မြို့ပြလမ်းညွှန်။ ။Mannheim
အရိုးဆုံးသည် အဆန်းဆုံးဖြစ်သည်။

လူအများအတွက်ယုံကြည်ရန်ခက်ခဲသော်လည်း Mannheim တွင် ပါတီကြိုက်သူများအတွက် နေရာအများအပြားရှိသည်။   ။ လူကြိုက်များသော Junbusch ရပ်ကွက်မှ နီယွန်ဆိုင်းတစ်ခု။
လူအများအတွက်ယုံကြည်ရန်ခက်ခဲသော်လည်း Mannheim တွင် ပါတီကြိုက်သူများအတွက် နေရာအများအပြားရှိသည်။ ။ လူကြိုက်များသော Junbusch ရပ်ကွက်မှ နီယွန်ဆိုင်းတစ်ခု။ | ဓါတ်ပုံ : © Jan Zipperer

လူအများအတွက်မူ Mannheim မြို့သည် Frankfurt မြို့နှင့်  Stuttgart မြို့အကြား အလဟဿအချိန်ကြာပြီးခရီးဖင့်စေသည့် အာရုံနောက်ဖွယ် ICE အမြန်ရထားကြားဘူတာသာဖြစ်သည်။ ရထားဖြင့်သွားသောခရီးသည်တို့အတွက်လည်း Rhine မြစ်နှင့် Neckar မြစ်တို့ပေါ်ရှိထိုမြို့ကို  ၎င်း၏အကောင်းဆုံးမြင်ကွင်းမှလှမ်းမမြင်နိုင်ဟု စောဒကတက်စရာလည်းရှိသည်။ သို့သော်လည်း စာရေးသူ Jan Zipperer က Mannheim မြို့လေးသည် ပေးစွမ်းစရာများစွာကျန်ရှိသေးသည်ဟု အခိုင်အမာယုံကြည်နေပါသည်။ 

ရေးသားသူ​ Jan Zipperer

လိပ်စာလေလား။ လျှို့ဝှက်စာလေလား။

လေးထောင့်ကွက်တွေရဲ့ မြို့တော်တစ်ခုမှာ ဘယ်သူကလမ်းနာမည်တွေလိုအပ်မှာလဲ။    ။ Mannheim မြို့မှ လိပ်စာအမှတ်အသား။
လေးထောင့်ကွက်တွေရဲ့ မြို့တော်တစ်ခုမှာ ဘယ်သူကလမ်းနာမည်တွေလိုအပ်မှာလဲ။ ။ Mannheim မြို့မှ လိပ်စာအမှတ်အသား။ | ဓါတ်ပုံ : © Adobe
Mannheim ၏ သမိုင်းဝင်မြို့အလယ်ဗဟိုကို လေးဒေါင့်အကွက်များအဖြစ်စိတ်ပိုင်းခဲ့မှာသည်မှာ နှစ်ပေါင်း ၄၀၀ ကျော်တိုင်ခဲ့ပြီဖြစ်သည်။ အတိအကျဆိုရလျှင် ရဲတိုက်ကြီး၊ ရေမျှော်စင်၊ Neckar မြစ်နှင့် Kurt Schumacher တံတားတို့အကြားရှိ နယ်မြေတစ်လျှောက်ဖြန့်ကျက်လျက် လေးဒေါင့်အကွက်ပေါင်း ၁၄၄ ကွက်အဖြစ်သို့ ပိုင်းခြားခဲ့ခြင်းဖြစ်သည်။ ယင်းသူမတူသော မြို့ပြစီမံကိန်း၏ပဲ့ကိုင်ရှင်မှာ ၁၇ရာစုစောပိုင်းမှ မြို့ဒီဇိုင်းကိုဦးစီးဦးဆောင်ပြုညွှန်ကြားခဲ့သူ Palatinate ဒေသ၏ကိုယ်စားလှယ်တော်ကြီး  Friedrich IV ဖြစ်၏။ ၎င်းကို မူလပထမက စစ်ရေးစစ်ရာအတွက်အသုံးပြုရန်ရည်ရွယ်ခဲ့ပြီး Renaissance ခေတ်၏စံများအတိုင်း လိုက်နာဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် Mannheim ကို ဧရာမ စစ်တုရင်ကစားခုံကြီးကဲ့သို့တည်ထားဟန်ဖြစ်ကာ ထပ်မံ၍လက်တွေ့၌အသုံးဝင်စေမှုတစ်ခုက နောင်တွင်ထိုလေးထောင့်ကွက်တို့ကိုနာမည်ပေးသည့်အခါ အလွယ်တကူအစဉ်လိုက်နံပါတ်တပ်နိုင်ခြင်းဖြစ်သည်။ ထိုလိပ်စာနာမည်ပေးနည်းစနစ်သည် ဂျာမနီ၌အတုမရှိသောလိပ်စာနာမည်ပေးနည်းပုံစံဖြစ်ပြီး အလည်လာသူမျိုးအဖို့တော့ မကြာခဏဆိုသလိုဇဝေဇဝါဖြစ်စေပါသည်။ မြို့၏အကြီးဆုံးရုပ်ရှင်ရုံသည် နံပါတ် ၁၇၊ N7 ထောင့်ကွက်၌ရှိသည်။ ရဲဌာနချုပ်သည် နံပါတ် ၁၊ L6 ထောင့်ကွက်နှင့် အခွန်ရုံးသည် နံပါတ် ၁၀၊ L3 ထောင့်ကွက်။ မြို့တော်ခန်းမသည်ကား ထောင့်ကွက်တစ်ခုလုံးကိုနေရာယူသောကြောင့် ရိုးရိုးရှင်ရှင်းပင် E5 ထောင့်ကွက်ဟုပြောနိုင်သည်။ ထောင့်ကွက်များသည် Mannheim ရဲတိုက်၏တည်နေရာကိုအခြေခံကာ ကွင်းဆက်ကျကျသေသေသပ်သပ်အစီအစဉ်ချထားသည်ဖြစ်ပြီး ယင်းတို့ကိုအလုံးစုံနားလည်ရန် ရက်အနည်းငယ်အချိန်လိုပါသည်။ လူသစ်များအဖို့ပင် K ထောင့်ကွက်က မိုင်များစွာအဝေး၌ရှိနေချိန်တွင် A ထောင့်ကွက်သည် L ထောင့်ကွက်မှဖြတ်ပြီးတည်ရှိရခြင်းမှာ ပြီးပြည့်စုံသောအဓိပ္ပါယ်ရှိသည်ကို တွေ့ရပေမည်။ ပျော်ရွှင်စရာမှတ်သားဖွယ် အချက်အလက်။  ။ Deutsche Telekom စတိုးသည် ၎င်း၏အကြီးဆုံးလုပ်ငန်းပြိုင်ဘက်၏နာမည်ဖြစ်သော “O2” စတိုးဟူသောနာမည်နှင့်တူနေသည့် O2 ထောင့်ကွက်ထဲတွင်တည်ရှိသည်။ အတော်လာသည့် Mannheim မြို့ပါတကား။

