အစားထိုး၊ ဖလှယ်၍မ‌ရသောတိုကင်များ
ဒစ်ဂျစ်တယ်အနုပညာဈေးကွက်အတွင်းကတော်လှန်ရေး

၂၀၂၁ ခုနှစ် နယူးယော့ခ်တွင် Superchief Gallery NFT ကဲ့သို့ NFT အနုပညာများကိုသာအလုံးစုံရည်ရွယ်သော ပြပွဲများနှင့်ပြခန်းများရှိလာကြသည်။
၂၀၂၁ ခုနှစ် နယူးယော့ခ်တွင် Superchief Gallery NFT ကဲ့သို့ NFT အနုပညာများကိုသာအလုံးစုံရည်ရွယ်သော ပြပွဲများနှင့်ပြခန်းများရှိလာကြသည်။ | ဓါတ်ပုံ။ ။ Jens Kalaene © picture alliance / dpa / dpa-Zentralbild

ဘလော့ချိန်း (blockchain) နည်းပညာသည် မျက်မှောက်အနုပညာမြင်ကွင်းတွင် အပြောင်းအလဲလှိုင်းသစ်များကို ဖန်တီးဖြစ်ပေါ်နေစေသည်။ ပထမဆုံးအကြိမ်အနေဖြင့်  အစားထိုး၊ ဖလှယ်၍မ‌ရသောတိုကင် (NFTs) များသည် ပန်းချီ၊ ပန်းပု သို့မဟုတ် ဓာတ်ပုံများကဲ့သို့ ဒစ်ဂျစ်တယ်အနုပညာများကို ရောင်းဝယ်ဖောက်ကား၍ရအောင်ပြုလုပ်လာနိုင်ပြီး ဈေးခပ်မြင့်မြင့်လည်း တန်းတူသတ်မှတ်လာနိုင်သည်။ အစားထိုး၊ ဖလှယ်၍မ‌ရသောတိုကင်များ (Non-fungible tokens) အကြောင်းနှင့် ၎င်းတို့ကငွေကြေးအမြောက်အမြားကို မည်သို့မည်ဖုံယူလာပေးနိုင်သည်တို့ကို လေ့လာကြည့်ကြပါမည်။

ဘလော့ချိန်းဆိုင်ရာနည်းပညာအသုံးအနှုန်းတစ်ခုဖြစ်သည့် NFT ခေါ် အစားထိုး၊ ဖလှယ်၍မ‌ရသောတိုကင်များ (Non-fungible tokens) သည် အနုပညာဈေးကွက်တွင် မမျှော်မှန်းထားလောက်အောင် လက်ရှိ လူပြောအများဆုံးနံပါတ်တစ်အကြောင်းအရာတစ်ခုဖြစ်နေသည်။ ထိုနည်းပညာမှာ ဒစ်ဂျစ်တယ်အနုပညာလက်ရာများအတွက်ပင်လျှင် မူရင်းနှင့်ကော်ပီကိုခွဲခြား၍ရအောင်ပြုလုပ်ထားသည့် ပထမဆုံးနည်းပညာဖြစ်ပြီး ဈေးကွက်အသစ်တစ်ခုလုံးကိုလမ်းဖွင့်ပေးသလိုဖြစ်သွားခဲ့သည်။
 
Christie ၏နယူးယော့ခ်လေလံအိမ်က Beeple ခေါ်  Mike Winkelmann ၏ Everydays: The first 5000 days ဟူသော အနုပညာလက်ရာတစ်ခုကို အမေရိကန်ဒေါ်လာ (၆၉) သန်းဖြင့် လေလံ‌အောင်ရောင်းချခဲ့ပြီးကတည်းက NFTs သည် မြို့ထဲတွင်လူပြောအများဆုံးအကြောင်းအရာဖြစ်လာခဲ့သည်။ အဟုတ်ကိုအံ့ဩစရာအကောင်းဆုံးအပိုင်းသည်ကား ဤမျှ ကြီးမားသောငွေပမာဏအထုလိုက်အထည်လိုက်ပေးချေလိုက်သည်မှာ သဘောတရားအရမည်သူမဆိုသဘောရှိပြန်လည်ထုတ်လုပ်နိုင်သည့် ဒစ်ဂျစ်တယ်အနုပညာလက်ရာတစ်ခုအတွက်ဖြစ်နေခြင်းပင်ဖြစ်သည်။ ပုံ၏ကြည်လင်ပြတ်သားမှုမှာ စိတ်ကြိုက်ဖြစ်မည့်အနေအထားထက်လျော့ကောင်းလျော့နေနိုင်စေကာမူ မည်သည့်အင်တာနက်အသုံးပြုသူမဆို ပုံတူကော်ပီတစ်ခုကိုဝင်ရောက်ဒေါင်းလုဒ်ဆွဲနိုင်‌သည်။ "မူရင်း" နှင့် "ကော်ပီ" အကြားကွဲပြားစေသည့်တစ်ခုတည်းသောအရာမှာ မူရင်းလက်ရာကိုလိမ်လည်မှုမပြုနိုင်ကြောင်းသက်သေခံချက်ပေးသော ချိတ်ဆက်ထားသည့်တိုကင်ကြောင့်သာဖြစ်ပြီး ထိုအရာကပင် ၎င်းကိုအတုအပကင်းမဲ့စေသည်။  (info box အတွင်းတွင်ကြည့်ပါ။)

