တက္ကသိုလ်ပညာရေးအကြံပေးခြင်း

Information and service © Goethe-Institut

ဂျာမနီနိုင်ငံတွင်ပညာသင်ကြားခြင်း

ဂျာမနီနိုင်ငံရှိတက္ကသိုလ်တစ်ခုတွင်အောင်မြင်စွာပညာစတင်သင်ယူနိုင်ရန်အသင့်ပြင်ဆင်လိုက်ပါ။ 
အင်ဂျင်နီယာဖြစ်စေ၊ ဆရာဝန်၊ သူနာပြု (သို့မဟုတ်) နည်းပညာကျွမ်းကျင်သူဖြစ်စေ....မည်သည့်အလုပ်အကိုင်အတွက်မဆိုပထမဦးဆုံးခြေလှမ်းတစ်လှမ်းမှစတင်ရမည်ဖြစ်သည်။

ဂျာမန်တက္ကသိုလ်ပညာရေးစနစ်သည် ကမ္ဘာပေါ်ရှိအကောင်းဆုံးသောပညာရေးစနစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် ဂျာမနီရှိအစိုးရတက္ကသိုလ်အများစုတွင် ကျောင်းလခမပေးရပါ။ အခမဲ့ပညာရေးစနစ်ဖြစ်ပါသည်။ဂျာမန်တက္ကသိုလ်များနှင့်၎င်းတို့မှပေးအပ်သောအောင်လက်မှတ်များကို နိုင်ငံတကာမှအသိအမှတ်ပြုထားပြီးအလုပ်အကိုင်နယ်ပယ်အများစုတွင်လည်းတန်ဖိုးထားခံရပါသည်။ ဂျာမနီနိုင်ငံတွင်ပညာသင်ယူရာ၌ အဓိကထူးခြားချက်မှာ ပညာရပ်ဆိုင်ရာကျယ်ပြန့်သည့်အသိပညာများကိုရရှိရုံသာမက ထိုပညာရပ်ကိုအသေးစိတ်ကျကျနားလည်နိုင်ရန် လက်တွေ့ဆင်းရမည့်အခွင့်အရေးများလည်းရရှိမည်ဖြစ်သည်။ ထို့ကဲ့သို့လက်တွေ့ဆင်းခြင်းမှတဆင့်ရရှိသောလုပ်ငန်းအတွေ့အကြုံသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါသည်။

ဂျာမနီနိုင်ငံတွင်ပညာသင်ကြားခြင်းနှင့်ဂျာမန်ဘာသာစကားကိုလေ့လာသင်ယူခြင်းက အောင်မြင်သည့်နိုင်ငံတကာအလုပ်အကိုင်တစ်ခုကိုစတင်နိုင်ရန် ပြီးပြည့်စုံသည့်အစပျိုးမှုဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်မှလာကြသောကျောင်းသားများနှင့်အတူသင်ယူနိုင်ပြီး ဘဝတစ်ခုလုံးစာခိုင်မြဲသည့်မိတ်ဆွေသူငယ်ချင်းများကိုလည်းရရှိနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းတစ်ခုတွင် ယခုပဲစာရင်းပေးသွင်းလိုက်ပါ။ 

ဂျာမနီနိုင်ငံတွင်ပညာသင်ကြားခြင်းနှင့်ပတ်သက်၍ ထပ်မံသိရှိလိုသည်များရှိပါက Kerstin.Unseld.extern@goethe.de သို့အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဂျာမနီနိုင်ငံတွင်ပညာသင်ကြားနိုင်ရန်အတွက်ကနဦးခြေလှမ်းများ
 
ပထမအဆင့်

မြန်မာနိုင်ငံတွင်ပညာသင်ကြားနေစဉ်ကတည်းကပင် ဂျာမန်ဘာသာစကားကိုစတင်သင်ယူထားလျှင် အကောင်းဆုံးဖြစ်ပါသည်။ A1 အဆင့်မှစတင်ပြီး B2 အဆင့်အထိသင်ယူထားသင့်ပါသည်။
 
