အနုပညာလောက၏လုပ်ငန်းခွင်အခွင့်အရေးနှင့်အကျိုးခံစားခွင့်များ
ပွင့်လင်းမျှတသည့်ဂီတဈေးကွက်နှင့်သီချင်းဒေါင်းလုတ်လုပ်မှုများ

ဘာလင်မှအနုပညာရှင်များအတွက် လုပ်ငန်းခွင်အခွင့်အရေးနှင့် အခြေအနေများသည်ရံဖန်ရံခါခက်ခဲလေ့ရှိသည်။ အနည်းငယ်မျှကသာ သူတို့၏အနုပညာနှင့် နေထိုင်ရပ်တည်နိုင်ကြသည်။
ဘာလင်မှအနုပညာရှင်များအတွက် လုပ်ငန်းခွင်အခွင့်အရေးနှင့် အခြေအနေများသည်ရံဖန်ရံခါခက်ခဲလေ့ရှိသည်။ အနည်းငယ်မျှကသာ သူတို့၏အနုပညာနှင့် နေထိုင်ရပ်တည်နိုင်ကြသည်။ | ဓါတ်ပုံ။ ။ © picture alliance/Paul Zinken/dpa

များစွာသောအနုပညာရှင်တို့သည် အာမခံချက်မရှိသောဘဝအခြေအနေများတွင်ရှင်သန်ရုန်းကန်နေရကာ အနည်းငယ်သည်သာ သူတို့၏အနုပညာတစ်ခုတည်းအပေါ်တွင် မှီတည်၍အသက်မွေးဝမ်းကြောင်းပြုနိုင်ကြပါသည်။ ပွင့်လင်းမျှတသော အွန်လိုင်းမှသီချင်းနားထောင်နိုင်သည့်ဝန်ဆောင်မှုများနှင့် “ပွင့်လင်းမျှတသောကုမ္ပဏီဖြစ်ပါသည်” ဟူသော အသိအမှတ်ပြုလက်မှတ်များကို ဂီတထုတ်လုပ်ရေးကုမ္ပဏီများအတွက်ထုတ်ပေးခြင်း စသည့်ကနဦးခြေလှမ်းများသည် ပို၍တန်းတူညီမျှဖြစ်သော ဝင်ငွေခွဲဝေမှုကွင်းဆက်တစ်ခုကို မည်ကဲ့သို့ဖန်တီးနိုင်ကြောင်းညွှန်ပြနေပါသည်။

YouTube မီလျံနာများနှင့်တက်သစ်စသရုပ်ဆောင်များသည် မကြုံစဖူးလောက်အောင်များပြားလာသောယနေ့ခေတ်တွင် ဂျာမနီရှိအနုပညာရှင်အများစုမှာမူ အာမခံချက်မရေရာသောဘဝမျိုးတွင်သာရှင်သန်ရုန်းကန်ရလျက်ရှိသည်။ အများအပြားသည် ဗျူရိုကရေစီယန္တရား၏အကျပ်အတည်းများ၊ ကိုယ်တိုင်ဈေးကွက်ရှာဖွေရသည့်ဖိအားများနှင့် အပြိုင်အဆိုင်များအချိန်တိုင်းကြီးထွားလာနေခြင်းကို အများအပြားဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။ အနုပညာရှင်ရာခိုင်နှုန်းသည် နိုင်ငံတကာစံနှုန်းများအရကြည့်လျှင်ပင် ထူးထူးခြားခြားမြင့်မားနေသော ဘာလင်မြို့တွင် ဤအချက်များကိုထင်ရှားစွာတွေ့နိုင်ပါသည်။ နှစ်ပေါင်းများစွာပင် ဘာလင်မြို့၏သက်သာသောစတူဒီယိုခန်းငှါးခများသည် အနုပညာရှင်များအား အလုံးအရင်းဖြင့်ဆွဲဆောင်ခဲ့သော်လည်း ယခုအခါတွင်မူ ငှါးခဈေးနှုန်းများသည်မြင့်တက်လာလျက်ရှိပါသည်။ ဘာလင်မြို့၌နေထိုင်မှုစရိတ်သည် လန်ဒန်နှင့်ပဲရစ်ကဲ့သို့သောမြို့များထက်သက်သာဆဲဖြစ်သော်လည်း လွန်ခဲ့သည့် (၁၀) နှစ်အတွင်းတွင် ပျမ်းမျှအိမ်ငှါးရမ်းခသည် စတုရန်းတစ်မီတာလျှင် (၅.၂) ယူရိုမှ (၉.၅) ယူရိုအထိ နှစ်ဆနီးပါးဖြစ်သွားခဲ့သည်။ ဘာလင်မြို့သည် ဂျာမနီတွင်နံပါတ်တစ်နေရာ၌ရှိနေ၍ နိုင်ငံအတွင်းငှါးရမ်းခတဟုန်ထိုးမြင့်တက်လာမှုတွင်ဦးဆောင်နေစေကာမူ ဟမ်းဘွတ်ဂ်နှင့်ဖရန့်ဖွတ်မြို့များသည်လည်း စံချိန်တင် (၅၀) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါသည်။