အစဦး၌ ဒါသည်အနုပညာရှင်များအတွက် အကြီးအကျယ်ကောင်းကျိုးများခဲ့သည်။ ယနေ့အချိန်တွင် ဒစ်ဂျစ်တယ်လက်ရာတစ်ခုကို မည်သည့်ပြင်ပရုပ်ဝတ္ထုမျိုးနှင့်မှ အကောင်အထည်ပြုချိတ်ဆက်ထားခြင်းမရှိ။ ထို့ကြောင့်မူရင်းအစစ်ဟူ၍လည်းမရှိတော့သောကြောင့် ပန်းချီ၊ ပန်းပုနှင့်အခြားသောအနုပညာပုံသဏ္ဍာန်အမျိုးမျိုးကဲ့သို့ ‌ဒစ်ဂျစ်တယ်အနုပညာများကို ရောင်းဝယ်ဖလှယ်ရသည်မှာခက်ခဲလာသည်။ ထပ်မံ၍ပိုမိုရှုပ်ထွေးစေသည်မှာ လက်ရာတစ်ခုတည်း၏ ပုံတူလက်ရာကော်ပီများ မရေမတွက်‌နိုင်လောက်အောင်ရှိနေနိုင်ခြင်းပင်ဖြစ်သည်။ အနုပညာရှင်များသည် ယခုဆိုလျှင် NFTs ၏အကူအညီဖြင့် သူတို့၏ဒစ်ဂျစ်တယ်အနုပညာလက်ရာများကို အရေအတွက်များချင်လျှင်များချင်သလောက် - အထူးထုတ်ဝေမှု၊ ကန့်သတ်ထုတ်ဝေမှု သို့မဟုတ် ကန့်သတ်မထားသောထုတ်ဝေမှု စသဖြင့်ထုတ်လုပ်လာနိုင်ကြသည်။ သူတို့၏လက်ရာများကို ထပ်ဆင့်ရောင်းချခြင်းများဆီကပါ ရာခိုင်နှုန်းယူလိုလျှင်ယူမည်ဟူသည်အထိ ဆုံးဖြတ်ချက်ပင်ချလာနိုင်သည်။ ဤသည်မှာ အနုပညာရှင်များက သူတို့၏လက်ရာများဈေးတက်သလောက်အကျိုးအမြတ်မရကြ သို့မဟုတ် သူတို့၏လက်ရာများကိုအမွေဆက်ခံသူတို့ကနောင်တွင်ထပ်ဆင့်ရောင်းခွင့်မှရသည့်တော်သင့်ရုံဝင်ငွေလောက်ပင်မရကြရှာသော သမားရိုးကျနည်းလမ်းမှနေ၍ပြောင်းလဲလာသောကြီးမားသည့်ခြေလှမ်းတစ်ခုဖြစ်ပေသည်။

"ငါးကဘယ်လောက်လဲ။" NFTs ကိုအသုံးပြု၍ သူ့အယ်လ်ဘမ်အသစ်၏အထူးထုတ်ဝေမှုကိုတရားဝင်အသိမှတ်ပြုသောပထမဆုံးဂီတပညာရှင်ံများမှတစ်ယောက်ဖြစ်လာသည့် Scooter, H.P. Baxxter နှင့်အတူ။
"ငါးကဘယ်လောက်လဲ။" NFTs ကိုအသုံးပြု၍ သူ့အယ်လ်ဘမ်အသစ်၏အထူးထုတ်ဝေမှုကိုတရားဝင်အသိမှတ်ပြုသောပထမဆုံးဂီတပညာရှင်ံများမှတစ်ယောက်ဖြစ်လာသည့် Scooter, H.P. Baxxter နှင့်အတူ။ | ဓါတ်ပုံ။ ။ © picture alliance/dpa/dpa-Zentralbild/Jens Kalaene