ဒုတိယအဆင့်

B1 (သို့မဟုတ်) B2 အောင်လက်မှတ်ရရှိပါက ဂျာမနီနိုင်ငံတွင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ „Studienkolleg“ ဖြေဆိုရန်အသင့်ဖြစ်နေပြီဖြစ်သည်။ ဝင်ခွင့်စာမေးပွဲဖြေဆိုလိုသူများသည် တက္ကသိုလ်တစ်ခုခုတွင် အနည်းဆုံးနှစ်နှစ် ပညာသင်ကြားခဲ့ပြီးသူများဖြစ်ရပါမည်။ မြန်မာနိုင်ငံရှိတက္ကသိုလ်တစ်ခုမှဘွဲ့တစ်ခုရရှိပြီးသားဖြစ်ပါက „Studienkolleg“ မလိုဘဲ တက္ကသိုလ်များတွင်တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

တတိယအဆင့်
တစ်နှစ်ကြာမြင့်သည့် Studienkolleg သင်တန်းတွင်တက်ရောက်ပြီး C1 အောင်လက်မှတ်လည်းရရှိပြီးသည့်နောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ရန်ပြင်ဆင်နိုင်ပါပြီ။  

ဂျာမနီနိုင်ငံရှိတက္ကသိုလ်များမှပေးအပ်သောအဆင့်မြင့်ဘွဲ့များ
  • သင်၏အရည်အချင်းများနှင့်ရရှိထားသောအောင်လက်မှတ်များအပေါ်မူတည်၍ တက္ကသိုလ်ပေါင်း (၃၅၀) ကျော်မှ မိမိတက်လိုသည့်တက္ကသိုလ်ကိုရွေးချယ်လျှောက်ထားနိုင်ပါတယ်။
  • နိုင်ငံတကာမှအသိအမှတ်ပြုထားသည့်ဘွဲ့များ ဥပမာ။ ။ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ 
ဖွံ့ဖြိုးတိုးတက်သည့်သိပ္ပံပညာ၊ ကျယ်ပြန့်သည့်ကွန်ရက်
  • တီထွင်ကြံဆသစ်လွင်သည့်ပညာရပ်လိုင်းများဖြစ်သည့် လူမှုသိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များနှင့်စီးပွားရေးဘာသာရပ်များ
မြောက်များစွာသောထောက်ပံ့ရေးအစီအစဉ်များ
  • စက်ရုံများနှင့်လုပ်ငန်းများတွင်အလုပ်သင်ဆင်းခြင်း
  • နိုင်ငံတော်မှ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်းများမှ ပေးအပ်သောပညာတော်သင်ဆုများ
ဂျာမနီနိုင်ငံမှပေးနိုင်သည်မှာ
  • ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သောပညာရေးစနစ်
  • ကျောင်းလခပေးရန်မလိုအပ်သောနိုင်ငံပိုင်တက္ကသိုလ်အများစု။ ကျောင်းသားအားလုံးပေးရသည့် semester ကြေးသာလျှင်ပေးရပါသည်။
  • ကမ္ဘာတဝှမ်းမှကျောင်းသူ၊ ကျောင်းသားများနှင့်ယဉ်ကျေးမှုဖလှယ်နိုင်ပြီး အပြုသဘောဆောင်သည့်အတွေ့အကြုံများ
  • အလုပ်အကိုင်နယ်ပယ်များအားလုံးတွင် အထူးသဖြင့် အင်ဂျင်နီယာ၊ ဆေးပညာနှင့်နည်းပညာနယ်ပယ်တို့တွင် ကျယ်ပြန့်ကြာရှည်ခိုင်မြဲသည့်နိုင်ငံတကာကွန်ရက်များ

