ရုပ်ရှင်ထုတ်လုပ်ရေး
ရုပ်ရှင်ရိုက်ကွင်းများနောက်ကွယ်က အမျိုးသမီးများ။

" Die Buddenbrooks" ရုပ်ရှင်မှ ဇာတ်ဝင်ခန်း -  အနုစိတ်ခြယ်မှုန်းထားတဲ့ ရှေးခတ်ဝတ်စုံတွေကို ရုပ်ရှင်လောကထဲမှာ နှစ်ပေါင်း ၅၀လောက်ကတည်းက အဝတ်အစားဒီဇိုင်နာအဖြစ် လုပ်ကိုင်နေတဲ့ Barbara Baum က ဖန်တီးခဲ့ပါတယ်။
" Die Buddenbrooks" ရုပ်ရှင်မှ ဇာတ်ဝင်ခန်း - အနုစိတ်ခြယ်မှုန်းထားတဲ့ ရှေးခတ်ဝတ်စုံတွေကို ရုပ်ရှင်လောကထဲမှာ နှစ်ပေါင်း ၅၀လောက်ကတည်းက အဝတ်အစားဒီဇိုင်နာအဖြစ် လုပ်ကိုင်နေတဲ့ Barbara Baum က ဖန်တီးခဲ့ပါတယ်။ | Photo (detail): © picture alliance/Bavaria Film International/Everett Collection

ဂျာမန်ရုပ်ရှင်မင်းသမီးတွေက လူသိများကျော်ကြားကြပေမယ့် ကင်မရာနောက်ကွယ်က အမျိုးသမီးတွေကတော့  အများအားဖြင့် မထင်မရှားပါပဲ။ ဒါဟာ မမျှတပါဘူး။ ဂျာမန်ရုပ်ရှင်‌လောကထဲက သိသင့်သိထိုက်တဲ့ အမျိုးသမီးဆယ်ယောက်ကို မိတ်ဆက်ပေးပါမယ်။

Caroline Link, ဒါရိုက်တာ

သူမရဲ့ ပွဲဦးထွက်ရုံတင်ရုပ်ရှင်ဇာတ်ကား "Jenseits der Stille" ( တိတ်ဆိတ်ခြင်းကို ကျော်လွန်၍ )မှာကတည်းက  ၁၉၉၈ ခုနှစ် အော်စကာဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့ပါတယ်။  ငါးနှစ်ကြာပြီးနောက် "Nirgendwo in Afrika" ( အာဖရိကမှတစ်ပါး ဘယ်မှာမှမရှိ )  ရုပ်ရှင်ဇာတ်ကားနဲ့ နောက်ဆုံးမှာတော့  အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင် အော်စကာဆုကို Caroline Link ကရရှိခဲ့ပါတယ်။ ဒါရိုက်တာ Caroline Link ရဲ့ နောက်ထပ်အောင်မြင်မှုကြီးတစ်ခုကတော့  လူ‌ရွှင်တော် Hape Kerkeling ရဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိကို မှီငြမ်းပြီး၂၀၁၈ ခုနှစ်မှာ ရိုက်ကူးထားတဲ့ ရုပ်ရှင် "Der Junge muss an die frische Luft" ( လေကောင်းလေသန့်လိုအပ်နေတဲ့ ကောင်လေး )  ပဲဖြစ်ပါတယ်။ စာရေးဆရာ Judith Kerr  ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ "Als Hitler das rasa Kaninschen stahl"
(ပန်းရောင်ယုန်လေးကို ဟစ်တလာ ခိုးသွားတဲ့အခါ)  ရုပ်ရှင်က  ၂၀၁၉ ခုနှစ်မှာ နောက်ဆုံး ထွက်ရှိထားခဲ့ပါတယ်။