ခရင်မ်တစ်တို့နဲ့ပေးပါ။

Spätzle မုန့်ညှစ်စက်မှ ဗနီလာရေခဲမုန့်။      ။ Dario Fontanella ၏ ဖန်တီးမှု စပါဂတီသစ်သီးစုံရေခဲမုန့်သည့် မျိုးဆက်တစ်ခုလုံးကို ပုံသွင်းခဲ့သည်။
Spätzle မုန့်ညှစ်စက်မှ ဗနီလာရေခဲမုန့်။ ။ Dario Fontanella ၏ ဖန်တီးမှု စပါဂတီသစ်သီးစုံရေခဲမုန့်သည့် မျိုးဆက်တစ်ခုလုံးကို ပုံသွင်းခဲ့သည်။ | ဓါတ်ပုံ : © picture alliance/Uwe Anspach/dpa
P5 ထောင့်ကွက်ရှိ Telekom စတိုးအနားမှ ထူးခြားဆန်းသစ်သောရေခဲမုန့်ဖန်တီးမှုဖြစ်သည့် စပါဂတီသစ်သီးရေခဲမုန့်ကို ၁၉၆၉ ခုနှစ်တွင် တီထွင်ခဲ့သည်။ ပါးစပ်ရာဇဝင်များအရ အီတလီရေခဲမုန့်ထုတ်လုပ်သူတစ်ဦးဖြစ်သည့် Dario Fontanella က သစ်အယ်သီးများကိုကြိတ်နေချိန်တွင် သူအလုပ်အတွက်အသုံးပြုနေသည့် spätzle ညှစ်စက်ကို (မုန့်နှစ်ညှစ်သည့်စက်) သုံး၍ ဗနီလာရေခဲမုန့်များကိုညှစ်ချကာတည်ခင်းဧည့်ခံရန် အကြံရ ဆုံးဖြတ်မိခြင်းဖြစ်သည်။ ရေခဲမုန့်ကိုညှစ်စက်သုံး၍ညှစ်ချလိုက်သည့်အခါ ရှုပ်ရှုပ်ထွေးထွေးဘုတ်ပွပွအပုံကြီးဖြစ်လာသည်ထက် ရလာဒ်မှာ အိမ်လုပ်အမေ့လက်ရာစပါဂတီခေါက်ဆွဲနှင့် သွားဆင်တူသည်။ ခရမ်းချဉ်သီးအနှစ်နေရာတွင် Dario Fontanella က ခရင်အချို့နှင့်ရောထားသည့်စတော်ဘယ်ရီအရသာအချိုအနှစ်ကိုအပေါ်မှလောင်း၍ ဒိန်ခဲအစားချောကလက်အဖတ်ကလေးများကိုဖြူးလိုက်သည်။ ချစ်စဖွယ်စားစရာအသစ်တစ်မျိုး မွေးဖွားလာပြီဖြစ်၏။ ထိုအချိန်မှ၍ ၎င်းရေခဲမုန့်သည် ဂျာမနီရှိရေခဲမုန့်ဆိုင်တိုင်း၏မီနူးများထက်၌ အမြဲတစေပထမနေရာကို ဗိုလ်စွဲအနိုင်ရသူဖြစ်လာခဲ့သည်။ ထိုစပါဂတီသစ်သီးရေခဲမုန့်မပါဘဲ ၁၉၈၀ ခုနှစ်များကကလေးဘဝကိုပုံဖော်ရန်မှာမလွယ်လောက်ပါ။ စပါဂတီသစ်သီးရေခဲမုန့်ယှဉ်လျှင် အနည်းငယ်မထင်မရှားဖြစ်ဟန်ရှိသော်ငြားလည်း မော်တော်ကား၊ စက်ဘီးနှင့် ထွန်စက်တို့ကိုလည်း Mannheim မြို့တွင် စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။