အဘယ်ကြောင့်ဂျာမနီနိုင်ငံတွင်ပညာသင်ယူသင့်သနည်း။
ဂျာမနီနိုင်ငံ၏ပညာရေးစနစ်သည် ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ်များထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ ဂျာမနီရှိတက္ကသိုလ်ပေါင်း (၃၅၀) ခန့်မှဘွဲ့များကိုနိုင်ငံတကာမှအသိအမှတ်ပြုထားပါသည်။
ပုံမှန်အားဖြင့်ကျောင်းလခပေးရန်မလိုပါ။ လူငယ်များအတွက် ဂျာမနီနိုင်ငံမှအခမဲ့ပညာသင်စနစ်ကိုကမ်းလှမ်းထားခြင်းဖြစ်သည်။ အရည်အချင်းကောင်းမွန်ပြည့်မီသော နိုင်ငံတကာကျောင်းသူ၊ ကျောင်းသားများအနေနှင့်လည်း ဤထောက်ပံ့မှုကိုခံစားခွင့်ရှိသောကြောင့် ကျောင်းလခပေးရန်မလိုပါ။ အချို့သောပုဂ္ဂလိကတက္ကသိုလ်များ (တက္ကသိုလ်အားလုံးပေါင်းအရေအတွက်၏ (၁၀) ရာခိုင်နှုန်းခန့်သာ) တွင်သာကျောင်းလခပေးဆောင်ရပါသည်။

ဂျာမနီနိုင်ငံရှိတက္ကသိုလ်တစ်ခုခုတွင်ပညာသင်ကြားလိုပါက မည်သည့်ဘွဲ့လက်မှတ်များရှိရန်လိုအပ်ပါသနည်း။
မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်း (၁၁) နှစ် သို့မဟုတ် (၁၂) နှစ် (စနစ်သစ်) နှင့် တက္ကသိုလ်ဒုတိယနှစ်အောင်မြင်ပြီးနောက်တွင် ဂျာမနီနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့်သင်တန်း Studienkolleg လျှောက်ထားနိုင်ပါသည်။ ဤတွင် တောင်းဆိုထားသည့်အချက်တစ်ခုမှာ တက္ကသိုလ်စတက်ချိန်တွင် သတ်မှတ်ထားသည့်ဂျာမန်ဘာသာစကားအရည်အချင်းအောင်လက်မှတ်ကိုပြသနိုင်ရပါမည်။
မြန်မာနိုင်ငံရှိတက္ကသိုလ်တစ်ခုခုမှဘွဲ့ရထားပြီးသားသူများအနေဖြင့် ဂျာမနီနိုင်ငံတက္ကသိုလ်တစ်ခုခုတွင်ပညာသင်ကြားရန်တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။ ဂျာမန်ဘာသာစကားတတ်ကျွမ်းမှုအထောက်အထားလိုအပ်ချက်များကို ဤနေရာတွင်ကြည့်နိုင်ပါသည်။
https://www2.daad.de/deutschland/nach-deutschland/voraussetzungen/en/57293-database-on-admission-requirements/

