သတင်းအချက်အလက်များ

စာမေးပွဲမေးခွန်းအပိုင်းများအား တစ်ဆင့်ချင်းစီ လေ့လာခြင်း

TestDaF  စာမေးပွဲသည် စံချိန်စံနှုန်းများနှင့် ကိုက်ညှိထားသော စာမေးပွဲတစ်ခုဖြစ်ပြီး မေးခွန်းကို ဗဟိုဌာနချုပ်မှ ထုတ်ကာ ဖြေဆိုမှုများကိုလည်း ဗဟိုဌာနချုပ်မှ အမှတ်ပေး အကဲဖြတ်ပါသည်။ စာမေးပွဲတွင် အပိုင်းလေးပိုင်းရှိပြီး အသင်၏ ဘာသာစကားစွမ်းရည်ကို အဖတ်၊ အကြား၊ အရေးနှင့် အပြော တစ်ပိုင်းချင်းစီ ခွဲခြား စစ်ဆေးသွားမည် ဖြစ်ပါသည်။ ဖြေဆိုမှုရလဒ်များကို TestDaF စာမေးပွဲအဆင့် (TDN) ၃၊ ၄၊ ၅ ဟူ၍ ခွဲခြားထားပါသည်။

အဖတ်

  • တက္ကသိုလ်ကျောင်းသားဘဝတွင် နေ့စဥ်ကြုံတွေ့ရမည့် စာများဖြစ်သည့် အချိန်ဇယားများ၊ ပွဲအခမ်းအနားပြက္ခဒိန်များ၊ လက်ကမ်းစာစောင်များ စသည်တို့ကို ဖတ်ရှုပြီး၊ မည်သည့်စာသည် မည်သည့်မေးခွန်းနှင့် ကိုက်ညီသည်ကို ရွေးချယ် ဆုံးဖြတ်ပေးရမည် ဖြစ်ပါသည်။
  • (ခန့်မှန်းခြေ စာလုံးရေ ၄၅၀ မှ ၅၅၀ အထိ ရှိသည့်) သိပ္ပံပညာဆိုင်ရာ သို့မဟုတ် လူမှုနိုင်ငံရေးဆိုင်ရာ သတင်းပေးပို့ချက်တစ်ပုဒ်ကို ဖတ်ပြီး၊ ဓမ္မဓိဋ္ဌာန်မေးခွန်းများကို ဖြေဆိုရပါမည်။
  • တက္ကသိုလ်တစ်ခုမှ သို့မဟုတ် ပညာရပ်ဆိုင်ရာ စာစောင်တစ်စောင်ထဲမှ ပညာရပ်နှင့်သက်ဆိုင်သည့် ဘာသာစကားအသုံးအနှုံးများ သုံးထားသော (ခန့်မှန်းခြေ စာလုံးရေ ၅၅၀ မှ ၆၅၀ အထိ ရှိသည့်) စာတစ်ပုဒ်ကို ဖတ်ရှုပြီး၊ ပေးထားသည့် မေးခွန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ သို့မဟုတ် စာထဲတွင် မေးခွန်းမှ မေးထားသည့် အကြောင်းအရာ ပါ၊ မပါ ဖြေဆိုပေးရမည် ဖြစ်ပါသည်။
ကြာချိန်။ ။ မိနစ် (၆၀)

အကြား

  • တက္ကသိုလ်တွင် နေ့စဥ်ကြားနေကျ စကားပြောအတိုများ၊ ဥပမာအားဖြင့် ကျောင်းသားနှစ်ယောက် စကားပြောဆိုနေခြင်း စသည်မျိုးကို နားထောင်ပြီး၊ ပေးထားသည့် မေးခွန်းများအတွက် မှတ်စု လိုက်မှတ်ရမည် ဖြစ်ပါသည်။
  • တက္ကသိုလ်နှင့်သက်ဆိုင်သော (သို့) အခြား ယေဘုယျအကြောင်းအရာတစ်ခုအကြောင်း အင်တာဗျူး သို့မဟုတ် ဆွေးနွေးချက်ကို နားထောင်ပြီး မေးခွန်းများကို မှန်၊ မှား ဖြေဆိုပေးရမည် ဖြစ်ပါသည်။
  • မိန့်ခွန်း သို့မဟုတ် ကျွမ်းကျင်သူအင်တာဗျူးတစ်ခုကို နားထောင်ပြီး အဓိက အကြောင်းအရာများနှင့် ပတ်သက်၍ မေးထားသည့် မေးခွန်းများအတွက် အဖြေတိုလေးများ ရေးပေးရမည်ဖြစ်ပါသည်။
ကြာချိန်။ ။ မိနစ် (၄၀)ခန့်