ညမြို့တော်ဝန်

Mannheim မြို့၏ ညမြို့တော်ဝန် (ညာဘက်) Jungbusch ပါတီရပ်ကွက်ရှိ ဘားများနှင့်ကလပ်များကို အလည်လာစဉ်။
Mannheim မြို့၏ ညမြို့တော်ဝန် (ညာဘက်) Jungbusch ပါတီရပ်ကွက်ရှိ ဘားများနှင့်ကလပ်များကို အလည်လာစဉ်။ | ဓါတ်ပုံ : © picture alliance/dpa/Uli Deck
၂၀၁၉ ခုနှစ်တွင် Mannheim မြို့သည် ဘားများ၊ ကလပ်များ၊ ပြည်သူပိုင်နေရာနှင့် လူနေအိမ်များအကြား ဖျန်ဖြေရေးပေးသူအဖြစ်တာဝန်ထမ်းဆောင်ရန် ညမြို့တော်ဝန်ခန့်ရသော ဂျာမနီရှိပထမဆုံးမြို့ဖြစ်လာခဲ့သည်။ ဘုံဆိုင်နှင့်ကလပ်ပေါင်း ၁၂၀ ကျော်ရှိသည့် ထိုထောင့်ကွက်မြို့ကလေးတွင် ယင်းတာဝန်ကိုထမ်းဆောင်ရန်မှာ လွယ်ကူသောအလုပ်တော့မဟုတ်ပါ။ လိင်အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပုလင်းခွံ၊ စည်သွပ်ဘူးခွံတို့ကိုအကြွေပေးလဲလှယ်ရာစက်များတပ်ဆင်ခြင်းအပြင် ညမြို့တော်ဝန်သည် Nette Toilette (ကောင်းမွန်သော သန့်စင်ခန်း) ဟုခေါ်သည့် ကမ်ပိန်းကိုလည်း ကမကထပြုဆောင်ရွက်ခဲ့သည်။ Mannheim မြို့တွင်း ရုတ်တရက်အပေါ့အပါးသွားချင်လာသူမည်သူမဆို ဘားများ၊ စားသောက်ဆိုင်များနှင့်ကဖေးများထဲသို့ဝင်သွား၍ မည်သည်မှအပိုထပ်ဆောင်းဝယ်စားစရာမလိုဘဲ သန့်စင်ခန်းကိုတိုက်ရိုက်အခမဲ့အသုံးပြုနိုင်သည်။ “ကောင်းမွန်သော သန့်စင်ခန်း” ဟူသည့်နာမည်အတိုင်း အမှန်တကယ်ကိုပင်ကောင်းမွန်လှပါသည်။ Mannheim ၏ညအလှအရသာကို ပြည့်ပြည့်စုံစုံခံစားရန်ရှာဖွေနေသည့်အလည်အပတ်လာသူတို့အဖို့ သက်သက်လွတ်စားသောက်ဆိုင်များ၊ အပြတ်သားနားသောဂျင်အရက်ဘားများနှင့် လူကြိုက်များခေတ်စားနေသည့်လက်ဖြစ်ဘီယာစတိုးများဖြင့်ပြည့်နှက်ရာ အမိုက်စား Jungbusch သို့ သွားရောက်သင့်ပေသည်။ ဒေသခံများက အထင်ကရ Aral ဓာတ်ဆီဆိုင်မှ အဆီအိအိဒိန်ခဲမုန့်ကြိုးလိမ်က နောက်တစ်နေ့တွင်အရက်နာကျခြင်းမှပျောက်စေသည်ဟု အခိုင်အမာဆိုကြသည်။ ဒိန်ခဲက အကိုက်အခဲပျောက်ဆေးထက်ပင် ပိုအစွမ်းထက်နေပုံရသည်။ Jungbusch ခေတ်မကောင်းစဉ် ဆိပ်ကမ်းမြို့ဖြစ်ခဲ့ချိန်၌ ထိုဓာတ်ဆီဆိုင်သည် အရေးပါသည့်အချက်အချာနေရာတစ်ခုဖြစ်သည်။ ယနေ့၌ ဒိန်ခဲမုန့်ကြိုးလိမ်ပွဲတော်ကို လူတိုင်း၏အသည်းကျော် ထိုဓာတ်ဆီဆိုင်ဘေးအနားတွင် လဟာပြင်စင်ပေါ်မှတိုက်ရိုက်ဂီတဖျော်ဖြေပွဲနှင့်အတူ တွဲဖက်ကျင်းပလေ့ရှိကြသည်။