ဂျာမနီရှိတက္ကသိုလ်တစ်ခုတွင်ပညာသင်ကြားခွင့်ရရန် ဂျာမန်ဘာသာစကားကျွမ်းကျင်မှုအဆင့်မည်မျှအထိရှိရမည်နည်း။
ဂျာမန်ဘာသာစကားကိုနိုင်ငံခြားဘာသာစကားအဖြစ်လေ့လာသင်ယူရာတွင် အဆင့်ခြောက်ဆင့်ရှိပါသည်။ A1, A2, B1, B2, C1 နှင့် C2 တို့ဖြစ်ပါသည်။ ဂျာမနီရှိတက္ကသိုလ်များက တက္ကသိုလ်ဝင်ခွင့်အတွက် C1 စာမေးပွဲအောင်လက်မှတ်ကို တောင်းခံလေ့ရှိပါသည်။ 
Studienkolleg ဝင်ခွင့်အတွက်မူ B1 စာမေးပွဲအောင်လက်မှတ်လိုအပ်ပါသည်။ အချို့သော Studienkolleg များသည်  B2 ကိုတောင်းဆိုပါသည်။ B2 အဆင့်သည် ဂျာမနီနိုင်ငံတွင်ပညာသင်ကြားခွင့်ဗီဇာရရန်အတွက် အနည်းဆုံးရှိရမည့် ဘာသာစကားအဆင့်လိုအပ်ချက်လည်းဖြစ်ပါသည်။ ဂျာမနီနိုင်ငံသို့ရောက်ပြီးနောက် တက္ကသိုလ်တွင်ဖြစ်စေ၊ Goethe-Institut တွင်ဖြစ်စေ C1 စာမေးပွဲဖြေဆိုရန်ပြင်ဆင်နိုင်ပါသည်။
သို့သော် Goethe-Institut အနေနှင့် ကျောင်းသား၊ ကျောင်းသူများကို မြန်မာနိုင်ငံတွင်ရှိနေစဥ်ကတည်းကပင် B2 စာမေးပွဲဖြေဆိုသွားရန်အကြံပြုချင်ပါသည်။ ဤနည်းအားဖြင့် ဂျာမနီနိုင်ငံတွင်တွေ့ကြုံရမည့်နေ့စဥ်လူနေမှုဘဝအသစ်တွင်လွယ်ကူချောမွေ့စေပြီး မြန်မာနိုင်ငံရှိသင်တန်းများသည် ဂျာမနီနိုင်ငံရှိသင်တန်းများနှင့်နှိုင်းယှဥ်လျှင် စျေးနှုန်းလည်းပို၍ချိုသာသောကြောင့်ဖြစ်ပါသည်။ B2 စာမေးပွဲဖြေဆိုအောင်မြင်ပြီးနောက် C1 စာမေးပွဲဖြေဆိုရာတွင် အခက်အခဲကြီးကြီးမားမားမရှိတော့ပါ။
အကယ်၍ မိမိသင်ယူမည့်တက္ကသိုလ်ဘာသာရပ်သည် အင်္ဂလိပ်ဘာသာဖြင့်သင်ယူရမည်ဖြစ်ပါက TOEFL-Test (သို့မဟုတ်) IELTS စာမေးပွဲကိုဖြေဆိုအောင်မြင်ထားရမည်ဖြစ်ပါသည်။

ဂျာမနီနိုင်ငံတွင်နေထိုင်ကုန်ကျစရိတ်မည်မျှရှိပါသနည်း။
ဂျာမနီနိုင်ငံတွင်နေထိုင်ပါက ကုန်ကျစရိတ်တစ်လလျှင် ခန့်မှန်းခြေ ယူရို (၉၅၀) မှ (၁၀၀၀) ခန့်ရှိပြီး အခြားသောနိုင်ငံကြီးများ၏ကုန်ကျစရိတ်များနှင့်နှိုင်းယှဥ်လျှင် နည်းပါးပါသည်။

ဂျာမနီနိုင်ငံတွင်ပညာသင်ကြားရာတွင် ငွေရေးကြေးရေးအတွက်မည်သို့စီစဥ်ရမည်နည်း။
ကျောင်းသားဗီဇာရှိသောနိုင်ငံတကာကျောင်းသူ၊ ကျောင်းသားများအနေနှင့် ဂျာမနီတွင်တစ်နှစ်လျှင် ရက်ပေါင်း (၁၂၀) အချိန်ပြည့် (သို့မဟုတ်) ရက်ပေါင်း (၂၄၀) အချိန်ပိုင်းအလုပ်လုပ်နိုင်ပါသည်။ အနည်းဆုံးလုပ်ခလစာငွေဖြစ်သည့် ယူရို (၅၂၀) ခန့်ရရှိသည့်အလုပ်ကိုလုပ်သော ကျောင်းသူ၊ ကျောင်းသားများသည် တစ်နှစ်ပတ်လုံးအလုပ်လုပ်နိုင်ပါသည်။
ထို့အပြင် တက္ကသိုလ်တွင် (သို့မဟုတ်) အခြားသောနိုင်ငံရေး၊ ဘာသာရေးစသည့်အဖွဲ့အစည်းများတွင် ပညာတော်သင်ဆုလည်းလျှောက်ထားနိုင်ပါသည်။ သို့သော် ထိုကဲ့သို့ပညာတော်သင်ဆုအစီအစဥ်များအလွန်နည်းပါးပါသည်။
 