(၂၀၁၈) ခုနှစ်တွင် Berlin Institute for Strategy Development သည် သုခုမအနုပညာလောက၏လုပ်ငန်းခွင်အခွင့်အရေးနှင့်အခြေအနေများအကြောင်းလေ့လာထားသည့် “The Situation of Berlin’s Artists and the Gender Gap” သုတေသနစာတမ်းကိုပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းစာတမ်းတွင် သုခုမအနုပညာဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများ၏ (၈၀) ရာခိုင်နှုန်းသည် အရှုံးနှင့်သာရင်ဆိုင်ရသည်ကိုတွေ့ရှိခဲ့ရပြီး ဆယ်ယောက်တွင်တစ်ယောက်မျှသာ သူတို့၏အနုပညာနှင့်တစ်နှစ်ပတ်လုံးရပ်တည်နိုင်ကြကြောင်းဖော်ပြခဲ့သည်။ ပျမ်းမျှအားဖြင့် အမျိုးသမီးအနုပညာရှင်များ၏ဝင်ငွေသည် အမျိုးသားအနုပညာရှင်များထက် သုံးပုံတစ်ပုံလျော့နည်းသည်။ ထို့မျှမက ဖြေဆိုသူ (၁၇၀၀) ကျော်၏ (၉၀) ရာခိုင်နှုန်းခန့်သည် နေဝင်ချိန်အသက်အရွယ်သို့ရောက်ပါက တစ်လလျှင် (၃၅၇) ယူရိုမျှသာ အိုစာမင်းစာအဖြစ်ရရှိပြီး  ဆင်းရဲမွဲတေမှုနှင့်မလွဲမသွေရင်ဆိုင်ရနိုင်သည်ဟုလည်း ဤစာတမ်းကခန့်မှန်းထားသည်။

“အနုပညာရှင်လုပ်လျှင် ထမင်းဝမည်မဟုတ်” ဟူသောပုံစံခွက်အစွဲသည် လက်တွေ့၌အခြေခံ၍ဖြစ်ပေါ်လာရုံမျှမက ချွင်းချက်ဟူသည်ထက် ပေးထားချက်နှင့်ပို၍တူလာပါသည်။ သို့ဖြစ်ရာ အနုပညာလောက၊ ဥပမာ ဂီတလုပ်ငန်းတွင် စီးပွါးရေးအရပွင့်လင်းမျှတမှုတို့ရှိလာစေရန်လှုံ့ဆော်လှုပ်ရှားမှုများသည် အဖြေတစ်ခုအဖြစ်ကြီးထွားလာခြင်းဖြစ်နိုင်ပေသည်။

စားသုံးသူများ၏ရွေးချယ်မှုသည်အပြောင်းအလဲတစ်ခုကိုဖော်ဆောင်နိုင်ပါသည်။

သီချင်းဒေါင်းလုတ်များ၏ဝင်ငွေခွဲဝေမှုကွင်းဆက်သည် ထုတ်လုပ်ရေးများ၊ ဖြန့်ချီရေးများ၊ အွန်လိုင်းပလက်ဖောင်းများ၊ မူပိုင်ခွင့်အဖွဲ့အစည်းများ၊ အေးဂျင့်များနှင့်မန်နေဂျာများအပါအဝင် လူအများအပြားအပေါ် သက်ရောက်မှုရှိပါသည်။ ဤဒေါင်းလုတ်လုပ်ခြင်းနှင့် အွန်လိုင်းမှတိုက်ရိုက်နားထာင်ခြင်းဝန်ဆောင်မှုကုမ္ပဏီများ၏ရှုပ်ထွေးလှသောဈေးကွက်တွင် အနုပညာများထံစီးဆင်းသောဝင်ငွေရာခိုင်နှုန်းသည် အမျိုးမျိုးကွဲပြားပါသည်။