မြစ်နှစ်သွယ် ဖြတ်သန်းစီးဆင်းရာ

အိမ်နီးချင်းများကြားမှ ရင်းနှီးသောပြိုင်ဆိုင်မှုတစ်ခု။    ။အကယ်၍ သင်က Mannheim ဒေသခံကို ယုံကြည်လျှင် Ludwigshafen တံတားကို ဖြတ်ကူးရန် အကြောင်းမရှိပေ။
အိမ်နီးချင်းများကြားမှ ရင်းနှီးသောပြိုင်ဆိုင်မှုတစ်ခု။ ။အကယ်၍ သင်က Mannheim ဒေသခံကို ယုံကြည်လျှင် Ludwigshafen တံတားကို ဖြတ်ကူးရန် အကြောင်းမရှိပေ။ | ဓါတ်ပုံ : © Adobe
မြစ်တစ်စင်းတည်းမဟုတ်။ နှစ်သွယ်သောမြစ်များဖြစ်သည့် Rhine မြစ်နှင့် Neckar မြစ်တို့သည် Mannheim ကို ဖြတ်၍စီးဆင်းလျှက် ဂျာမနီ၏အကြီးမားဆုံးကုန်းတွင်းဆိပ်ကမ်းကိုသာမက ဒေသခံများအပန်းအဖြေအနားယူပြီးခွန်အားဖြည့်တင်းနိုင်ရာ မြက်ခင်းပြင်များနှင့်ကွင်းပြင်ကျယ်များကိုပါ မြို့ထံသို့ဆောင်ကျဉ်းပေးလာသည်။ ကျောင်းသားများကအတန်းပြီးလျှင် Rhine Terraces လှေကားထစ်စောင်းတန်းများတစ်လျှောက်အနားယူ၊ သူငယ်ချင်းများအချင်းချင်း Neckar Meadow မြက်ခင်းပြင်တွင်ပေါ်တွင်ဆုံစည်းကြ၊ လူအများက Neckar မြစ်တစ်လျှောက်ပြေးကြလွှားကြ၊ ရေကူးရန်ကန့်ထားသောမြစ်ကမ်းခြေပိုင်းတွင်အသားကင်စားကြ စသဖြင့် ထိုမြစ်နှစ်သွယ်က Mannheim မြို့လေးကို ချစ်စဖွယ်သက်ဝင်လှုပ်ရှားရာအရပ်ဒေသကလေးဖြစ်စေသည်။ သို့သော် ထိုသို့လှပသောရေဖြင့်ဝန်းရံနေသောဘဝနှင့် သဘာဝတရားများနှင့်အတူ လူတိုင်းအဖြစ်မနေလိုက်နာရမည့် စည်းမျဉ်းတစ်ခုရှိသည်။ Mannheim မှတစ်ဆင့် Ludwigshafen မြို့ကိုသွယ်တန်းထားသည့်တံတားကို ဖြတ်သန်းသွားလာခြင်းမပြုရန်ဖြစ်သည်။ “ဘာကြောင့်များလဲ” ဟူ၍ သင်တအံ့တဩမေးခွန်းထုတ်မိလိမ့်မည်။ သင်သည် အလွယ်တကူပင် Ludwigshafen မြို့ထဲသို့ ကားကလေးမောင်းဝင်သွားရုံဖြင့်မပြီးသည်မှာ Mannheim မြို့သို့အပြန်လမ်းကိုမဖြစ်နိုင်လောက်အောင်မျက်စိလည်စေမည့် Ludwigshafen ၏အကွေ့အကောက်များသောလမ်းများကြောင့်မဟုတ်ပါ။ အကြောင်းမှာ သင်မမေးလျှင်ပင် သင့်ကိုမြို့ဒေသခံတိုင်းက အိမ်နီးချင်း Ludwigshafen မြို့သည် အလည်အပတ်ကြည့်ရှုစရာများများစားစားမရှိလှဟု ပြောကြမည်ဖြစ်သောကြောင့်ဖြစ်သည်။ အနည်းဆုံး Ludwigshafen မြို့အကြောင်းကို တံတားအကြောင်းထက်ပိုသိသူများကတော့ ထိုသို့ပြောကြမြဲဖြစ်သည်။

