရှင်ဝါသနာအိုးများအတွက်စိတ်အာဟာရ

ဘလေ့စ်ဝတ်စ် (Blasewitz) ရပ်ကွက်အတွင်းရှိ အနုပညာအသားပေးရုပ်ရှင်များပြရာရုပ်ရှင်ရုံတစ်ခုသည် ဥရောပသားဒါရိုက်တာများ၏လက်ရာများ၊ သတင်းမှတ်တမ်းရုပ်ရှင်များနှင့် ငွေရောင်ပိတ်ကားပေါ်မှ လူသိနည်းသောရုပ်ရှင်ဇာတ်ကားကောင်းများကို ပြသပေးရာ နေရာဖြစ်သည်။
ဘလေ့စ်ဝတ်စ် (Blasewitz) ရပ်ကွက်အတွင်းရှိ အနုပညာအသားပေးရုပ်ရှင်များပြရာရုပ်ရှင်ရုံတစ်ခုသည် ဥရောပသားဒါရိုက်တာများ၏လက်ရာများ၊ သတင်းမှတ်တမ်းရုပ်ရှင်များနှင့် ငွေရောင်ပိတ်ကားပေါ်မှ လူသိနည်းသောရုပ်ရှင်ဇာတ်ကားကောင်းများကို ပြသပေးရာ နေရာဖြစ်သည်။ | ဓါတ်ပုံ : © PK Ost
ပရိုဂရမ်ခီနိုအော့စ် (Programmkino Ost) သည် ရုပ်ရှင်ဝါသနာအိုးများမသွားမဖြစ်သွားရောက်သင့်သည့်နေရာဖြစ်လေသည်။ ဘလာ့ဇယ်ဗစ် (Blasewitz) ရပ်ကွက်အတွင်းရှိ အနုပညာအသားပေးရုပ်ရှင်များပြရာရုပ်ရှင်ရုံကြီးသည် ဥရောပသားဒါရိုက်တာများ၏လက်ရာများ၊ သတင်းမှတ်တမ်းရုပ်ရှင်များနှင့် ငွေရောင်ပိတ်ကားပေါ်မှလူသိနည်းသောရုပ်ရှင်ဇာတ်ကားကောင်းများကို ပြသပေးသောနေရာဖြစ်သည်။ ထိုရုံ၌စီစဉ်သူများဖြစ်သော ဂျာနာအန်ဂယ်လ်မန်း (Jana Engelmann) နှင့် ဆဗန်ဗေးဆယ် (Sven Weser) တို့၏စိတ်ကြိုက်ရွေးချယ်ထားသောရုပ်ရှင်များကိုသာပြသသော်လည်း ယခုအချိန်ထိနှစ်ပေါင်း၂၀ ကြာအောင်မြင်နေဆဲဖြစ်၏။ ထိန်းသိမ်းထားသောလက်ရာဟောင်းများကို နောက်ဆုံးပေါ်နည်းပညာများဖြင့်မွမ်းမံထားသော ထိုရုပ်ရှင်ရုံသို့  ရုပ်ရှင်အရသာကိုအပြည့်အဝခံစားရန်အလို့ငှာ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ယင်းဒေသတစ်ဝိုက်မှလာရောက်ကြည့်ရှုကြသောဝါသနာအိုးများမှာ တစ်သိန်းရှစ်သောင်းခန့်အထိပင်ရှိလေသည်။