ယာယီဈေးခုန်တက်မှုတစ်ခုပေလား။

သို့ရာတွင် လက်ရှိရောင်းဝယ်ဖောက်ကားမှုများအလျှံပယ်ဖြစ်ထွန်းနေခြင်းသည် ယာယီဈေးခုန်တက်မှု (Speculative Bubble) တစ်ခုအဖြစ်သို့ အလျင်အမြန်ကူးပြောင်းသွားနိုင်သည်။ သက်ဆိုင်ရာပလက်ဖောင်းများကို ဆန်းသစ်မှုမရှိ၊ အနှစ်သာရမရှိသော ဒစ်ဂျစ်တယ်လက်ရာများက၊ အနည်းဆုံးပမာဏအားဖြင့်လွှမ်းမိုးးထားဆဲရှိချိန်တွင် တစ်ဖက်၌ သမားရိုးကျအနုပညာကဏ္ဍမှာမူ အတော့်ကို တဖြည်းဖြည်းဖြင့်သာခြေကုပ်ရယူနိုင်လာသည့်သဘောရှိသည်။
 
NFTs သည် ယေဘုယျအားဖြင့် အနုပညာလက်ရာတစ်ခု၏အသွင်သဏ္ဍာန်ဆောင်လာသည်ဟုလည်း ကျယ်ကျယ်ပြန့်ပြန့် နားလည်မှုလွဲမှားနေကြသည်။ NFT ဟုဆိုရာတွင် အ‌ခြေခံအားဖြင့် မည်သည်မဆိုဖြစ်နိုင်သည်။ - pixel အချို့ပါရှိသည့် CryptoPunk တစ်ခု၊ Beeple ၏လက်ရာကဲ့သို့ ပုံများဆက်ထားသောဒစ်ဂျစ်တယ်ကော်လာ့ချ်လက်ရာအကြီးကြီးတစ်ခု၊ ဂီတပညာရှင် Grimes ပြုလုပ်ခဲ့သည်များကဲ့သို့ သက်ဝင်လှုပ်ရှားနေသောကွန်ပျူတာဂရက်ဖစ်တစ်ခု၊ အားကစားဖိနပ်ဒီဇိုင်းတစ်ခု၊ စုဆောင်းထားနိုင်သော NBA ဘတ်စကတ်ဘော-လိဂ် အရောင်းအဝယ်ကတ်တစ်ခု သို့မဟုတ် ပြတိုက်များ၊ အနုပညာအသင်းအဖွဲ့များ၊ ပြခန်းများနှင့်ပြပွဲများတွင် တစ်စိတ်တစ်ဒေသပါဝင်ခဲ့ဖူးသော သမားရိုးကျအနုပညာလက်ရာတစ်ခုဖြစ်နှင့်ပြီးသား ဒစ်ဂျစ်တယ်အနုပညာလက်ရာတစ်ခု စသဖြင့်မည်သည်မဆိုဖြစ်နိုင်ပါသည်။
 