အရေး

  • ခေါင်းစဥ်တစ်ခု ရရှိမည်ဖြစ်ပြီး မေးခွန်းတွင် ပေးထားသည့် ပေးချက်များနှင့် အချက်အလက်ဒေတာများကို အသုံးပြု၍ အချိတ်အဆက်မိမိဖြင့် စည်းစနစ်ကျသည့် စာတစ်ပုဒ်ကို ရေးသားရပါမည်။
  • ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သင်၏ ထင်မြင်ချက်ကို ဖော်ပြပြီး၊ အကြောင်းပြချက်များလည်း ပေးရပါမည်။

ကြာချိန်။ ။ မိနစ် (၆၀)

အပြော (ကွန်ပြူတာဖြင့်ဖြေဆိုရခြင်း)

  • ဂျာမနီတက္ကသိုလ်များတွင် ကြုံတွေ့ရတတ်သည့် အခြေအနေခုနစ်ရပ် ပေးထားမည်ဖြစ်ပြီး ထိုအခြေအနေများတွင် ၀င်ရောက်စကားပြောဆိုသည့် ပုံစံမျိုးဖြင့် ကွန်ပျူတာတွင် ဖြေဆိုရမည်ဖြစ်ပါသည်။
  • သတင်းအချက်အလက်များ မေးမြန်းခြင်း၊ သတင်းအချက်အလက်ပြဂရပ်ပုံများကို သရုပ်ဖော်ပြောဆိုခြင်းနှင့် အကျဥ်းချူံ့ ရှင်းပြခြင်းတို့ကို ပြုလုပ်ရပါမည်။ သင်၏ ထင်မြင်ချက်ကို ဖော်ပြပြီး၊ ကျိုးကြောင်းဆင်ခြင်ပြခြင်း၊ အကြံပေးခြင်း၊ နောက်ထပ်ဖြစ်နိုင်ချေများကို ပြောခြင်းနှင့် စိတ်ကူးအကြမ်းထည်ပုံဖော်ပြခြင်းတို့ကို ပြုလုပ်ရပါမည်။
ကြာချိန်။ ။ (၃၅)မိနစ်ခန့်

လိုအပ်သည်များ

TestDaF စာမေးပွဲသည် ဂျာမနီရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခွင့်ရရန်အတွက် ဖြေဆိုရသည့် ဘာသာစကားအရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဂျာမနီတွင် တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများနှင့် တက္ကသိုလ်တက်ရန် စိတ်၀င်စားသူများအတွက် ရည်ရွယ်ပါသည်။ သို့သော် TestDaF စာမေးပွဲအောင်လက်မှတ်ကို သိပ္ပံပညာရပ်ဆိုင်ရာ စီမံကိန်းပရောဂျက်များနှင့် ပညာရပ်နယ်ပယ်များမှ အလုပ်အကိုင်များအတွက်လည်း ဂျာမန်ဘာသာစကားကျွမ်းကျင်လက်မှတ်အဖြစ် နိုင်ငံတကာမှ အသိအမှတ်ပြုပါသည်။
  • စာမေးပွဲ ဖြေဆိုလိုပါက ဂျာမန်ဘာသာစကားစွမ်းရည် အနည်းဆုံး B2 အဆင့် ရှိရပါမည်။
  • တစ်ယူနစ်တွင် (၄၅)မိနစ်ရှိသည့် သင်ကြားချိန်ယူနစ်ပေါင်း (၇၀၀)မှ (၁၀၀၀) ကြားအထိ ဂျာမန်ဘာသာကို သင်ယူခဲ့ရန် လိုအပ်ပါသည်။ ဤသည်မှာ အသင် ဂျာမန်ဘာသာစကားကို အရင်က လေ့လာဖူးခြင်းရှိ၊ မရှိ ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ (ဂျာမန်ဘာသာစကား သင်ယူခဲ့ကြောင်း သက်သေ အထောက်အထား ပြသရန် မလိုအပ်ပါ။)