သက်ရှည်ပင်ကြီး

ကဒစ် (Kaditz) ရှိ ဘုရား‌ကျောင်းဝင်းကြီးထဲမှ ကြီးမားသောမြရာပင်ကြီး။ Carl Wilhelm Arldt ၏ကျောက်သားပန်းချီလက်ရာ (၁၈၄၀ ခုနှစ်ဝန်းကျင်)။
ကဒစ် (Kaditz) ရှိ ဘုရား‌ကျောင်းဝင်းကြီးထဲမှ ကြီးမားသောမြရာပင်ကြီး။ Carl Wilhelm Arldt ၏ကျောက်သားပန်းချီလက်ရာ (၁၈၄၀ ခုနှစ်ဝန်းကျင်)။ | ဓါတ်ပုံ : © Wikipedia.org/Gemeinfrei
ဒရက်စ်ဒန်ရှိရှေးဆန်သည့်ရပ်ရွာများကိုလေ့လာလိုသူများအတွက် အလွယ်ဆုံးနည်းလမ်းမှာ "အော်လ့်" သို့မဟုတ် "အိုး" နှင့်စသောနာမည်ရှိသည့်ရွာများကို ရွေးချယ်သွားရောက်ရန်ဖြစ်သည်။ နယ်မြေပိုင်းခြားမှုအရ ဒရက်စ်ဒန်ပိုင်နက်ထဲ၌မဟုတ်သော်လည်း ချန်ထားခဲ့ဖို့ရာချစ်စဖွယ်ကောင်းလွန်းသည့်ပန်းချီဆန်ဆန်ရွာလေးများဖြစ်သော "အော်လ့်ထရာချူး" (Alt-Trachau)၊ "အော်လ့်ပိုင်းရှန် ခေါ်  အော်လ့်ကိုရှန်ဘရိုဒါ" (Altpeischen or Altkötzschenbroda) တို့၌ရှိသည့်ယာတဲကလေးများ၊ လက်လုပ်အိမ်ငယ်လေးများနှင့် ၎င်းတို့ကိုဝန်းရံလျက်ရှိသောလေးထောင့်စပ်စပ်ဥယျာဥ်ငယ်လေးများကိုမြင်တွေ့ရသည်မှာ အတိတ်သမိုင်းတစ်ခုဆီသို့ပြန်လည်ရောက်ရှိသွားသယောင်ပင်ဖြစ်သည်။ ဥပမာဆိုရသော် အော်လ့်ကဒစ် (Altkaditz) ရှိ အမ်းမောက်စ် (Emmaus) ဘုရား‌ကျောင်းဝင်းကြီးသည် သက်တမ်းထောင်ချီရှိသည့်နှစ်ရှည်ပင်ကြီးတည်ရှိရာဖြစ်လေသည်။ လောရန်ရှက်စ်လူသာရန် (Laurentius Lutheran) အသင်းတော်ဘုန်းတော်ကြီး၏ နှစ်ပေါင်း ၃၀၀ ခန့်သက်တမ်းရှိသည့်နေအိမ်အရှေ့ဘက်ရှိ ထိုနှစ်ရှည်မြရာပင်ကြီးသည် ကျွမ်းကျင်သူများ၏ခန့်မှန်းတွက်ချက်မှုများအရ နှစ်ပေါင်း ၈၅၀ သက်တမ်းရှိပြီဖြစ်ကာ ဒရက်စ်ဒန်ရှိသက်တမ်းအရင့်ဆုံးအပင်ကြီးလည်းဖြစ်သည်။ အပင်ကြီး၏အမြင့်မှာမီတာ၂၀ ခန့်ရှိ၍ ထူးခြားသောပုံသဏ္ဌာန်ရှိသည့်ပင်စည်၏ပတ်လည်အချင်းမှာလည်း အမြင့်၏ထက်ဝက်ခန့်ရှိလေသည်။ ၁၈၁၈ ခုနစ်၌လောင်ကျွမ်းခဲ့သောမီးကြောင့် ထိုမြရာပင်ကြီးသည် နှစ်ခြမ်းကွဲသွားခဲ့သော်လည်း ထိုအက်ကွဲကြောင်းကြီးကိုပြန်လည်ထောက်မတုပ်စည်းခဲ့ရာ အပင်ကြီးသည်ပုံသဏ္ဌာန်မမှန်ဘဲဆက်လက်ကြီးထွားခဲ့လေသည်။ မူလ၌အလယ်တွင် အခေါင်းပေါက်ကြီးဖြစ်ကျန်နေသော်လည်း ဆယ်စုနှစ်များကြာသည့်နောက် သစ်ခေါက်အလွှာအသစ်များဖြစ်ပေါ်လာရာမှထိုအခေါင်းပေါက်ကြီးလည်း ပိတ်သွားခဲ့လေသည်။ ကဒစ် (Kaditz) ရှိထိုသက်ရင့်ပင်ကြီးကို ၁၉၈၅ ခုနစ်တွင် သမိုင်းဝင်အမွေအနှစ်စာရင်းထည့်သွင်းခဲ့လေသည်။

