မြန်မာ့ဂီတခြေလှမ်းသစ်ဂီတဖျော်ဖြေပွဲ - မြန်မာစောင်း (စောင်းကောက်)

ရေးသားသူ​ ဒေါက်တာစုဇာဇာ (မြန်မာဂီတပညာရှင်)

စောင်းတူရိယာတင်ဆက်မှု မြန်မာ့ဂီတခြေလှမ်းသစ်ဂီတဖျော်ဖြေပွဲ စောင်းတူရိယာတင်ဆက်မှု မြန်မာ့ဂီတခြေလှမ်းသစ်ဂီတဖျော်ဖြေပွဲ | ©Goethe-Institut Myanmar
'မြန်မာစောင်း' ဟုမြန်မာဘာသာဖြင့်ခေါ်၀ေါ်တဲ့ မြန်မာ့ဂီတတူရိယာကို မြန်မာနိုင်ငံရဲ့အမျိုးသားတူရိယာအဖြစ်သတ်မှတ်ထားကြပါတယ်။

အမည်းရောင်နဲ့ဟင်္သာပဒါးရောင်တို့ကိုအသုံးပြုပြီးခြယ်သထားတဲ့ စောင်းတူရိယာရဲ့ကိုယ်ထည်ကိုရွှေချထားပြီး လေးကိုင်းပုံစောင်းလက်ရုံးရဲ့ထိပ်ပိုင်းကိုတော့ ညောင်ရွက်ပုံစံတန်ဆာဆင်ထားပါတယ်။ ဤကဲ့သို့ ရူပါပသာဒအရလွန်စွာမှခန်းနားထည်၀ါမှုရှိတဲ့ စောင်းကောက်ကို တခါတရံမှာဆိုရင် မြန်မာ့ဂီတတူရိယာများရဲ့အရှင်သခင်အဖြစ်တင်စားလေ့ရှိပါတယ်။

မြန်မာစောင်းတူရိယာကို ပျုုခေတ်အခါကစတင်ပြီးအသုံးပြုခဲ့တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ မှတ်တမ်းမှတ်ရာများအရတော့ အေဒီ (၉) ရာစုခန့်မှာ မြန်မာသုခုမပညာရှင်များက ပြည်ပမှာစောင်းတူရိယာနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ မူလအစပိုင်းမှာတော့ ၃-သုံးကြိုးတပ်စောင်းကိုအသုံးပြုခဲ့ကြရာကနေ၊ နောက်ပိုင်းမှာတော့ ၇-ခုနှစ်ကြိုးတပ်စောင်းကိုအသုံးပြုလာကြပါတယ်။ ဗမာမင်းများရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်ခေတ် (၁၇၇၂ - ၁၈၈၅) ထဲရောက်လာတဲ့အခါမှာတော့ မြ၀တီမင်းကြီးဦးစ (၁၇၆၆ - ၁၈၅၃) က ၁၃-ဆယ့်သုံးကြိုးတပ်စောင်းကိုတီထွင်ခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ ဆရာငြိမ်းက ၁၄-ဆယ့်လေးကြိုးတပ်စောင်းကိုတီထွင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်၀န်းကျင်လောက်မှာတော့ အင်မတန်ကျော်ကြားတဲ့စောင်းပညာရှင် အလင်္ကာကျော်စွာဦးဘသန်းက ၁၄-ကြိုးတပ်စောင်းကို ကြိုးအပိုနှစ်ချောင်းထပ်ထည့်လိုက်ပြီး ၁၆-ဆယ့်ခြောက်ကြိုးတပ်စောင်းကိုတီထွင်ခဲ့ပါတယ်။ အဆိုပါ ၁၆-ကြိုးတပ်စောင်းဟာ ယနေ့မျက်မှောက်ခေတ်တွေ့နေကျမြင်နေကျ မြန်မာ့သုခုမပညာရှင်များတီးခတ်နေကြတဲ့မြန်မာ့စောင်းကောက်ဖြစ်ပါတယ်။
  • မြန်မာစောင်း (စောင်းကောက်) ©Dr. Su Zar Zar

    မြန်မာစောင်း (စောင်းကောက်)

  • ဒေါက်တာစုဇာဇာ (ဂီတပညာရှင် မြန်မာ) ©Dr. Su Zar Zar

    ဒေါက်တာစုဇာဇာ (ဂီတပညာရှင် မြန်မာ)