သာဓကအနေဖြင့် iTunes သည် ကုမ္ပဏီအနေဖြင့် သီချင်းတစ်ပုဒ်မှရရှိသောဝင်ငွေ၏သုံးပုံနှစ်ပုံကို သီချင်းရေးသူထံခွဲဝေပေးသော်လည်း အတုံ့အလှည့်အဖြစ် ပမာဏများပြားသော၊ အထူးသဖြင့် သာမန်အနုပညာရှင်များအတွက်ပေးသွင်းရန်ခက်ခဲနိုင်သည့် နှစ်စဉ်ကြေးတစ်ရပ်ကိုကောက်ခံသည်။ အမေရိကန်နိုင်ငံတွင်သတ်မှတ်ထားသောအနိမ့်ဆုံးလုပ်ခလစာမျှကိုရရှိနိုင်ရန်အတွက် တစ်ကိုယ်တော်အနုပညာရှင်တစ်ယောက်သည် iTunes ပေါ်တွင် သူ၏သီချင်းများအား လစဉ် (၁၈၂၆) ကြိမ် ဒေါင်းလုတ်လုပ်ခြင်းခံရရန်လိုအပ်မည်ဟု အချက်အလက်ပြလမ်းညွှန်ဝက်ဘ်ဆိုက် “Information is Beautiful” ကခန့်မှန်းသည်။ နာမည်ကြီးကုမ္ပဏီများအနက် Bandcamp အွန်လိုင်းပလက်ဖောင်းသည် ဝင်ငွေ၏ (၈၅) ရာခိုင်နှုန်းကို ဂီတအနုပညာရှင်များထံခွဲဝေပေးကာ ရာခိုင်နှုန်းအများဆုံးခွဲဝေပေးသောကုမ္ပဏီအဖြစ်ရပ်တည်နေပါသည်။