Annette Hess, ဇာတ်ညွှန်းရေးသားသူ

Die Frau vom Checkpoint Charlie (ချာလီစစ်ဆေးရေးဂိတ်က အမျိုးသမီး ) ရုပ်ရှင်၊  Weißensee (အဖြူရောင်ရေကန်) ရုပ်သံဇာတ်လမ်းတွဲ  နဲ့ Ku'damm ရုပ်သံဇာတ်လမ်းတွဲ  - Annette Hess က ဂျာမန်သမိုင်းကို ဖော်ထုတ်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့  ရုပ်ရှင်ဇာတ်ကားတွေအတွက်ဇာတ်ညွှန်းတွေ ရေးသားခဲ့ပါတယ်။ သူမက  ဇာတ်ညွှန်းရေးသားခြင်းပညာကို ဘာလင်မြို့မှာ သင်ယူခဲ့ပြီး သူမရဲ့ ဘွဲ့ကြိုစာတမ်းနဲ့ အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ အဲ့ဒီစာတမ်းကို ဒါရိုက်တာ Achim von  Borries က Was nützt die Liebe in Gedenken (အတွေးများထဲက အချစ်)  ရုပ်ရှင်ဇာတ်ညွှန်းအတွက် အခြေခံအဖြစ် အသုံးပြုခဲ့ပါတယ်။ ယနေ့မှာတော့ Hess က ဂျာမနီနိုင်ငံရှိ အအောင်မြင်ဆုံးဇာတ်ညွှန်းရေးသားသူဖြစ်ပါတယ်။ သူမကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ဇာတ်ညွှန်းအဖွဲ့ ရဲ့ ခေါင်းဆောင်အနေနဲ့ ပထမဆုံးအကြိမ် ပါဝင်ရေးသားခဲ့တဲ့ Amazon ဇာတ်လမ်းတွဲ ဖြစ်တဲ့ "Wir Kinder von Bahnhof Zoo" (တိရိစ္ဆာန်ရုံဘူတာက ငါတို့ကလေးတွေ )  ကို ၂၀၂၁ ခုနှစ်မှာ မိတ်ဆက်ပြသသွားဖို့ ရှိပါတယ်။

Thea von Harbou, ဇာတ်ညွှန်းရေးသားသူ

ဂျာမန်ရုပ်ရှင်သမိုင်းအစကတည်းက အမျိုးသမီးဇာတ်ညွှန်းရေးသားသူတစ်ယောက်ဖြစ်တဲ့ Thea von Harbou က အရေးပါတဲ့အခန်းကဏ္ဍကနေနေ ပါဝင်ခဲ့ပါတယ်။ သူမက ၁၉၂၀ကျော်နှစ်တွေမှာအရေးပါတဲ့ အသံတိတ်ရုပ်ရှင်တွေအတွက်ဇာတ်ညွှန်းတွေ ရေးသားခဲ့ပြီး Friedrich Wilhelm Murnau လို ဒါရိုက်တာတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်း ဒါရိုက်တာ Fritz Lang နဲ့ အတူ Metropolis နဲ့ M ရုပ်ရှင်တွေအတွက် ဇာတ်ညွှန်းတွေ ရေးသားခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းFritz Lang ဟာ ၁၉၃၃ ခုနှစ်မှာကတည်းက ပြည်ပကိုပြောင်းရွှေ့ခိုလှုံသွားခဲ့တဲ့အခါ von Harbou ဟာအငြင်းပွားစရာပုဂ္ဂိုလ်တစ်ယောက်အဖြစ်ကျန်ရစ်ခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းနဲ့ မတူတာကတော့  သူမက သူမရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို နာဇီလက်ထက်မှာလည်းပဲ ဆက်လက်လုပ်ကိုင်ခဲ့ပြီး နာဇီပါတီ ( NSDAP ) ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

Regina Ziegler, ထုတ်လုပ်သူ

Regina Ziegler က ၁၉၇၃ ခုနှစ် သူမ ၂၉ နှစ်အရွယ်မှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်ထဲမှာ ပထမဆုံးအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးရုပ်ရှင်လည်းဖြစ်၊ နောင်မှာ သူမရဲ့ခင်ပွန်းဖြစ်လာမယ့် Wolf Gramm က ဒါရိုက်တာနဲ့ဇာတ်ညွှန်းရေးသားသူ အဖြစ် ပွဲဦးထွက် ရိုက်ကူးခဲ့တဲ့ လက်ရာလည်းဖြစ်တဲ့ “Ich dachte, ich wäre tot”( ငါသေသွားပြီလို့ ထင်ခဲ့တယ်) ရုပ်ရှင်ဟာ ဂျာမန်ဖက်ဒရယ်ရုပ်ရှင်ဆု ကို ရရှိခဲ့ပါတယ်။ နှစ်ပေါင်းငါးဆယ်နီးပါးအတွင်း ရုပ်ရှင်ဇာတ်ကား နဲ့ ရုပ်သံဇာတ်လမ်းပေါင်း ၅၀၀ ဝန်းကျင် ရိုက်ကူးနိုင်ခဲ့တာကြောင့် Ziegler ကို အအောင်မြင်ဆုံးဂျာမန်ရုပ်ရုင်ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံရပါတယ်။ သူမဟာ ဖျော်ဖြေရေးရုပ်ရှင်တွေသာမက စိန်ခေါ်မှုကြီးမားတဲ့ ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။  ဒါရိုက်တာ Philipp Stölz ရိုက်ကူးထားတဲ့ "Ich war noch niemals in New York" ( နယူးယောက်ကို ဘယ်တော့မှ မရောက်ခဲ့ဘူး) နဲ့ ဒါရိုက်တာ Volker Schlöndorff ရိုက်ကူးထားတဲ့ " Rückkehr nach Montauk" (မွန်တောက် သို့ အပြန်) ရုပ်ရှင်ဇာတ်ကားတို့ကို နောက်ဆုံးထုတ်လုပ်ထားပါတယ် ။