ဗဟိုချက်မှလာသောခွန်အားများ

tig. theater junge generation (ငယ်ရွယ်သောမျိုးဆက်များအတွက်ပြဇာတ်ရုံ) နှင့် Staatsoperette (ပြည်နယ်အော်ပရာပြဇာတ်ရုံ) တို့သည် ၎င်းတို့၏နေရာသစ်ကို ယခင်စွမ်းအင်စက်ရုံဟောင်း Kraftwerk Mitte တွင်တွေ့ရှိခဲ့ကြသည်။
tig. theater junge generation (ငယ်ရွယ်သောမျိုးဆက်များအတွက်ပြဇာတ်ရုံ) နှင့် Staatsoperette (ပြည်နယ်အော်ပရာပြဇာတ်ရုံ) တို့သည် ၎င်းတို့၏နေရာသစ်ကို ယခင်စွမ်းအင်စက်ရုံဟောင်း Kraftwerk Mitte တွင်တွေ့ရှိခဲ့ကြသည်။ | ဓါတ်ပုံ : © picture alliance/Bildagentur-online/Exss
ဒရက်စ်ဒန်ဟုဆိုလျှင် ခေတ်နောက်ပြန်ဆွဲသော၊ ရှေးဆန်သော၊ အသစ်အသစ်များကိုလက်မခံသော စသောအချက်များနှင့်တွဲမြင်မိပေလိမ့်မည်။ သို့ငြားလည်း ခရာ့ဗက်ခ်မစ်တယ် (Kraftwerk Mitte) သည် အထက်ပါအချက်များနှင့်ဆန့်ကျင်ဖက်ပင်ဖြစ်သည်။ စတုရန်းမီတာလေးသောင်းအကျယ်ရှိပြီး ၁၉ ရာစုနှစ်တွင် စက်မှုဇုန်ဖြစ်ခဲ့သောထိုနေရာသည် ယခုအခါ၌ယဉ်ကျေးမှုအနုပညာနှင့် ဆန်းသစ်သောအနုပညာဖန်တီးမှုတို့ ထွန်းကားစု‌ဝေးရာဖြစ်လာခဲ့သည်။ ဗေးစ်ဒရူဖာ ဖောရှတက် (Wilsdruffer Vorstadt) ရပ်ကွက်အတွင်းရှိ တစ်ချိန်ကအပူနှင့်လျှပ်စစ်ဓာတ်အားပေးရုံဖြစ်ခဲ့သောနေရာကို ၁၉၄၄ ခုနှစ်တွင်ဖျက်သိမ်းခဲ့ပြီး  ၂၀၁၆ ခုနစ်၌ အနုပညာရပ်ဝန်းဆိုသည့်စာမျက်နှာသစ်ကိုဖွင့်လှစ်ခဲ့လေသည်။ ဒရက်စ်ဒန်မြို့အော်ပရာပြဇာတ်ရုံကိုလည်း ထိုနေရာသို့ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး မျိုးဆက်သစ်ပြဇာတ်သမားများအတွက် တီဂျေဂျီ (TJG. Theater Junge Generation) ပြဇာတ်ရုံကြီးလည်းရှိလေသည်။ ပြဇာတ်ရုံကြီးနှင့်ဘေးချင်းကပ်တွင်ရှိသော ခရာ့ဗက်ခ်မစ်တယ် (Kraftwerk Mitte) ၌လည်း ပွဲအခမ်းနားများကျင်းပနိုင်လေသည်။ ဆန်ထရာခီနို (Zentralkino) ရုပ်ရှင်ရုံကြီး၌ ရုပ်ရှင်ကားကောင်းများကိုခံစားနိုင်သလို စွမ်းအင်ပြတိုက်နှင့်ဂီတအနုသုခုမကျောင်းကြီးတို့တွင်လည်း ဗဟုသုတများကိုရှာဖွေလေ့လာနိုင်ပေသည်။ ခရာ့ဗက်ခ်မစ်တယ် (Kraftwerk Mitte) သည် ဗိသုကာလက်ရာအထင်ကရနေရာပင်ဖြစ်လေသည်။ စက်မှုဇုန်နယ်မြေဖြစ်ခဲ့စဉ်ကကျန်ရှိခဲ့သောအဆောက်အဦးဟောင်းများကို အသစ်တိုးလာသောအဆောက်အဦးအသစ်များကဝန်းရံထားလေသည်။ ထိုအဆောက်အဦးဟောင်းများမှတစ်ချို့သည် ယဉ်ကျေးမှုအထိမ်းအမှတ်အဆောက်အဦးများအဖြစ် စာရင်းသွင်းခံနေရပြီဖြစ်သည်။ စက်မှုဇုန်နယ်မြေဖြစ်ခဲ့ဘူးသော ထိုနေရာကို အနုပညာရပ်ဝန်းအဖြစ်ပြောင်းလဲနိုင်ခဲ့မှုကြောင့်၂၀၁၇ ခုနစ် ဆက်ဇွန်နယ်မြေများအတွက်ပေးအပ်သော ဘောင်းခူထူးအာ (Baukultur) ဆုကို ဆွတ်ခူးနိုင်ခဲ့လေသည်။