MMANNHEIM ၏ နာမည်ကျော်သားလှ၊သမီးလှရတနာများ

ဂီတနတ်သမီး၏ အနမ်းခံရသူ မည်သူမဆို ဂီတကျွမ်းကျင်ပညာရှင်များသိရန် လိုအပ်သည်တို့ကို Pop Academy တွင် လေ့လာနိုင်သည်။    ။ Pop Academy ခန်းမထဲတွင် ဂီတာတီးနေသော ကျောင်းသားတစ်ဦး။
ဂီတနတ်သမီး၏ အနမ်းခံရသူ မည်သူမဆို ဂီတကျွမ်းကျင်ပညာရှင်များသိရန် လိုအပ်သည်တို့ကို Pop Academy တွင် လေ့လာနိုင်သည်။ ။ Pop Academy ခန်းမထဲတွင် ဂီတာတီးနေသော ကျောင်းသားတစ်ဦး။ | ဓါတ်ပုံ : © picture alliance/dpa/Uwe Anspach
ဦးစွာပထမအနေဖြင့်ပြောရန်မှာ Xavier Naidoo က Mannheim မြို့တွင်မနေသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။ မြို့၏နာမည်အကြီးဆုံးနှင့် တစ်ချိန်တည်း၌လည်းနာမည်ဆိုးနှင့်အကျော်အကြားဆုံး သားလှရတနာဖြစ်သူ၊ Söhne Mannheims ဂီတဝိုင်းကိုတွဲဖက်တည်ထောင်သူ၊ သူ၏ ယုံတမ်းစကားဆန်ဆန်စာသား၊ လိင်တူစပ်ယှက်သူများကိုရွံမုန်းသံပါသောစာသားနှင့် လူမျိုးရေးခွဲခြားသည့်စာသားတို့ကြောင့် ထပ်တလဲလဲဝေဖန်ခံရသူ အဆိုတော် Xavier Naidoo သည် အချိန်တော်တော်ကြာကြာကတည်းက Heidelberg သို့ပြောင်းရွေ့သွားပြီဖြစ်သည်။ ဖြစ်လည်းဖြစ်သင့်ပါသည်။ Mannheim မြို့သည် လက်တွေ့တွင်သိပ်အသုံးမဝင်သော်လည်း လူကြားကောင်းလှသော၎င်း၏  “UNESCO ဂီတမြို့တော်” ဘွဲ့အပေါ် ကြည်နူးနန်းထိုက်ဖြစ်နေသည်။ ရည်မှန်းချက်ကြီးသောဂီတပညာရှင်များအဖို့ ပေါ့ပ်ဂီတနှင့်ဂီတဆိုင်ရာစီမံခန့်ခွဲမှုပညာကဲ့သို့သောအရာတို့ကို အထူးပြုလေ့လာနိုင်ရာ၊ ဂီတနယ်ပယ်မှတက်သစ်စများကို ခေတ်မှီဆန်းသစ်သောတေးသွားအယူအဆအထောက်အပံ့များပေးရာ Pop Academy ကို လွန်ခဲ့သည့် ၁၈ နှစ်ကတည်ထောင်ခဲ့ခြင်းနှင့်အတူ မြို့ကလေးသည် များစွာသောဂီတပါရမီရှင်လူငယ်တို့ကိုဆွဲဆောင်ရာတွင် အောင်မြင်ခဲ့ပါသည်။ Max Giesinger၊ Alice Merton၊ Joris နှင့် Apache 207 ကဲ့သို့သော ယင်းတွင်ဂီတပညာဆည်းပူးခဲ့ခြင်းမဟုတ်သည့်သူများသည်ပင် ၎င်းတို့၏ဂီတဝိုင်းအတွက် အဖွဲ့အဝင်သစ်များ၊ ထုတ်လုပ်သူများ၊ တခြားဂီတပညာရှင်များ သို့မဟုတ် မန်နေဂျာများကိုရှာဖွေရာတွင် ထို Pop Academy လက်ထွက်များထဲမှရွေးချယ်ကြသည်။ Berlin မြို့၊ Cologne မြို့နှင့် Hamburg မြို့များအတွက်မဟုတ်ခဲ့လျှင်  လက်ရှိဂျာမန်ပေါ့ပ်ဂီတ အခင်းအကျင်းသည် Mannheim မြို့တွင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးပေါ်ထွန်းလာမည်သာဖြစ်သည်။

နောင်တစ်ခေတ်၏ကြယ်ပွင့်များအတွက် ဂီတပွဲတော်

ဤစတိတ်စင်ပေါ်တွင် ဖျော်ဖြေနေသည်မှာ ယနေ့၏ ကျော်ကြားသော အဖွဲ့များမဟုတ်ပါ။ သို့သော် မနက်ဖြန်၏ အောင်မြင်သော အဖွဲ့များဖြစ်သည်။ Maifeld Derby က Maimarkt ၏ မြင်းပြိုင်ကွင်း ကွင်းပြင်ကြီးကို ဂီတချစ်သူများအတွက် ၃ ရက်ကြာ အချက်အချာနေရာအဖြစ် ပြောင်းလဲပေးလိုက်သည်။
ဤစတိတ်စင်ပေါ်တွင် ဖျော်ဖြေနေသည်မှာ ယနေ့၏ ကျော်ကြားသော အဖွဲ့များမဟုတ်ပါ။ သို့သော် မနက်ဖြန်၏ အောင်မြင်သော အဖွဲ့များဖြစ်သည်။ Maifeld Derby က Maimarkt ၏ မြင်းပြိုင်ကွင်း ကွင်းပြင်ကြီးကို ဂီတချစ်သူများအတွက် ၃ ရက်ကြာ အချက်အချာနေရာအဖြစ် ပြောင်းလဲပေးလိုက်သည်။ | ဓါတ်ပုံ : © Florian Trykowski
Mannheim သည် ၎င်း၏ကိုယ်ပိုင်ဂီတပွဲတော်တစ်ခုဖြစ်သည့် Maifeld Derby ဂီတပွဲကိုပိုင်ဆိုင်ခဲ့သည်မှာ ဆယ်စုနှစ်တခုနီးပါးတိုင်တိုင်ရှိလာပြီဖြစ်သည်။ Maimarkt မြေပေါ်တွင် မြင်းပြိုင်ကွင်းအားကစားရုံကြီးသည် ဂီတသံစဉ်များဖွေရှာရာအခရာနေရာအဖြစ်သို့ သုံးရက်တာပြောင်းလဲသွားသည်။ သို့သော် စင်ပေါ်တွင် ယနေ့ခေတ်ရေပန်းစားနေသောတေးဂီတတီးဝိုင်းများကိုမြင်တွေ့ရန်မမျှော်လင့်ပါနှင့်။ Maifeld Derby ဂီတပွဲတော်သည် နောက်တစ်ခေတ်၏ဂီတအကျော်မော်ဖြစ်လာမည့်သူများကိုပွဲထုတ်ရာနေရာဖြစ်ပြီး ထိုပွဲတွင်ပထမဆုံးတီးခတ်ခဲ့သည့်မျက်နှာသစ်တော်တော်များများသည် နောင်ဆက်လက်၍၎င်းတို့၏အနုပညာဂီတလမ်းကြောင်း၌ ထူးထူးချွန်ချွန်ပြောင်ပြောင်မြောက်မြောက်ဖြစ်သွားကြသည်။ ဥပမာပေးရသော် ဂျာမနီတွင်သူ၏ပထမဆုံးဂီတပွဲတော်ကိုသီဆိုပြီးနောက် နှစ်အတော်ကြာတိုင်သူ့သီချင်းများထဲမှအပေါက်ဆုံးဖြစ်သည့် Take Me to Church ကို ရေဒီယိုတွင်နေ့စဉ်အကြိမ်ရေများစွာထုတ်လွှင့်ခြင်းကိုခံရသော အဆိုတော် Hozier သို့မဟုတ် Maifeld ဂီတပွဲတွင် ဖျော်ဖြေမှုပြီးကတည်းက ကမ္ဘာလှည့်ပြီးလက်မလည်အောင်ပွဲဆက်များနေသော Parcels တီးဝိုင်းတို့ဖြစ်သည်။ မည်သို့ပင်ဆိုစေ သဘောထားကြီးသောပရိသတ်များနှင့်ပွဲစီစဉ်ရခြင်းသည် ရှိသမျှတီးဝိုင်းအားလုံးစင်ပေါ်တွင်ရောက်နေခြင်းထက် ပိုကောင်းပါသည်။ ဗလုံးဗထွေးဆူညံသံများ၊ ရန်ပွဲများနှင့်ခိုးမှုဝှက်မှုတို့ဆိုသည်မှာ ယင်း Maifeld ဂီတပွဲတော်တွင် တွေ့ရအင်မတန်ခဲသည့်အခြင်းအရာများဖြစ်သည်။ ဆေးဘက်အကူများကိုတော့ တရားဝင်လက်ဝယ်ထားရှိဖို့လိုအပ်သော်ငြားလည်း ၎င်းတို့၏အလုပ်မှာ ကခုန်မြူးတူးနေရာမှအမောဖောက်လာသူများကိုကူညီရခြင်းသာများပါသည်။