ဒေါက်တာစုဇာဇာသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် လက်ထောက်ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (jica) နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့်အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့်ကျောင်းသုံးဖတ်စာအုပ်ပြုစုရေးဆွဲရေးစီမံကိန်းတွင် ဂီတသင်ရိုးညွှန်းတမ်းအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ (၂၀၁၅) ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာတက္ကသိုလ်မှအပ်နှင်းသောပါရဂူဘွဲ့ကိုလက်ခံရရှိပြီးနောက် ဒေါက်တာစုဇာဇာသည် နိုင်ငံတကာတက္ကသိုလ်မှ Ph.D Music ဘွဲ့ရရှိသည့် ပထမဆုံးမြန်မာနိုင်ငံသားဖြစ်လာသည်။ မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်အထိ နိုင်ငံတကာတက္ကသိုလ်မှဂီတပါရဂူဘွဲ့ကိုရရှိထားသူမှာ ဒေါက်တာစုဇာဇာတစ်ဦးတည်းသာရှိသည်။ ဂျပန်နိုင်ငံသို့ပညာတော်သင်သွားရောက်ခဲ့သည့် (၇) နှစ်တာကာလအတွင်း မြန်မာ့ရိုးရာတေးဂီတဖျော်ဖြေပွဲများစွာကိုဖျော်ဖြေတင်ဆက်ခဲ့သည်။ (၂၀၁၁) ခုနှစ်၊ မေလတွင် ငလျင်နှင့်ဆူနာမီဘေးဒဏ်သင့်ခဲ့ရသည့် ဂျပန်အရှေ့မြောက်ပိုင်းဒေသသို့ asean caravan of goodwills အဖွဲ့ဝင်အနေဖြင့်သွားရောက်ခဲ့ပြီး၊ သဘာဝဘေးဒဏ်ခံစားခဲ့ရသည့်ဂျပန်ပြည်သူများအတွက် မြန်မာ့စောင်းပညာဖြင့်ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများတွင် (၁၉၉၄) ခုနှစ်မှစတင်ကာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပညာရှင်အဆင့် (၂) ကြိမ်အပါအဝင် ရွှေတံဆိပ် (၄) ဆုရရှိခဲ့သည်။ (၁၉၈၈) ခုနှစ်တွင် မြန်မာ့စောင်းပညာကို ဆရာဖြစ်သူ က.ပ.စဦးဝင်းမောင် (Saung Win Maung) ထံမှစတင်လေ့လာသင်ယူခဲ့ပြီး အသက် (၁၁) နှစ်အရွယ် (၁၉၉၀) ခုနှစ်တွင် မြန်မာ့အသံ၌ စောင်းလက်စွမ်းပြပဒေသာတီးလုံးကိုစတင်အသံသွင်းနိုင်ခဲ့သည်။ ၎င်းတီးလုံးဖြင့်ပင် ဓါတ်ပြားရရှိပြီး၊ မြန်မာနိုင်ငံ၏အသက်အငယ်ဆုံးစောင်းလက်စွမ်းပြဓါတ်ပြားဆုရရှိသူဖြစ်လာခဲ့သည်။ (၂၀၀၅) ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပသည့် Magic String Exhibition တွင်စောင်းလက်သံဗီဒီယိုပေးပို့ကာပါဝင်တင်ဆက်ခဲ့သည်။ The Royal Music Academy တွင်ကျောင်းအုပ်ဆရာမကြီးအဖြစ်တာဝန်ယူလျှက်ရှိပြီး၊ The Music in Myanmar Federation နှင့် Music Society of Myanmar တို့တွင် ဒါရိုက်တာအဖြစ်တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။ ဒါရိုက်တာအောင်ကိုလတ်ရိုက်ကူးသည့်ဂန္ဓဗ္ဗရုပ်ရှင်ဇာတ်ကားကြီးတွင် နောက်ခံတေးဂီတကို ဒါရိုက်တာအောင်ကိုလတ်နှင့်အတူဖန်တီးပုံဖေါ်ခဲ့သည်။ ဒေါက်တာစုဇာဇာသည် မိခင်ဘာသာစကားသာမက၊ အင်္ဂလိပ်စကားနှင့်ဂျပန်စကားတို့ကိုလည်းကျွမ်းကျင်စွာပြောဆိုနိုင်သူဖြစ်သည်။
  • မြန်မာ့ဂီတခြေလှမ်းသစ်ဂီတဖျော်ဖြေပွဲ - မြန်မာစောင်း (စောင်းကောက်) ©Goethe-Institut Myanmar / Sophia

    (၂၀၂၂) ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ဒေါက်တာစုဇာဇာက Goethe-Institut မြန်မာ ပွဲခန်းမတွင် မြန်မာ့ဂီတခြေလှမ်းသစ်ဂီတဖျော်ဖြေပွဲ မြန်မာ့စောင်းတင်ဆက်မှုကိုပြုလုပ်ခဲ့ပါတယ်။

  • မြန်မာ့ဂီတခြေလှမ်းသစ်ဂီတဖျော်ဖြေပွဲ - မြန်မာစောင်း (စောင်းကောက်) © Goethe-Institut Myanmar / Sophia