အမှတ်ပေးအကဲဖြတ်ခြင်း

“အဖတ်“ နှင့် “အကြား“ ပိုင်းတွင် အဖြေမှန်တိုင်းအတွက်  (ဥပမာ။ ။ အဖြေမှန်ရွေး မေးခွန်းနှင့် မှား၊ မှန် မေးခွန်းများတွင်) တစ်မှတ်စီ ရရှိပါမည်။ အသင်ရရှိသည့် အဖြေမှန်စုစုပေါင်း အရေအတွက်ပေါ်မူတည်၍ အသင်၏  ဘာသာစကားအရည်အချင်းအဆင့်ကို သတ်မှတ် ဆုံးဖြတ်ပါသည်။ “အရေး“ အပိုင်းနှင့် “နှုတ်ဖြေ“ အပိုင်းကိုမူ လေ့ကျင့်ထားသော အတွေ့အကြုံရှိ စာစစ်မှူးများမှ  အကဲဖြတ်အမှတ်ပေးပါသည်။ အကဲဖြတ်စစ်ဆေးခြင်းနှင့် အဆင့်သတ်မှတ်ခြင်းကို သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဥ်းအတိုင်း လုပ်ဆောင်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ပိုမိုတိကျစွာသိရှိလိုပါကwww.testdaf.de စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စာမေးပွဲကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိသောကြောင့် တစ်ကြိမ်တည်းဖြင့် မအောင်မြင်ပါကလည်း မိမိကြိုက်နှစ်သက်သလို ပြန်လည်ဖြေဆိုနိုင်ပါသည်။

TestDaF စာမေးပွဲဖြေဆိုရန် ယခုပဲ စာရင်းပေးသွင်းလိုက်ပါ။

အသင်သည် သင့်လျော်လုံလောက်သည့် ဂျာမန်ဘာသာစကားစွမ်းရည်များရှိနေပြီဆိုပါက TestDaF စာမေးပွဲ ဖြေဆိုဖို့ ယခုပဲ စာရင်းပေးသွင်းလိုက်ပါ။ TestDaF စာမေးပွဲအတွက် မိမိကိုယ်ကို ကောင်းစွာ ကြိုတင်ပြင်ဆင်ထားရန် အကြံပြုပါရစေ။ ကြိုတင်ပြင်ဆင်လိုပါက အကောင်းဆုံးမှာ Goethe-Institut နှင့် အခြားစာစစ်ဌာနများမှ ကျင်းပပေးသည့် စာမေးပွဲကြိုတင်ပြင်ဆင်သင်တန်းများကို တက်ရောက်ခြင်းပင်ဖြစ်ပါသည်။ ဤသင်တန်းများတွင် စာမေးပွဲမေးခွန်းပုံစံနှင့် စာမေးပွဲ ဖွဲ့စည်းတည်ဆောက်ပုံကို သိကျွမ်းလေ့လာရမည်ဖြစ်ပါသည်။


တစ်ကမ္ဘာလုံးတွင် TestDaF စာမေးပွဲကို တစ်နှစ်လျှင် ခြောက်ကြိမ်၊ တိကျသေချာသည့် အချိန်စာရင်းထုတ်ပြန်၍ ကျင်းပပါသည်။ ဖြေဆိုလိုပါက www.testdaf.de စာမျက်နှာတွင် ယခုပဲ စာရင်းပေးသွင်းလိုက်ပါ။  တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်မူ  မတူညီသည့် စာမေးပွဲနေ့ရက်များ ရှိပါသည်။ ဖြေဆိုရန် စာရင်းပေးသွင်းလိုပါက နိုင်ငံတော် ပညာရေးနှင့် စာမေးပွဲ အာဏာပိုင်ဌာနသို့ ဆက်သွယ်၍ စာရင်းပေးသွင်းရပါမည်။

စာမေးပွဲဖြေဆိုရာတွင် မသန်စွမ်းသူများအနေနှင့် မိမိဖြေဆိုမည့် စာစစ်ဌာနသို့ တတ်နိုင်သမျှ စောလျင်စွာ ဆက်သွယ်၍ လက်ရှိနောက်ဆုံး ဆေးစစ်ချက်ကို တင်ပြရပါမည်။ ဤသို့ဆိုလျှင် စာမေးပွဲကို စာစစ်ဌာနသည် အလျဥ်းသင့် အဆင်ပြေအောင် စစ်ဆေးပေးမည် ဖြစ်ပါသည်။