MANNHEIM မှ အရသာရှိသော အမှိုက်သရိုက်ကို မြည်းစမ်းကြည့်ခြင်း

ထိုအရာက ချင်းအနံသင်းကိတ်မုန့် နှင့် တူကောင်းတူပါလိမ့်မည်။ သို့သော် ထိုအရာမှာ တကယ်တော့ Mannheim အညစ်အကြေးမုန့်ဖြစ်သည်။ ဒါပေါ့ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ မူလပြုလုပ်နည်းအတိုင်းလုပ်ထားတာပေါ့။
ထိုအရာက ချင်းအနံသင်းကိတ်မုန့် နှင့် တူကောင်းတူပါလိမ့်မည်။ သို့သော် ထိုအရာမှာ တကယ်တော့ Mannheim အညစ်အကြေးမုန့်ဖြစ်သည်။ ဒါပေါ့ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ မူလပြုလုပ်နည်းအတိုင်းလုပ်ထားတာပေါ့။ | ဓါတ်ပုံ : © Wikipedia Gemeinfrei
ကျိန်းသေပါသည်။ အမှိုက်သိမ်းသမားက အပုံလိုက်အခဲလိုက်သောစွန့်ပစ်ပစ္စည်းတို့ကိုသိမ်းရန်ရောက်မလာသေးသ၍ ညနေခင်း Jungbusch ခရိုင်ရှိလမ်းများပေါ်တွင်စုနေသည့် တစ်ပုံတစ်ခေါင်းသောဧရာမအမှိုက်ပုံကြီးမှာ ပြောစမှတ်ပင်ဖြစ်နေမြဲဖြစ်သည်။ သို့သော် Mannheim တွင် “အမှိုက်”၊ အညစ်အကြေး သို့မဟုတ် အကြွန်းအကျန်သရိုက်သည် နောက်ထပ်အရသာရှိသောအဓိပွါယ်တစ်ခုရှိသေးသည်။ အတိအကျပြောရသော် ချင်းအနံသင်းကိတ်မုန့်ကဲ့သို့ဖြစ်ပြီး၊ တကယ်တမ်းတော့ ၁၉ ရာစုအစပိုင်းကဖန်တီးခဲ့သော အကြေကြေအမွမွဖုတ်ထားသည့်စားစရာတစ်မျိုးပင်ဖြစ်ပါသည်။ ထိုစဉ်က လူအများကြားအုတ်အုတ်ကျက်ကျက်ဖြစ်သွားစေသော မြို့၏အသစ်ထုတ်ပြန်သည့် “လမ်းမများပေါ်သို့ ကျင်ကြီးကျင်ငယ်အညစ်အကြေးများ မပစ်ရ၊ မပုံရ” ဆိုသည့်အမိန့်ပြန်တမ်းအသစ်ကို မုန့်ဖုတ်ဆရာများက အလိမ္မာနည်းဖြင့်တုံပြန်ရင်း ထိုမုန့်ကိုတီထွင်မိခြင်းဖြစ်သည်။ သူတို့သည် “စား၍ရသော အညစ်အကြေးမြေစာ” ဟုအမည်ရသည့်ကိတ်များကို တစ်သုတ်ပြီးတစ်သုတ် ဖုတ်ခဲ့ကြသည်။ ယနေ့တွင် ထိုမုန့်ကို အနံပျင်းသောပျားရည်စိမ်ဂျုံမုန့်ညက်၊ အခွံမာသီးနှင့် ဟင်းခတ်အမွှေးကြိုက်တို့ကိုရောယှက်ကာ ဝေဖာစက်ပေါ်တွင် အတူတကွဖုတ်လျက် အပေါ်မှချောကလတ်အုပ်လိုက်ခြင်းအားဖြင့်ပြုလုပ်ကြသည်။ Mannheim မှ မုန့်ချိုရောင်းချသူများထဲမှ တစ်ယောက်မဟုတ်တစ်ယောက်တိုင်းက ၎င်းတို့၏ “စား၍ရသော အညစ်အကြေးမြေစာ” မုန့်ကို မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာသောမူလဘူတရိုးရာမုန့်လုပ်နည်းဖြင့်ပြုလုပ်ကြောင်းအား ကြွားဝါပြောဆိုကြစမြဲဖြစ်သည်။ အစဉ်အဆက်လက်ဆင့်ကမ်းလာသည့်အထဲမှ ရှေးအကျဆုံးဟုဆိုရမည့် ၁၈၆၂ ခုနှစ်မှအရေးအသားတစ်ခုထဲ၌ပါရှိသည့်မုန့်လုပ်နည်းအတိုင်းပြုလုပ်ထားသည့် Mannemer Dreck ဆိုသော မုန့်ကို E2 ထောင့်ကွက်ရှိ Café Herrdegen ဆိုင်မှ မီနူးထက်တွင် သုံးဆောင်ရရှိနိုင်သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်ပင်တိုင်ခဲ့ပြီဖြစ်သည်။ 