Florentine Uffizi ၏အပြောင်မြောက်ဆုံးဒစ်ဂျစ်တယ်လက်ရာများစွာထဲမှ လက်ရာတစ်ခု၏ ပုံတူကော်ပီကိုးခုမှတစ်ခုဆီအတွက် ယူရို (၁၄၀၀၀၀) ဆီပေး၍ဝယ်သွားသော ဝယ်သူများသည် သူတို့၏ဆက်ခံသူများကို ငွေသိုက်ကြီးတစ်ခုအဖြစ် ချန်ထားရစ်ခဲ့နိုင်မလား ဆိုသည်ကတော့ဆက်လက်စောင့်ကြည့်ရဦးမည်။ ထိုနည်းတူပင် Beeple ဆီမှပေါင်းစပ်လက်ရာ ဒစ်ဂျစ်တယ်ကော်လာ့ခ်ျကို ဝယ်ယူသွားသောငွေကြေးပမာဏအတိုင်း အမြတ်ရောပြန်ရလာနိုင်ပါဦးမလား။ သို့မဟုတ် နောင်နှစ် (၁၀၀) တွင်တစ်ယောက်ယောက်က Nyan Cat "အစစ်" ကို ဘယ်သူပိုင်ဆိုင်သည်ကိုစိတ်ဝင်စားပါဦးမည်လား။ ကျွန်ုပ်တို့သည်ထိုအရာများကိုအနုပညာဈေးကွက်အတွက်အရေးမပါသောကိစ္စရပ်များဟု စိတ်ချစွာရှုမြင်မှတ်ယူထားနိုင်ပါသည်။ NFTs တွင် ရောင်းဝယ်ဖောက်ကားမှုများအလျှံပယ်ဖြစ်ထွန်းနေအောင်အဓိကမောင်းနှင်နေသောအရာမှာ ၎င်းကို ခရစ်ပတိုငွေကြေးစနစ် (cryptocurrencies) ကို စွန့်စားရင်းနှီးမြှုပ်နှံမှုအသုံးတစ်ရပ်အဖြစ် လှိုက်လှိုက်လှဲလှဲလက်ခံ‌အသုံးပြုစေသော အရင်းအနှီးဈေးကွက်ပင်ဖြစ်သည်။ မွှေနှောက်ဆွဲထုတ်စရာများစွာရှိနေသေးသော်လည်း နောက်ဆုံးတွင် အချိန်နှင့်ဈေးကွက်ကိုယ်တိုင်က ချွတ်ယွင်းချက်များကို စစ်‌ထုတ်ပေးကောင်း စစ်ထုတ်ပေးသွားနိုင်ပေသည်။

NFTs ဆိုတာဘာလဲ။

အစားထိုး၊ ဖလှယ်၍မ‌ရသောတိုကင်များ (အတိုကောက် NFT) ဆိုသည်မှာ ဘလော့ချိန်း (Blockchain) နှင့် ခရစ်ပတိုငွေကြေး (cryptocurrencies) လောကမှဝေါဟာရတစ်ခုဖြစ်သည်။ ဘလော့ချိန်းတစ်ခုတွင် ချိန်းကြိုးမှချိတ်များကဲ့သို့သွယ်တန်းထားသော အပိတ်စနစ်ဒေတာအချက်အလက်မှတ်တမ်းများပါဝင်သည်။ ထိုဘလော့များထဲမှတစ်ခုကို ထိန်းချုပ်ရန် သို့မဟုတ် ပြောင်းလဲရန်ကြိုးစားလျှင် ကွင်းဆက်တစ်ခုလုံးကျိုးပဲ့သွားမည်ဖြစ်သည်။ ထို့ကြောင့် ဘ‌လော့ချိန်းမှာ လိမ်လည်တုပမှုများနှင့် စနစ်အားဝင်ရောက်နှောင့်ယှက်ထိန်းချုပ်ရန်ကြိုးပမ်းမှုများမှ လုံခြုံမှုရှိသည်ဟု ယေဘုယျအားဖြင့်သတ်မှတ်ထားကြပြီး ထိုအရာကပင်၊ ၎င်းကို ဥပမာအားဖြင့်၊ ငွေပေးငွေယူနည်းလမ်းတစ်ခုအဖြစ် အသုံးပြုဖို့စိတ်ဝင်စားခံရခြင်းဖြစ်သည်။

 
ဘလော့ချိန်းအတွင်း ဗဟိုချုပ်ကိုင်မှုကင်းမဲ့သောစနစ်တစ်ခုထဲတွင်ထည့်သိမ်းထားသည့် အကောင်အထည်မရှိသောဗာကျူရယ်ငွေပေးချေစနစ်များကို ဖလှယ်၍ရသောယူနစ်များ၊ ဖလှယ်ရတိုကင်များ (fungible token) များဟုခေါ်သည်။ သဘောတရားအရ Bitcoin တစ်ခုနှင့် Ether တစ်ခုတို့သည် ၎င်းတို့တစ်ခုစီက တူညီသည့်တန်ကြေးရှိကြသည့်အတွက် တခြားမည်သည့်အရာများနှင့်မဆိုအတူတူပင်ဖြစ်သည်။ ဖလှယ်၍မရသောတိုကင်များ (Non-fungible token) မှာမူ ထိုသို့မဟုတ်ပေ။ သည်နေရာတွင် ယင်းအားအဆုံးအဖြတ်ပေးသည်မှာ သက်ဆိုင်ရာ coin ၏ ဖလှယ်ရတန်ဖိုးမဟုတ်၊ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သောဘလော့ချိန်းအတွင်းက ယူနစ် သို့မဟုတ် တိုကင် တစ်ခုချင်းဆီကို အတုမရှိသော hash code တစ်ခုကိုသာအသုံးပြုလျက် အတုအပကင်းမဲ့စွာခွဲခြားဖော်ထုတ်နိုင်နေခြင်းသာဖြစ်သည်။ ထို hash code ကပင် ယူနစ်တစ်ခုကိုလိမ်လည်မှုမပြုနိုင်အောင် ကာကွယ်ပေးသည့်အပြင် ယင်းယူနစ်၏နောက်တွင်ရှိသော ကွင်းဆက်အတွင်းမှအခြားယူနစ်တိုင်းကလည်း ဒါကို "သိ" နေသည်။