ပွင့်လင်းမျှတသည့်အကျိုးခံစားခွင့်များကိုအလေးပေးသောဂီတပလက်ဖောင်းများကမူ အခြားနည်းလမ်းတစ်ခုကိုအသုံးပြုသည်။ သာဓကအနေဖြင့် ဆွစ်ဇာလန်ရှိစွန့်ဦးကုမ္ပဏီငယ် iGroove ပလက်ဖောင်းမှ အနုပညာရှင် (၃၀၀၀) ကျော်၏သီချင်းများကို ပွင့်လင်းမျှတသည့်အကျိုးခံစားခွင့်များနှင့်အညီဒေါင်းလုတ်ရယူနိုင်သည်။ ဝင်ငွေ၏ (၉၂) ရာခိုင်နှုန်းတိတိကို အနုပညာရှင်များကတိုက်ရိုက်ရရှိပြီး ဂီတမြတ်နိုးသူများအနေဖြင့် ဆန္ဒရှိပါက သတ်မှတ်နှုန်းထားထက်ပို၍ပေးချေခြင့်ဖြင့် သူတို့သဘောကျသောအနုပညာရှင်များကိုအားပေးနိုင်ပါသေးသည်။ သမဝါယမကုမ္ပဏီဖြစ်သည့် Resonate သည်လည်း နောက်ထပ်ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။ လစဉ်ကြေးပေးသွင်းရသည့်ပုံစံအစား ၎င်းကုမ္ပဏီသည် တမူထူးခြားသည့်တိုက်ရိုက်နားထောင်ခြင်းဖြင့်အပိုင်ရယူနိုင်သည့်စနစ်ကိုတီထွင်ခဲ့သည်။ နားထောင်သူများသည် သီချင်းတစ်ပုဒ်ကိုတစ်ခါနားထောင်တိုင်း ငွေပမာဏအနည်းငယ်စီပေးချေပြီးသားဖြစ်၍ ကိုးကြိမ်နားထောင်ပြီးပါက သီချင်းအတွက်ငွေပေးချေခြင်းလုံးဝပြီးမြောက်သွားမည်ဖြစ်ကာ ပလက်ဖောင်းပေါ်မှဒေါင်းလုတ်ရယူနိုင်မည်ဖြစ်ပါသည်။ Resonate တွင်အဖွဲ့ဝင်များဖြစ်သည့် အနုပညာရှင်များ၊ ထုတ်လုပ်ရေးများနှင့် ဂီတမြတ်နိုးသူများအားလုံးတို့သည် စည်းမျဉ်းစည်းကမ်းများကို အတူတကွဆုံးဖြတ်ရကာ အမြတ်များကိုလည်း ၎င်းတို့အချင်းချင်းပင်ခွဲဝေယူကြလေ့ရှိပါသည်။ ဘာလင်မှ Busker ဘာလင်မှ Busker | ဓါတ်ပုံ။ ။ © picture alliance/imageBROKER
အဆုံးအဖြတ်ပေးနိုင်သောဩဇာအာဏာသည် ပရိသတ်များထံ၌ရှိနေသည်မှာ သံသယဖြစ်ဖွယ်မလိုပေ။ သို့သော်လည်း ပရိသတ်များအနေဖြင့် ဖြောင့်မတ်မှန်ကန်သောရွေးချယ်မှုတစ်ခုကိုပြုလုပ်နိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်များကိုမူ အများအားဖြင့်ရရှိလေ့မရှိပေ။ ထို့ကြောင့် Canadian Fair Trade Music International (FTMI) NGO အဖွဲ့အစည်းသည် ဂီတနယ်ပယ်အတွက် “ပွင့်လင်းမျှတမှုရှိသည်” ဟူသောအသိအမှတ်ပြုလက်မှတ်များကိုထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ပွင့်လင်းမျှတမှုရှိသောအစားအသောက် စသည့်သမားရိုးကျထုတ်ကုန်များကဲ့သို့ပင် ဤတံဆိပ်လက်မှတ်သည် သက်ဆိုင်ရာဂီတကုမ္ပဏီတစ်ခုက ၎င်းတို့၏အမြတ်ဝင်ငွေများကို အနုပညာရှင်များနှင့်မျှတစွာခွဲဝေယူကြောင်း အာမခံပေးမည်ဖြစ်သည်။ ဂီတအားအသုံးပြု၍စီးပွါးရှာခွင့်အတွက် ဝင်ငွေ၏အနည်းဆုံး (၈၀) ရာခိုင်နှုန်းကိုအနုပညာရှင်များအားခွဲဝေပေးချေမှသာ ဤအသိအမှတ်ပြုတံဆိပ်ကိုရှိနိုင်မည်ဖြစ်ပါသည်။

ယခုအခါတွင် FTMI ကို ကမ္ဘာတဝှမ်းရှိဂီတပညာရှင် (၅) သိန်းမှထောက်ခံအားပေးထားပြီဖြစ်သော်လည်း ဂီတထုတ်လုပ်ရေးကုမ္ပဏီတစ်ခုတည်းကသာ ဤအသိအမှတ်ပြုလက်မှတ်အားရရှိထားပါသည်။ ဂီတထုတ်လုပ်သူအများစုက အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်များသည် အလွန်ရှုပ်ထွေးသည်ဟုယူဆကြကြောင်း ၎င်း NGO ကပြောပါသည်။ အခြားသောအချက်များထက် အွန်လိုင်းမှတိုက်ရိုက်နားထောင်ခြင်းဝန်ဆောင်မှုကုမ္ပဏီများနှင့်ဂီတထုတ်လုပ်ရေးများအား သူတို့၏ဘဏ္ဍာရေးအချက်အလက်များကို အသိအမှတ်ပြုလုပ်ငန်းစဉ်မှတောင်းဆိုသည့်အတိုင်း အများပြည်သူသို့ထုတ်ပြန်ပေးရန်နားချရသည်မှာ ခက်ခဲလှသည်။