Simone Bär, သရုပ်ဆောင်ရွေးချယ်ရေးဒါရိုက်တာ

ဒါရိုက်တာ Wolfgang Becker ရိုက်ကူးထားတဲ့Good Bye, Lenin ရုပ်ရှင်ဟာ ဆုပေါင်းများစွာ ရရှိထားသည်သာမကပဲ Daniel Brühl ကိုလည်းရုပ်ရှင်မင်းသားအဖြစ် ကမ္ဘာကျော်လာစေခဲ့ပါတယ်။ ဒီ့အတွက် ၁၉၉၅ခုနှစ်ဝန်းကျင်လောက်ကစပြီး ဇာတ်ရုပ်နဲ့  လိုက်ဖက်တဲ့ သရုပ်ဆောင်တွေကိုရွေးချယ်ပေးနေတဲ့ Simone Bär ကိုလည်းကျေးဇူးတင်ရမှာပါ။ သရုပ်ဆောင်ရွေးချယ်ရေးဒါရိုက်တာ Simone ကပဲ ဩစတြီးယားရုပ်ရှင်မင်းသား  Christoph Waltz ကိုလည်း ကမ္ဘာကျော်သွားစေဖို့ ကူညီခဲ့ပြန်တာပါ။ ဒါရိုက်တာ Florian Heckel von Donnersmarcks ရဲ့ အော်စကာဆုရရုပ်ရှင် "Das Leben der Anderen" (တပါးသူတွေရဲ့ဘဝ) မှာ  သရုပ်ဆောင်ရွေးချယ်မှုအတွက် တာဝန်ယူဆောင်ရွက်ခဲ့သူဟာ Simon Bär ပဲဖြစ်ပါတယ်။

Judith Kaufmann, ရုပ်ရှင်ဓာတ်ပုံရိုက်ကူးသူ

Judith Kaufmannက ရုပ်ရှင်ဓာတ်ပုံရိုက်ကူးသူအဖြစ် လုပ်ကိုင်လာတာဟာ နှစ်ပေါင်းသုံးဆယ်နီးပါးရှိပါပြီ။ သူမဟာ ဂျာမန်ရုပ်ရှင်ဆုအတွက်အကြိမ်ပေါင်းများစွာ ဇကာတင်ဝင်ခဲ့ပြီး ဂျာမန်ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆု ကို ချီးမြှင့်ခံထားရပါတယ်။  "စကားပြော ပြီးသွားတဲ့နေရာမှာ သူမရဲ့ ရိုက်ချက်ဓာတ်ပုံတွေ စတင်ပါတယ်" လို့ ဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့က ချီးမြှင့်ရတဲ့အကြောင်းအရင်းကိုပြောဆိုခဲ့ပါတယ်။ လတ်တလောတွင် သူမရဲ့ အနုပညာလက်ရာကို ဒါရိုက်တာ Sherry Hormann ရိုက်ကူးတဲ့ "Nur eine Frau" ( အမျိုးသမီးတစ်ယောက်တည်း ) နဲ့ ဒါရိုက်တာ Ina Weisse ရိုက်ကူးတဲ့ " Das Vorspiel " ( ပဏာမတီးခတ်ခြင်း ) ရုပ်ရှင်တွေထဲမှာ တွေ့နိုင်ပါတယ်။ Kaufmann ဟာ ၂၀၀၆ ခုနှစ်ကတည်းက အော်စကာဆုအကယ်ဒမီရဲ့ အဖွဲ့ဝင်ဖြစ်ပေမဲ့ သူမကိုယ်တိုင်ကတော့ ဟောလီးဝုဒ် ရုပ်ရှင်‌ထုတ်လုပ်ရေးတွေရဲ့ ကမ်းလှမ်းချက်တိုင်းကိုတော့ ယခုအချိန်ထိ ငြင်းပယ်ခဲ့ပါတယ်။