ဂျာမနီနိုင်ငံရှိတက္ကသိုလ်တစ်ခုတွင်ပညာသင်ကြားရန် မည်ကဲ့သို့လျှောက်ထားရမည်နည်း။

မိမိတက်ရောက်လိုသည့်တက္ကသိုလ်တွင်တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။ သို့မဟုတ် တက္ကသိုလ်ပေါင်း (၁၆၇) ခုသည် ကျောင်းလျှောက်ခြင်းကိစ္စအတွက် Uni-Assist နှင့်ချိတ်ဆက်ထားသောကြောင့် ၎င်းမှတစ်ဆင့်လည်းလျှောက်ထားနိုင်ပါသည်။ ဤတက္ကသိုလ်များတွင်လျှောက်ထားလိုသည်ဆိုပါက www.uni-assist.de မှတစ်ဆင့်လျှောက်ထားနိုင်ပါသည်။

ဂျာမနီနိုင်ငံတွင်တက္ကသိုလ်တက်ရန်အတွက် ကျောင်းသားဗီဇာမည်ကဲ့သို့ရရှိနိုင်သနည်း။ မည်သည့်အချက်များနှင့် ပြည့်စုံရမည်နည်း။
ကျောင်းသားဗီဇာလျှောက်ထားလိုပါက ရန်ကုန်မြို့ရှိဂျာမနီနိုင်ငံသံရုံးတွင် အောက်ပါစာရွက်စာတမ်းများကိုတင်ပြ၍လျှောက်ထားနိုင်ပါသည်။
  • ဂျာမနီနိုင်ငံရှိတက္ကသိုလ်တစ်ခုမှကျောင်းခေါ်စာ
  • ဂျာမနီနိုင်ငံတွင်တစ်နှစ်စာနေထိုင်စရိတ်ရှိကြောင်းအထောက်အထားပြသသည့်အနေဖြင့် အနည်းဆုံး (၁၁၂၀၈) ယူရို (ဤသည်မှာဂျာမနီတွင်တစ်နှစ်နေထိုင်စရိတ်ဖြစ်သည်။) ကိုတင်ပြခြင်း (သို့မဟုတ်) ပညာတော်သင်ဆုရရှိထားကြောင်းအတည်ပြုလွှာကိုတင်ပြခြင်း
  • ဂျာမန်ဘာသာစကားကျွမ်းကျင်မှုအထောက်အထား၊ Studienkolleg မတက်ထားပါက အနည်းဆုံး B2 အဆင့်အထိလိုအပ်ပါသည်။
  • ဂျာမနီနိုင်ငံမှကျောင်းသားများအတွက်ကျန်းမာရေးအာမခံ
https://rangun.diplo.de/blob/1555268/3ce7770cf806b49b62eeb03d9b3e4f07/merkblatt-studiumengl-data.pdf

ပညာသင်ကြားပြီးနောက် ဂျာမနီနိုင်ငံတွင်အလုပ်လုပ်ခွင့်ရှိပါသလား။
ဘွဲ့ရပြီးနောက်အလုပ်သင်ဆင်းနိုင်မည့်အလုပ်နေရာတစ်ခုရှာရန် အချိန်တစ်နှစ်ခွဲရရှိပါမည်။ ဂျာမနီတွင်အလုပ်တစ်ခုရပြီဆိုပါက အလုပ်လုပ်ကိုင်ခွင့်ပါမစ်လည်းပါဝင်သည့်ဂျာမနီတွင်နေထိုင်ခွင့် ခွင့်ပြုချက်ကိုရရှိမည်ဖြစ်ပါသည်။  နေထိုင်ခွင့်အသစ်‌လျှောက်ရန်အတွက် နိုင်ငံမှထွက်ခွာရန်မလိုအပ်ပါ။
 
ဂျာမနီနိုင်ငံတွင်အခြေချနိုင်ပါသလား။

ဂျာမနီနိုင်ငံတွင် (၅) နှစ်အထိ နေထိုင်အလုပ်လုပ်ခဲ့ပြီးပြီဆိုပါက အချိန်ကာလအကန့်အသတ်မရှိနေထိုင်ခွင့် သို့မဟုတ် ဂျာမနီနိုင်ငံသားဖြစ်ခွင့်ကိုလျှောက်ထားနိုင်ပါသည်။