ယင်းအရည်အသွေးကို အီလက်ထရွန်းနစ်မြေမှတ်ပုံတင်ခြင်းမှစ၍ ကာကွယ်ဆေးထိုးပြီးကြောင်း နိုင်ငံကူးလက်မှတ်အထိ နယ်ပယ်မျိုးစုံတွင် စိစစ်အတည်ပြုရန်အဖို့ သုံးနိုင်သည်။ (၂၀၁၅) ခုနှစ်ဝန်းကျင်ကတည်းက အာမခံကုမ္ပဏီများသည် ယင်းတိုကင်များကိုသုံး၍ အနုပညာလက်ရာများကို အီလက်ထရွန်းနစ်ရေစာအမှတ်များတပ်ကာ ခွဲခြား၍ရအောင် ခြေရာကောက်၍ရအောင် လုပ်နိုင်မည့်နည်းလမ်းကိုရှာဖွေနေကြပြီဖြစ်သည်။ ထိုသို့ဆိုလျှင် ငွေတုလုပ်သူများနှင့်လူလိမ်များဆီမှ ယင်းတို့လှုပ်ရှားမှုများအတွက် ‌အခြေခံရင်းမြစ်ကို နှုတ်ယူပိတ်ပင်တားဆီးနိုင်မည်ဖြစ်သည်။ နည်းပညာဘက်တွင်တော့ အနည်းငယ်ခဲရာခဲဆစ်နိုင်သည်။ ဖိုင်တစ်ခုနှင့်ဝတ္ထုတစ်ခုကို ဖျက်ဆီး၍မရနိုင်သောနည်းလမ်းမျိုးဖြင့် ရုပ်ပိုင်းအရမည်ကဲ့သို့ချိတ်ဆက်မည်နည်း။ နောက်ပြီးဝတ္ထုကိုယ်တိုင်ကို ထိခိုက်မှုမရှိစေဘဲ ဖိုင်ကို တရားဝင်လုပ်ပိုင်ခွင့်မပါလျှင်မဖျက်ပစ်နိုင်အောင် မည်သို့ပြုလုပ်မည်နည်း။

ကြံရည်ဖန်ရည်ရှိသောဦးနှောက်များက အရိုးရှင်းဆုံးအ‌ဖြေတစ်ခုကိုရှာတွေ့ခဲ့သည်။ အကောင်အထည်လိုက် အနုပညာလက်ရာကိုပယ်ချလိုက်ပြီး ဥပမာ JPEG ကဲ့သို့သော ဒစ်ဂျစ်တယ်လက်ရာတစ်ခုနှင့်အစားထိုးလိုက်ဖို့ပင်။ ရလဒ်မှာ ယခုလက်ရှိအနုပညာလောကတွင် အုတ်အုတ်ကျက်ကျက်ဖြစ်နေသောဖြစ်ရပ်တစ်ခုဖြစ်သည့်  NFTs - အစားထိုး၊ ဖလှယ်၍မ‌ရသောတိုကင်များ (Non-fungible tokens) ဖြစ်လာခြင်းပင်ဖြစ်သည်။ ထို့ကြောင့် NFTs ဆိုသည်မှာ ဒစ်ဂျစ်တယ်အနုပညာလက်ရာများအပါအဝင်ဖိုင်များကို ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုထည့်သွင်းပေးသော ပထမဆုံးနှင့်အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ ထိုအရာကပင် NFTs များကို အတုအပကင်းမဲ့စေသည်။