တာဝန်သိစိတ်ဖြင့်အခြေခံအလုပ်သမားအခွင့်အရေးများအားမြှင့်တင်ခြင်း

The Art but Fair အစည်းအရုံးသည် ဂျာမနီ၊ ဩစတြီးယားနှင့် ဆွစ်ဇာလန်နိုင်ငံများတွင် မတူညီသောချဉ်းကပ်နည်းတစ်မျိုးကိုအသုံးပြုလျက်ရှိကာ အသိပညာပေးအစီအစဉ်များကို အဓိကအရေးအကြီးဆုံးအဖြစ် ဦးစားပေးထားပါသည်။ မျှတမှုမရှိသောလုပ်ငန်းခွင်အခွင့်အရေးနှင့်အကျိုးခံစားမှုများနှင့်စပ်လျဉ်း၍ အနုပညာရှင်များမှသူတို့၏အတွေ့အကြုံများကိုမျှဝေနိုင်သော “Künstler-Klagemauer” (Artists’ Wailing Wall) Facebook ပေ့ချ်နှင့်၊ ဂီတနှင့်ဖျော်ဖြေရေးအနုပညာနယ်ပယ်ရှိ အလွန်အမင်းခေါင်းပုံဖြတ်ခံရသည့်ဝမ်းနည်းဖွယ်အကောင်းဆုံးဖြစ်ရပ်အားချီးမြှင့်သော “Goldene Stechpalme” (Golden Holly) ဆု စသည့်လှုပ်ရှားမှုများမှတဆင့် အစည်းအရုံးသည် နိုင်ငံရေးနှင့်လူမှုရေးအသိုင်းအဝိုင်းမှ ဤဝမ်းနည်းကြေကွဲဖွယ်ကိစ္စများအပေါ်တွင် အာရုံစိုက်မိလာစေရန်ကြိုးပမ်းနေပါသည်။ အစည်းအရုံး၏ရည်မှန်းချက်မှာ ပွင့်လင်းမျှတသောလုပ်ငန်းခွင်အခွင့်အရေးနှင့်အကျိုးခံစားခွင့်များ ကမ်းလှမ်းကျင့်သုံးသည့်အနုပညာအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုလက်မှတ်တစ်ခုထုတ်ပေးနိုင်ရန်ဖြစ်ပြီး အနုပညာကဏ္ဍအတွက်ပေးအပ်သော နိုင်ငံတော်၏အထောက်အပံ့များကို ဤအသိအမှတ်ပြုတံဆိပ်လက်မှတ်နှင့် အနာဂတ်တွင်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်မျှော်လင့်ထားပါသည်။

ထိုကာလမတိုင်မီအထိ အနုပညာရှင်များအတွက်တစ်ခုတည်းသောရွေးချယ်စရာမှာ အစည်းအရုံးမှရေးသားသောတာဝန်သိစာချုပ်ပင်ဖြစ်သည်။ စာချုပ်ပါတောင်းဆိုချက်များမှာ လက်မှတ်ရေးထိုးထားသူများအနေဖြင့် တိုးတက်မှုဖြစ်စဉ်များကို အစည်းအရုံးသို့ပုံမှန်တင်ပြရမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် သူတို့၏နာမည်များကို ဝက်ဘ်ဆိုက်တွင်ဖော်ပြထားပေးမည်ဖြစ်ပါသည်။ စာချုပ်ချုပ်ထားသူများသည် သင့်လျော်သောလုပ်ခလစာဖြင့်ကမ်းလှမ်းသောအလုပ်များကိုသာလက်ခံပြီး အလုပ်သမားဥပဒေများနှင့်အညီလိုက်နာရပ်တည်ရန်အလုပ်ရှင်များကိုတွန်းအားပေးမည်ဖြစ်ကြောင်း သဘောတူရမည်ဖြစ်သည်။ စာချုပ်သည် အနုပညာရှင်များအတွက်သာမဟုတ်ဘဲ အလုပ်ရှင်များနှင့်အနုပညာကဏ္ဍနှင့် သက်ဆိုင်သည့်နိုင်ငံရေးသမားများအတွက်လည်းရည်ရွယ်ပြီး ယခုအချိန်တွင် အလွတ်မန်နေဂျာများ၊ ဒါရိုက်တာများနှင့် နိုင်ငံရေးသမားတစ်ဦးတို့ လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။