ထီးလေးတော့ဆောင်ခဲ့ပါ။

ဒရက်စ်ဒန်မြို့၏ Kunsthofpassage (အနုပညာဥယျာဉ်လမ်းကလေး) မှ Courtyard of Elements (သံစဉ်များ၏ခြံဝန်း)။
ဒရက်စ်ဒန်မြို့၏ Kunsthofpassage (အနုပညာဥယျာဉ်လမ်းကလေး) မှ Courtyard of Elements (သံစဉ်များ၏ခြံဝန်း)။ | ဓါတ်ပုံ : ©picture alliance/Bildagentur-online/Sunny Celeste
ဒရက်စ်ဒန်မြို့၏မိုးရေစက်များသည် သင်၏စိတ်အာရုံကိုညစ်ညူးစေလိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် ဒရက်စ်ဒန်မြို့၊ နွိုင်းရှတက် (Neustadt) ရပ်ကွက်ရှိ အသေးစိတ်ဒီဇိုင်းပြုလုပ်ထားသောခြံဝန်းအစုလေးဖြစ်သည့် ခွန့်စ်ဟို့ဖ်ပါဆာဂျယ် (Kunsthofpassage) ဟုခေါ်သောနေရာသည် မိုးရေစက်လေးများကို ဖျော်ဖြေရေးအတွက်အသုံးတော်ခံရန်စီမံထားသော အများပြည်သူနားနေရန်နေရာလေးဖြစ်၏။ “သံစဉ်များ၏ ခြံဝန်း” (Courtyard of Elements) ဟုခေါ်တွင်သောထိုနေရာလေးတွင် ပြာလွင်သောအဆောက်အဦးမျက်နှာစာမှကျဆင်းလာသောမိုးရေစက်များကို မိုးရေဆင်းပိုက်များသည် ၎င်းတို့၏ကိုယ်ပိုင်ဂီတသံ အဖြစ်ပြောင်းလဲပေးလေသည်။ ထိုအနုပညာလက်ရာလေးကို ပန်းပုဆရာ အန်းနက်ပေါလ် (Annette Paul) နှင့် ဒီဇိုင်နာများဖြစ်သော ခရစ္စတိုရိုဇ်နာ (Christoph Roßner) နှင့် အန်ဒရေးတမ်ပယ် (André Tempel) တို့ကပူးပေါင်းပုံဖော်ထားခြင်းဖြစ်သည်။ ထိုလူကြိုက်များသောရပ်ဝန်းလေးတွင် မိုးရွာသော် မိုးရေစက်များသည် မိုးရေခံခွက်သို့မကျဆင်းမီ ဝင်္ကပါသဖွယ်ရှုပ်ထွေးလှသော ရေဆင်းပိုက်များ၊ ကတော့ချွန်ပိုက်များ၊ ခရားများ၊ ရေတလျောက်နှင့်စင်္ကြန်များတလျှောက်ကို ဖြတ်သန်းစီးသွားကြပြီး မတူညီသောသံစဉ်အသစ်များကို ဖန်တီးပေးလေသည်။ မိုးစက်များ၏ဂီတသံစဉ်ကို သက်တောင့်သက်သာခံစားလိုလျှင် ထီးဆောင်လာရန်မမေ့ပါနှင့်။ သို့မဟုတ်ပါက ထိုအနီးအနားရှိ အလင်း၊ အလင်္ကာ၊ တိရစ္ဆာန်များ (သို့) ဒဏ္ဏာရီလာသတ္တဝါများ၏ ခြံဝန်းများစသည့်နေရာများ၌မိုးခို၍လည်း ဖန်တီးပုံဖော်ထားသည့်အကြောင်းအရာများ၏ ထူးခြားသောပုံပြင်များ၊ လျှို့ဝှက်သစ်ဆန်းသော အသေးစိတ်လက်ရာများကို စိတ်ဝင်စားဖွယ်လေ့လာနိုင်ပေသည်။   