Monika Schindler, ရုပ်ရှင်တည်းဖြတ်သူ

Monika Schindler က "ဖြတ်ညှပ်ကပ်" ဆိုတဲ့ စကားလုံးကို မနှစ်သက်ပဲ "ရုပ်ရှင်တည်းဖြတ်သူ" အဖြစ် သူမကို ခေါ်ဆိုသတ်မှတ်စေချင်ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ်မှာ သူမဖြတ်သန်းခဲ့တဲ့ အနုပညာဘဝလမ်းကြောင်းအတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဂျာမန်ရုပ်ရှင်ထူးချွန်ဆုကို ပထမဆုံး အမျိုးသမီးရုပ်ရှင်တည်းဖြတ်သူအနေနဲ့ ရရှိခဲ့ပြီးယနေ့အထိ ရုပ်ရှင်ဇာတ်ကားပေါင်းတစ်ရာကျော်တွင် ပါဝင်တည်းဖြတ်ခဲ့ပါတယ်။ သူမရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို "ဖြတ်ညှပ်ကပ်ကျွမ်းကျင်သူ" ဟု သုံးနှုန်းတဲ့ အရှေ့ဂျာမနီ (GDR )တွင်  ၁၉၆၅ခုနှစ်မှာ ဒါရိုက်တာ Egon Günther ရိုက်ကူး‌တဲ့ " Wenn du groß bist, lieber Adam "  ( ချစ်လှစွာသော အာဒမ်၊ မင်း အရွယ်ရောက်လာတဲ့အခါ ) ရုပ်ရှင်ဇာတ်ကားရဲ့ တည်းဖြတ်သူအနေနဲ့စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုရုပ်ရှင်ဟာ ပြသခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဘာလင်တံတိုင်းပြိုကျသည့်အချိန်ထိ သူမက GDR အရှေ့ဂျာမနီရဲ့ အစိုးရပိုင် ရုပ်ရှင်ထုတ်လုပ်ရေး Deutsche Film AG ( Defa) မှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပြီး   Andreas Dresen နဲ့ Stephan Lacant တို့လိုဒါရိုက်တာတွေ ရိုက်ကူးတဲ့ ရုပ်ရှင်တွေမှာလည်းသူမ ပါဝင်တည်းဖြတ်ခဲ့ပါတယ်။

Silke Buhr, ရိုက်ကွင်းဒီဇိုင်းဖန်တီးသူ

ပယင်းကျောက်တွေနဲ့ အလှဆင်ထားတဲ့ အခန်း ကိုပြန်လည်ဖန်တီးတည်ဆောက်ခဲ့ပြီး ပင်လယ်ထဲမှာအိမ်တစ်လုံးကို တည်ဆောက်ပြခဲ့တဲ့ Silke Buhr ကိုဂျာမနီရဲ့ အရေးပါဆုံး ရိုက်ကွင်းဒီဇိုင်းဖန်တီးသူအဖြစ် သတ်မှတ်ကြပါတယ်။ အလုပ်သင်လက်သမားအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အတွင်းဒီဇိုင်းဗိသုကာပညာ နဲ့  ရုပ်ရှင်ဇာတ်ဝင်ခန်း ဒီဇိုင်းဖန်တီးမှုပညာကို သူမ သင်ယူခဲ့ပါတယ်။ ယခုအခါFlorian Heckel von Donnersmarck နဲ့ Chris Kraus လို ဒါရိုက်တာတွေနဲ့ လက်တွဲလုပ်ကိုင်လျှက်ရှိပါတယ်။ သူမရဲ့ ပြောင်မြောက်တဲ့ ဖန်တီးမှုတွေကြောင့်  ဆုများစွာရရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာဒါရိုက်တာ Burhan Qurbi ရိုက်ကူးတဲ့ "Berlin Alexanderplatz" ( ဘာလင် အလက်ဇန္ဒားပလာ့စ်) ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းဒီဇိုင်းဖန်တီးမှုအတွက်ဂျာမန်ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။