ကလပ်စစ်ဂီတာသမား ဆရာမြင့်သန်းထွန်း၏ ပွဲအပေါ်သုံးသပ်မှုအမြင်

ကျွန်တော်မြန်မာ့ဂီတကိုကြိုက်ပါတယ်။ အထူးသဖြင့် မဟာဂီတကိုကြိုက်ပါတယ်။ ဒါဆိုဘာဖြစ်လို့ ကလပ်စီကယ်ဂစ်တာတီးသလဲဟုဆိုလျှင် ငယ်ငယ်က မမြင်ဖူး၊ မကြားဖူးခဲ့လို့ပဲထင်ပါတယ်။ ငယ်ငယ်က ရေဒီယိုကနေသီချင်းကြီးတွေလာလျှင် ပျင်းစရာဆိုပြီးလူကြီးတွေကပိတ်ပစ်တယ်။ ကျွန်တော်အသက် (၁၂) နှစ်လောက်မှာကျွန်တော်တို့အိမ်ရဲ့ဘေးအိမ် ဦးလေးရဲ့မိတ်ဆွေက သူ့စောင်းကောက်ကြီးယူလာပြီးတီးပြလို့ စောင်းတူရိယာကို ဘဝမှာပထမဦးဆုံးအရှင်လတ်လတ်မြင်ဖူးခဲ့ရတယ်။ အဲ့ဒီအချိန်က မြန်မာ့မဟာဂီတကို အခြားနိုင်ငံတွေကသိဖို့နေနေသာသာ ကိုယ့်တိုင်းပြည်ကလူတွေတောင် ကောင်းကောင်းမသိခဲ့။ ဆရာမစုဇာဇာ Goethe-Institut မှာတီးမယ့်ပွဲရှိတယ်လို့ကြားတော့ စိတ်ဝင်စားမိတယ်။ မန္တလေးမှာတုန်းကတော့ ဘုရားပွဲများ၊ ဓမ္မာရုံများမှာမကြာခဏ နားထောင်ဖူးပေမယ့် Auditorium မှာတော့တစ်ခါမှ နားမထောင်ဖူးခဲ့ဘူး။ မဟာဂီတနဲ့ပါတ်သက်ရင် ဘာမှသေသေချာချာမသိပါ။ ဒါပေမယ့် ဆရာမစုဇာဇာရဲ့တင်ဆက်မှုက တော်တော်ခောတ်မီတယ်လို့ထင်ပါတယ်။ အထူးသဖြင့် dynamic တွေကို တခြားအနောက်တိုင်းဂန္ထဝင်ဂီတတွေမှာလို သေသေချာချာအသုံးပြုပြီးတင်ဆက်ထားတယ်။ စည်းဝါး၊ ပုလွေ၊ ဗုံ၊ ပတ္တလား ကလည်းတော်တော် (တော်တော်လေးကို) ကောင်းပါတယ်။ (ကျွန်တော့်နောက်မှာထိုင်ပြီး မိန်းမနှစ်ယောက်စကားတတွတ်တွတ်ပြောတာရယ် မလှမ်းမကမ်းကလူတစ်ယောက် ခဏခဏဖုန်းလာတာရယ်ကလွဲရင်) တော်တော်လေးလှပပြီး အဆင့်မြင့်တဲ့ Concert လို့ထင်ပါတယ်။ ဆရာမရဲ့လက်စွမ်းပြတီးလုံး (ကျွန်တော်ကတော့ medley လို့ထင်တယ်) က မြန်မာ့မဟာဂီတကိုရော ဆရာမရဲ့ဂီတအဆင့်အတန်းကိုပါမှန်းဆသိမြင်နိုင်ပါတယ်။ မဟာဂီတကိုနားလည်တဲ့သူဆိုရင် ကျွန်တော်ထက်ပိုသိမယ်။ တင်ဆက်မှုရဲ့အကောင်းဆုံးလို့ပြောရမယ့်အပိုင်းကတော့ အေဝမ်းဆရာညှာ(ထင်တယ်)ရဲ့ ပြည်တော်ဝင်သီချင်းပါ။ လူတိုင်းရင်ကိုတန်းကနဲထိပြီးမျက်ရည်ဝဲလောက်အောင် ထိခတ်စေပါတယ်။

ကျွန်တော်တို့တွေဟာ မီးလောင်နေတယ်ဆိုရင်တောင် မီးကိုငြိမ်းသတ်ဖို့လိုသလို အကောင်းအတိုင်းရှိနေသေးတဲ့အရာတွေကိုလည်း တတ်နိုင်သလောက်ဆယ်ယူဖို့လိုအပ်ပါတယ်။ ဆရာမ စုဇာဇာ ရော ကူညီထောက်ပံ့ပေးတဲ့ Goethe-Institut ရော ပူးပေါင်းပြီး ဒီလိုပွဲတွေတင်ဆက်ပေးတာဟာ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကိုအဆင့်တစ်ခုမြှင့်ပေးတာပါ။