စိတ်လှုပ်ရှားဖွယ်မြို့လယ်အရပ်

ဒရက်စ်ဒန်မြို့ဟောင်း မြိုလယ်ဗဟိုရှိ အရာအားလုံးသည် ခြေလျင်လည်ပတ်ကြည့်ရှုနိုင်သည်။
ဒရက်စ်ဒန်မြို့ဟောင်း မြိုလယ်ဗဟိုရှိ အရာအားလုံးသည် ခြေလျင်လည်ပတ်ကြည့်ရှုနိုင်သည်။ရှိ အရာအားလုံးသည် ခြေလျင်လည်ပတ်ကြည့်ရှုနိုင်သည်။ | ဓါတ်ပုံ : © picture alliance/Matthias Hiekel/dpa
မြို့လယ်ကောင်အရပ်ကို သွားရောက်လည်ပတ်ရန်ကောင်းသောနေရာအဖြစ်ညွှန်းဆိုရန်မှာ အဆန်းတကြယ်မဟုတ်လှသော်လည်း ဒရက်စ်ဒန်တွင်မူ မဖြစ်မနေကြည့်ရှု့သင့်သောစိတ်ဝင်စားဖွယ်ရာများသည်ပြန့်ကျဲမနေသဖြင့် မရှောင်လွှဲနိုင်ဘဲ နာရီပိုင်းအတွင်းခြေလျင်လည်ပတ်ကြည့်ရှုနိုင်လေသည်။ ဆမ်ပါအနုပညာပြခန်း၊ မက်စီယန်ကြွေထည်ပြခန်း၊ ဆမ်ပါအိုပရာပြဇာတ်ရုံ၊ ဆက်ဇွန်တို့၏တရားစီရင်ရေးဌာနဟောင်းနှင့် ၁၉ ရာစုအော်ပရာပြဇာတ်ရုံ၊ ဆက်ဇွန်ဘုရင်များနှင့်ရွေးကောက်ခံတို့စံစားခဲ့သော‌ဒရက်စ်ဒန်ရဲတိုက်စသည်တို့သည် အယ်လ်ဘီမြစ်ကမ်းပေါ်ရှိသမိုင်းဝင်မြို့ကြီး၏မြို့လယ်ကောင်ရှိ ဘာရော့ဗိသုကာလက်ရာဇွင်ဂျာအဆောက်အုံဝင်းကြီးအတွင်းတွင် နီးကပ်စွာတည်ရှိနေပါသည်။ ဘရူစ်တားရေ့စ် (Brühls Terrace) ဟုခေါ်တွင်သော အယ်လ်ဘီမြစ်၏သမိုင်းဝင်ကမ်းနားလမ်းကြီးအတိုင်းလျှောက်သွားလျှင် သမိုင်းဝင်မွန်းစ်ဂါဆာ (Münzgasse) လမ်းကျဉ်းလေးသို့ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် နွိုင်းမတ် (Neumarkt ) ရင်ပြင်ရှိ ဘာရော့ဗိသုကာဟန်အပြည့်ရှိသည့် ပြန်လည်တည်ဆောက်ထားသောနာမည်ကျော် ဖရောင်းဝမ်းခေးလ်ရှာ (Frauenkirche ) ဘုရားကျောင်း (မယ်တော်မေရီဘုရားကျောင်း) သို့ရောက်မည်ဖြစ်သည်။ ဆစ်စတင်းမက်ဒေါနားရုပ်တု (Sistine Madonna) နှင့်အခြားသောလက်ရာမြောက်ပန်းပုရုပ်များရှိရာ အိုးမာစတာ (Old Masters) အနုပညာပြခန်း၊ ဆက်ဇွန်ဘုရင်များနှင့်ရွေးကောက်ခံတို့၏ဘဏ္ဌာတိုက်ဖြစ်သော ဂရင်းဗော့ (Green Vault) နှင့် State Art Collections စသည်တို့သည် အနုပညာဝါသနာအိုးများ၏စိတ်နှလုံးကို အင်မတန်ဆွဲဆောင်နိုင်လေသည်။ ဂရင်းဗော့ (Green Vault) သည် ၂၀၁၉ ခုနစ်၌ဖောက်ထွင်းခံခဲ့ရပြီး အမှုအမှန်ကိုမူယနေ့အထိမဖော်ထုတ်နိုင်သေးပေ။ သြဂတ်စတပ် (Augustus) တံတားကိုဖြတ်လျှောက်ရင်း ရွှေရောင်မြင်းစီးသူရဲရုပ်တုကြီးကိုတွေ့မြင်နိုင်သလို မြို့သစ်ဆီသို့လည်းဝင်‌ရောက်လည်ပတ်နိုင်ပေသည်။ ၁၉၄၉ ခုနစ်မှစ၍ ထိုတံတားကြီးကိုဘူဂေးရီးယန်းကွန်မြူနစ် ဂျော်ဂျီဒီမီထရော့ဗ် (Georgij Dimitroff) ၏နာမည်အားအစွဲပြုကာခေါ်ဆိုခဲ့ကြလေသည်။ ပါးစပ်ရာဇဝင်များအရဆိုသော် ဤနာမည်သည် ရာဂကြီးလှသော ခွန်အားကြီးသူသြဂတ်စတပ်ကြီးမှ (Augustus the Strong) သူ၏ရထားမောင်းကို တံတားပေါ်၌မိန်းမလှလေးတစ်ယောက်ဖြတ်သွာတိုင်း "ရှေ့တော်မှောက်သွင်းစမ်းဟေ့" “die-mit-druff” ဟုပြောရာမှ ရရှိလာခြင်းဖြစ်သည်ဟုဆိုကြ၏။ ဤသို့ဖြင့် ထိုနာမည်ကို ၁၉၉၀ ၌တံတားကြီးအား သြဂတ်စတပ် (Augustus) ဟုပြန်လည်မပြောင်းလဲမှီအထိ ဆယ်စုနှစ်အတော်ကြာကြာခေါ်တွင်ခဲ့ကြသည်။ ဤသို့ဖြင့် ဒရက်စ်ဒန်သည် ဂျာမန်လူမျိုးတို့၏မြို့တော်စတင်အခြေပြုရာဒေသဟူသောဂုဏ်ပုဒ်ကို နှစ်ပေါင်းအတန်ကြာထိန်းသိမ်းနိုင်ခဲ့လေသည်။

မြို့ပြလမ်းညွှန်မြေပုံ

 
ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေးကူးခြင်း။    ။ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကို မြို့တော်၏ကောက်ကြောင်းထက်မှအစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့် ဂန္တဝင်နေရာများ၏အဓိကအချက်ကိုပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်သမားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။