"Poll" ရုပ်ရှင်အတွက် ပင်လယ်ထဲမှာ အိမ်တစ်လုံးကို သူမ တည်ဆောက်ခဲ့ပါတယ် -  ရိုက်ကွင်းဒီဇိုင်းဖန်တီးသူ Silke Buhr က သူမရဲ့  ဖန်တီးမှုတွေအတွက် ဆုပေါင်းများစွာ ချီးမြှင့်ခံခဲ့ရပါတယ်။
"Poll" ရုပ်ရှင်အတွက် ပင်လယ်ထဲမှာ အိမ်တစ်လုံးကို သူမ တည်ဆောက်ခဲ့ပါတယ် - ရိုက်ကွင်းဒီဇိုင်းဖန်တီးသူ Silke Buhr က သူမရဲ့ ဖန်တီးမှုတွေအတွက် ဆုပေါင်းများစွာ ချီးမြှင့်ခံခဲ့ရပါတယ်။ | Foto (Detail): © Filmstill von „Poll“

Barbara Baum, ရုပ်ရှင်အဝတ်အစားဒီဇိုင်နာ

ရုပ်ရှင်တွေထဲက သမိုင်းကြောင်းကို ပြောပြနေတဲ့အဝတ်အထည်များ  - အကျော်ကြားဆုံး ဂျာမန်ဝတ်စုံဒီဇိုင်းပညာရှင်အမျိုးသမီးတွေထဲက  တစ်ယောက်ဖြစ်တဲ့  Barbara Baum က  ရုပ်ရှင်ဇာတ်ကားတွေအတွက် ဝတ်စုံဒီဇိုင်းတွေ ဖန်တီးလာခဲ့တာ နှစ်ပေါင်း ၅၀ လောက်ရှိပါပြီ။  သူမဟာ  Die Ehe der Maria Braun ( မာရီယာဘရောင်းလက်ထပ်ထိမ်းမြားခြင်း )၊Fontane Effie Briest နဲ့  Lili Marleen ရုပ်ရှင်တို့အတွက် Rainer Werner Fassbinder နဲ့ အတူအလုပ်လုပ်ခဲ့တယ်။ သူမဟာဒါရိုက်တာ Heinrich Breloer ရိုက်ကူးတဲ့Buddenbrooks ရုပ်ရှင်ဇာတ်ကားလို သမိုင်းကြောင်း နောက်ခံရုပ်ရှင်တွေမှာလည်း ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရာတွေကို ဂျာမန်ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ တွေ့နိုင်ရုံသာမကပဲ Meryl Streep လို နိုင်ငံတကာကြယ်ပွင့်တွေအတွက်လည်း ဝတ်စုံဒီဇိုင်းတွေကိုဖန်တီးပေးခဲ့ပါတယ်။

Annette Focks, ရုပ်ရှင်တေးဂီတ/တေးရေး

Anette Ficks ဟာ ငယ်စဉ်ကလေးဘဝမှာကတည်းက တူရိယာအများအပြားကို တီးခတ်ခဲ့ပြီးသီချင်းများကို စတင် ရေးသားခဲ့ပါတယ်။ သူမဟာရုပ်ရှင်ဘာသာရပ်ကျောင်းသူတစ်ယောက်ရဲ့ ဘွဲ့ကြိုအတွက် တင်သွင်းရတဲ့ရုပ်ရှင်မှာ နောက်ခံတေးဂီတဖန်တီးရာကနေ ရုပ်ရှင်တေးဂီတနယ်ပယ်ထဲမှာ အသက်မွေးဝမ်းကျောင်းဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။   ဒါရိုက်တာ Bille August ရဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကား  "Nachtzug nach Lissabon'' (လီဇာဘွန် မြို့သို့ ညရထား )  နဲ့  ဒါရိုက်တာ Markus Imboden ရဲ့ ရုပ်သံဇာတ်လမ်း ''Auf ewig und einen Tag'' ( ထာဝရ တစ်နေ့ )  လို များပြားလှတဲ့ပြည်တွင်း နဲ့ နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ Focks ဟာ နောက်ခံတေးဂီတဖန်တီး‌ရေးသားသူအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။  ဒါရိုက်တာ Friedemann Fromm ရိုက်ကူးခဲ့တဲ့ "Friedbadclique" (ပျောက်ဆုံးသွားသောမျိုးဆက် ) ရုပ်ရှင်ရဲ့ တေးဂီတဖန်တီးမှုအတွက် ဂျာမန်ရုပ်မြင်သံကြားထူးချွန်ဆုကို သူမ ရရှိခဲ့ပါတယ်။