ရော့ခ်အန်ရိုးဒါဘီ အားကစား

ပျော်စရာအများနှင့် ၈၀ ခုနှစ်များဆီသို့ အချိန်နောက်ပြန်လည် ခရီးတစ်ခု။ Mannheim ရိုလာဒါဘီ၏ အမျိုးသမီးအသင်း။
ပျော်စရာအများနှင့် ၈၀ ခုနှစ်များဆီသို့ အချိန်နောက်ပြန်လည် ခရီးတစ်ခု။ Mannheim ရိုလာဒါဘီ၏ အမျိုးသမီးအသင်း။ | ဓါတ်ပုံ : © Jürgen Ziegler
Mannheim မြို့သည် အားကစားရှုထောင့်မှကြည့်လျှင်လည်း ပို၍အာရုံစိုက်မှုကိုခံရဖို့ထိုက်ပါသည်။ အထူးသဖြင့် ၎င်းမြို့၏အကျော်ဇေယျ ရိုလာဒါဘီအားကစားအသင်းကြောင့်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင်စတင်တည်ထောင်ချိန်မှစ၍  Rhine Neckar Delta Quads အသင်းသည် ဒါဘီအားကစားနယ်ပယ်၌ တစ်ဆစ်ချိုးများကိုလုပ်ပြနိုင်ခဲ့ပြီး ယခုဆိုလျှင်ဒုတိယတန်းစား Bundesliga ပြိုင်ပွဲအဆင့်ထိသို့ပင် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှအခြေတည်ခဲ့သည့် ထိုဒါဘီအားကစားသည် ရိုလာစကိတ်ဘုတ်များစီးကာကစားရသည့်ကာယစွမ်းရည်သုံး အားကစားနည်းတစ်မျိုးဖြစ်ရာ အမျိုးသမီးများကြားတွင်အများဆုံးရေပန်းစားသည်။ အနည်းဆုံးတော့ Wikipedia ကထိုသို့ဆိုသည်။ ပါဝင်ကစားသူများက ဘဲဥပုံပတ်လမ်းကြောင်းတွင်ယှဉ်ပြေးကြရင်း ပြိုင်ဘက်အသင်းမှလူများကိုအရှိန်နှေးအောင်လုပ်ရ၊ ပိတ်ဆို့တားဆီးကြရသည်။ ထိုရိုလာဒါဘီကစားနည်းသည် အင်မတန်ပျော်စရာကောင်းပြီး  ၁၉၈၀ ခုနှစ်များကိုပြန်ပြောင်းသတိရဖွယ်ဟန်များပါဝင်သည့် အတော်လေးပန့်ခ်ရော့ခ်ဆန်ဆန်အားကစားနည်းတစ်မျိုးဖြစ်ပါသည်။ ကစားသမားများက Princess Bulldozer ၊ Rhonda Housekick နှင့် Carrie Headshot စသည့်ကဲ့သို့သော အမိုက်စားနာမည်များပေးကြသည်ကို ဒါဘီအားကစားမှအပ တစ်ခြားမည်သည့်အားကစားတွင်တွေ့ဖူးပါအံ့နည်း။ စကားမစပ် Mannheim Eagles အဖွဲ့သည် ရေခဲပြင်ဟော်ကီအားကစားတွင် ဂျာမနီ၏စံချိန်တင်ဗိုလ်စွဲသူဖြစ်ပြီး  Rhine Neckar Lions အဖွဲ့ကမူ ပထမတန်းစားလက်ပစ်ဘောအားကစားချန်ပီယံဖလားပွဲကိုပင်တိုင်ကစားနေရကာ ဘောလုံးကစားနည်းတွင်လည်းတတိယတန်းစားအဆင့်ထိ ထပ်မံရင်ဆိုင်တက်လှမ်းနိုင်ပြီဖြစ်သည်။ သည့်တိုင်အောင် အားလုံးအနက် မည်သည့်အဖွဲ့ကမှ  Princess Bulldozer အဖွဲ့လောက် ပန်းပန်လျက်ရှိမနေသည်မှာတော့အဟုတ်ဖြစ်သည်။

Jazz နှင့်အတူ မြူးကြွလိုက်ကြစို့။

Enjoy Jazz 2018 ပွဲတော်မှ လဘနွန် အင်ဒီး-ရော့ခ်အဖွဲ့ Mashrou’ Leila -  Enjoy Jazz ပွဲတော်ကို Mannheim မြို့၊ Heidelberg မြို့ နှင့် Ludwigshafen မြို့တို့တွင် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၂၁ နှစ် ကျော်လာပြီဖြစ်သည်။
Enjoy Jazz 2018 ပွဲတော်မှ လဘနွန် အင်ဒီး-ရော့ခ်အဖွဲ့ Mashrou’ Leila - Enjoy Jazz ပွဲတော်ကို Mannheim မြို့၊ Heidelberg မြို့ နှင့် Ludwigshafen မြို့တို့တွင် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၂၁ နှစ် ကျော်လာပြီဖြစ်သည်။ | ဓါတ်ပုံ : © Arpan Joost
The Enjoy Jazz ဂီတပွဲတော်ကို Mannheim ၊ Heidelberg နှင့် Ludwigshafen မြို့တို့တွင်ကျင်းပသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၁ နှစ်ကျော်ကျော်ပင်တိုင်ခဲ့ပြီဖြစ်သည်။ ခြောက်ပတ်ကျော်တိုင်တိုင် မြို့သုံးမြို့တွင်လှည့်ပတ်ပြောင်းလဲကျင်းပရာစင်မြင့်ထက်ကို များစွာသောဖျော်ဖြေပွဲတို့ နှင့် အထင်ကရအနုပညာရှင်အမြောက်အမြားက နေရာယူသိမ်းပိုက်ပါသည်။ ပွဲတော်တွင် Herbie Hancock ၊ Nils Landgren ၊ Til Brönner နှင့် McCoy Tyner ကဲ့သို့သော လူသိများထင်ရှားသည့်အနုပညာရှင်များပါဝင်သည်။ ၂၀၀၅ ခုနှစ်က The Enjoy Jazz ဂီတပွဲတော်တွင်ဖျော်ဖြေရင်း မှတ်တမ်းတင်ရိုက်ကူးခဲ့သည့် Ornette Coleman ဖျော်ဖြေပွဲဆိုလျှင် Grammy ဆုနှင့် Pulitzer Prize for Music ဆုတို့ကိုပင် ဆွတ်ခူးနိုင်ခဲ့သည်။ ပွဲတော်တွင် ပုံမှန်ဂျက်ဇ်တေးဂီတကိုသာ တီးခတ်ဖြေဖျော်ကြခြင်းမဟုတ်၊ ဟစ်ပ်ဟော့နှင့်အီလက်ထေရာနစ်ဂီတသမားတို့သည်လည်း ပွဲတော်၏စင်မြင့်ထက်များပေါ်သို့ လိုလိုလားလားအကြိုဆိုခံကြရသည့်ဧည့်သည်တော်များဖြစ်ပါသည်။

ချောကလက်ရနံ့

Mannheim ၏ သမိုင်းဝင်မြို့လယ်ခေါင်သည် မွှေးပျံ့သော ချောကလတ်ရနံ့များဖြင့်ပြည့်နေသည်။    ။ Neckar မြစ်ကမ်းပါးပေါ်ရှိ လုပ်ငန်းသုံးချောကလတ်စက်ရုံကျေးဇူးပင်ဖြစ်သည်။
Mannheim ၏ သမိုင်းဝင်မြို့လယ်ခေါင်သည် မွှေးပျံ့သော ချောကလတ်ရနံ့များဖြင့်ပြည့်နေသည်။ ။ Neckar မြစ်ကမ်းပါးပေါ်ရှိ လုပ်ငန်းသုံးချောကလတ်စက်ရုံကျေးဇူးပင်ဖြစ်သည်။ | ဓါတ်ပုံ : © Adobe
သင့်အနေဖြင့် ထိုစစ်တုရင်ခုံမြို့ဆီသို့အလည်အပတ်သွားဖို့ နောက်ထပ်အကြောင်းပြချက်ကောင်းကောင်းလိုနေသေးလျှင် အောက်ပါအသေးစိတ်ဖြည့်စွက်ချက်လေးက အကူညီပေးကောင်းပေးပါလိမ့်မည်။ Neckar မြစ်က Rhine မြစ်အထဲသို့စီးဝင်ရာနေရာမရောက်မီအနီးအနားတွင် ချောကလက်စက်ရုံတစ်ရုံရှိသည်။ ထိုစက်ရုံသည် တခြားတစ်နေရာရှိထပ်ဆင့်လုပ်ငန်းကိုင်ငန်းများတွင်အသုံးပြုရန်ရည်ရွယ်သော စက်ရုံသုံး ချောကလက်များ “သီးသန့်” ထုတ်လုပ်ရာနေရာဖြစ်သည်။ ထိုထုတ်လုပ်ရေးလုပ်ငန်းစဉ်လုပ်ဆောင်ရာနေရာမှပျံ့လွင့်လာသည့် မြို့တွင်းပိုင်းတစ်ခုလုံးကိုချောကလတ်အနံဖြင့်အတိပြီးစေသော ချိုမြမြရနံပြင်းဆီမှ သင့်အနေဖြင့်ရုန်းထွက်ရန်မှာမလွယ်ကူပါ။  ဆက်ဆက်သာလှမ်းလာခဲ့စေချင်ပါသည်။

မြို့ပြလမ်းညွှန်မြေပုံ

ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေးကူးခြင်း။    ။ ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကို မြို့တော်၏ကောက်ကြောင်းထက်မှအစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့်ဂန္တဝင်နေရာများ၏ အဓိကအချက်ကိုပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်သမားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။